အမေရိကန်ပညာရေးပေါ်လစီနှင့် တရားဥပဒေစိုးမိုးမှု - မင်းခက်ရဲ
by မင်းခက်ရဲ (Min Khet Ye) on Saturday, January 28, 2012 at 5:33pm
တရားဥပေးစိုးမိုးမှု မရှိတဲ့ နိုင်ငံတွေမှာ ကောင်းမွန်မှန်ကန်တဲ့ ပညာရေး ပေါ်လစီမရှိနိုင်ဘူးလို့ ယူဆနိုင်တယ် ။ ဒါက ပညာရေးပေါ်လစီနဲ့ တွဲပြီးပြောရတာဖြစ်တယ် ။ တရားဥပဒေ စိုးမိုးမှုမှ မရှိရင် နိုင်ငံရဲ့ အရေးကြီးတဲ့ အခြင်းအရာ တော်တော်များများကို အောင်အောင်မြင်မြင်းအကောင်အထည် မဖော်နိုင်မှာတော့သေချာတယ် ။ အမေရိကန်ပညာရေး ပေါ်လစီ သမိုင်းကို လေ့လာကြည့်ရင် တရားဥပဒေစိုးမိုးမှုဟာ အမေရိကန် တစ်နိုင်ငံလုံးရဲ့ ပညာရေးကို ထိန်းကြောင်း နိုင်ဖို့အတွက် အဓိကကျတဲ့ အခန်းဂဏ္ဍက ပါဝင်ခဲ့တာကိုတွေ့ရမယ်။
အမေရိကန်နိုင်ငံအတွက် ဥပဒေပြုမှုနဲ့ တရားရုံးတွေကနေပြီး ကျောင်းတွေရဲ့ အခန်းဂဏ္ဍကဘယ်လိုရှိသင့်တယ်။ ကျောင်းတွေမှာ ဘာသင်သင့်သလဲဆိုတာကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံနဲ့ အညီ ဆုံးဖြတ်ပေးခဲ့တာချည်းပါပဲ ။ ပညာရေးပေါ်လစီရေးဆွဲသူတိုင်း ကြုံတွေ့ရတဲ့ အကျပ်အတည်းနဲ့ ပညာရေးပေါ်လစီတိုင်းမှာ ကပ်ပါလာတဲ့ အကျပ်အတည်းကို အမေရိကန်တွေက တရားဥပဒေနဲ့ လိုက်ပြီးပြုပြင်ပေးတာတွေ လုပ်လေ့ရှိတယ် ။ ပညာရေးပေါ်လစီတိုင်းမှာတွေ့ရတဲ့ အကျပ်အတည်းဆိုတာက လူထုတစ်ရပ်လုံးရဲ့ ကောင်းကျိုး ၀ါ လူ့အဖွဲ့အစည်းရဲ့ အကျိုးအမြတ်နဲ့ တသီးပုဂ္ဂလလူသားရဲ့ အကျိုးအမြတ်ကြား ဘယ်အရာကို ဦးစားပေးမလဲ ၊ ဘယ်လိုမျှတအောင် လုပ်မလဲ ဆိုတဲ့ အပိုင်းပဲ ။
ဒီမိုကရေစီအတွက် ပညာရေးဟာ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်အောင်၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ စွမ်းဆောင်ရည်မြင့်မားအောင် ၊ ပညာရေးဟာ အလုပ်အကိုင်ဈေးကွက်အတွက် အသုံးတည့်အောင် လုပ်ရသလို ၊ တစ်သီးပုဂ္ဂလလူသားဟာ လူမှုရေးနေရာတွေအတွက်ယှဉ်ပြိုင်နိုင်အောင်လုပ်ရတဲ့ အပိုင်းတွေလည်း ရှိတယ်။ ဒီအပိုင်း နှစ်ခု ပဠိပက္ခဖြစ်တတ်တယ် ။ ပညာရေးပေါ်လစီအတွင်း ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ အားနည်းချက်ကို ဥပဒေနဲ့ သာလျင် ၀င်ရောက်ဖြေရှင်းပေးရတယ် ။ ဒါကြောင့် အစမှာ ဆိုထားသလို တရားဥပဒေစိုးမိုးမှုမရှိတဲ့ နေရာ ပညာရေးပေါ်လစီကောင်းဆိုတာ ဘယ်တော့မှ ရှိနိုင်မှာ မဟုတ်ဘူးလို့ ဆိုရတာဖြစ်တယ် ။
အမေရိကန်မှာ ၁၈၆၀ခုနှစ်လောက်ကစပြီး ပြည်နယ်တွေဟာ သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာ ပညာရေးနဲ့ ပတ်သတ်တဲ့ ပေါ်လစီတွေ ထည့်သွင်းနိုင်ဖို့ စတင်ကြိုးစားလာခဲ့တယ် ။ ၁၆၃၀လောက်သူတို့ရဲ့ မူလတန်းကျောင်းမှာ ပရိုတက်စတင့်တွေသာ ပညာသင်ယူနိုင်တဲ့ အထိဖြစ်ခဲ့တယ် ။ သင်ကြားရတဲ့ အရာကလည်း သမ္မာကျမ်းစာကိုသာ သင်ခဲ့ရတယ် ။ ဒါကို နယူးယော့ခ်နဲ့ ပင်နီဇွဲလားပြည်နယ်နှစ်ခုက ကတ်သလစ် ၊ ဂျာမန်နဲ့ ဒေသခံအမေရိကန်လူမျိုးတွေပါ ပညာသင်ခွင့်ရရမယ်လို့ သူတို့ရဲ့ ဥပဒေထဲမှာ ထည့်သွင်းဖော်ပြပေးခဲ့တယ် ။ ၁၉ရာစုမှာ ဆိုရင် ကလေးအလုပ်သမားခိုင်းစေမှုကနေ ကာကွယ်နိုင်ဖို့ အထိ ဥပဒေနဲ့ ကြိုးစားလာတယ် ။ ၂၀ရာစုအလယ်ပိုင်းမှာ သင်ရိုးညွန်းတမ်းအတွင်း ယောက်ျားမိန်းမ ခွဲခြားထားတဲ့ သဘော ၊ လူမျိုးရေးဆိုင်ရာ နိုင်ချထားတဲ့ အရာမျိုးအထိပါ ဥပဒေနဲ့ ၀င်ရောက်ပြီး ထိန်းကျောင်းနိုင်ခဲ့တယ် ။ ဥပမာ ယောက်ျားစာရေးဆရာတွေရဲ့ စာတွေ၊ လူဖြူတွေရဲ့ စာတွေကိုသာ သင်ကြားနေကြရာကနေ မိန်းမ နဲ့ လူမည်းတွေရဲ့စာကို သင်ကြားလာနိုင်ခဲ့တယ် ။
ဥပဒေပြုခြင်း ၊ဥပဒေနဲ့ တရားစီရင်ချက်တွေဟာ အမေရိကန် ပညာပေါ်လစီကို ထိန်းကျောင်းတည့်မတ်ပေးဖို့ အတွက် မပါမဖြစ်ပါတဲ့ အရာတွေပဲ ။တနည်းအားဖြင့် တစ်နိုင်ငံလုံးရဲ့ ပညာရေးအပေါ် ဆုံးဖြတ်ချက်ချမှတ်ခြင်းအပေါ် သူတို့တွေကပါဝင်နေတယ် ။ ဒါကိုက ပညာရေးပေါ်လစီကိုရေးဆွဲသူပညာရှင်တွေကသာ တစ်နိုင်ငံလုံးရဲ့ပညာရေးနဲ့ ပတ်သတ်နေတာမဟုတ်ဘဲ ၊ နိုင်ငံရေးသမားနဲ့ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကပါ ပါဝင်ပတ်သတ်နေတယ် ဆိုတာကို မြင်နိုင်တယ် ။ နိုင်ငံတော်နဲ့ဒေသတွင်းပေါ်လစီရေးဆွဲသူတွေဟာ အမေရိကန်ရဲ့ ဖက်ဒရယ်တရားရုံးရဲ့ လမ်းကြောင်း အတိုင်း စုစုစည်းစည်းဖော်ပြထားတယ် ။ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြောင့် အမေရိကန်ရဲ့ ပညာရေးဟာ ဥပဒေက ၀င်ရောက်ထိန်းပေးတဲ့ အခါ လူ့အခွင့်အရေးကို အခြေခံစဉ်းစားတဲ့ ပညာရေးမျိုးဖြစ်လာတယ် ။
အမေရိကန်မှာ တရားရုံး ၀ါ ဥပဒေစိုးမိုးမှုဟာ လူမှုရေးပြဿာနာရပ်တွေဖြစ်တဲ့ လိင်၊ လူမျိုး ၊ ဘာသာရေး ၊ လူမျိုးစုပြဿနာရပ်တွေကို ဖြေရှင်းပေးတဲ့ အဓိက လက်နက်ဖြစ်နေတော့ကာ ပညာရေးပေါ်လစီအကျပ်အတည်းတွေကို ၀င်ရောက်ထိန်းသိမ်းပေးနိုင်တာလည်း ဆန်းတော့ မဆန်းလှဘူး။ ဥပမာတစ်ခုဆိုရရင် ၁၉၅၄မှာ အမေရိကန်တရားရုံးချုပ်ရဲ့ ဘရောင်းနဲ့ ပညာရေးဘုတ်အဖွဲ့ စီရင်ချက်က လူ့အဖွဲ့အစည်းထဲမှာ ပညာရေးရဲ့ အရေးပါပုံကို “နိုင်ငံတော်နဲ့ ပြည်နယ်အစိုးရတွေအတွက် ပညာရေးဟာ အရေးအကြီးဆုံး အရာ” ဆိုတဲ့ စကားနဲ့ ဖော်ပြတယ်။ ပညာရေးပေါ်လစီရေးဆွဲ သူတွေက သူတို့ရဲ့ ပညာရေးပေါ်လစီထဲမှာ သြဇာအာဏာမရှိသူတွေ ၀င်ရောက်မစွက်ဖက်နိုင်အောင် အမြဲကြိုးစားလေ့ ရှိတယ် ။ ဥပဒေနဲ့ ဥပဒေပြုသူတွေကနေ ပညာရေးပေါ်လစီအပေါ် ၀င်ရောက်စွက်ဖက်ပိုင်ခွင့်ရှိမှာသာ သာမန်ပြည်သ တွေဟာလည်း ပညာရေးပေါ်လစီအပေါ် ၀င်ရောက်စွက် ဖက်ခွင့်ရှိလာမယ် ။ ဒါကိုက ပညာရေးရဲ့ အခြေခံအခွင့်အရေး အဖြစ်မြင်နိုင်တယ် ။
အမေရိကန်မှာ ကျောင်းတွေအပေါ်တရားစွဲဆိုတာဟာ ၁၉၅၄နောက်ပိုင်းမှာ များလာတယ် ။ ကျောင်းတွေအပေါ် တရားစွဲဆိုနိုင်တာဟာ ပညာရေးလမ်းကြောင်းကို အီလစ်တွေသာ ချုပ်ကိုင်ထားရာကနေ သာမန်ပြည်သူတွေ လက်ထဲကို ပြန်ထည့်လိုက်တာပဲ ။ အများဆုံးဆုံးဖြတ်ပေးရတဲ့အမှုတွေက ကျောင်းပစ္စည်းတွေကို အလွဲသုံးစားလုပ်တာ ၊ ကျောင်းသားနဲ့ အလုပ်သမားတွေ အပေါ် ခွဲခြားဆက်ဆံတာတွေပဲ ။ ၁၉၆၅နဲ့ ၁၉၈၆အတွင်း ဆရာတွေရဲ့ အလုပ်အကိုင်သက်တမ်းနဲ့ ခွဲခြားဆက်ဆံခံရမှုနဲ့ ပတ်သတ်ပြီး အမှုပေါင်း ၄၀၀၀ကျော်ရှိတယ် လို့ စာတမ်းတစ်ခုက ဆိုတယ်။ ခွဲခြားဆက်ဆံမှုနဲ့ပတ်သတ်တဲ့ တရားစွဲဆိုမှု ပုံစံတွေက အများဆုံးပဲလို့ အဆိုရှိတယ် ။ ဝေဖန်သူတွေထဲမှာ ကွန်ဆာဗေးတစ်တွေကတော့ ကျောင်းတွေကို တရားစွဲဆိုမှု များပြားလာတာကို မကြိုက်ဘူး။ တရားစွဲဆိုမှုပုံစံ အသစ်တွေပေါ်လာတာဟာ ဥပဒေဆိုင်ရာ အငြင်းပွားမှုအသစ်တွေထွက်လာနိုင်တယ်လို့ မြင်တဲ့ အတွက်ပဲ ။ လစ်ဘရယ်တွေကတော့ ဒါဟာ ပိုပြီး လစ်ဘရယ်ကျမှုအတွက် ဦးတည်နေတာလို့မြင်တယ် ။
တကယ်တော့ တရားစွဲဆိုမှုဆိုတာ သေးငယ်တဲ့ အရာလို့ ထင်ရပေမယ့် ဥပဒေစိုးမိုးမှုဆိုတဲ့ အပိုင်းကနေ ပညာရေးပေါ်လစီကို ၀င်ရောက်ထိန်းသိမ်းပေးတာပဲ ။ ပညာရေးနဲ့ ပတ်သတ်တဲ့ လုပ်ပိုင်ခွင့်ဟာ အခွင့်အာဏာရှိသူတွေရဲ့ လက်ထဲကနေ ပုတ်ချခံလိုက်ရတာမျိုးပဲ ။ လူ့အဖွဲ့အစည်းအတွင်း ကျောင်းတွေရဲ့ အနေအထားက ဘယ်လိုဖြစ်နေရမယ် ၊ သင်ရမယ့်စာက ဘယ်လိုစာမျိုးတွေဖြစ်ရမယ် ၊ ပညာရေးက ဘာလုပ်ရမယ်ဆိုတာကို ပေါ်လစီကနေ တိုက်ရိုက် အကောင်အထည်ဖော် နိုင်သလို တရားဥပဒေစိုးမိုးခြင်းကနေလည်း ၀င်ရောက်ပြုပြင်ယူနိုင်တယ် ဆိုတာကို အထင်အရှားတွေ့ရမယ် ။ အဲဒီလို ပြုပြင်နိုင်လောက်တဲ့ တရားဥပဒေစိုးမိုးခြင်းမရှိဘဲနဲ့ ပညာရေးပေါ်လစီကောင်းဆိုတာ ထွက်လာမှာမဟုတ်ဘူး ။
အမေရိကန်၏အထူးပညာရေးပေါ်လစီ
လူတိုင်းပညာသင်ကြားနိုင်ခွင့်အခွင့်အရေးလို့ ပြောရင် ဘယ်လိုအစိုးရမျိုးကမဆိုလက်ခံမှာ အမှန်ပဲ ။ ဒါပေမယ့် လူတိုင်းပညာသင်ကြားနိုင်ခွင့်အခွင့်အရေးဟာ ပညာရေးပေါ်လစီထဲထည့်သွင်းပြီးလုပ်ကိုင်ရတဲ့ အလုပ်ပဲ ။ အမေရိကန်မှာ လူသားပညာသင်ကြားနိုင်ခွင့်အတွက် အထူးပညာရေးပေါ်လစီတစ်ရပ်ကို ရေးဆွဲထားတယ် ။ ပြီးတော့ဖက်ဒရယ် ဥပဒေနဲ့ ပါပြဌာန်းပေးခဲ့တယ် ။ အမေရိကန်ရဲ့ အထူပညာရေး ပေါ်လစီဆိုတာ ကိုယ်လက်မသန်စွမ်းသူ၊ ၀ါ စွမ်းဆောင်ရည် ချို့တဲ့သူများ အများနည်းတူ ပညာသင်ကြားသင်နိုင်ဖို့ ရေးဆွဲအကောင်အထည်ဖော်တဲ့ ပေါ်လစီပါပဲ ။
မင်းခက်ရဲ

0 comments:
Post a Comment