Tuesday, April 10, 2012

သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်


          ရှေးအခါက ရွာတစ်ရွာက လူတစ်ယောက်ဟာ မစားနိုင်မသောက်နိုင် တရှောင်ရှောင်နဲ့ အတော်မကျန်းမမာ ဖြစ်နေတယ်။ ဒီလူဟာ မမာမကျန်းဖြစ်နေတော့ စိတ်လည်း အင်မတန်ညစ်နေတယ်။ ဆေးအမျိုးမျိုးလည်း စားတယ်။ ဆရာအမျိုးမျိုးနဲ့လည်း ကုတယ်။  ဒါပေမယ့် ဘာမှ မထူးခြားဘူး။ တစ်နေ့ထက်တစ်နေ့ အားအင်ဆုတ်ယုတ်လို့သာ လာတယ်။
          အဲဒီလိုတရှောင်ရှောင်နေရင်းနဲ့ လူနာဟာ သူ့ကိုလာပြီး သတင်းမေးတဲ့သူတွေဆီက သတင်ကောင်းတစ်ခု ရလိုက်တယ်။ သူရတဲ့သတင်းကတော့ အရှေ့စူးစူးအရပ်မှာရှိတဲ့ တိုင်းပြည်တစ်ပြည်မှာ အင်မတန်အံ့သြစ​ရာကောင်းတဲ့ ဗေဒင်ဆရာတစ်ယောက် ရှိတယ်။ ဒီဗေဒင်ဆရာဟာ သူ့ဆီကို ရောက်တဲ့ လူတိုင်းကို ချမ်းသာအောင်လည်း ညွှန်ကြားနိုင်တယ်။ ကျန်းမာအောင်လည်းညွှန်ကြားနိုင်တယ် ဆိုတဲ့ သတင်းပဲ။
          ဒီသတင်းကို ကြားတာနဲ့ လူနာဟာ ဘာပဲဖြစ်ဖြစ် ဒီဗေဒင်ဆရာဆီရောက်အောင်သွားမယ်ဆိုပြီး အိမ်ကထွက်လာခဲ့တယ်။ ဗေဒင်ဆရာဆီသွားဖို့ အိမ်ကဆင်းလိုက်တယ်ဆိုရင်ပဲ လူနာဟာပေါ့ပေါ့ပါးပါး ဖြစ်လာပြီး လမ်းကိုလည်း ကောင်းကောင်းလျှာက်နိုင်တယ်။ ဒါကို တွေ့တော့ လူနာက ငါဗေဒင်ဆရာဆီသွားမယ်လို့ လုပ်တုန်းရှိသေးတယ်။ ရောဂါဟာချက်ချင်းသက်သာသွားတယ်။ ဒီဆရာနဲ့ ငါနဲ့တော့ အပ်စပ်ပြီး ဆရာ့ဆီကို မရောက်ရင်မနေ၊ ရောက်အောင်သွားမယ်လို့ အားခဲလိုက်တယ်။

          အဲဒီလိုအားခဲပြီး အိမ်ကထွက်လာလိုက်တာ ညနေစောင်းတဲ့အခါ ညောင်ပင်ကြီးတစ်ပင်ကိုတွေ့ရတယ်။ ဒီတင် လူနာက ရှေ့ခရီးကိုဆက်ဖို့ အချိန်ကုန်နေပြီ၊ ဒီညောင်ပင်အောက်မှာပဲ ဒီညအိပ်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး အမှိုက်သရိုက်တွေလှဲကာ ညောင်ပင်အောက်မှာ စခန်းချလိုက်တယ်။
          လူနာဟာ ညောင်ပင်အောက်မှာ နေသားတကျ ထိုင်လို့လည်းပြီး ရော ညောင်ပင်ကိုစောင့်တဲ့ ရုက္ခစိုးဟာ ဘွားကနဲ့ ကိုယ်ထင်ပြပြီး လူနာရဲ့ရှေ့မှာလာရပ်တယ်။ ပြီးတော့ ရုက္ခစိုးက “ အသင်လူသား ဘယ်ကိုသွားမှာမို့ ငါ့ညောင်ပင်အောက်မှာ ဝင်နားတာလဲ ” လို့မေးတယ်။
          လူနာက “ ကျွန်တော်မျိုးဟာ အရှေ့တိုင်းပြည်က အင်မတန်ကျော်ကြားတဲ့ ဗေဒင်ဆရာကြီးဆီသွားပြီး ဗေဒင်မေးမလို့ပါ ” လို့ ပြန်ပြောတယ်။
          ဒီလိုပြောလိုက်တော့ ညောင်ရုက္ခစိုးက “ ဒီလိုဆိုရင် ကောင်းပါပြီ၊ ငါ့အတွက်ပါ ဗေဒင်ဆရာကို သင်တစ်ခုမေးခဲ့ပါ၊ ငါဟာ ဒီညောင်ပင်က ခွာပြီး တခြားညောင်ပင်ကို သွားချင်ပါရက်ကနဲ့ မသွားနိုင်ဖြစ်နေတာဘာကြောင့်ပါလဲ လို့ ဗေဒင်ဆရာကို တစ်ဆိတ်မေးပေးစမ်းပါ ”  လို့မှာလိုက်တယ်။
          ရုက္ခစိုးက အဲဒီလိုတဆင့် ဗေဒင်မေးခိုင်းတာကို လူနာက “ ရုက္ခစိုးနတ်မင်း ကျွန်တော်မေးဖြစ်အောင်မေးခဲ့ပါမယ် အရှင် ” လို့ ကတိပေးလိုက်တယ်။ ဒီလိုပြောပြီးတာနဲ့ တပြိုင်တည်း ရုက္ခစိုးလည်းသူ့ရှေ့ကပျောက်ကွယ်သွားတော့တယ်။
          လူနာဟာ ညောင်ပင်အောက်မှာပဲအဲဒီည အိပ်ပြီး မနက်လင်းတော့ ရှေ့ကိုခရီးဆက်ထွက်ပြန်တယ်။ အဲဒီလိုသွားရင်းနဲ့ တောင်ပို့ တစ်ခုနားရောက်တော့ မြွေကြီးတစ်ကောင်ဟာ တောင်ပို့ထဲက ထွက်လာပြီး လူနာသွားတဲ့လမ်းမှာ ကန့်လန်ဖြတ်ရပ်နေတယ်။ ပြီးတော့ မြွေကြီးက “ အသင်လူသား သင်ဘယ်ကိုသွားမလို့ ဒီလမ်းကလာတာလဲ ” လို့မေးတယ်။
          ဒီတော့ခရီးသည်လူနာက “ မြွေမင်း ကျွန်တော်ဟာ ရှေ့မှာရှိတဲ့ တိုင်းပြည်က အင်မတန်ကျော်ကြားတဲ့ ဗေဒင်ဆရာဆီမှာ ဗေဒင်မေးဖို့ သွားမလို့ပါ။ ” လို့ ပြန်ပြောတယ်။
          အဲဒီအခါမြွေက “ ဒီလိုဆိုရင်လည်း အဲဒီဗေဒင်ဆရာဆီမှာ ကျုပ်အတွက်လည်း ဗေဒင်မေးခဲ့စမ်းပါ။ ကျုပ်ဟာ ဒီတောင်ပို့ကခွာသွားချင်ပေမယ့် ဘာဖြစ်လို့ မသွားနိုင်သလဲ၊ မသွားဖြစ်သလဲ ဆိုတာမေးပေးစမ်းပါ ” လို့တစ်ဆင့် ဗေဒင်မေးခိုင်းပြန်တယ်။
          လူနာကလည်း “ ကောင်းပါပြီ၊ ကျွန်တော်မေးပြီး အပြန်ကို မြွေမင်းဆီ ဝင်ပြောပါ့မယ်။ ” လို့ ကတိပေးလိုက်တယ်။ ဒီကတိကို ရတယ် ဆိုရင်ပဲ မြွေကြီးဟာ သူ့တွင်းထဲကို သူပြန်ဝင်သွားရော။ လူနာခရီးသည်ကလည်း ရှေ့ကိုဆက်ပြီး ခရီးထွက်လာပြန်တယ်။
          လူနာဟာ အဲဒီလိုတဖြည်းဖြည်း ခရီးဆက်ထွက်လာလိုက်တာ နေဝင်ခါနီးချိန်မှာမြစ်တစ်ခုရဲ့ကမ်းဘေးကို ရောက်သွားတယ်။ မြစ်ကလည်း ကျယ်ပြီး ကူးစရာ လှေကူးတို့ လဲမရှိတာနဲ့ ကမ်းစပ်မှာထိုင်ပြီး ဘယ်လိုဒီမြစ်ကြီးကို ကူးရပါ့မလဲလို့ စဉ်းစားနေတယ်။
          အဲဒီလို ထိုင်စဉ်းစားနေတုန်း မိကျောင်းကြီးတစ်ကောင် သူ့ရှေ့ကို ကူးလာပြီး “ အသင်လူသား ဒီမြစ်ကို ရောက်လာတာ အသင်ဘယ်သွားပြီး ဘာလုပ်မလို့လဲ ” လို့မေးတယ်။
          မိကျောင်းကမေးတော့ လူနာက “ မိကျောင်းမင်း ကျွန်တော်ဟာ ရှေ့မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ အင်မတန်အံ့သြစရာကောင်းတဲ့ဗေဒင်ဆရာဆီ သွားမလို့ပါ။ ” လို့ပြန်ပြောတယ်။
          ဒီတော့ မိကျောင်းက “ ဗေဒင်ဆရာဆီသွားမယ်ဆိုရင် သင့်ကို တစ်ဖက်ကမ်းရောက်အောင် ကျုပ်ပို့ပေးပါ့မယ်။ ဒါပေမယ့် ကတိတစ်ခုတော့ ပေးရမယ်။ အဲဒီကတိက ဗေဒင်ဆရာဆီကိုရောက်ရင် ကျုပ်အကြောင်းကို မေးပေးဖို့ပါပဲ၊ ကျုပ်ဟာမိကျောင်းဖြစ်ပါရက်ကနဲ့ ဘာဖြစ်လို့ ရေငုပ်လို့မရသလဲ ဆိုတဲ့အကြောင်းကို မေးပေးမယ်ဆိုရင် ကျုပ်အပေါ်ကိုသာတက်စီးပါ။ တစ်ဖက်ကမ်းကို ပို့ပေးပါမယ်။ ” လို့ ပြောပြန်တယ်။
          လူနာက “ကောင်းပါပြီ၊ ကျွန်တော်မေးဖြစ်အောင် မေးပေးပါမယ်။ ” လို့ကတိပေးလိုက်တယ်။
          ဒီလိုကတိပေးလိုက်တာနဲ့ မိကျောင်းဟာ လူနာကို သူ့ကျောပေါ်မှာစီးခိုင်းပြီး တစ်ဖက်ကမ်းကို ပို့ပေးလိုက်တယ်။ လူနာဟာလည်း တစ်ဖက်ကမ်းကို ရောက်တော့ မိုးချုပ်နေတာနဲ့ ကမ်းစပ်သဲသောင်ပြင်ပေါ်မှာပဲ အဲဒီည အိပ်လိုက်တယ်။
          မနက်လင်းတဲအခါ လူနာဟာ သူ့ခရီးစဉ်အတိုင်းထွက်ပြန်တယ်။ ဒီလိုနဲ့ သွားလိုက်တာ တိုင်းပြည်တစ်ပြည်ကို ရောက်သွားတယ်။ သူရောက်သွားတဲ့တိုင်းပြည် ဘုရင်က သူ့တိုင်းပြည်ကို ဘယ်က တစိမ်းတရံဆံလူမှ ဝင်မလာရဘူး၊ ဝင်လာခဲ့ရင် ဝင်လာတဲ့လူကို သတ်ရမယ်လို့ အမိန့်ထုတ်ထားတယ်။
          လူနာအဲဒီတိုင်းပြည်ရောက်သွားတော့ အစောင့်မင်းချင်းတွေကဖမ်းပြီး သူတို့ဘုရင့်ရှေ့တော် ပို့လိုက်ကြတယ်။ ရှေ့တော်ရောက်လာတဲ့လူနာကို ဘုရင်က “ အသင်ဒီတိုင်းပြည်ထဲကို ဘာဖြစ်လို့ကျူးကျော်ပြီးဝင်ရောက်လာခဲ့သလဲ၊ ဒီတိုင်းပြည်ကို ဝင်လာတဲ့သူကို သတ်စေလို့ အမိန့်ထုတ်ထားတာ သင်မသိဘူးလား ” လို့မေးတယ်။
          ဒီတော့ လူနာက “ ဒီလိုအမိန့်ထုတ်ထားမှန်းလည်း ကျွန်တော်မျိုးမသိရပါ။ ကျွန်တော်မျိုးဟာ အမှန်အတိုင်းဆိုရင် အရှင်မင်းမြတ်ရဲ့ တိုင်းပြည်ကို လာသူမဟုတ်ပါ။ အရှေ့အရပ်မှာရှိတဲ့ အင်မတန်ကျော်ကြားတဲ့ ဗေဒင်ဆရာကြီးဆီကို သွားဖို့ဖြစ်ပါတယ်။ ” လို့ တင်လျှောက်လိုက်တယ်။
          အဲဒီလိုလူနာက တင်လျှောက်တဲ့စကားကို အနားမှာရှိတဲ့ဘုရင့်သမီးတော်ကကြားတော့ “ အို အမောင် ဗေဒင်ဆရာဆီကိုသွားရင် ကျွန်မအတွက်ပါ ဗေဒင်ကြည့်ခဲ့ပြီးပြန်ပြောပါဦး ” လို့ ဝင်ပြောတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...