Monday, April 2, 2012

ပုံစံ ကျခြင်း - မကျခြင်း


by Zay Ya on Monday, April 2, 2012 at 7:40pm ·

"ဘာဝနာ တစ်မျိုး ကို နေ့ရက်ရှည်ကြာ အစဉ်တစိုက် ပြုပါတယ်- ဒါပေမယ့် ပုံစံမကျဘူးလို့ ထင်နေ မိတယ်။ စိတ်တိုင်း မကျ ဖြစ်တယ်။ အခြား ဘယ်လို လုပ်ရမလဲ။"

ဒီမေးခွန်းကို တစ်ဦး  မေးပါတယ်။ အများ အားဖြင့်လည်း ဒီမေးခွန်းကို  မေးတတ်လေ့ ရှိတယ်။ အမေးခံ ရတဲ့ ပုဂ္ဂိုလ် အများက ဘာဝနာ ပြု တဲ့ နည်းနာ တွေထဲက အခြား ရှိရှိသမျှ တစ်ခုပြီး တစ်ခု ထုတ်၊ ချပြ တတ်ပါတယ်။ ဒါ့ကြောင့် ကျနော် အဲ့ဒီ နည်းနာတွေ ထဲက ဘာတွေ ကို ဘယ်လို ပြောင်းလဲ ကြည့်ပါလို့ ပြောစရာ မလိုလောက်ဘူး - လိုအပ်လောက်တဲ့ တစ်ခုပဲ ပြောပါမယ်။


"ပုံစံ မကျဘူး လို့ ထင်နေတယ်။ စိတ်တိုင်းမကျ ဖြစ်နေတယ်" ဆိုတဲ့ အမေးစကားမှာ - စင်စစ်- "ပုံစံ မကျတာ" ဟာ မကောင်းတဲ့ သဘော မ ဟုတ် ဘူး။ ပုံစံ ကျချင်နေတဲ့ စိတ်ကသာ မကောင်း တာ ဖြစ်ပါတယ်။ ဒီ ဘာဝနာ ကို ပြုရင် ဒီလို တော့ဖြင့် ဖြစ်ရမယ် - ဟို ဘာဝနာ ကို ပြုရင် ဟို အဆင့်တော့ဖြင့် ရောက် ရမယ် လို့ ပြောတတ်ကြတဲ့ စနစ် ပုံစံ အားလုံးဟာ စိတ်ကို ဆွဲဆောင် တာက လွဲရင် ဘာမှ အကျိုး သက်ရောက်မှု မရှိဘူး။

စိတ်ရဲ့ သဘာဝ ဟာ အစဉ်အမြဲ ပုံစံ တကျ ဖြစ်ဖို့ မျှော်လင့် နေတတ် ပါ တယ်။ ဒါ့ကြောင့် လည်း Logic တွေ ၊ ဆင်ခြင်ဥာဏ်တွေကို နှစ်နှစ်ခြိုက်ခြိုက် လက်ခံတယ်။ ဆင်ခြင်တုံ တရား ဆိုတာတွေ နဲ့ အကြောင်းအကျိုး ဆက်စပ် အဓိပ္ပာယ် ရှိမှု မရှိမှုတွေ ကြားမှာ ကူးလူး ပျော်မွေ့တယ်။ စနစ်၊ ပုံစံ ကားကျ တွေ ကြား ထဲမှာ အတိအကျ ခိုဝင်လိုတဲ့ ဆန္ဒ ရှိပါတယ်။

နားလည် ထားစေချင်တာက - ဘာဝနာဟာ စိတ်ကို လွန်မြောက်စေတဲ့ အရိုးရှင်းဆုံး လမ်းကြောင်း ဖြစ်ပါတယ်။ ဘဝမှာ အရှင်းသန့် ဆုံး နေထိုင်မှု အနုပညာ လည်း ဖြစ်တယ်။ ဒါ့ကြောင့် ဘာဝနာ ရဲ့ အလုပ်ဖြစ်တဲ့ လွတ်မြောက်မှု ဟာ ပုံစံ အားလုံးကို ကျော်လွန် ပါတယ်။ ပုံစံ အားလုံး ကို သိမြင် ရင်း ပစ်ချထားရစ်ခဲ့တယ်။ အဲ့အခါ ခင်ဗျား အပြည့်အဝ လွတ်မြောက် ချမ်းမြေ့မှု ကို တွေ့ရ ပါလိမ့်မယ်။

ဒါဆိုရင် ဘာဝနာမှာ နည်းနာတွေ၊ နည်းစနစ် ပုံစံတွေ ဘာလို့ ရှိရသလဲ။


အကြောင်း က အဲ့ဒီ နည်းစနစ်တွေကို သိမြင် ရင်း အဲ့ စနစ်ဘောင် ပုံစံတွေရဲ့ အလွန်ကို မြင်နိုင် ဖို့  ဖြစ်ပါတယ် ။ အင်ဂျင်စက်တစ်လုံး ကို စနစ်တကျ ဖြိုချ ပစ်နိုင်ဖို့ အဲ့ဒီ အင်ဂျင်စက် အကြောင်း ခင်ဗျား သိဖို့ လိုတယ် မဟုတ်လား။ အဲ့ဒီ အင်ဂျင်စက် ရဲ့ တပ်ဆင်ထားပုံ အကြောင်း ခင်ဗျား အရင်ဆုံး ကျေကျေ ညက်ညက် သိရဦးမယ် မဟုတ်လား။  အဲ့နောက်မှသာ စိတ်ချလက်ချ ဖြိုချ ထားရစ် ခဲ့နိုင်တယ်။ ဒါ့ကြောင့် လွတ်မြောက်မှု ကို သိဖို့ မလွတ်မြောက် ရသေးခြင်း အကြောင်းကို ဘာဝနာ နဲ့ ထိုးခွင်း ရပါတယ်။

ဗုဒ္ဓဘာသာ အနေနဲ့ ဆိုရင် - sufferings ( Dhukkha)  ဒုက္ခသစ္စာ ကို အတိအကျ မြင်သိခြင်းသည် ပင်လျှင် ( Nirvana ) နိရောဓ သစ္စာ နဲ့ တစ်ပြိုင်တည်း ဖြစ်တယ်  လို့ ဆိုတတ်တယ်။ (ဒါက စာအားဖြင့် ပြောတာ ဖြစ်ပါတယ်။  ဟုတ်ချင် ဟုတ်မယ် မဟုတ်ချင် မဟုတ်ဘူး။ တွေးခေါ် ဆင်ခြင်နေဖို့လည်း မဟုတ်ဘူး။ မိမိ အဖြစ်ကို မိမိ ဘာသာ တကယ်မြင်ဖို့ဆိုတာ တကယ် ကြည့်ဖို့ သာ လိုပါတယ်)

ဘာဝနာတွေမှာ ဘယ်လိုတော့ဖြင့် ထိုင်ပါ - ဘယ်နှ နာရီဖြင့် တစ်နေ့စာ တစ်နေ့ သတ်မှတ်ပါ - ဘယ်ကို ဘယ်လို ရှုမြင်ပါ စသဖြင့် နည်းစနစ်တွေ ပေး တယ်။ ဒါတွေဟာ ခင်ဗျား တခဏ အကျဉ်း ကျ သွားဖို့ ၊ ခင်ဗျားကို တစ်ခဏ စနစ် ပုံစံ ဝင်သွားဖို့ လည်း ဖြစ်လိမ့် မယ်။ အဲ့ဒီနောက်မှာ ဒါတွေကို ကြိမ်ဖန် များစွာ ကျေညက်နေပါစေ။ အဲ့ဒီ အကျဉ်းအကျပ် ဘောင်တွေ၊ ပုံစံတွေ ဟာ ခင်ဗျား သန္တာန်နဲ့ ခင်ဗျားရဲ့ စိတ်အလိုမကျမှုကိုသာ အတိုင်းသား ညွှန်းပြ နေမှာ ဖြစ်ပါတယ်။  အဲ့ဒီ အလိုမကျဖြစ်ရခြင်း၊ စိတ်တိုင်း မကျဖြစ်ရခြင်း၊ ပုံစံ မကျ ဖြစ်ရခြင်း  ဆိုတာတွေ အကြောင်း ကောင်းကောင်း မြင်နိုင် ပါစေ။ ဒီ အခါမှာ ခင်ဗျား နှစ်ရှည်လများ အလိုလိုက်ခဲ့တဲ့ စိတ်ဟာ ခင်ဗျား အပေါ် အလိုမကျ ၊ ဂျီကျနေ ပါ လိမ့်မယ်။ ဒါကို မလျော့တဲ့ သတ္တိနဲ့ ဆက်ကြည့် နိုင်ဖို့ လိုပါတယ်။ ခင်ဗျား သူ့ အကြောင်း ကောင်းကောင်း သိ သွား တဲ့ နောက်တော့ ခင်ဗျားကို အခုလို ဗိုလ် မကျ နိုင်တော့ဘူးရယ်။ အဲ့ဒီ အဖြစ် နောက်မှသာ ခင်ဗျား လွန်မြောက် လာဖို့ ရှိပါတယ်။

~ on Meditation Structure
..............
April 2nd 2012 at 7:05 PM
.............

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...