Tuesday, April 17, 2012

အဝတ်လျှော်ခြင်း နှင့် ကျန်းမာရေး


by ဆေးလောက on Wednesday, April 18, 2012 at 12:54pm ·


အဝတ်လျှော်ခြင်းဟာ ကျန်းမာရေးနဲ့ ဘာမှ ဆက်စပ်မှု မရှိဘူးလို့ ထင်ပါသလား။
တကယ်တော့ အများကြီးဆက်စပ်မှု ရှိပါတယ်။
အဝတ်လျှော်တဲ့ အခါ စနစ် မကျမှုတွေနဲ့ မှားယွင်းတဲ့ နည်းလမ်းတွေကြောင့်
ရောဂါပိုးတွေနဲ့ ထိတွေနေရခြင်း၊ ဓာတ်မတည့် ဖြစ်ခြင်း၊ အရေပြား
ယားယံခြင်းနဲ့ တခြားကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်
သင်နဲ့ သင့်မိသားစု အပေါ်မှာ အဝတ်လျှော်ခြင်းကြောင့် ကျန်းမာရေး ဆိုင်ရာ
ဆိုးကျိုးတွေ မကျရောက်အောင် ကာကွယ်နိုင်မယ့် အကြံပြုချက် တွေကို
ဖော်ပြလိုက်ပါတယ်။



အနံ့ မပါတဲ့ ဆပ်ပြာကို ရွေးချယ်ပါ

ဘာကြောင့်လဲ- အရေပြားယားယံမှုကို ကာကွယ်နိုင်ပါတယ်။

သင်ဟာ သင့်အဝတ်တွေမှာ ပန်းရနံ့ ဒါမှမဟုတ် တခြားမွှေးရနံ့တွေ သင်းပျံ့ မွှေးကြိုင် နေတာကို ကြိုက်နှစ်သက်ပါသလား။ ဒါဆိုရင် သင်သိသင့်တာကတော့ ဒီလို
မွှေးရနံ့ တွေကို ဖြစ်စေတဲ့အရာတွေက ဓာတုပစ္စည်းတွေ သောင်းပြောင်းရောထားတယ်
ဆိုတာကိုပါ။ ဒီဓာတုပစ္စည်းတွေဟာ သင့်အရေပြားကို ယားယံစေ နိုင်ပါတယ်။
University of Washiongoton မှ သုတေသီတွေက လူကြိုက်များတဲ့
ဆပ်ပြာမှုန့်တစ်မျိုးမှ အငွေ့ပြန်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်း
၁၃မျိုးထုတ်လွှတ်တာကို တွေ့ရပါတယ်။ ဒီထဲက ငါးမျိုးဟာ သဘာဝ
ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီ (EPA) က အဆိပ်အတောက် ဖြစ်တယ် ဒါမှမဟုတ်
အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဓာတုပစ္စည်းတွေပါ။ “အဝတ်လျှော်ရာမှာ
သုံးတဲ့ ဆပ်ပြာမှုန့်နဲ့ အနံ့မွေးအောင်ထည့်တဲ့ အရည်တွေမှာ အာရုံကြော
အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့

ဓာတ်ပစ္စည်းတွေ ပါဝင်နိုင်ပါတယ်” လို့ လေ့လာသူခေါင်းဆောင် Professor Anne
Steinemann ကဆိုပါတယ်။ ဒီအရာတွေနဲ့ ထိတွေ့မှုဟာ ခေါင်းတစ်ခြမ်းကိုက်
ရောဂါထခြင်းနဲ့ ပန်းနာရင်ကျပ် ရောဂါထခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
အများအားဖြင့်တော့ ဒီဓာတုပစ္စည်းတွေ အများစုက ဆပ်ပြာမှုန့်မှာပါတဲ့
သန့်ရှင်းစေတဲ့ အရာ (cleansing agent)တွေနဲ့ မဆက်စပ်ပါဘူး။

အနံ့ မွှေးအောင်ထည့်တဲ့ မွှေးရနံ့တွေနဲ့သာ ဆက်စပ်တာပါ။ ဒါကြောင့် မွှေးရနံ့နဲ့
အရောင်ဆိုးဆေးတွေ မပါတာကို ရွေးသုံးနိုင်ရင် အကောင်းဆုံးပါပဲ။


အိပ်ရာခင်းတွေကို ရေပူနဲ့ ပြုတ်လျှော်ပါ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကို နည်းစေပါတယ်။

သင်ရဲ့ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေမှာ ဖုန်ပိုးတွေ အများအပြား ရှိနေပါတယ်။
ဒီပိုးတွေက ညမှာ သင့်အရေပြားက ကြွေကျတဲ့ ဆဲလ်သေတွေကို
စားသုံးပြီး ရှင်သန်နေကြတာပါ။ ဖုန်ပိုးတွေဟာ ဓာတ်မတည့်မှု လက္ခဏာတွေကို
ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ “ဖုန်ပိုးတွေဟာ အဝတ်အစားတွေနဲ့
ကော်ဇောတွေပေါ်မှာလည်း ရှိပါတယ်။ ဒါပေမဲ့ အိမ်ရာပေါ်မှာတော့ အများဆုံး
ရှိပါတယ်။ ဒါကြောင့် သင်ရဲ့ အိပ်ရာခင်းကို အပတ်စဉ် ရေပူနဲ့ ပြုတ်ပြီး
လျှော်ဖို့ အရေးကြီးပါတယ်။ လျှော်မယ့်ရေအပူချိန်က
အနည်းဆုံး အပူချိန်က အနည်းဆုံး ၁၃၀ ဒီဂရီဖာရင်ဟိုက် ရှိသင့်တယ်။
ရေအေး ဒါမှမဟုတ် ရေနွေးနဲ့ပဲ လျှော်ရင်တော့ သူတို့ရေကူးလို့ ကောင်းရုံပါပဲ။
အဝတ်လျှော်စက်က အဝတ်ခြောက်ခန်းက အပူချိန်နဲ့လည်း ဒီပိုးတွေ
မသေနိုင်ပါဘူး”လို့ Standford မှ အဏုဇီဝပညာရှင် Robert Weitz က ဆိုပါတယ်။
အဝတ်လျှော်စက်ထဲမှ အဝတ်တွေကို အမြန်ဆုံးထုတ်ပါ
ဘာကြောင့်လဲ- ရောဂါပိုးတွေကို ကာကွယ်နိုင်တယ်။

ဘက်တီးရီးယားတွေက စိုစွတ်နေတဲ့ နေရာမှာ ပေါက်ပွားနိုင်ကြပါတယ်။ ဒါကြောင့် အဝတ်လျှော်စက်ကို သုံးပြီး လျှော်ပြီးသွားတဲ့အခါ မိနစ် ၃၀ အတွင်း
အဝတ်အစားတွေကို ထုတ်ယူပါ။ တစ်နာရီကြာအောင် မထုတ်ဖြစ်လိုက်ဘူးဆိုရင်
ဒီအဝတ်တွေကို ပြန်လျှော်ပါ။ University of Arizona မှ သုတေသန တစ်ခုက အိမ်သုံးအဝတ်လျှော်
စက်တွေမှာ မစင်ထဲက ဘက်တီးရီးယားမျိုးတွေ ရှိနေတာကို တွေ့ရှိကြရပါတယ်။
ဒီပိုးတွေသေအောင် ရေပူနဲ့ လျှော်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါ့အပြင်
အဝတ်လျှော်စက်ထဲမှာ အဝတ်တွေကို ထည့်သင့်တာထက် ပိုပြီး အလွန်အကျွံ
ပြည့်အောင်မထည့်ပါနဲ့။ ဒါမှသာ ဆပ်ပြာမှုန့်တွေဟာ အဝတ်အထည်အားလုံးထဲကို
ထိုးဖောက်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ရေစိုအဝတ်တွေကို ဖယ်ပြီးနောက်မှာလည်း
သင့်လက်တွေကို ဆေးကြောပါ။ အဝတ်ခြောက်ခန်းက အပူချိန်က ကျန်တဲ့ပိုးတွေကို သတ်ပါလိမ့်မယ်။

အောက်ခံဘောင်းဘီတွေကို သီးသန့်လျှော်ပါ
ဘာကြောင့်လဲ- ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။

မစင်ထဲက ဘက်တီးရီးယားပိုးတွေ အဝတ်လျှော်စက်ထဲမှာ ရှိနေတာက အောက်ခံ ဘောင်းဘီတွေကြောင့်ပါ။
ဒါကြောင့် အောက်ခံဘောင်းဘီတွေကို အဝတ်လျှော်စက်ထဲမှာ
သီးသန့်ထည့်လျှော်ပါ။ တခြားအဝတ်တွေနဲ့ ရောမလျှော်ပါနဲ့။ ရေပူကို သုံးရင်
ပိုကောင်းပါတယ်။ တစ်ပတ်တစ်ခါ အဝတ်လျှော်စက်ထဲကို ချွတ်ဆေးတစ်ခွက်ထည့်ပြီး အဝတ်တွေ မပါဘဲ သီးသန့်လည်ကာ ဆေးကြောပေးပါ။

အဝတ်လျှော်စက်ကို လေနဲ့ ခြောက်သွေ့အောင် လုပ်ပါ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကို လျော့စေပါတယ်

မှိုပိုးတွေဟာ လေထဲမှာ အမြဲရှိနေပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဝတ်လျှော်စက်အတွင်းက နေရာလိုမျိုး
စိုစွတ်နေတဲ့ နေရာကို ရှာတွေ့သွားရင်
အဲဒီမှာ အခြေချပြီး ပွားများပါတော့တယ်။ မှိုတွေနဲ့ ထိတွေ့ခြင်းဟာ
ရင်ကျပ်ခြင်း၊ မျက်စိယားခြင်း၊ ချွဲသလိပ်ထခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
သင့်မှာ ပန်းနာရောဂါ ဒါမှမဟုတ် ဓာတ်မတည့် ဖြစ်တတ်တဲ့ ပြဿနာရှိရင် ရောဂါ
ထစေနိုင်ပါတယ်။ မှိုပိုးတွေ အဝတ်လျှော်စက်ထဲမှာ ပေါက်ပွားမှုနဲ့
သင့်အဝတ်တွေဆီကို ရောက်လာခြင်းမှ ကာကွယ်ဖို့ အတွက် အဝတ်လျှော်ပြီးတဲ့ အခါ
အဝတ်လျှော်စက် အဖုံးကို ဖွင့်ပေးထားပြီး အတွင်းထဲကို ခြောက်သွေ့ပါစေ။

အဝတ်လျှော်စက်ထားတဲ့ အခန်းကို လေဝင်လေထွက် ကောင်းနေပါစေ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာကို လျော့စေပါတယ်

အဝတ်ခြောက်ခန်းမှ စိုထိုင်းတဲ့ အပူဟာ လေထုစိုထိုင်းဆ အဆင့်ကို မြင့်စေတဲ့အတွက် မှိုတွေ ပေါက်ဖွားဖို့ ကောင်းမွန်တဲ့ အနေအထား တစ်ခု
ဖြစ်နေပါတယ်။ ဒါကြောင့် အဝတ်ခြောက်ခန်းကို စက်ဖွင့်ထားတဲ့ အခါ
ပြတင်းပေါက်တွေ ဖွင့်ထားပါ။ ပန်ကာ ဖွင့်ထားပါ။ အဝတ်ခြောက်ခန်းမှ
ပိုက်တွေကို စစ်ဆေးပါ။ လေဝင်လေထွက်ပေါက်က ချောင်လာရင် ရေငွေ့တွေဟာ နံရံမှာ
ကပ်ပြီးစုနေကာ မှိုတွေ ပေါက်ဖွားလာ နိုင်ပါတယ်။

ဝန်ခံ ချက်..။   ။ ရေးသူအမည်မပါပါ။မေလ်းမှရရှိခြင်းဖြစ်ပါသည်။
ဧဒင်မောင်နှမများအတွက်ဗဟုသုတတင်ပေးပါတယ်(ရွှေအိမ်စည်)

ဆေးလောက

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...