လူ့အခွင့်အရေး အဘိဓါန်
by မင်းခက်ရဲ (Min Khet Ye) on Friday, March 23, 2012 at 10:07pm
မီဒီယာ အခွင့်အရေးများ (media rights)
လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတိုင်းမှာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ လူ့အခွင့်အရေးအကြောင်းများ ပြောမယ် ဆိုရင် ရှေးအစဉ်အလာ ကြီးတစ်ရပ်အနေနဲ့ အလေးအနက်ထားပြောဆိုကြတယ် ။ အစဉ်အလာအရဆိုရင်တော့ လွပ်လပ် စွာပြောဆိုခွင့်ကို လွတ်လပ်တဲ့ ပုံနှိပ်ထုတ်ဝေမှုကို အခြေခံပြီး ပြောကြလေ့ရှိတယ် ။ နောက်တော့ ရေဒီယို ၊ တယ်လီဗွီးရှင်းလို အသံလွှင့် ရုပ်မြင်သံကြားတွေ ပေါ်ပေါက်လာတဲ့ အခါမှာ လူထုရဲ့ နိုင်ငံရေး အမြင်ကို အသံလွှင့် ဖော်ပြနိုင်ခွင့် ပါရှိရမယ်ဆိုတဲ့ အပိုင်းကနေပါ ထည့်ပြီး စဉ်းစားလာခဲ့တယ် ။ နိုင်ငံရေးအမြင်တွေကို ထုတ်ဖော်ကြတဲ့ နေရာမှာ အစိုးရ ၊ အတိုက်အခံနဲ့ ပြည်သူတွေက သူတို့ရဲ့ အမြင်တွေကို အစိုးရတွေ ဖော်ပြခွင့် ရသလို ဖော်ပြခွင့် ရဖို့ရမှာသာလျင် ခိုင်မာပြီး အပြိုင်ဆိုင်ရှိတဲ့ ဒီမိုကရေစီမျိုးပေါ်ပေါက်လာမှာ ဖြစ်တယ် ။
နိုင်ငံရေး အမြင်မျိုးစုံကို လူထု သိလာအောင်လုပ်တဲ့ နေရာမှာ နည်းပညာနိမ့်တဲ့ ပုံနှိပ်မီဒီယာကို မှီခိုနေရတဲ့ခေတ်အခါမှာ နိုင်ငံတော်ရဲ့ ဆင်ဆာပိတ်မှုဟာ မလိုအပ်ဘူးလို့ ဆိုရင် သီအိုရီအရရော လက်တွေ့ပိုင်းအရပါ သိပ်ပြီး အငြင်းပွားဖွယ်ရာ များများစားစားမရှိဘူး ။ ဂုဏ်သိက္ခာထိခိုက်စေတဲ့ အရေးအသားတွေကို ဥပဒေနဲ့ ပြန်လည်အ ကာအကွယ်ပေးထားလိုက်ရင် အဆင်ပြေတယ် ။
ငွေကြေးချို့တဲ့ တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေတောင်မှ ပုံနှိပ်ထုတ်ဝေခွင့် စရိတ်သိပ်မရှိလှတဲ့ အတွက် သူတို့ရဲ့ နိုင်ငံရေးအမြင်တွေကို ထုတ်ဖော်ဖို့ တတ်နိုင်ကြတယ် ။ ပုံနှိပ်ထုတ်ဝေပြီး သူတို့ရဲ့ အမြင်တွေကို ဖြန့်ဝေမယ် ၊ ညှိယူမယ် ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ညီတူညီမျှလုပ်နိုင်တယ် ။ နည်းပညာ မြင့်မားလာပြီး ငွေကုန်ကြေးကျများတဲ့ အသံလွှင့် ထုတ်လုပ်မှုတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ အစိုးရဟာ မီဒီယာ အခွင့်အရေးမှာ အတိုက်အခံနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ သူတို့ရဲ့ နိုင်ငံရေးအမြင်ကို ထုတ်ဖော်တဲ့ အခါ လွတ်လပ်စွာ ပြောဆိုမှု ညီတူညီမျှဖြစ်အောင် ထိန်းညှိပေးရတယ်။ အသံလွှင့် မီဒီယာက ပုံနှိပ်မီဒီယာထက် လူထုကို နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်ပေးနိုင်တယ် ။ ဒီတော့ အသံလွှင့် မီဒီယာကို ကိုင်ထားနိုင်တဲ့ ပိုက်ဆံ ချမ်းသာတဲ့ နိုင်ငံရေးအဖွဲ့အစည်းက အသံလွှင့်မီဒီယာကို မကိုင်နိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းထက် လူထုအပေါ် နိုင်ငံရေး အချက်အလက်ပေးရာမှာ သာနေတာပဲ ။ ဒါကို လွတ်လပ်စွာပြောဆိုခွင့် ရှိတယ်လို့ မဆိုနိုင်သလို ၊ မီဒီယာ အခွင့်အရေး ရှိတယ်လို့ လည်း မပြောနိုင်ဘူး ။ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအဖွဲ့အစည်းတွေ အသံလွှင့် မီဒီယာက နေ နိုင်ငံရေး သတင်းအချက်အလက်ပေးဖို့ အတွက် ညီမျှတဲ့ အခွင့်အလမ်းတွေ ရှိကို ရှိနေရမှာ ဖြစ်တယ် ။ ဒီမိုကရေစီကို အသွင်ကူးပြောင်းတဲ့ ကာလအစတွေမှာ နိုင်ငံအများစုမှာ နိုင်ငံတော်က အသံလွှင်မီဒီယာတွေကို လက်ဝါးကြီးအုပ်ထားတတ်တာတော့ သဘာဝပဲ ။ ဒါပေမယ့် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့ လုပ်ရမယ့် အရာတွေထဲမှာ နိုင်ငံရေးသတင်းအချက်အလက်တွေ ၊ အမြင်တွေကို လူထုဆီပို့ရာမှာ အာဏာနဲ့ ငွေးကြေးရှိရင်ရှိ သလောက် အသံလွှင်ဌာနတွေကို ထိန်းချုပ်ထားနိုင်ရေးဆိုတာထက် မျှမျှတတ အာလုံး အခွင့်အလမ်းတူ ပို့နိုင်ခွင့်ကို အစိုးရက ဖော်ဆောင်ပေးရမယ် ။ ဒီလိုဖော်ဆောင်တဲ့ စနစ်မှာ ဘက်မလိုက်မိဖို့ ကြိုးစားရမှာ ဖြစ်တယ် ။ မီဒီယာအခွင့်အရေး ဘက်က ကြည့်ရင် လွတ်လပ်စွာပြောဆိုမှု ၊ နိုင်ငံရေး သတင်းအချက်အလက်ပေးနိုင်မှုဆိုတာ နည်းပညာမြင့်မားတဲ့ အသံလွှင့်မီဒီယာတွေကို အသုံးချခွင့်မှာ ဘယ်လောက် အတိုင်းအတာအထိ ဘက်လိုက်မှုကင်းသလဲ ဆိုတာပဲ ။ ပုဂ္ဂလိက အသံလွှင့်ဌာနတွေ ဥပေဒအရ တရားဝင်ဖြစ်လာတဲ့အခါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ သီအိုရီပိုင်းမှာ ပြဿနာအသစ်တွေ ဖြစ်လာတယ် ။ ပုံနှပ်မီဒီယာရဲ့ စီးပွားရေးနဲ့ အသံလွှင်ဌာနတွေရဲ့ စီးပွားရေးပုံစံက အတော်ကလေး ကွဲပြာတယ် ။ ဒီတော့ နိုင်ငံရေးအုပ်စုတွေမှာ ညီမျှတဲ့ အခွင့်အရေးမရှိတော့ဘူး။ ဒီမိုကရေစီအတွက် အရေးအကြီးဆုံး ဖြစ်တဲ့ ကွဲပြားခြားနားတဲ့ ဗဟုဝါဒအမြင်တွေ ဒါမှမဟုတ် အသံမျိုးစုံ အပြိုင်အဆိုင် ဖြစ်နေရမှာ ဖြစ်မလာတော့ဘူး ။ အသံလွှင့်ဌာနကို ပိုင်ဆိုင်ထားသူရဲ့ အသံကသာလျင် လွှမ်းမိုးထားမှာ ဖြစ်တယ်။ တစ်ချို့နိုင်ငံတွေက ဒီပြဿနာကို ပေါ်လစီ တစ်မျိုးမျိုးချမှတ်ပြီး ကိုင်တွယ်ကြတယ် ။ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီ နိုင်ငံတွေကတော့ ဖွဲ့စည်အုပ်ပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးတွေကနေတစ်ဆင့် ပုဂ္ဂလိကအသံလွှင့်ဌာနရဲ့ ပါဝါထက် လူထုရဲ့ အကျိုးအမြတ်အတွက် ကာကွယ်ပေးဖို့ ကြိုးစားတယ် ။အကြောင်းက နိုင်ငံရေးအကျိုးအမြတ်တွေဟာ လွှတ်တော်ထဲမှာ လာပြီး ပဠိပက္ခဖြစ်စေ နိုင်တယ် ။ ဒါဆိုရင် ဥပဒေပြုမှုတွေမှာပါ ဘက်လိုက်မှုတွေ ပါလာမယ် ။ တရား၇ုံးက ဒီလို ဖြစ်မလာစေဖို့ အသံလွှင်ဌာနရဲ့ ပါဝါကို အသုံးချပြီး နိုင်ငံရေးအကျိုးအမြတ်ကိုယူတာ ၊ လွှတ်တော်နဲ့ ဥပဒေပြုမှုအထိ ၀င်ရောက်လွှမ်းမိုးဖို့ ကြိုးစားတာတွေ ကို ကိုင်တွယ်ဖြေရှင်းပေးရမယ် ။ အသံလွှင့်ဌာနဟာ ပုဂ္ဂလိက အကျိုးအမြတ်ထက် လူထုရဲ့ အကျိုးအမြတ်ကို ရှေးရှုဖို့ ကြိုးစားပေးရမယ်လို့ ယူတယ်။ မီဒီယာအခွင့်အရေးကို ညီတူညီမျှရရှိဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဆိုင်ရာတရားရုံးက ကိုင်တွယ် ဖြေရှင်းပေးပုံ ဥပမာအတွက် အီတလီကို ကြည့်ရင်သိနိုင်တယ် ။ အီတလီမှာ ၀န်ကြီးချုပ်က ရုပ်မြင်သံကြားနဲ့ ရေဒီယိုဈေးကွက်ကို ချုပ်ကိုင်ထားတဲ့ မီဒီယာအဖွဲ့အစည်းတစ်ခုကို ပိုင်ဆိုင်သူဖြစ်လာတဲ့ အခါ ဖွဲ့စည်းအုပ်ချုပ်ပုံတရားရုံးက မီဒီယာ အခွင့်အရေးကို တိုးတက်လာအောင် လုပ်ဆောင်းပေးဖို့ ကြိုးစားခဲ့တယ် ။ နိုင်ငံရဲ့ အဆောက်အအုံ အလုပ် ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတဲ့ ကိုင်တွယ်ပုံတွေ ကွဲပြားခြားပြီး အမျိုးမျိုးပြောင်းလဲနေမှာတော့ အမှန်ပဲ ။ ဒါပေမယ့် သေချာတဲ့ ပြဿနာရပ်တစ်ခုကတော့ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အသံတွေ အမျိုးမျိုးမထွက်အောင် ကန့်သတ်ထားသလို ဖြစ်နေတာဟာ ဒီမိုကရေစီအတွက် အန္တာရယ်တစ်ရပ်ဖြစ်နေတာပဲ ။ တရားရုံးတွေက ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ဈေးကွက်ရှယ်ယာတွေကို နဲနဲ ထိန်းသိမ်းပေးဖို့ ကြိုးစားတာ ဒါမှမဟုတ် အသံလွှင့်ထုတ်လုပ်တဲ့ အခါ လူနည်းစုတွေရဲ့ အသံပါဝင်ဖို့ရာ ဖြစ်နိုင်ချေတစ်ရပ်ရပ်ကို ပေးအပ်ထားတာ ၊ အကာအကွယ်ပေးတာတွေ လုပ်ပေးကြတယ် ။ ဒါနဲ့ တင်မပြီးသေးပါဘူး ။ လူနည်းစုရဲ့ အသံကို အကာအကွယ်ပေးတာ ဒီမိုကရေစီတိုင်းပြည်တွေမှာ အရေးကြီးတဲ့ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်နိုင်မှု အခွင့်အရေး ၊ စာချုပ်စာတမ်း ပဠိညဉ်စာတမ်းများရဲ့ အခွင့်အရေးတွေနဲ့ ပိုပြီး ပဠိပက္ခဖြစ်လာတဲ့ အတွက်ပဲ ။ အသံလွှင့်ကုမ္မဏီတစ်ခုရဲ့ ဈေးကွက်ရှယ်ယာကို ကန့်သတ်လိုက်တာဟာ လွတ်လပ်စွာ ကုန်သွယ်မှုဆိုတာကို လာပြီး ထိခိုက်နေပြန်ပါရော ။ ဒီတော့ အကျိုးဆက်က ဥပဒေပြုမှုတွေကို အယုံအကြည်ကင်းမဲ့ လာစေတယ် ။ လွှတ်တော်အတွင်းဥပေဒပြုမှုအတွက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးငြင်းခုန်မှုတွေ အထိထိခိုက်နိုင်တယ် ။ ဗြိတိန်မှာ အသံလွှင့်ဌာနတွေကို နိုင်ငံရေးမဆန်ဖို့ ကြိုးစားတယ် ။ ဒီမှာလည်း အကျိုးဆက်က နိုင်ငံရေးဆိုင်ရာ ထုတ်ဖော်ချက်တွေ ၊အသံတွေ ပါဝင်ကောင်းပါဝင်နေပေမယ့် နိုင်ငံရေးဆိုင်ရာ မှတ်ချက်တွေကိုပယ်ဖျက်လိုက်သလို ဖြစ်သွားတယ် ။ နိုင်ငံရေးမှတ်ချက်တွေကို ပယ်ဖျက်လိုက်သလို ဖြစ်သွားမှာနဲ နိုင်ငံရေးအသံတွေ ညီတူညီမျှဖြစ်လာရေး နှစ်ခုမှာ ဘယ်အရာက လိုလားအပ်တဲ့ ပေါ်လစီလည်းဆိုတာ မထင်ရှားဘူး ။ သြစတြေးလျမှာတော့ တရားရုံးချုပ်က ရွေးကောက်ပွဲ မဲဆွယ်ရေးကာလအတွင်း နိုင်ငံရေးသမားတွေကို အသံလွှင်ပိုင်ခွင့် အချိန်ကို ရောင်းစားတာမျိုးကို တားမြတစ်ပိတ်ပင်မယ့် ဥပေဒမျိုးကို လက်မခံဘူး ။ ဥပဒေပြုသူတွေရဲ့ ရည်ရွယ်ချက်က ပိုက်ဆံရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းက အချိန်များများ ပေးပြီး ၀ယ်သွားမှာ ကို စိုးရိမ်တဲ့ အတွက်ပဲ ။ တရားရုံးချုပ်ရဲ့ကလည်း လူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့် ကို ထိန်ချုပ်ဖို့ ကြိုးစားတာဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် သင့်တော်တဲ့အဖြေ မဟုတ်မှာ စိုးရိမ်တယ် ။ တစ်ဖက်မှာ မီဒီယာလွတ်လပ်ခွင့်အတွက် ပြည်သူလူထုနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ အသံလွှင်ဌာနတွေကို ညီမျှစွာ ချည်းကပ်နိုင်ခွင့် ၊ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေ ၊သတင်းအချက်အလက်တွေကို ပြည်သူလူထုထံ ညီတူညီမျှပေးပိုင်ခွင့်ဟာ အရေးကြီးတယ် ။ တစ်ဖက်မှာလည်း ဒီလို အသံလွှင်ဌာနကို ညီတူညီမျှ ချည်းကပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ပါတီစုံဒီမိုကရေစီစနစ် အရေးအကြီးဆုံးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပြန်ကန့်သတ်သလို ဖြစ်မသွားအောင်တော့ သတိထားရမှာဖြစ်တယ် ။ ဒါဟာ ပုံနှိပ်မီဒီယာထက် အဆောက်အအုံအရ ပိုပြီးရှုပ်ထွေးတဲ့ အသံလွှင့်မီဒီယာ အမျိုးမျိုး ပေါ်ထွန်းလာချိန်မှာ ကိုင်တွယ်ရမယ့် အရှုပ်အထွေးတွေ ပါပဲ။
မင်းခက်ရဲ
အကိုးအထောက်
A Dictionary of Human Rights : David Robertson(2005)
A Hanbooks of International Human Rights Terminology:H. Victor Conde(2004)
0 comments:
Post a Comment