ဒီမိုကရေစီတော်လှန်ရေးရဲဘော်ကြီးသို့ အမှတ်တရ
by Bo K Nyein on Saturday, January 21, 2012 at 3:04pm
ကျနော် ရန်ကုန်ရောက်စ မှာရေးခဲ့တာပါ။ ချင်းမိုင်ရောက်မှ အပြီးသတ်နိုင်တော့တယ်။
ဇန္န၀ါရိလ ၂ရက် ၂၀၁၂
ဒီမိုကရေစီတော်လှန်ရေးရဲဘော်ကြီးသို့ အမှတ်တရ `` `
လောကမှာ မထင်တာလေးတွေဖြစ်တတ်ကြတယ်။ လူ့လောကကြီးဟာ ရေပွက်ပမာ ဆိုတာလည်း မှန်လိုက်တာဗျာ
ဗမာပြည် ကိုအနှစ် (၃၀) နီးပါးကြာမှ ခြေချခွင့်ရခဲ့တယ်။ ဘယ်နိုင်ငံတွေ ဘယ်လောက်ကြီးကောင်းကောင်း မိမိရဲ့ မွေးရပ်မြေ ၊ မိမိချက်ကြွေရာမြေ လောက် ဘူမိလက်သန် နေရာမှန်တာမရှိ။ အနှစ် (၃၀) ကြာမှ ရွှေတိဂုံ စေတီမြတ်ကို ဖူးခွင့်ရတော့ ကြည်နူးလို့ မဆုံးမိ။
ရန်ကုန်မှာမွေးပြီး ၊ ရွှေတိဂုံစေတီကြီးရဲ့ခြေရင်း ၊ ရွှေဂုံတိုင်မှာ ကြီးပြင်းလာတော့ မိမိရဲ့ဘ၀မှာ ရွှေတိဂုံစေတီတော်ကြီးဟာ အရိပ်လို တွဲပါလာတာ မသိလိုက်ဖူး။
ရွှေတိဂုံစေတီတော်ကြီးရဲ့ လောင်းရိပ်အောက် နေခွင့် မရတော့မှ မိမိရဲ့ မွေးရာပါအခွင့်အရေး Birth Rights တစ်ခုပျောက်ဆုံးသွားတာကို ခံစား တတ်လာရတယ်။
မိမိရဲ့ မွေးရပ်မြေနိုင်ငံကို အလှမ်းဝေး မှ တကယ်ထိ ၊ တကယ် သိ ၊ တကယ်လွမ်းမိ ရတော့တယ်။
ဒါကြောင့်ဒီဇင်ဘာ ၂၉ရက်နေ့မှာ အနှစ် (၃၀) နီးပါးကြာမှ ရန်ကုန်မြေကို တစ်ခါ ပြန်နင်းခွင့်ရတော့ နောက်တစ်နေ့ နံနက်စောစော မှာပဲ ရွှေတိဂုံဘုရားကြီးကို ပြေးဖူးလိုက်ရတယ်။
ဘယ်လောက်ကြည်နူးမိတယ်ဆိုတာ ရေးမပြ တတ်လောက်အောင်ပါပဲ။ ငယ်စဉ်ကအမှတ်မထင်ဖြစ်ခဲ့ပေမဲ့ အခုမှ ဆောင်းတန်းတစ်ခုမှာ ထိုင်ရင်း လေ့လာကြည့်မှ စာရေးသူတို့ ရဲ့ မြန်မာနိုင်ငံသားတွေဟာ
ဗုဒ္ဓဘာသာ တရားတော်မြတ်ကို အဘယ်မျှကြည်ညိုအလေးထားတယ် ဆိုတာကို သတိပြုမိရင်း ရင်ထဲမှာကြေနပ် ပီတိဖြစ်မိတယ်။ နံက်စောစောကြီးမှာတောင် ရွှေတိဂုံရဲ့ ရင်ပြင်တော်မှာ ရဟန်းသံဃာတော် တွေနဲ့ အတူ ကြည်ညိုဝတ်ပြုနေသူတွေ ပြည့်ကြပ်လျက်။ စနေထောင့်မှာ ပန်းကပ်ရေလောင်းပြီး ဘုရားဝတ်ချ ဆုတောင်းပြီးမှ ဘေးဘီကို ကြည့်လိုက်ရာမှာ ပရိတ်လာရွပ်နေသူတွေ ၊ စနေထောင့်မှာ မျက်စိမှတ်ပြီး ပတီးစိတ်နေသူတွေ အပြင် တိပ်ဆိပ်ရာ ရင်ပြင်ကြီးနောက်ဖက် မှာတရားထိုင်နေသူတွေ ကိုသတိပြုမိတော့ …. သြော်ငါတို့ လူမျိုးတွေ တကယ်ဘုရားတရားကြည်ညိုကြပါလားလို့ ရင်ထဲ မှာကြည်နူးမိတယ်။
ရွှေတိဂုံစေတီကြီးရဲ့ ဘုရားရင်ပြင်တော်မှာ နိုင်ငံခြားသား တွေကြိုကြားကြား တွေ့ရပေမဲ့ ဒီရင်ပြင်တော်ကြီးမှာ ပြည့်ကြပ်နေတာကတော့ မိမိတို့ရဲ့ ပြည်ချစ်သား သားသမီးရတနာတွေပဲ။ ချင်းမိုင်က တောင်ပေါ်စေတီ ဒွိုင်စူသက် ကိုပြေးမြင်မိတယ်။ အမိမြေနဲ့ ဝေးနေစဉ်ကာလ မှာ ဒီထိုင်းစေတီတော်ဟာ အလွမ်းဖြေရာ စီတ်ငြိမ်ရာလေးပေပဲ။ သို့သော် ဒီစေတီတော်ဟာ ချင်းမိုင်မြို့ရဲ့ ထင်ရှားရာ အချက် အခြာနေရာတစ်ခုဖြစ်တာကြောင့် နိုင်ငံသားခရီးသည် တွေရဲ့ ခြေခြရာနယ်မြေဖြစ်ခဲ့ရတယ်။ ဗုဒ္ဓဘာသာ ထိုင်းတွေအတွက် ဘာသာကိုင်းရှိုင်းရာ စိတ်ငြိမ်ရာရပ်ကွက် အဖြစ် မတွေ့ခဲ့ရ။ ကြိပ်ပြီးထိုင်းတွေ အတွက် စိတ်မကောင်းဖြစ် ရသလို ရွှေတိဂုံစေတီမြတ်ကြီး ကို မြတ်မြတ်နိုးနိုးကြည်ညိုကြတာ ကိုဝမ်းသာဂုဏ်ယူမိတယ်။
ရင်ပြင်တော်မှာ ၀ပ်ပြုရင်း ဂျိုင်းထောင့်နဲ့ ဘုန်းကြီးအိုကြီး တဖြေးဖြေး လမ်းလျှောက်လာတာကို တွေ့ရတော့ စိတ်ထဲမှာ သဒ္ဓာတရားဖြစ်တာကြောင့် ပြေးပြီး ၀တ္ထုကပ်လှူလိုက်ရတယ်။ ပြန်အဆင်းမှာ ၉၄နှစ် ရှိပြီဖြစ်တဲ့ ရဟန်းအိုကြီးကို လူတစ်ယောက် ယိုင်တိယိုင်တိုင် တွဲဆင်းနေတာတွေ့ရတော့ ပြေးပြီး ကူရင်း ၀င်တွဲပြီး အတူဆင်းခဲ့ရတယ်။ သာမန် အမြင်နဲ့ကြည့်ရင် ဒါလေးကိုများ ဘာကြောင့် ပိုံကြီးချဲ့ နေရတာ လဲလို့ အကွန့်တက်စရာရှိတယ်။ သို့သော် အနှစ်(၃၀) နီးပါးမိမိ တိုင်းပြည်နဲ့ ဝေးခဲ့ရတဲ့ သူအဖို့ ဒီလိုရွှေတိဂုံစေတီတော်ကြီးမှာ ဒီလိုကုသိုလ် ပြုခွင့်ပြန်ရလို့ ဒီလိုကျီနူး ခံစားရတာဟာ နိုင်ငံခြားမှာ ထိမ်တောင် တွေကြးမှာ နေရဦး တစ်သက်လုံးခံစားခွင့် မရနိုင်တော့တဲ့ အခွင့်အရေးပဲ။
လူတိုင်းလူတိုင်းဟာ မိမိရဲ့မွေးရာပါ အခွင့်အရေး ကိုရနေချိန်မှာ တန်ဖိုးမထားမိနေကြပေမဲ့ မိမိရပိုင်ခွင့်ကို ဆုံးရှုံးကြရမှ ပိုတန်ဖိုးထားမိတတ်ကြပါတယ်။ နေ့တိုင်းဖူးမျှော်ခွင့်ရတဲ့ အချိန်တွေမှာ မသိနိုင်ကြပေမဲ့ ရွှေတိဂုံစေတီတော်ကြီးနဲ့ ဝေးရမှာ လွမ်းဆွေးတမ်းတမိတယ်။
ဒီလို ပျောက်ဆုံးသွားတဲ့ အခွင့်အရေးကို ပြန်ရအောင် အကုအညီ ပေးကြတဲ့ လူတစ်စု အထဲမှာ မမျှော်လင့်ပဲ လမ်းခွဲသွားရတဲ့ ဒေါက်တာနေ၀င်းမောင် တစ်ယောက်လဲပါပါတယ်။
ကျနော်သိခွင့် ရခဲ့သော ဒေါက်တာနေ၀င်းမောင်
ကျနော် ဒေါက်တာနေ၀င်းမောင်တို့ကို မတွေ့ခင်ကတည်း က ဒေါက်တာနေ၀င်းမောင်ကို တိုက်ခိုက်တဲ့ အတင်းစကားတွေက နားနဲ့ မ၀ အောင်ကြားခဲ့ရပြီးပြီ။ နံမည်ကျော် အီးကရက် ဆိုလိုက်တာနဲ့ စတုတ္ထ လှိုင်းဆိုသူတွေ ၊ အစိုးရ အလိုတော် ကြီးတွေ ၊ ကြောက်စရာကောင်းတယ် သတိထားဆိုတဲ့ Character Assassination နိုင်ငံရေးအောက်လမ်း တိုက်ခိုက်မှု တွေကို နားမဆံ့အောင် ကြားရပြီးပြီ။ တစ်ခါ လာသေးတယ် အင်မတန် လူပါးဝတယ်။ အင်္ဂလိပ်လို arrogant ပေါ့။ စာရေးသူဟာ ဒီ နိုင်ငံရေးအောက်လမ်း တိုက်ခိုက်မှု တွေ အကြောင်းကို ကောင်းကောင်းနားလည်ပါတယ်။ ဦးကျော်ငြိမ်းသား ဆိုတာနဲ့ ဒီလို အတိုက်အခိုက်မှု မျိုးတွေကို တစ်သက်လုံး ခံခဲ့ရသူကိုး။ (မူ) ကိုတိုက်တာ မဟုတ်ပဲ (လူ) ကို တိုက်တဲ့ အကျင့် က စာရေးသူတို့ရဲ့ မြန်မာနိုင်ငံရေးလောက မှာ ရိုးတွင်းချဉ်စီ အထိစွဲ နေကြပြီ။ တနည်း အား ဖြင့် ဖျက်ရခက်တဲ့ လက်ဝဲအစွဲ နိုင်ငံရေး ယဉ်ကျေးမှုကြီး ဖြစ်နေရပြီ။
ကျနော်က အီးကရက် အဖွဲ့ မှ ဒေါက်တာကျော်ရင်လှိုင်နဲ့အမေရိကားမှာ ထိတွေ့ခွင့်ရခဲ့ပြီးပြီ။ တစ်ည ၂၀၀၆ ခုနှစ်လောက်မှာ စာရေးသူ အိမ်မှာ စာရေးသူရဲ့ အကိုဒေါက်တာထွန်းကျော်ငြိမ်း နဲ့သူ့ဇနီးဒေါက်တာ စူဇင်းနားရယ် ၊ ဒေါက်တာကျော်ရင်လှိုင်ရယ် ၊ ဒေါက်တာစိန်မြင့်ရယ် ၊ ထိုစဉ်က ဂျွန်ဟော့ကင်း တက္ကသိုလ်က မာစတာဘွဲ့ကို လောလောလတ်လတ်ရထားတဲ့ ဒေါက်တာဘာမော် ရဲ့မြေးနဲ့ သူ့ခင်ပွန်း ဆရာဝန် ရယ် ၊ စာရေးသူ ရယ် ၊ ရှစ်လေးလုံးတုန်းကာလ က ကျောင်းသားတွေနဲ့ လူထုကိုဦးဆောင်ခဲ့တဲ့ ဗကသ တွဲဖက်အထွေထွေ အတွင်းရေးမှုး ကိုအောင်နိုင်ရယ် ဆုံမိကြတယ်။ ကိုအောင်နိုင် က နံမည်ကျော် LSE လို့ အတို ကောက်ခေါ် ကြတဲ့ London School of Economics က ဘွဲ့လွန်ရထားသူပါ။ တနည်းအားဖြင့် မြန်မာပညာတတ်တွေ လွပ်လွပ်လပ်လပ် မိမိ အမြင်ကို ဆွေးနွေးခွင့်ရတဲ့ ထမင်းစားပွဲကလေးပါ။
သာမန်အားဖြင့် မြန်မာပညာတတ်တွေ ခုလိုဆုံမိကြရင် အီဂို မာန တွေကိုရှေ့တန်းတင်လာကြပြီး ငါတတ်တယ် သူကပိုတတ်တယ် ဆိုပြီး အကြောင်းအရပ် ကို ဆွေးနွေးတာထက် ငါ့အမြင်မှန်တယ် ဆိုတာကို ဇောင်းတင်လာလေ့ ရှိတာကြောင့် ဆွေးနွေးတာထက် ငြင်းခုံပွဲ သက်သက် ဘ၀ ပြောင်းခဲ့ရတာ ခဏခဏပါ။ ထူးဆန်းတာက ဒီပွဲကလေးမှာ အားလုံးဟာ ပညာတတ်တွေ ဖြစ်ကြရုံ မက မြန်မာ နိုင်ငံရေးကို တီးမိခေါက်မိ ကြသူတွေကြီးပဲ။ ဒေါက်တာကျော်ရင်လှုင်ဟာ ထိုစဉ် စင်ကာပူ မှာ ပါမောက္ခ။ သို့သော် ငါသိ ငါတတ် တယ်လို့မရှိ။ အားလုံးကို လေးလေးစားစား ဆက်ဆံသလို (အကို) ဆိုပြီး ရင်းရင်းနှီးနှိး ဆွေးနွေးခဲ့ရှာ တယ်။ အမြင်မတူ တာတွေရှိကြပေမဲ့ ဘာကြောင့် ဒီလိုမြင်ရတယ် ဆိုတာကို အကျိုးနဲ့ အကြောင်း နဲ့ ရှင်းပြငြင်းဆို နိုင်ကြတာကြောင့် အားလုံးအတွက် တခြားအမြင် ကိုတွေကို သိခွင့်ရ ခဲ့ကြ တယ်။ နံက် (၃) နာရီ ထိုးသွားရတယ်။ မှတ်မှတ်ရရ တွေ့ဆုံပွဲလေး အဖြစ် စိတ်ထဲမှာ ကျန်ရစ်ခဲ့ရတယ်။
ကျနော့်ကို ဒေါက်တာကျော်ရင်လှိုင်က သူ့ရဲ့ အဖွဲ့နဲ့တွေ့ရအောင်ခေါ်တော့ ကျနော်က နေမကောင်းကာစ ။ ဒါပေမဲ့ လာခဲ့ပါ အကိုရာဆိုပြီး ဒေါက်တာကျော်ရင်လှိုင်က အတင်းခေါ်တာနဲ့ ဘန်ကောက်ဆင်း ခဲ့ရတယ်။ ပထနဦးဆုံး ဒေါက်တာကျော်ရင်လှိုင်နဲ့ အတူ ဒေါက်တာနေ၀င်းမောင်နဲ့ တွေ့ရပြီး နောက်မှ တခြားအဖွဲ့ ၀င်တွေက အဖြည်းဖြည်းရောက်လာခဲ့ကြတယ်။ ဒါကြောင့်ကျနော်တို့ အလွပ်အမြင်ဖလှယ် ကြရင်း အလွပ်သဘော ဆွေးနွေးခဲ့ကြတယ်။ arrogant ဖြစ်လှချည်ရဲ့လို့ နံမည်ကျော်လှတဲ့ ဒေါက်တာနေ၀င်းမောင်ဟာ ဘာမာနမှ မရှိပဲ သူ့အမြင်တွေကို အေးအေးလေး တင်ပြဆွေးနွေးလာတယ်။ စာရေးသူကလည်း မိမိ ယုံကြည် ချက် ကို လက်စုပ်ကိုင်ပြီး ငြင်းတတ်တဲ့ အကျင့်ဆိုးရှိတယ်။ တချို့က ဒါကို arrogant ဖြစ်တယ်လို့ တလွဲသတ်မှတ်ကြတာကိုး။ ဆွေးနွေးကြရာမှာ အမြင်တူတာတွေလည်း ရှိသလို အမြင်မတူ တာ တွေလည်း ရှိပါတယ်။ ဒါပေမဲ့ စာရေးသူ ကဘာကိုသတိ ထားမိသလဲဆိုရင် ဒေါက်တာနေ၀င်းမောင် ဆွေးနွေးရာမှာ ဟန်ဆောင်မှု မရှိ။ ရိုးရိုးသားသား မိမိအမြင်ကို genuinely တင်ပြဆွေးနွေးတာကိုသတိ ပြုမိတယ်။ သို့သော် သူယုံကြည်ရာကို ဆွဲဆွဲမြဲမြဲ ကိုင်ပြီးဆွေးနွေးတာကို တွေ့ရတယ်။ သြော် … ဒါကို လူတချို့ က arrogant ဖြစ်တယ်လို့ သုံးသပ်ကြတာကိုး လို့ စိတ်ထဲက တွေးပြီး ပြုံးမိတယ်။ စာရေးသူ သည် လည်း ထို့နည်း၎င်း အပြစ်တင် ခံရလေ့ရှိတာကိုး။ ဘ၀တူချင်း ကိုယ်ချင်းစာမိတယ်။
မနက်စာ စားကြတော့ လူစုံကြပြီ။ စားရင်စကားဆက်ပြောကြပြီး ကော်ဖီဆိုင်မှာ ဆက် ဆွေးနွေးကြပြန်တယ်။ စာရေးသူက အမြဲ observant ဖြစ်တယ်လို့ပြောလို့ရတယ်။ ဒါကြောင့် ချက်ချင်း သတိထား မိတာရှိတယ်။ အီးဂရက် အဖွဲ့ဝင် တွေမှာ တစ်ယောက်နဲ့ တစ်ယောက် အရည်အချင်း ခြင်းမတူကြ။ တစ်ယောက်တစ်မျိုး သန်ကြတာကိုတွေ့မိတယ်။ တချိန်ထဲ မှာ တခြားအဖွဲ့တွေမှာလို တစ်ယောက် က ကြိုးကိုင်လိုတာ၊ ပဲ့ကိုင်လိုတာ မတွေ့ရဖူး။ သူတို့ အချင်းချင်း အမြင်မတူ ကြတာတွေလည်း တဖုံကြီး။ သို့သော် ဘုံ အကျိုးအတွက် တပြိုင်ထဲ ရွှေ့ကြသလို ညီကြတာကိုတွေ့ရတယ်။ အဓိက အရေးအကြီး ဆုံးအချက် ကိုသုံးသပ် မိတာက ဒီအဖွဲ့ဝင်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင်တာ ဂျေ ဂျလောက် ဖြစ်တာ မတွေ့ရဖူး။ ထို့ထက် ပိုအရေးကြီးတဲ့ အချက် က အဖွဲ့ဝင်တွေဟာ တဦးစီ ပိုက်စံရှာခဲ့ ကြပြီးမှ တိုင်းပြည် အကျိုး အတွက် ဆောင်ရွက်ကြမယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် (ငွေ) နဲ့ပတ်သက်လာရင် တွေ့မြင် သိရသလောက် သုံးဖြုံးကြတာမတွေ့ရဖူး။ တချို့လို လူအထင်ကြီးအောင် ရုံးခန်း အကြီးကြီး တွေ ငှါး၊ ကားကြီးကားငယ်တွေ ရုံးစရတ်ပြပြီး ဇိမ်.ယူနေကြတာလည်း မတွေ့ရဖူး။
ဒီလို အသုံးချွေတာကြပြီး ငွေကြေးစည်းစနစ် ရှိတာတွေ့တော့ ပြုံးမိတယ်။ အနှစ် (၂၀) ကျော် ပရိုပိုဇယ်တွေတင်ပြီး ရလာတဲ့ငွေတွေကို အလွဲသုံးစားလုပ် တတ်ကြတဲ့ အသိုင်းအ၀ိုင်းက လူတွေနဲ့ ယှဉ်လိုက်ရင် (ကွာ) ထွက်သွားတယ်။ အပြင်လူတောင် မြင်တတ်ရင် ငွေပေးနေရတဲ့ ဒိုနာသမားတွေလည်း မြင်ကြမှာပေါ့။ နောက်တစ်ခုက ဒေါက်တာနေ၀င်းမောင်တို့ရဲ့ အဖွဲ့ က အပြင်က အဖွဲ့တွေနဲ့ ကွာတာက (မဆလ) စိတ်ဓါတ်နဲ့ အားလုံးကို ဖွက်ကစားတာမျိုး မလုပ်ဖူး။ ဖွင့်ကစားတယ်။ ဥပမာ ပရိုပိုဇယ်နိုင်ငံရေးလောကမှာ (သတင်း) သည်အဓိက။ Contact သည် အဓိက ကျကြတာကိုး။ ဒါကြောင့် သတင်းဦး ပေးနိုင်သူ ၊ သတင်းထူး ရနိုင်သူ ဟာ အလွန်တန်ဖိုးရှိပါတယ်။ ဒါကြောင့် သတင်းဦး-သတင်းထူး ပေးနိုင်သူကို ဖွက်ထားပြီး ဟန်နဲ့ လှည့် (စား) ကြတာကိုး။ တကယ်တော့ ပြင်ပ နိုင်ငံရေးလောက မှာ (သတင်း) ဆိုတာ ဟာ Currency တစ်မျိုးပဲ မဟုတ်ပါလား။
ဒေါက်တာနေ၀င်းမောင် တို့ရဲ့ အဖွဲ့ကတော့ သူတို့ရဲ့ Contact တွေကို ဖွက်မထားဖူး။ ဗြောင် တွေ့ပေး။ မိတ်ဆက်ပေးရဲတယ်။ ဒါမှ သူတို့အဖွဲ့ရဲ့ Credibility ဟာတက်လာမှာပေါ့။ နောက်တစ်ခုက သူတို့ရဲ့ Contact နဲ့ သူတို့အဖွဲ့ရဲ့ ဆက်ဆံရေး အပေါ် ယုံကြည်မှု ရှိတာကြောင့် လိုထင်မိတယ်။ နိုင်ငံရေး ဆိုတာ တစ်ယောက်ကောင်းလုပ်လို့မရ။ (အများ) သော်၎င်း ၊ အားလုံးသော်၎င်း ပါလာအောင် စွမ်းဆောင်နိုင် မှ (အင်အား) ကိုဆောက်တည်နိုင်တာကိုး။ ဒီအင်အား ကို အရင်းပြုပြီး မှ ဒီအပေါ်မှာ ယုံကြည်နိုင်မှု Confidence & Credibility တည်ဆောက်ပြီး နောက်တစ်ဆင့် ကိုလှမ်းကြရတာကိုး။ ဟို တခေတ်က ဗိုလ်ချုပ် အောင်ဆန်းတို့ ဒီနည်းနဲ့ အင်အားတည်ဆောက်ခဲ့ကြတာပဲ။ အားလုံးကို ပေးစားပြီး ကိုယ့်ဝင်းထဲ ဆွဲသွင်းရတာပဲ မဟုတ်လား။
နောက်တစ်ချက် ကသူတို့အဖွဲ့ ကပြည်တွင်းက အဖွဲ့ ၊ ပြည်ပက အဖွဲ့တွေနဲ့ ကွာသွားတာက ထိတွေ့မှု မှာကြတော့ သိသိသာသာ ကွာသွားတယ်။ အပြင်ရော အတွင်းပါ အမှန်က Capacity Building လုပ်ပြီးစားကြတာ ပဲ။ သို့ပေမဲ့ အတွင်းက အားသာတာက ထိတွေ့နိုင်တဲ့ လူငယ်တွေက များတယ်။ ထောင်ဂဏန်း ၊ သောင်းဂဏန်း အထိရှိတယ်လို့ သိရတယ်။ ဒီလူတွေကို ဖြန့်လိုက်တော့ မိမိရဲ့ ကွန်ယက် network ကကျယ် ပြန့်သွားတယ်။ နောက်တချက်သာ တာက ဒီလူငယ်တွေက အလုပ်တကယ်ရှိတယ်။ ဒါကြောင့် training ကရတဲ့ အသိပညာ ကို ပြန်သုံးခွင့် ရကြတော့ တိုးတက်မှု ရှိကြတယ်။ သင်တန်းရဲ့ ထိရောက်မှုက ထင်ပေါ်တယ်။ အပြင်မှာတော့ အနှစ် ၂၀ သင်တန်းပေး လာတာ ဗေဒင်မမေးနဲ့ ဒီလူဒီလူတွေပဲ။ ၄၀ - ၅၀ ထက် မပိုဖူး။ ဟိုဟာရေး ဒီဟာရေးနဲ့ ထိထိရောက်ရောက် လုပ်နိုင်တာ မရှိတော့ သင်တန်း ဆိုတာ တာဝန်တရပ် အနေနဲ့ လာတက်ကြတာများပုံရတယ်။ စာရေးသူ မြင်ရတာ တိုးတက်မှု ရှိပုံ မတွေ့ရ။ သင်တန်းမှာ စာတွေ့တွေဆွေးနွေးပြီးရင် လက်တွေ့လုပ် နိုင်တာမဟုတ်တော့ စာအုပ် ထဲမှာပဲ သံသရာလည်ရတဲ့ ဘ၀ကိုး။
အတွင်းမှာကြတော့ လက်တွေ့ လုပ်စရာရှိတယ်။ ဒါကြောင့် စာတွေ့ဟာ လက်တွေ့ ဘ၀ကို အထောာက်အကူပြုတယ်။ ဒါကြောင့် လူငယ်လေးတွေရဲ့ ပါဝင်မှု ဟာတက်ကြွတယ်။ သင်တန်းကို အလေး ထား ကြတယ်။ နောက်တချက် ကွာတာက အပြင်မှာက ပိုက်ဆံတောင်းကောင်းအောင် နိုင်ငံခြားသား ဆရာတွေ ကို ခေါ်သင်တာများတယ်။ ဘယ်ဆရာကြီး ၊ ဘယ်သူလာသင်မှာ စသည်ဖြင့် မွှန်းပြီး ရိုက်စား ကြတာများတယ်။ နိုင်ငံခြားသားဆိုတာ ပညာတတ်ရင်တတ်မယ် ၊ မြန်မာလူငယ်တွေရဲ့ လိုအပ်ချက် ၊ စိတ်ဓါတ်ကိုသိကြတာမဟုတ်။ ဒေါက်တာနေ၀င်းမောင်တို့ ရဲ့ အဖွဲ့မှာ သူတို့ ကအဓိက သူတို့ကဦးဆောင် သင်ကြားတာများတယ်။ ကိုယ်တိုင်သင်ကြားတာဖြစ်တာအပြင် ၊ မြန်မာဆရာက မြန်မာလူငယ် လေးတွေကိုပြန်သင် ရတာကြောင့် ထိတွေ့မှုနဲ့ ထိရောက်မှု မှာ မတူနိုင်။ မနေ့ က ဒိုနာအဖြူ တစ်ယောက် နဲ့တွေ့တော့ ဒေါက်တာနေ၀င်းမောင် စာသင်နေတာငါ ၀င်ကြည့်တယ် ၊ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု ဟာ အထင်းသားပေါ်တယ်လို့ ပြောသွားတယ်။ သိတဲ့သူ တချို့ကလည်း ဒေါက်တာနေ၀င်းမောင် ဟာ လူငယ်တွေကို စာသင်ရတာ အလွန်ဝါသနာ ပါတာလို့ဆိုပြန်တယ်။
သေချာတာကတော့ ဒေါက်တာနေ၀င်းမောင်ရဲ့ အသုဘ မှာ သူ့ရဲ့ တပည့်လေးတွေ ဟာ ရိုက်ကြီးတငင် ငိုကြွေးနေကြတာကို မျက်မြင်ကိုယ်တွေ့ မျက်စိနဲ့ တပ်အပ်သိခဲ့တွေ့ခဲ့ ရတော့ လူငယ်လေးတွေအပေါ် သူ့ရဲ့ ထိရောက်မှု ဟာ အသဲထဲထိ နက်တယ် ၊ အပေါ်ယံကြော မဟုတ်ဆိုတာသိ လိုက်ရတယ်။ ခေတ်စကားနဲ့ပြောရရင် (ဟပ်) ထိတယ်ပေါ့။ သူ့အမေကြီး အော်အော်ငို တော့ သား တိုင်းပြည်ကိုချစ်တယ် ဆိုတာကို ဟစ်ကြွေးပြီး ငိုနေတာကို မျက်စိနဲ့ တပ်အပ်သိရတော့ စိတ်မကောင်းဖြစ်ရတယ်။
စာရေးသူဟာ တိုင်းပြည် အပြင်မှာ အနှစ်(၃၀) နေခဲ့ရသူပါ။ အပြင်လောက မှာ ဒေါက်တာနေ၀င်းမောင်ကို ပုဂ္ဂိလ် ရေးတိုက်ခိုက်ထားတဲ့ အရေးအသားတွေကို ထောက်လျှာက်ဖတ်ခဲ့ရပါတယ်။ သူမသေ လေးခင်မှာ ပြင်ပသတင်းဌါန တစ်ခုက ရေးသားထားတာကိုဖတ်ရလို့ စိတ်မကောင်းဖြစ်မိတယ်။ သြော်ဒီလူတွေ ဒေါက်တာနေ၀င်းမောင် အပေါ်ထားတဲ့ သူတပည့်လေးတွေရဲ့ လေးစားမှု တွယ်တာမှု အားကိုးမှု တွေကို လက်တွေ့သိမြင်ကြတာ မဟုတ်ပဲနဲ့ ၊ လေဖမ်း ရမ်းတုတ် လမ်ကြုတ်တွေကို ဇာတ်လမ်းလုပ်ထားပါသလား လို့တွေးမိတယ်။ အထင်နဲ့ တကယ်အဖြစ် reality ကွာလှချေရဲ့လို့ သိလာရတယ်။ ထို့အပြင် ပုဂ္ဂိုလ်ရေး မနာလိုမှု တွေလည်းပါ ပါလိမ့်မယ်။ နောက်စာရေးသူတို့ရဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံရေးက မနိုင်ရင် လူချကွ ဆိုတဲ့ အတွေးအခေါ် မဟုတ်ပါလား။ ရန်-ငါ စည်းနဲ့ ဇီးရိုးဆမ်း တွေရဲ့ နောက်ဆက်တွဲ အကျင့်တွေပေါ့။
ဒေါက်တာနေ၀င်းမောင်တို့ကို နားမလည်တဲ့ ပြည်ပက အုပ်စုအများက ဤအုပ်စုကို အပြစ်ရှာ ရာမှ အစိုးရနဲ့ ပူးပေါင်းသူလို့ ပညတ်လေဗယ် Label ကပ်ကြတယ်။
ဒီမိုကရေစီ နည်းနဲ့ အပေးအယူလုပ်ပြီး ဒီမိုကရေစီ လမ်းကြောင်းကိုဖေါ်မယ်ဆိုရင် ဧကန်မုချ အစိုးလုပ် အုပ်ချုပ်သူနဲ့ တနည်းမဟုတ် တနည်း ထိတွေ့ရတော့မှာပေါ့။
တောင်အာဖရိက မှာ မင်ဒယ်လားဟာ ဒီကရဲ့ (De Kelb) နဲ့ တွေ့ဆုံ အဖြေရှာခဲ့ကြရသလို ဒေါ်စုကိုယ်နှိုက်ပင်လျှင် သမ္မတဦးသိန်းစိန်ကို ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်ရာမှာ ဖေါ်အဖြစ် လက်ခံရ သည်ပဲ မဟုတ်ပါလား။ အကြောင်းမှာ အပြောင်းအလဲကို ဖြေးဖြေးခြင်းပြောင်းလဲ သည့် evolution နည်းကို ရွေးချယ်ခဲ့သည်ရှိသော် ၊ ပြောင်းလဲရန် အာဏါရှိသူတွေ အထဲမှ အပြောင်းအလဲ ကို အများ အကျိုး အတွက်လက်ခံသော လူတစ်စု ၊ လူတစ်ချို့ နှင့် တွဲ၍ လုပ်ဆောင်ကြရစမြဲ။
ထို့ကြောင့် ဒေါက်တာနေ၀င်းမောင် တို့အုပ်စုသည် အလွှဲမရှောင်သာ။ အစိုးရ အတွင်းမှ ပြောင်းလဲမှု ကိုလက်ခံနိုင်သော ၊ အစိုးရအတွင်းမှ အာဏါပိုင်တစ်ချို့ နှင့် ဆက်ဆံ ရတော့ သည်သာ။ ဤသည်ကို နိုင်ငံရေး အစာမကြေသော လူတွေအဖို့ ကတော့ အလိုတောကြီ်း အီလီ့ elite တွေလို့ တံဆိပ်ကပ် label တပ်ကြတာပေါ့။ အာဃာတ စိတ်မထားပဲ ခေါင်းအေးအေးနဲ့ ချင့်ချိန် သုံးသတ်ကြည့်ရင် အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေ အများအဖြင့် ဟာ အီးလီ့ ဆိုတဲ့ လူတွေကပဲ ဦးဆောင်ကြတာ များတာပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် က တော်ရုံတန်ရုံလူ ကောလိပ်ရောက်ကြတာမှမဟုတ်တာ။ ဒီကမှ လူတော်တွေ ကျောင်းသားသာမဂ္ဂမှာ ခေါင်းဆောင်တွေ လာဖြစ်ကြတာပဲလေ။ ချောင်အင်လိုင်းတို့လည်း သန်းပေါင်းများစွာထဲက ဥရောပကိုရောက်သွားလို့သာ ကွန်မြူနစ်ပါတီဝင်လာဖြစ်ကြပြီး ခေါင်းဆောင်တွေ လာ ဖြစ်ကြရတာပဲ။ အမေရိကန်တော်လှန်ရေး မှာလည်း ထိုနည်း၎င်းပါပဲ။ အီလီ့ဆိုတာ By Definition ဦးဆောင်နိုင်တဲ့ လူတော်တွေပဲမဟုတ်ပါလား။
နောက်တစ်ချက် မြန်မာ့နိုင်ငံရေးမှာ လွဲမှားတဲ့ အယူကြီးကို စွဲလန်း နေကြတာက အာဏါပိုင်တွေကို အာခံနိုင်မှ တော်လှန်ရေး။ များများကျယ်ကျယ် အော်နိုင်မှ သူရဲကောင်းလို့ ထင်ကြတယ်။ ဒါက တော်လှန်ရေးမှကွ ဆိုရင်ဟုတ်ပါတယ်။ တော်လှန်ရေး နည်းပဲရှိတယ်ဟေ့ ဆိုရင် အသေခံမဲ့လူ များများလိုတယ်။ ခိုင်းတာလုပ်၊ စေရာသွား၊ ယုံကြည်မှု အတွက်အသခံ ဆိုရင်၊ ပြန်မေးမနေနဲ့ ရင်ကော့ ပေးလိုက်၊ တက်ဆိုတက် ၊ သိမ်းကြလော့ ဆိုရင် (ကျား) တက်ထိုးကြပေတော့။ တော်လှန်ရေးကာလ မှာ စဉ်းစားစရာမလို။ အမိန့်နာခံတတ်ဖို့ပဲ လိုတာလေ။ မော်စီတုံးတို့များ စစ်လက်နက်ကရှားတော့ များများ သေပါစေ၊ နိုင်ရင်ပြီးရောဆိုပြီး လူကလက်နက်လောက်တန်ဖိုးမရှိတော့ Human Wave ဆိုတဲ့ စစ်သားတွေကို လှိုင်းသဖွယ် လူအားနဲ့ တိုက်ခိုင်းလိုက်သေး။ တရုတ်တွေ တိုးတက်ကြီးပွား လာတော့ ဒီအတွေးအခေါ်ဟာ ဘာမှအဓိပ္ပါယ် မရှိတော့။
မင်တယ်လားတို့လို ၊ ဗိုလ်ချုပ်အောင်ဆန်းတို့လို အာဏါပိုင်တွေနဲ့ ဥါဏ်ချင်းပြိုင်ပြီး ဦးဏှောက်စီးချင်းထိုးကြရပြီ ဆိုတော့ တော်လှန်ရေး အစွဲနဲ့ ကျားတက်ထိုးလို့မရတော့။ chess ထိုးသလို အကွက်နဲ့ ရွှေ့ကြ ရပြီ။ ဒီလိုအချိန်အခါမှာ နှစ်ဖက်စလုံးမှာ ပညာတတ်တွေ၊ ပညာရှင်တွေ လိုအပ်လာပြီ။ တချိန်ထဲမှာ နှစ်ဖက်လုံးနဲ့ အဆင်ပြေတဲ့ သူတွေ လိုလာပြီ။ ယုံကြည်မှုတည်ဆာက်ရာမှာ နှစ်ဖက်လုံး ယုံကြည်နိုင်တဲ့ အကျိုးဆောင်တွေရှိခဲ့ရင် ၊ ရင်းနှီးမှု ၊ ယုံကြည်မှု ကို မြန်မြန်တည်ဆောက် နိုင်ကြမှာပေါ့။ ဒီ Role ကို အဆဲခံပြီး ဒေါက်တာနေ၀င်းမောင် တို့အဖွဲ့ က၀င် (က)ကြတာပဲ။ နိုင်ငံရေး အစာမကျေတဲ့သူတွေ ၊ လက်ဝဲသူငယ်နာ မဆင်သေးတဲ့သူတွေ အဖို့ကတော့ ဒါဟာ မဟာဖေါက်ပြန်မှု ကြီးပဲ။ အစိုးရ အလိုတော်ကြီးတွေပေါ့။ နှစ်ပေါင်းများစွာ အဆိုအဆဲ ခံခဲ့ကြပြီး ကြိုးစားခဲ့ကြတာ အခုတော့ အဖွဲ့ပေါင်းစုံ နဲ့ ငြိမ်းချမ်းမှု ရလာ ၊ အစိုးရအတွက် အန္တရာယ် နဲလာပြီ လို့ ယူဆတဲ့ အခါ ယုံကြည်မှု ကြောင့်အထိမ်းသိမ်းခံ နေကြရယူတွေ လည်းအများအပြား လွပ်မြောက်ခဲ့ကြရပြီပဲ။
နိုင်ငံရေးတည်ငြိမ်မှုရှိလာရင် နိုင်ငံပြန်လည်ထူထောင်ရေး ဟာလည်း တိုးတက်အရှိန်ရဖို့ ပိုအခွင့်အရေးရှိလာ နိုင်တာပေါ့။ ဒီကနေ ရေရှည် ငြိမ်းချမ်းရေးရဖို့ ကြတော့ မျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ကိုရေးဆွဲပြီး ဥပဒေနဲ့ပဲ ဘောင်ခပ်ထိမ်းသိမ်း သွားရမှပဲ။ ဒီအချိန်ရောက်ရင် ပညာတတ်ရုံနဲ့ မရ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လေ့လာထားသူတွေပါ လိုအပ်လာပြီ။ အမေရိကန် ရာဇ၀င်မှာ ၀ါရှင်တန် တို့လို တော်လှန်စစ်ကို နိုင်အောင်တိုက်ပေးတဲ့ ခေါင်းဆောင်တွေ အပြင် Thomas Jefferson - George Madison - Alexander Hamilton တို့လို ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို စဉ်းစားဖေါ်ထုတ် ပေးတဲ့ ဒီမိုကရေစီ သူရဲကောင်း တွေပေါ်ခဲ့ လို့သာ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ဟာယနေ့ အထိ (စံ) နမူနာ အဖြစ်ဆက်လက် တည်ရှိနေသေးတာပါ။ ဒီပုဂ္ဂိုလ်ကြီးတွေကို လည်းအများက ဒီိမိုကရေစီ တော်လှန်ရေးသမားတွေလို့ သတ်မှတ်ဂုဏ်ယူသူတွေ ရှိပါတယ်။
ဒေါက်တာ နေ၀င်းမောင်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ကိုအလေးထား လေ့လာခဲ့ပြီး တိုင်းပြည်ဒီမိုကရေစီ ရစေချင်တဲ့ ဒီမိုကရေစီတော်လှန်ရေးသမား တဦးဖြစ်တယ်လို့ စာရေးသူ ကသတ်မှတ် ယုံကြည်ပါတယ်။ စစ်မြေပြင်မှာ သေနတ်ကိုင် တိုက်မှ တော်လှန်ရေးသမား ဖြစ်ရတာ မဟုတ်ပါ။ ရဲဘော်ကြီး ဒေါက်တာနေ၀င်းမောင် တစ်ယောက် မျှတခိုင်မာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ မြန်မာ နိုင်ငံမှာ ပေါ်ပေါက်လာဖို့ အဘယ်မျှ မျှော်လင့်တယ်ဆိုတာ သူ့ရဲ့ ဆွေးနွေးချက်တွေက သက်သေခံလျက်။
တိုင်းပြည်တစ်ပြည် ကိုပြန်လည်တည်ဆောက်ဖို့ရာ နိုင်ငံရေးတည်ငြိမ်မှုလည်းရှိရသလို ၊ စီးပွားရေးနားလည်တဲ့ ပညာတတ်တွေ ချမှတ်တဲ့ လက်တွေ့ကျတဲ့ ၊ သဘာဝကျတဲ့ စီးပွားရေးပေါ်လစီတွေလည်း ချမှတ် နိုင်ရပါမယ်။ တချိန်ထဲမှာ လက်တွေ့အကောင်းအထည်ဖေါ်နိုင်မဲ့ ပြည်တွင်းလုပ်ငန်းရှင် ၊ ပြည်တွင်း အရင်ရှင်တွေလည်းရှိရပါမယ်။ ထို့အပြင် အုပ်ချုပ်ရေးအာဏါကို ဥပဒေနဲ့ ထိမ်းမဲ့ ထိရောက်တဲ့ ဥပဒေပြု လွှတ်တော်လည်းလိုအပ်သလို တိုင်းရင်းသားညီအကို အချင်းချင်း ညီညွပ်စေမဲ့ မျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ လည်းလိုအပ်လာပြန်တယ်။ ဒါတွေအားလုံးကို လူတစ်ယောက် ၊ လူတစ်စု ၊ အဖွဲ့ အစည်းတစ်ခု ၊ အစိုးရ တစ်ခုထဲ မလုပ်နိုင်ပါဖူး။ အားလုံး သန်ရာနိုင်ရာ တွေကိုဝင် အကျိုးပြုကြရပါမယ်။ ဒါကို မြင်တတ် ၊ ကြည့်တတ် ၊ သိတတ်ရင် လူတော်တွေ ၊ ပညာတတ်တွေ ၊ ပြည်တွင်းစီးးပွားရေး သမားတွေအားလုံး အတွက် နေရာရှိပါတယ်။ မြန်မာနိုင်ငံသားတိုင်း ၊ မြန်မာပြည်မှာမွေးကြတဲ့ တရားဝင်မြန်မာနိုင်ငံသားတိုင်း အတွက် အကျိုးပြုရန် အခွင့်အရေးတွေ တပုံကြီး ရှိပါတယ်။ အစိုးရလူ ၊ အတိုက်ခံလူ ၊ မာတယ်ကွ ၊ တော်လှန်ရေး သစ္စာရှိသူ ဆိုပြီး မဏ္ဍပ်တိုင် တက်ပြနေ စရာမလိုတော့ပါ။
ရန်-ငါစည်း ကွဲသူကွ ၊ သူနိုင်ကိုယ်နိုင် တိုက်ပွဲဝင်တဲ့သူကွ ၊ ဇီးရိုးဆမ်းသမားကွ ဆိုတဲ့ ကြွေးကျော်မှု တွေဟာ တော်လှန်ရေးကာလမှာ အဓိပ္ပါယ်ရှိပေမဲ့ စားပွဲမှာထိုင်ပြီး အဖြေရှာကြရတဲ့ နိုင်ငံရေးမှာ ဥါဏ အားသာမှု ဟာအဓိက လာကျတာပဲ။ ဒေါ်စုတို့ အင်အလ်ဒီတို့ ပြည်တွင်း (၈၈) ခေါင်းဆောင်တို့ စုပေါင်းပြီး ပါလီမန် အတွင်း အပြင် နိုင်ငံရေး အဖြေရှာနေချိန်မှာ ၊ အတတ်ပညာရှင် ၊ အသိပညာရှင် တွေက လည်း စီးပွားရေး တည်ဆောက်မှု မှာ ကူညီနိုင်ကြပါတယ်။ နောက်တဆင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ကိုမျှတ အောင်ဆောင်ရွပ်ရာမှာလည်း ဥပဒေ ကျွမ်းကျင်သူ ၊ နိုင်ငံရေးကျွမ်းကျင်သူတွေက တခါ ၀ိုင်းကူ အဖြေ၀ိုင်းရှာနိုင်ကြပြန်တယ်။
ဒီလိုဖက်စုံက တွေးတတ်ရင် ဘယ်သူကတော့ ပြန်တယ် ၊ ဘယ်သူကတော့ တော်လှန်ရေးအပေါ် သစ္စာရှိတယ် ဆိုတဲ့ အများအထင်ကြီးအောင် ကြွေးကျော်မဏ္ဍပ်တိုင် တက်ပြတာတွေ ဟာနောက်ဆုံးတော့ မာန အီဂို အဖြစ်သာကျန် ခဲ့ကြတော့မှာပါ။ တိုင်းပြည်အပေါ် စေတနာမှန်ခဲ့ရင် သန်း၆၀ သော မြန်မာနိင်ငံသား တွေကောင်းကျိုးအတွက် ရှေ့ရှုတာလား ၊ မိမိမာန အတွက်ရှေ့ရှုတာလား ဆိုတာ ဖြေပေါ်လာ မှာပါ။ မြန်မာနိုင်ငံ ဒိမိုကရေစီ ထွန်းကားတိုးးတက်လာတာနဲ့ အမျှ တိုင်းပြည်အပေါ် စေတနာမှန်ခဲ့ သူ ဒီမိုကရေစီ တော်လှန်ရေး ရဲဘော်ကြီး ဒေါက်တာနေ၀င်းမောင် ရောက်ရာ အထက်ဘုံက သာဓုခေါ်ပါတော့ ရဲဘော်ကြီးရာ။
ဘိုဘိုကျော်ငြိမ်း
ချင်းမိုင်
0 comments:
Post a Comment