Friday, April 13, 2012

မဖန်တီးခဲ့၍ ဖျက်မရခြင်း အကြောင်း


by Zay Ya on Friday, April 13, 2012 at 12:33pm 

A: စိတ်ကူး အတွေးတွေက တစ်ရံမလပ် တရစပ် ထွက်တယ်။ ဒါက မြင်သာ ထင်ရှားပါတယ်။ အဲ့ဒါကို ကျနော်တို့ ဘယ်လို ရပ်တန့် ပစ်ရမလဲ။

B: အဲ့ဒီ "စိတ်" ဆိုတဲ့ အရာကြီးကို ခင်ဗျား ကိုယ်တိုင် စတင် ဖန်တီး ခဲ့တာ မဟုတ် ပါဘဲနဲ့- ခင်ဗျား ဘယ်လို ရပ်တန့် မလဲ။ ရပ်တန့်ဖို့ အားစိုက် မကြိုးစားပါနဲ့လို့ ကျနော် ပြောလို ပါတယ်။ အကြောင်း က - အချိန်ကုန်၊ လူပန်း ရုံသာ ရှိတယ် ~ ခင်ဗျား စိတ်ကူး အတွေးတွေ ကို ရပ်လို့ မရ ဘူး။
ဘာလို့ဆို ~ သူ တို့ကို ခင်ဗျား စတင်ခဲ့တာ၊ ဖန်တီး ခဲ့တာ မဟုတ်ဘူး။ လုပ်ရမှာက ~ သူတို့ကို ရိုးရိုးရှင်းရှင်း "စောင့်ကြည့်နေ ဖို့" သာ ဖြစ်ပါတယ်။ ဆက်ကာ ဆက်ကာ သတိ မပြတ် စောင့်ကြည့်ရုံလေး ပဲ။ အဲ့ဒီ အခါ အဲ့ဒီ စိတ်အတွေးတွေ ဟာ သူရို့ဘာသာ သူတို့ ရပ်တန့် သွားကြ တယ်။

ဒါကို ခင်ဗျားက ဇွတ်အတင်းအကျပ် ဖမ်းယူ ရပ်တန့် မယ် ဆိုပါတော့။ ဒါဆိုရင်တော့ သူတို့က ပိုတောင် ဆိုးသွားဦးမယ်။ မြန်သည် ထက် မြန်မြန် ပြေးနေ တော့မယ်။ ခင်ဗျား ရပ်ဖို့ ကြိုးစားလေ ~ သူတို့နဲ့ ခင်ဗျား အတိုက်အခံ ဖြစ်ရလေပဲ။ ခင်ဗျား အတွက် ပြဿနာပေါင်း များစွာ အသစ် ထပ်လောင်း ပေးသွားရုံ က လွဲလို့ ဘာမှ ဖြစ်မလာ နိုင်ဘူးပဲ။ ဒါ့ကြောင့် ရပ်တန့်ပစ်ဖို့ ဘယ်တော့ မှ ဇွတ် အတင်း မကြိုးစားပါနဲ့ လို့ ကျနော် ပြောရပါလိမ့်မယ်။

တစ်ခု မေးကြည့်ချင် ပါတယ် ~ ဒီစိတ် ဆိုတဲ့ အရာ ကို ခင်ဗျား စတင် ဖန်တီး ခဲ့တာ ဟုတ်ပါ သလား။ ဒါဟာ ရိုးရှင်းတဲ့ မေးခွန်း မဟုတ်လား။ အဖြေ အတွက်က - ခင်ဗျား ခေါင်းခါ ဖို့သာ ရှိတယ် မဟုတ်လား။ ဒါဆို - ဒီ စိတ်ကို အခု ခင်ဗျားသဘော နဲ့ ခင်ဗျား ရပ်တန့်ပါမယ် လို့ ဘာလို့ ဆန္ဒ ရှိရတာလဲ။ ဒီလို ရပ်တန့်ရအောင် - ကျနော်တို့ ခင်ဗျားတို့ ကရော ~ သူ့ကို ဘယ်လောက် နိုင်နင်း နေ သလဲ။

စင်စစ် - မိမိ သဘောနဲ့ မိမိ လုပ်ကိုင် လိုတဲ့ ဆန္ဒတွေ ဟာ - တကယ်စင်စစ် ခင်ဗျား ရပ်တန့် ပစ်ချင်နေတဲ့ အဲ့ဒီ စိတ် အတွေးအကြံ တွေရဲ့ တစိတ်တပိုင်း သာ ဖြစ်ပါတယ်။ ခင်ဗျား သန္တာန် ကို စောင့်ကြည့် မသိနိုင်ရင် ~ သူတို့ကို မရပ်နိုင်ဘူး ရယ်။ ဒါ့ကြောင့် ဒီ စိတ်အတွေးတွေကို ရပ်တန့် ပစ်ချင်တဲ့ စိတ်ကူး ကိုယ်တိုင် ဟာ ခင်ဗျား အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာ ပါတယ်။

အဲ့ဒီတော့ ခင်ဗျား ပြန်ပြောမယ် ~ "ကောင်းပြီလေ - ကျုပ် သူတို့ကို ရပ်နိုင်အောင် - ခင်ဗျား ပြောတဲ့ အတိုင်း - စောင့်ကြည့် ဆိုတော့လဲ စောင့်ကြည့် ရတာပေါ့" အဲ့လို ဆိုရင်လည်း ခင်ဗျား ထပ်လွဲ ပါဦးမယ်။

အဲ့အချိန် - ခင်ဗျား မျှော်လင့်တကြီး နဲ့ - စောင့်ကြည့်မှု သတိ (အပ္ပမာဒ) ကို လုပ်ယူ ဖန်တီးကြည့် မယ် ဆိုပါစို့။ အဲ့ဒါဟာ အပြည့်အဝ အကူအညီ မရဘူးရယ်။ ( အကျိုး မဖြစ်ထွန်းဘူး လို့ မဆိုလို ပါဘူး ~ မထိရောက် နိုင်သေးဘူး လို့သာ ဆိုလို ပါတယ်) အကြောင်းက - "အတင်းရပ်တန့် ချင်နေတဲ့" ပထမ စိတ်ကူး နဲ့ ထူးမခြားနား ရည်ရွယ်ချက် - ခင်ဗျား သန္တာန်မှာ နောက်ခံ ရှိနေသေး လို့ ဖြစ်ပါတယ်။ အဲ့လို မျိုး အခံ နဲ့ ခင်ဗျား စောင့်ကြည့် တဲ့ အခါ - နှစ်၊လ၊ ရက်ရှည် ကြာမြင့် သည့်တိုင် ခင်ဗျား ဖြစ်ချင်တဲ့ ဆန္ဒ ပြည့်ဝမှာ မဟုတ်ဘူး။ "ရပ်တန့်ချင်တဲ့ စိတ် အတွေးအကြံ" တွေ က တကယ် ရပ်တန့် သွားဦးမှာ မဟုတ်ဘူး။

ဒါ့ကြောင့် - ထပ်ပြောပါမယ်။ စိတ်အတွေး စီးကြောင်းကို ခင်ဗျား မရပ်တန့် နိုင်ဘူး။ ရပ်တန့်နိုင်တဲ့ အခြား နည်းလမ်း လည်း မရှိဘူး။ ဒါပေမယ့် - စိတ်ကူး အတွေးတွေဟာ သူ့ဘာသာသူ ရပ်တန့်တယ်။ ခင်ဗျား ရပ်တန့်ပစ် လို့ မဟုတ်ဘူး ~ နည်းလမ်းတွေ သုံးရင်း ရပ်တန့် ပစ်တာ လည်း မဟုတ်ဘူး။ သူ့ဘာသာ သူ ရပ်တန့်သွား တာ သက်သက်။


ခင်ဗျား လုပ်ရမှာက - တစ်ခုတည်း။ သူတို့ကို ရိုးရိုးလေး စောင့်ကြည့်ရုံ သာ ဖြစ်ပါတယ်။ သူတို့ စီကာ စဉ်ကာ ဖြတ်သန်း သွားနေ သမျှ စောင့်ကြည့် ရုံမျှ စောင့်ကြည့်နေ ဖို့ပဲ။ ဗုဒ္ဓ ဟာ သူ့ခေတ် အခါက လူသာမာန်တွေ သုံးစွဲတဲ့ ဝေါဟာရကို မြင့်မြတ်တဲ့ နေရာမှာ အသုံးချ ခဲ့တယ်။ အဲ့ဒီ ဝေါဟာရ က "ဝိပဿနာ" (Vipassana) ဖြစ်ပါတယ်။ သူ့ရဲ့ မူရင်း အဓိပ္ပာယ်က - To Watch။ စောင့်ကြည့်တယ် လို့ အလွယ် ဆိုပါစို့ ။ စောင့်ကြည့်တယ် ဆိုရုံလေး သက်သက် ဖြစ်ပါတယ်။

Don't Judge, Don't Divide, Don't Criticize.
Just Watch. That's all.

သူတို့ကို ရပ်တန့် ပစ်ဖို့ လည်း မဟုတ် သလို သူတို့နဲ့ အတူ ခင်ဗျား လိုက်ပါနေ ဖို့လည်း မဟုတ်ဘူး။ သူတို့ကို ဘာမှ မထိန်းကျောင်း ဘူး။ မချုပ်ချယ် ဘူး။ အလိုလိုက်နေတာလည်း မဟုတ်ဘူး။ စင်ပေါ်မှာ ကနေတဲ့ ပြဇာတ် ရဲ့ ငိုသမျှ၊ ရယ်သမျှ အားလုံး ကို ပွဲကြည့်ပရိတ်သတ် အဖြစ် - ငေးကြည့်နေ သလိုမျိုး။ သူတို့ကို ဘာမှ ဝင်ရောက် မနှောင့်ယှက် ဘူး။ မျက်တောင် မခတ်ဘဲ (ဝါ) သတိမပြတ်ဘဲ ကြည့်နေရုံ မျှလေး သာ လိုပါတယ်။

ခင်ဗျား သန္တာန်မှာ မိမိ စိတ်၊ရုပ် ထင်ရှားရာကို တစ်ရံမလပ် စောင့်ကြည့်တယ် ဆိုတာ အခြား တစ်နည်း တစ်လမ်းနဲ့- ပြင်ရ ဆင်ရ ရှုပ်ယှက် ခတ်မနေဘူး မဟုတ်လား။ ခင်ဗျား နိစ္စဓူဝ နေထိုင်မှု ဘဝ မှာ အပိုထပ်ဆောင်းစရာ မလိုဘဲ အပြည့်အဝ ကျင့်သုံး နိုင် ပါတယ်။

အဲ့ဒီ အခါ နိုင်နိုင်နင်းနင်း ရှိလာတာနဲ့ အမျှ~ စိတ်ကူးအတွေး တို့အတွက် မရပ်နား ရအောင် မောင်းနှင်နေ တဲ့ အား ဟာ အလိုလို ငြိမ်းသတ် ပြီး သား ဖြစ် တယ်။ ဒါ့ကြောင့် ~ တစ်ဆက်တည်း - အဲ့ဒီ အားအစွမ်း နဲ့ မောင်းနှင်ထားတဲ့ အတွေးတွေ ဖြတ်သန်းမှု နှုန်း၊ ဖြစ်ပေါ် တဲ့နှုန်း လျော့ပါး သွားပါတယ်။ ~ အလို အလျောက် လျော့ပါး သွားတာ ဖြစ်တယ် ~ ခင်ဗျား လုပ်တာ မဟုတ်ကြောင်း သတိပြု မိဖို့ လိုပါတယ်။

အတွေးစဉ် က သပ်သပ် ~ ခင်ဗျား စောင့်ကြည့်မှု သတိက သပ်သပ်။ အတွေးတွေက သူတို့ သဘောအတိုင်း သွားနေသလို ~ ခင်ဗျား ကလည်း ခင်ဗျား အလုပ်- စောင့်ကြည့်နေရုံလေး ပဲ။ ဘာမှ ဝင် မနှောင့်ယှက် နေဘူးရယ် ~ ။ အဲ့လိုနဲ့ - တစ်ချိန်မှာ ဒီအတွေးတွေ ကို မောင်းနှင်နေတဲ့ အင်အား ကင်းပြတ် သွားတယ်။ အဲ့ဒီ အခါ တရစပ် ဖြစ်ပေါ်ပြောင်းလဲ နေတဲ့ ခင်ဗျား အတွေးစိတ် တွေလည်း ရပ်တန့် သွားတယ်။ ~ သူ့အလိုလို ရပ်ပါတယ်။

ဒါ့ကြောင့် ~ အစဦး စကားကို ပြန်ပြောရရင် - မိမိ စိတ်ကူး အတွေးအကြံတွေကို ရပ်တန့် ပစ်လိုစိတ် မရှိပါစေနဲ့။ အဲ့ဒီ စိတ်ကို ရပ်တန့် ပစ်ဖို့ က ကိုယ့် အလုပ် မဟုတ်ဘူးပဲ ။ ကျနော်တို့ လုပ်လို့ မရဘူးရယ် ။ ကျနော်တို့ အလုပ်က ~ ဒီ စိတ်အတွေး အကြံ ဖြစ်ပေါ် ထင်ရှား သမျှ "စောင့်ကြည့်" နေရုံမျှ သက်သက် ဖြစ်ပါတယ်။ ဒါဆို ပြည့်စုံတယ်။
.......................
April 13th 2012 at 11:50 AM
........................
http://zayya.blog.com/
http://zayya.wordpress.com/
.......................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...