Monday, April 2, 2012
နိုင်ငံရေးသမားအဖြစ် စိတ်ရောကိုယ်ပါ ပြောင်းလဲခံယူမှသာလျှင် (မောင်ဝံသ)
by Maung Wuntha on Tuesday, April 3, 2012 at 12:17am ·
ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် မောင်ဝံသ  ပြောချင်လွန်းလို့ဆောင်းပါး။
``လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး ရောက်လာတဲ့သူက စာမှမတတ်၊ ဆယ်တန်းမှ မအောင်ဘဲ လွှတ်တော်ထဲလာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်၊ သူများထိုင်ဆို ထိုင်နေတယ်၊ သူများခလုတ်နှိပ်ဆို နှိပ်တယ်၊ ဘာတွေပြောနေလဲ သူနားလည်တာမဟုတ်ဘူး၊ ရမ်းလုပ်နေတာ´´စသော ပြောကြားချက်များအပါအ၀င်  ပြည်ထောင်စုဝန်ကြီး တစ်ဦးက ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်နှင့် အင်တာဗျူးမှာ ပြောကြားခဲ့တဲ့ စကားအချို့အတွက် လွှတ်တော် ကိုယ်စားလှယ်များအား အဆိုပါပုဂ္ဂိုလ်အနေဖြင့် နိုင်ငံပိုင် သတင်းစာ၊ ရုပ်သံမီဒီယာတို့မှ ၀န်ချတောင်းပန်ရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ထုတ်ပြန်ကြေညာထားကြောင်း မြန်မာပို့စ်ဂျာနယ်၊ ၂၈ မတ် ၂၀၁၂ ထုတ် မျက်နှာဖုံးမှာ ဖော်ပြထားတာ ဖတ်လိုက်ရတယ်ဗျ။
ကျွန်တော် ပါးစပ်အဟောင်းသား ဖြစ်လောက်အောင် အံ့သြသွားပါတယ်ဗျာ။ ဘယ့်နှယ်..နှစ်ပေါင်း ၅၀ကျော်အတွင်း ဒီလိုမျိုး သတင်းဆိုလို့ ကြမ်းကြားလေကြားဗျာ။ တစ်ခါမှ မကြားဖူး၊ မကြုံဖူးပါဘူးဗျ။
တကယ်ကတော့ဗျာ၊  မဏ္ဍိုင်ကြီးသုံးရပ်ဟာ တစ်ဦးနဲ့တစ်ဦး လွှမ်းမိုးမှု မရှိဘဲ သီးခြားလွတ်လပ်စွာ ရပ်တည်ကြရတဲ့ ဒီမိုကရေစီလုပ်ထုံး လုပ်နည်းအရဆိုရင် အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ဥပဒေပြုမဏ္ဍိုင်ကို လေးလေးစားစား ဆက်ဆံဖို့သာ ရှိတယ်ဗျ။ လွှတ်တော်အမတ်တွေဟာ စင်စစ်အားဖြင့် ပြည်သူ့ကိုယ်စားလှယ် တွေဖြစ်တယ် ဆိုတဲ့ အချက်တစ်ချက်တည်းနဲ့ပဲ ရိုသေလေးစားစွာ ဆက်ဆံခံရဖို့ ထိုက်တန်တယ်ဗျာ။ ခုလိုဖြစ်ရတာ ဒီမိုကရေစီလွှတ်တော်စစ်စစ် မရှိဘဲ နှစ်ပေါင်း ၅၀ နေခဲ့ရတဲ့ အခြေအနေရဲ့ အကျိုးဆက်ပဲလို့ ကျွန်တော် စဉ်းစားမိတယ်ဗျ။   
    ဒီမိုကရေစီနိုင်ငံတည်ဆောက်ပြီဆိုရင် ပါလီမန် (လွှတ်တော်) ရှိလာမယ်။ အဲသည် လွှတ်တော်သို့ ပြည်သူများက ရွေးကောက် တင်မြှောက်တဲ့ ]အမတ်} ခေါ် လွှတ်တော်ကိုယ်စားလှယ်များ ရှိလာမယ်။ (အမတ်ဆိုတာ တည်ကြည်ဖြောင့်မတ်စွာ ဆောင်ရွက်သူလို့ ဆိုလိုပါတယ်)
နိုင်ငံရေးသမား အရည်အချင်း
    ပြည်သူလူထုက ဆန္ဒမဲပေးပြီး ရွေးကောက်တင်မြှောက်ရမယ့် နိုင်ငံရေးသမားတွေဟာ ဘယ်လိုအရည်အချင်းတွေရှိသင့်သလဲ။ ပြည်သူတွေက ဘာကိုကြည့်ပြီး မဲပေးကြမှာလဲ။ သည်အချက်တွေဟာ ဒီမိုကရေစီ တည်ဆောက်ရေးမှာ အလွန် အရေးပါ ပါတယ်။
    နိုင်ငံရေးသမားဆိုတာ အထက်တန်းလွှာ၊ လူလတ်တန်းစား၊ ပညာတတ်၊ အတတ်ပညာရှင် အသိပညာရှင်၊ နိုင်ငံ့ဝန်ထမ်းဟောင်း၊  သူဌေးသူ
    ဒါဆိုရင် ဆရာဝန်တစ်ယောက်ရဲ့ အရည်အချင်းမပြည့်စုံမှုဟာ တစ်ကြိမ်မှာ လူတစ်ယောက်အသက်လောက်ပဲ ဆုံးရှုံးနိုင်တယ်။ တိုင်းပြည် ကံကြမ္မာကို ၀ကွက်အပ်ရမယ့် နိုင်ငံရေးသမားတွေ အရည်အချင်း မပြည့်စုံရင်၊ အမြော်အမြင်မရှိရင် (ဥပမာ- မဖြစ်သင့်ဘဲ စစ်ဖြစ်သွားခဲ့ရင်) လူ့အသက်ပေါင်း ရာထောင်ချီ ဆုံးရှုံးရနိုင်တယ်။ ဥပမာ-စီးပွားရေးမူဝါဒ တစ်ချက်မှားလိုက်ရင် တိုင်းပြည်ပါ မွဲသွားနိုင်တယ်လို့ မပြောနိုင်ဘူးလား။
    ဒါကြောင့် နိုင်ငံရေးသမားဟာ တစ်ခြား အသက်မွေးဝမ်းကျောင်းသမားတွေထက် အရေးကြီးတယ်။ အမြော်အမြင်ရှိဖို့လိုတယ်။ အရည်အချင်း ပြည့်ဝဖို့လိုတယ်ဆိုတာကတော့ အမှန်ပါပဲ။ ယခုကိစ္စမှာ ပြည်ထောင်စုဝန်ကြီးက အဲသလို သဘောမျိုးနဲ့ ပြောခဲ့ပုံရပါတယ်။ သို့သော် စကားလုံးတွေက အဖြူပေါ်အမည်းတင် ပုံနှိပ်ဖော်ပြခံလိုက်ရလေတော့ မကျေနပ်စရာတွေ ဖြစ်ကုန်တာပေါ့ဗျာ။
ပြောတော့ဆိုရှယ်လစ် လုပ်တော့ ဖက်ဆစ်
    သည်နေရာမှာ နိုင်ငံရေးဘာကြောင့် လုပ်ချင်ကြသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးချင်တယ်ဗျ။ ကိုယ့်အကြောင်းနဲ့ ကိုယ်ရှိကြမယ်။ အကြောင်းရင်းအမှန်ကို ဘယ်သူ့ကိုမှ ပြောပြစရာမလိုဘူး။  တိုင်းရေး ပြည်ရေးကို၊  ကိုယ့်နယ်ပယ် ဒေသအကျိုးကို တကယ်နှစ်နှစ်ကာကာ လုပ်ချင်လို့ ဖြစ်ချင်ဖြစ်မယ်။ ဘ၀တက်လမ်းရှာချင်လို့ ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်ပါတီအာဏာရရင် အခွင့်ထူးတွေယူလိုက်မဟဲ့ဆိုတဲ့ လောဘဇောကြောင့် ဖြစ်ချင်ဖြစ်မယ်။ ငါတို့အာဏာရရင် ငါနှင့်မတူ ငါ့ရန်သူတွေကို မှတ်လောက်သားလောက် ဆော်လိုက်နှက်လိုက်မဟဲ့ ဆိုတဲ့ ဒေါသဇောကြောင့် ဖြစ်ချင်ဖြစ်မယ်။ ဘယ်အကြောင်း ကြောင့်ပဲ နိုင်ငံရေးလုပ်လုပ် ကြာလာတဲ့အခါကျတော့ ပြည်သူတွေက သိလာတာပါပဲ။
    ဘယ်အကြောင်းကြောင့်ပဲ နိုင်ငံရေးလုပ်လုပ်၊ လေ့လာဆည်းပူးမှု မပြုဘဲနဲ့ အထက်လူကြီးတွေ မြှောက်စားလို့ မောက်ကြွားရတာမျိုးဆိုရင်တော့ အိမ်ဖြည့်နိုင်ငံရေးသမားပဲ ဖြစ်လာလိမ့်မယ်။ မြှောက်စားခံရလို့ မောက်ကြွားသူတွေဟာ မဲဆန္ဒရှင်ပြည်သူတွေထက် သူ့ကို မြှောက်စားတဲ့ ဆရာသခင်ကို ပိုပြီး သစ္စာရှိတယ်။ ဆရာသခင်ကို ပြန်လှန် ဝေဖန်ဖို့ဆိုတာ ဝေလာဝေးပါ။ အဲသလိုလူတွေအများစုဖြစ်နေတဲ့ လွှတ်တော်တစ်ရပ်ဟာ လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော်လို့ အဝေဖန်ခံရနိုင်တာပေါ့။ ယခင်ကွန်မြူနစ် ဆိုရှယ်လစ်နိုင်ငံတွေက လွှတ်တော်တွေကို ရော်ဘာ တံဆိပ်ထုလွှတ်တော်လို့ ခေါ်တာ အဲဒီသဘောပဲပေါ့ဗျာ။
 တချို့လူတွေဟာ အပြောင်းအလဲကို မယုံကြည်ဘူး။ စိတ်လည်း မပြောင်းဘူး။ အရင်က နိုင်ငံရေးသမားမဟုတ်၊ အမိန့်နာခံတဲ့အကျင့်ပဲ ရှိခဲ့ပေမယ့် အမတ်ဖြစ်လာရင်၊ ၀န်ကြီး ဖြစ်လာရင် နိုင်ငံရေးသမားအဖြစ် စိတ်ရောကိုယ်ပါ ပြောင်းလဲ ခံယူရမှာပဲဗျ။ မဲဆန္ဒရှင် ပြည်သူလူထုကို အပေါ်ယံ ဟန်ဆောင်ပန်ဆောင်မဟုတ်ဘဲ ရင်ထဲအသည်းထဲကကို ရိုသေလေးစားတန်ဖိုးထားရမှာ ဖြစ်တယ်ဗျ။ ပြည်သူကို မလေးစားသူဟာ ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံရေးသမား မဖြစ်နိုင်ဘူးဗျ။ လူက နိုင်ငံရေးသမား၊ စိတ်က ဗျူရိုကရက် ဖြစ်နေလို့ကတော့ ဘယ်လိုမှ အလုပ်မဖြစ်နိုင်ပါဘူးဗျာ။ ဆိုရှယ်လစ်ခေတ်တုန်းက ဟာသတစ်ခုရှိတယ်။ ထစ်ခနဲဆို ထိုးလိုက်ကြိတ်လိုက်လုပ်တတ်တဲ့ ပါတီ ကေဒါကြီးတစ်ယောက်ကို ``အင်း... ပြောတော့ ဆိုရှယ်လစ်၊ လုပ်တော့ ဖက်ဆစ် ဖြစ်နေပါလား´´လို့ ပြောဖူးတယ်ဗျ။ ခုလဲ ``လူကတော့ ဒီမိုကရေစီ စိတ်ကတော့ ရေပေါ်ဆီ်´´ဆိုတာမျိုး ဖြစ်နေကြရင် ရှေ့လျှောက် ခက်နေဦးတော့မှာပဲဗျာ။
၂၈၊ ၃၊ ၁၂
maungwuntha@gmail.com
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...