“ဘက်မလိုက်ခြင်း” ၊“အဓိပ္ပာယ် ဖွင့်ခြင်း” ၊အကန့်အကန့် ထားတတ်ခြင်း "ရွှေဥဒေါင်း"
by အား မာန် on Friday, April 13, 2012 at 5:32pm
“ဘက်မလိုက်ခြင်း”
မည်သည့် တိုင်းပြည်၌ဖြစ်စေ ပါတီတစ်ခု၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခု၊ သို့မဟုတ် လူတစ်စု၊ သို့မဟုတ် အစိုးရ တစ်စု၏ အကျိုးကို ကာကွယ်ရန်ဖြစ်စေ၊ ကျေးဇူးရှိစေရန်ဖြစ်စေ တည်ထောင်ထားသည့် သတင်းစာများ ရှိတတ် ကြ၏။ အဆိုပါ သတင်းစာများ၌ လုပ်ကိုင်ရေးသားကြသော ကလောင်သမားများသည် ယုံကြည်မူဖြင့် ရေးသား ကြခြင်းများလည်း ရှိနိုင်၍ ဝမ်းရေးအတွက် ရေးချွတ်ကြခြင်းများလည်း ရှိနိုင်၏။ ကျွန်ုပ်ကိုယ်တိုင်မှာ ယုံကြည်မူ မရှိဘဲ ကြေးတန်းစား ကလောင်သမား အဖြစ်နှင့် ရေးလည်းမရေးခဲ့၊ ရေးလိမ့်မည်လည်း မဟုတ်စေကာမူ ဤနည်းဖြင့် အသက်မွေးရသူများအား အထင်မကြီးရုံမျှသာ ရှိ၍ ကဲ့ရဲ့ရှုတ်ချလိုသော စေတနာ မရှိပေ။ ထိုသို့ သော လူများက ဘာကိုရေးကြသည်ဖြစ်စေ (ဝမ်းရေးအတွက် ဆိုသောကြောင့်) ကျွန်ုပ်က မဲ့ရွဲ့လိမ့်မည်မဟုတ် ချေ။ သို့ရာတွင် ကိုယ့်သိက္ခာကို ကိုယ် စောင့်စည်းသည့် ခေါင်းကြီးရေးသမား တစ်ယောက် ဖြစ်ပါမူကား ဘက်မ လိုက်မိစေဖို့ အထူး သတိပြုသင့်သည်။ ဘက်လိုက်ခြင်းဟု ဆိုရာ၌ ကိစ္စပေါင်း အမြောက်အမြား ရှိသည့်အနက် အကြီးအကဲ ကိစ္စများမှာ ပြည်သူနှင့်အစိုးရ၊ လက်ဝဲနှင့်လက်ယာ၊ ဤပါတီနှင့် ထိုပါတီ စည်သည်တို့အပြင် ရံဖန် ရံခါ ပေါ်လာတတ်သည့် ကျောင်းသားနှင့် ကျောင်းဆရာ၊ အလုပ်ရှင်နှင့် အလုပ်သမား စ၍ ပြဿနာပေါင်း သောင်းခြောက်ထောင်မက ရှိတတ်ကြလေသည်။
တစ်ခါတရံ ပေါ်လာတတ်သည့် ကိစ္စများ၌မူ လူသားသည် လူသားသာ ဖြစ်၍ မိမိနှင့် အကျိုးချင်း ဆက်စပ်သည့် ပြဿနာများတွင် နီးစပ်ရာ ဘက်သို့ မလိုက်ဘဲနေဖို့ ခဲယဉ်းလှသည်။ ပမာဆိုသော် ကျောင်းဆရာနှင့် ကျောင်းသားများ ပြဿနာပေါ်သည် ဆိုလျှင် ကျောင်းသား မိဘဖြစ်သော အယ်ဒီတာတစ်ယောက်သည် ကျောင်းသားများဘက်မှ ခပ်ပင်းပင်းမရေးဘဲ နေနိုင်ဖို့ ခဲယှဉ်းပေ လိမ့်မည်။ အလွန် တည့်မတ်လှပါသည်ဆိုသော အယ်ဒီတာ တစ်ယောက်သည် မိမိကတည့်မတ်စွာ ရေးပါတော့ မည် ဆိုသည့် အထဲကပင် ကိုယ့်ဟာကိုယ် မသိဘဲ ဘက်လိုက်လျက်ရှိနိုင်၏။ ဤသို့သော အခက်အခဲမျိုးမူကား လွန်မြောက်နိုင်သူ မရှိသလောက် ရှားလိမ့်မည် ထင်သည်။ ဤသို့သော ကိစ္စမျိုးတို့ကို ချန်လှပ်၍ ပြည်သူနှင့် အစိုးရ၊ လက်ဝဲနှင့် လက်ယာစသည့် ကိစ္စမျိုးတို့တွင်မူ ဘက်လိုက်သင့် မလိုက်သင့်ဟူသော ပြဿနာတစ်ခု သီးသန့်ပင် ရှိနေပြန်လေသည်။ လက်ဝဲနှင့် လက်ယာ စသည့်ကိစ္စတွင် လက်ဝဲဝါဒ ကြိုက်သူနှင့် လက်ယာဝါဒ ကြိုက်သူတို့က မိမိ ကြိုက်သော ၀ါဒကို ထောက်ခံရမည်၊ ကြားနေ၍ မဖြစ်နိုင်ဟု ဆိုကြပေလိမ့်မည်။ ပြည်သူနှင့် အစိုးရ ပြဿနာ ပေါ်ပေါက်လျှင်လည်း ပြည်သူ့သတင်းစာ ဆိုသည်များက ဘာပြောပြော ပြည်သူ့ဘက်က ထောက်ခံ ရေးသားရမည်။ ပြည်သူ့ဘက်က အမှားရှိလျှင် မိမိတို့က ထောက်ပြဖို့ မဆိုထားဘိ တစ်ဖက်က ထောက်ပြ ထောက်ပြခြင်းကိုပင် ၀န်ခံလိမ့်မည်မဟုတ်ချေ။
“အဓိပ္ပာယ် ဖွင့်ခြင်း”
ပြဿနာတစ်ခုကို ဆုံးဖြတ်လိုသည့်အခါ မသိလျှင်မဖြစ်သည့် အခြေခံ သဘောတရားများ (Data) ကိုသိအောင် လုပ်ပြီးမှ ဆုံးဖြတ်နိုင်ပေလိမ့်မည်။ ဥဒါဟရုဏ်ကား ဝတ္ထုပစ္စည်းတစ်ခု၏ ‘ကုဗ’ကို သိလိုသည့်အခါ ၎င်းဝတ္ထု ပစ္စည်း၏ အလျား၊ အနံနှင့် ထုကို သိပြီးသည့်နောက်မှ ’ကုဗ’ကို တွက်ယူနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ မဟုတ်ဘဲ မြေကြီးထဲ၌ တစ်ပိုင်း နစ်မြုပ်လျက် ရှိသော ကျောက်တုံးကြီးတစ်တုံးကို မြေကြီးထဲမှ မဖော်ဘဲ အနံနှင့်အလျား ကိုသာ တိုင်းထွာပြီး ’ကုဗ’ကို တွက်မည်ဆိုလျှင် (ရမ်းချ၍ မှန်ချင် မှန်မည်) စိတ်ချလက်ချ မှန်ကန်သော အဖြေ မျိုးကား ထွက်မလာနိုင်ချေ။ ကွန်မြူနစ်များက ဗုဒ္ဓဘာသာကို ‘ဘိန်း’ ဟု ထင်ကြသည် ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် များက ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ဓမ္မန္တရာယ်ဟု သဘောထားကြသည် ဖြစ်စေ၊ နှစ်ဖက်လုံးသည် တစ်ဖက် အကြောင်းကို ဖက်က ဘာမှ မသိဘဲ ‘ရမ်းတုတ်’ နေကြခြင်းသာ ဖြစ်၏။ ထုကို သော်လည်းကောင်း၊ အနံကို သော်လည်းကောင်း၊ အလျားကို သော်လည်းကောင်း သုံးခုလုံး မသိပါလျက်နှင့် ‘ကုဗ’ကို တွက်သော သူကဲ့သို့ ဖြစ်နေ၏။ ကွန်မြူနစ်များကလည်း ဗုဒ္ဓဝါဒ အကြောင်းကို ဘာမျှမသိ။ ဗုဒ္ဓဘာသာဝင်များကလည်း ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ဘာမျှမသိ။ (ဤအထဲတွင် ‘ခလောက်ဆန်’ များက ရှုတ်ထားကြသည်။) ဤသို့ဖြင့် တစ်ဖက် ကို တစ်ဖက် အထင်လွဲလျက် ရှိကြခြင်း ဖြစ်လေသည်။ အကယ်၍ ‘ဘိန်း’ နှင့် တူသည်ဟု ကာလ်မာ့က်စ် ပြော သောဘာသာများအနက် ဗုဒ္ဓဘာသာလည်း ပါသည်ဟု ကွန်မြူနစ်များက ဆိုချင်ကြလျှင် ကာလ်မာ့က်စ်သည် ဗုဒ္ဓဘာသာ အကြောင်းကို ဘာမျှမသိဟု ကျွန်ုပ် ပြောရဲသည်။ (အထောက်အထားလည်း ရှိသည်။) ဗုဒ္ဓဘာသာ အကြောင်းကို ဘာမျှမသိသော ကာလ်မာ့က်စ်က ‘ဘိန်း’ဟူ၍ ပြောတိုင်း ဗုဒ္ဓဘာသာ မိဘများက ပေါက်ဖွားလာ ခဲ့ကြသည့် မြန်မာကွန်မြူနစ်များက မစူးစမ်း မလေ့လာဘဲလက်ခံ ယုံကြည် ကြသည်ဆိုလျှင် ဤခေတ် မြန်မာ ကွန်မြူနစ်များသည် စဉ်းစားဥာဏ် အလွန် ခေါင်းပါးသူများ ဖြစ်၍ သူတို့ လက်ထက်တွင် သူတို့ အလုပ်မအောင် မြင်နိုင်ဟု ကျွန်ုပ် ဗေဒင် ဟောရဲသည်။ မည်သည့်ပညာရှိ ခုံရုံးရှေ့၌ ဖြစ်စေ၊ မည်သည့် ဘုရားရှေ့၌ ဖြစ်စေ ကျွန်ုပ် မလွဲမသွေ မတိမ်းမရှောင် ထွက်ဆိုရဲသည်မှာကား လောကအကြောင်းနှင့် ဓမ္မအကြောင်းကို ပိုင်းခြား နားလည်သော ပုဂ္ဂိုလ်များ အုပ်ချုပ်စံမံကြသည် ဖြစ်ပါမူ ဆိုရှယ်လစ်စီးပွားရေးစနစ် လက်အောက်တွင် ဗုဒ္ဓသာသနာတော်သည် ညှိုးမှိန်ဖို့ မရှိနိုင်။ (စားနေ၀တ် ချောင်ချိမူကြောင့်) တိုး၍ ထွန်းလင်း တောက်ပြောင် နိုင်ဖွယ်ရာ ရှိသည်ဟု ကျွန်ုပ် နှစ်နှစ်ခြိုက်ခြိုက် လေးလေးနက်နက် ယုံကြည်လျက် ရှိကြောင်း ပြောရဲပါသည်။ ဤသို့ ပြောရဲခြင်းကား ဆိုရှယ်လစ် စနစ်ကိုလည်း လေ့လာခြင်း၊ ဗုဒ္ဓ၏ တရားတော်ကိုလည်း လက်တွေ့ လေ့လာခြင်း ဟူ၍ နှစ်မျိုးလုံး စုံစမ်းထားခဲ့သူ တစ်ယောက် ဖြစ်ပါသောကြောင့်တည်း။
အကန့်အကန့် ထားတတ်ခြင်း
ကျွန်ုပ်သည် အနောက်တိုင်း (အင်္ဂလိပ်) စာကြီးပေကြီးများ၊ အထူးသဖြင့် ဝတ္ထုကောင်းကြီးများ (Classics) ကို အမြောက်အမြား ဖတ်၍ စဉ်းစားခဲ့ခြင်းကြောင့် ရရှိသော အသိကား တစ်မျိုး၊ ဗုဒ္ဓ၏ တရားတော်ကို လေ့လာအား ထုတ်ခဲ့ခြင်းအတွက်ကြောင့် ရရှိခဲ့သော အမြင်ကားတစ်မျိုး ဖြစ်လျက် ရှိပါသည်။ သို့ရာတွင် ကျွန်ုပ်အဖို့မှာ ပထမ အသိနှင့် ဒုတိယ အမြင်တို့မှာ သူ့အကန့်နှင့်သူ မရောမယှက် တသီးတခြားစီ တည်ရှိ သည်ဖြစ်၍ အသုံးရှိသလို ကောက်ကာငင်ကာ အသုံးပြုနိုင်ပါသည်။ ဤအထဲတွင် ဗုဒ္ဓယဉ်ကျေးမူ၊ မြန်မာ့ ယဉ်ကျေးမူ၊ ကာလ်မာ့က်စ်၏ စီးပွားရေးစနစ် စည်သည်တို့လည်းရှိသေးရာ ၎င်းတို့ကို နှိုင်းယဉ်၍ ပြလို၏။ အင်္ဂလိပ် ဂျန်တလ်မဲန်းတစ်ယောက် သည် ဦးနု၏ ငါပါးသီလ အနက်မှ ပစ္စည်းခိုးခြင်း၊ မယားခိုးခြင်း၊ လူသတ်ခြင်း၊ မုသား ပြောခြင်းတည်းဟူသော လေးပါးတို့ကို လုံခြုံ၍ သေအရက်သောက်ခြင်း တစ်ခုမျှလောက်သာ ဖောက်ဖျက်ချင် ဖောက်ဖျက်ပေလိမ့်မည်။ သို့သော် ထားပါဦးတော့၊ သေအရက် မသောက်ခြင်းတစ်ချက်တွင် ဦးနု၏ ငါးပါးသီလသမားက ဂျန်းတလ်မဲန်း တစ်ယောက်ထက် သာသည်ဆိုကြပါစို့။ ဂျန်တလ်မဲန်းဘက်မှာ သာသော အချက်များကိုလည်း ကြည့်ကြပါဦး။ ငါးပါးသီလသမား တစ်ယောက်သည်း ကြွေးပူသဖြင့် မရောင်းဘဲ မနေနိုင်သည့် မုဆိုးမတစ်ယောက်ထံမှ ပစ္စည်း တစ်ခုကို တန်ဖိုးထက် ဖိနှိပ်ပြီးဆစ်၍ ဝယ်ချင်ဝယ်နိုင်သည်။ သီလ ပျက်သည်ဟု မဆိုနိုင်ချေ။ ‘ဂျန်တလ်မဲန်း’ တစ်ယောက်မူကား ဤသို့သော အမှုမျိုးကို ပြုရန် စိတ်ထဲမှ အလွန် ဝန်လေးတတ်သည်။ ခွန်အားနည်းသူ တစ်ယောက်အား ခွန်အားကြီးသူက နိုင်ထက်ကလူပြုမူခြင်းကို မြင်ရသည့်အခါ ငါးပါးသီလသမားက မျက်နှာလွှဲ ၍ နေနိုင်သည်။ ဂျန်တလ်မဲန်းတစ်ယောက်မူကား မိမိကိုယ်တိုင် ခွန်အားနည်း၍ မကူညီနိုင်လျှင် အနည်းဆုံး နှုတ်ဖြင့် ဖြစ်စေ ခုခံ၍ ပြောပေးပေလိမ့်မည်။ မိမိ ကိုယ်ကျိုးအတွက် အခြားသူ တစ်ယောက်ကမတရားသဖြင့် ဆောင်ရွက်ပေးသည် ဆိုလျှင် ငါးပါးသီလသမားက မှိန်းပြီး ကြည့်နေလိုက နေနိုင်သည်။ ဂျန်တလ်မဲန်း တစ်ယောက်မူကား ထိုကဲ့သို့ နေ၍ မဖြစ်။ သူ့အတွက် မတရား လုပ်မပေးပါနှင့်ဟု ပြောလိမ့်မည်။ ငါးပါးသီလ သမား တစ်ယောက်သည် ကြုံကြိုက်ခဲ့လျှင် ထိုက်သင့်သည်ထက် ပို၍ အခွင့်အရေး ယူလိမ့်မည်။ အခွင့် အရေး ယူခြင်းသည် ခိုးခြင်း မဟုတ်ဟု ဆိုနိုင်သည်။ ‘ဂျန်တလ်မဲန်း’ တစ်ယောက်မူကား ထိုက်သင့်သည်ထက် ပိုပြီး အခွင့်အရေး ယူရမည်ကို ရှက်တတ်သည်။ ငါးပါးသီလသမား တစ်ယောက်သည် ဖော်လံဖားနိုင်သည်၊ ကပ်ပါး ရပ်ပါး အလုပ်မျိုးနှင့် ကြီးပွားအောင် လုပ်နိုင်သည်၊ ဂုဏ်ကြီးသူများ ပိုက်ဆံရှိသူများကို ‘ကျို့’၍ ချူနိုင် မြှိုက်နိုင် သည်။ ဂျန်တလ်မဲန်း တစ်ယောက်မူကား ကိုယ့်သိက္ခာကို ကိုယ် စောင့်ထိန်းသည် ဖြစ်၍ မည်သူ့ ဆီကမျှချူခြင်း၊ မြှိုက်ခြင်း မပြု၊ ဘာကိုမျှ အလကား မလိုချင်၊ ထိုက်တန်အောင် အလုပ် လုပ်၍ ယူချင်သည်။ မည်သူ့ ရှေ့၌မျှ မျက်နှာ အောက်မချ၊ အမြဲ ဦးခေါင်း ထောင်ချင်သည်။ ဆင်းရဲသည်ကို မရှက်၊ ညစ်ပတ်ရမည်ကို ရှက်သည်။ အမျိုးမြတ်သည် ဆို၍ ဂုဏ်မတက်၊ ရိုးဖြောင့်သည့်အတွက် ဂုဏ်ယူသည်။ လိုရင်းအချုပ်၌ ဂျန်တလ်မဲန်း တစ် ယောက်သည် ( Sense of Justice and Fair Play ) မိမိနှင့် ဆက်ဆံသမျှသော ကိစ္စအဝဝတွင်သာမက မိမိ၏ ပတ်ဝန်းကျင်၌လည်း မတရားသဖြင့် အနိုင်ကျင့်ခြင်းကို မမြင်လို၊ မျှမျှတတ ဖြစ်စေလိုသော စိတ်သဘောမျိုး အမြဲ ကိန်းအောင်းသူ တစ်ယောက် ဖြစ်လေသည်။ အင်္ဂလိပ်တွေဟာ သည်လိုချည်းပဲလားဟု မေးဖို့လိုမည် မထင်၊ အထက်တွင် ဖော်ပြခဲ့ပြီးပါပြီ။ သို့သော် ကျွန်ုပ် သဘောကျသည်မှာကား သူတို့အထဲမှ လူကောင်းများ သည် ထိုသို့သော အဖြစ်မျိုးသို့ ရောက်စေရန် ကြိုးစားဖို့နားလည် ကြခြင်းပင် ဖြစ်သည်။ ဤမျှလောက်ဆိုလျှင် ဂျန်တလ်မဲန်း ဟူသော စံချိန်သည် လောကအတွင်း၌ အတော်ကြီး မြင့်ပေကြောင်း ၀န်ခံရပေလိမ့်မည် ထင်သည်။ ဗုဒ္ဓဘာသာဝင် တွင် ‘အရိယာ’ တည်းဟူသော ‘ပန်းတိုင်’ သည် ဤမျှမက မြင့်သည်ဟု ဆိုကောင်း ဆိုကြပေလိမ့်မည်။ သို့သော် အရိယာ ဟူသည်မှာ လောကမှ လွတ်မြောက်ခြင်း အတွက် ဖြစ်၏။ လောကီသား တစ်ယောက်အဖိုမှာ ဤမျှလောက်ဆိုလျှင် ‘ကမ်းကုန်သည်’ ဟု ကျွန်ုပ် ဆိုချင်သည်။ တစ်စုံတစ်ယောက်သော သူက ကျွန်ုပ်အား ဂျန်တလ်မဲန်း အနေအထိုင်နှင့် အရိယာအနေအထိုင် ရှိသည့်အနက် မည်သည်ကို ကြိုက်သ နည်းဟု မေးငြားအံ့။ လူ့အဖွဲ့အစည်း ထဲတွင် လူပုဂ္ဂိုလ် တစ်ယောက်အနေဖြင့် နေထိုင်ရလျှင် ဂျန်တလ်မန်း တစ်ယောက်ကို ကြိုက်သည်။ ရဟန်းအဖြစ်နှင့် နေထိုင်ရလျှင် အရိယာကို ကြိုက်သည်ဟု ကျွန်ုပ်က ဖြေဆိုပေ လိမ့်မည်။
ရွှေဥဒေါင်း
“တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်တွင်းမှ ကြိုက်နှစ်သက်မိသောကြောင့် မျှဝေလိုက်ခြင်းဖြစ်ပါသည်။
0 comments:
Post a Comment