Sunday, April 22, 2012

၈၈နှစ် အဘထံမှပေးစာ (မောင်ဝံသ)


by Zeyar Htun on Monday, April 23, 2012 at 9:49am

ရှာမှရှားတဲ့နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါးများ/မောင်ဝံသ။
သင်း+ဒေါင်းစာပေ။ ၂၀၁၀။ တန်ဖိုး ၄၅၀၀ကျပ်။

ချာချီပြောတဲ့နိုင်ငံရေးသမား
မြန်မာပြည် နိုင်ငံရေးဖြစ်စဉ်တွေထဲက အတိုက်အခံနိုင်ငံရေးနဲ့ ပတ်သက်တဲ့ နှစ်၅၀အလွန်က ဖြစ်ရပ်တချို့ကို ကျွန်တော်လေ့လာမိသမျှ တင်ပြနေပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတာ ဆက်စပ်နေတာကိုး။ အတိတ်ကို သင်ခန်းစာယူ၊ ပစ္စုပ္ပန်မှာ အတိတ်ကအမှားတွေကိုရှောင်၊ အတိတ်က မှန်တာတွေကိုဆောင်၊ သည်လိုဖြင့် ကောင်းမွန်သောအနာဂတ်ကို တည်ထောင်ရမယ်ဆိုတာ အင်မတန်ရိုးစင်းသော်လည်း ဘယ်သူမှမငြင်းနိုင်တဲ့ အမှန်တရားပါပဲဗျ။

မကြာသေးခင်က မိတ်ဆွေဂျာနယ်တစ်စောင်က ကျွန်တော့ကို အင်တာဗျူးလုပ်တယ်၊ ကျွန်တော် အင်တာဗျူးမဖြေတာ အတော်ကြာပါပြီ၊ တမြန်နှစ်လောက်အထိတော့ အင်တာဗျူးအတော်များများ ဖြေခဲ့တယ်၊ လူတွင်ကျယ်လုပ်ချင်လွန်းလို့ ဖြေတာမဟုတ်ဘူး။ ကိုယ့်အမြင် သူ့အမြင် ဝေမျှစဉ်းစားနိုင်ကြအောင် ဖြေခဲ့တာပါ။ သို့ပေမယ့် ကိုယ်ပြောတာတွေ၊ ဖြစ်သင့်တယ် ထင်တာတွေ ဖြစ်မလာတော့ ရှက်လာမိတယ်။ သည်တော့ ရပ်ထားလိုက်ပါတယ်။


ကျွန်တော်တို့က ၀င်စတန်ချာချီပြောတဲ့ နိုင်ငံရေးသမားအရည်အချင်းမျိုး မရှိဘူးဘဲကိုး။ ချာချီကပြောဖူးတယ်။

"နိုင်ငံရေးသမားဆိုတာ နက်ဖြန်ဘာဖြစ်မလဲ၊ နောက်အပတ်ဘာဖြစ်မလဲ၊ နောက်လဘာဖြစ်မလဲ၊ နောက်နှစ်ဘာဖြစ်မလဲ ကြိုတင်ပြောနိုင်စွမ်း ရှိရတယ်၊ ဒါတင်မကသေးဘူး။ နောက်ပိုင်းမှာလည်း ဘာ့ကြောင့်သူပြောခဲ့တာတွေ ဖြစ်မလာတာလဲဆိုတာကို ရှင်းလင်းနိုင်စွမ်းရှိရတယ်"
"Politicans have the ability to foretell what is happen tomorrow, next week, next month, and next year. And to have the ability afterward to explain why it didn't happen"_Winstan Churchill 
အယူဝါဒပြောင်းတယ်ဆိုတာ
ခုန အင်တာဗျူးအကြောင်း ပြန်ကောက်ရင် ဂျာနယ်အယ်ဒီတာက မေးတယ်။ တစ်ချို့လူတွေဟာ ဟိုးအရင် ငယ်စဉ်က ယုံကြည်ခဲ့တဲ့ အယူဝါဒကို အခုကျမှ ဟောင်းနွမ်းဆွေးမြေ့နေပြီလို့ ပြောတတ်ကြတာတွေ့ရတယ်။ အဲဒါမျိုးကို ဘယ်လိုပြောချင်ပါသလဲတဲ့။

ကျွန်တော်သိတယ်၊ ဒီကိစ္စမျိုးကို အစာမကျေသူ တော်တော်များတတ်တာပဲ။ ဒါကြောင့် ကျွန်တော့အာဘော်ကို ခုလို ပြန်ပြောလိုက်ပါတယ်။

"လူငယ်တစ်ယောက်ရဲ့ဘ၀ကို သူဖတ်တဲ့စာတွေ၊ သူစွဲလမ်းတဲ့ရုပ်ရှင်တွေ၊ သူ့မိဘတွေ၊ သူအထင်ကြီးလေးစားတဲ့ စံနမူနာပုဂ္ဂိုလ်တွေသာမက သူကြီးပြင်းလာတဲ့ခေတ်ရဲ့ အငွေ့အသက်တွေကလည်း သြဇာလွှမ်းပါတယ်။ ဆိုလိုတာက ဖက်ဆစ်တော်လှန်ရေး ရေချိန်မြင့်နေချိန်မှာ ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဟာ အနိမ့်ဆုံးတော့ ဖက်ဆစ်ဆန့်ကျင်ရေးစိတ်ဓာတ် ရင်ထဲမှာ ရှိနေမှာပဲ။ ဆိုရှယ်လစ်လူ့ဘောင်ထူထောင်ခြင်းသည်သာ အလိုလားအပ်ဆုံးဆိုတဲ့စာတွေဖတ်လာခဲ့ရင် လက်ဝဲသမားစိတ်ဓာတ်တော့ မွေးနေမိမှာပဲ။ မိမိယုံကြည်စွဲကိုင်ခဲ့တဲ့ အယူဝါဒတစ်ခုကို နောင်တစ်ချိန်မှာ မှားယွင်းဟောင်းနွမ်းမှုတစ်ခုလို့ ပြန်လည်သုံးသပ်သူ ရှိသလို ဆက်လက်ဖက်တွယ်ထားသူလည်း ရှိနိုင်ပါတယ်။ ကွန်မြူနစ်ဝါဒ ယုံကြည်ခဲ့သူက နောက်နှစ် ၂၀ လောက် ကြာတဲ့အခါ ကွန်မြူနစ်ဝါဒကို ပြန်လည်ဝေဖန်ရင် လူတွေက အပြစ်တင်တတ်တယ်။ အပြစ်တင်သူတွေဟာ တကယ်တော့ ကွန်မြူနစ်ဝါဒကို ကြိုက်လို့မဟုတ်ဘူး၊ ယုံကြည်ချက်ဟောင်းကို ပြန်လည်ဝေဖန်သူကို သဘောမကျတာဖြစ်တယ်။ ဒါဆိုရင် ဖက်ဆစ်ဝါဒကြီးကို ယုံကြည်ခဲ့သူတစ်ယောက်က ဖက်ဆစ်ဝါဒကို ပြန်လည်ဝေဖန်ရင်ကော ဘယ်လိုပြောမှာလဲဗျာ။ ကျွန်တော့သဘောကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးခဲ့ဖူးသလိုပဲ အယူဝါဒဆိုတာ သမုတိသစ္စာတွေပဲလို့ ပြောချင်တယ်။ ပြောင်းလဲတယ်ဆိုတာလဲ အမှားက အမှန်သို့ ပြောင်းလဲတာဆိုရင် ကြိုဆိုရမှာပဲ။ ဒီနှစ်ဟာ ဂယ်လီလီယို နှစ် ၄၀၀ ပြည့်နှစ်ပါ။ နေကိုကမ္ဘာက ပတ်နေတာလို့ ဂယ်လီလီယိုက သူတွေ့ရှိတာကို အမှန်အတိုင်းပြောမိလို့ ပြစ်ဒဏ်တွေ ခံခဲ့ရတယ် မဟုတ်လား။ ကမ္ဘာကိုနေက လှည့်ပတ်နေတယ်လို့ ရှေးယခင်က ယုံကြည်ခဲ့ကြတဲ့အတိုင်း ဆက်ယုံနေခဲ့ရင် ယုံကြည်ချက်ခိုင်မာသူလို့ ပြောမလား။"

အယ်ဒီတာဆရာက ကျေနပ်သလား မကျေနပ်သလားတော့မသိ၊ ကျွန်တော်ကတော့ စိတ်ထဲရှိတာ ပြောလိုက်တာပါပဲ။

ဖက်ဆစ်တော်လှန်ရေးသမား တောပြန်ကြီး
အဲသည်အင်တာဗျူးဖြေပြီး နောက်တစ်နေ့မှာ ကျွန်တော့ဆီကို လူကြုံနဲ့ စာတစ်စောင်ရောက်လာတယ်။ စာရေးလိုက်သူက လွန်ခဲ့တဲ့ နှစ် ၄၀ကျော်က လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတိုက်မှာ ကျွန်တော့ရဲ့ စီနီယာဆရာတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ သခင်လှကွန်းပါ။ ယခုစာပေဥက္ကဌကြီး ကိုဆောင်းခေါ် ဗိုလ်လှမြိုင်တို့၊ သခင်လှကွန်းတို့၊ လုပ်သားနေ့စဉ် အင်္ဂလိပ် အယ်ဒီတာချုပ် ဦးသန်းစောတို့ဟာ အဲဒီတုန်းက အတွဲညီညီ လုပ်ခဲ့ကြသူတွေပေါ့ဗျာ။ ကျွန်တော့က သူတို့အရိပ်ကို ခိုခဲ့ရပါတယ်။

အဲသည်တုန်းက ပြန်ကြားရေးဝန်ကြီးဌာန ပေါ်လစီညွှန်ကြားရေးဝန်ဆိုပြီး တန်ခိုးထက်ခဲ့သူ ဆရာဦးစောဦးကစလို့ ဦးလှမြိုင်၊ ဦးလှကွန်း၊ ဦးသန်းစောတို့ဟာ တောပြန် ဗကပ ဟောင်းတွေပါ။ သူတို့ဆီကို ပုံမှန်ဝင်ထွက်နေတဲ့ ဆရာမောင်စူးစမ်းကလည်း တောပြန်ပါပဲ။ ခေါင်းကြီးအယ်ဒီတာ ဦးထိန်လင်းကြီးက အလံနီဟောင်းပါ။ အယ်ဒီတာအဖွဲ့မှာ တည်မြဲဖဆပလဟောင်း အယ်ဒီတာ၊ သတင်းထောက်အချို့လည်း ရှိတယ်။ တည်မြဲဟောင်းတွေက တောပြန်တွေကို ကွယ်ရာမှာ ပုတ်ခတ်ဝေဖန် ပြောဆိုကြတယ်။ စောစောက အယူအဆမျိုးပါပဲ။ အယူဝါဒဟောင်းအပေါ်မှာ မခိုင်မာ မစွဲမြဲသူတွေလို့ ပြောတာပါပဲ။ ကျွန်တော်က အဲဒီတုန်းက မလောက်လေး မလောက်စား ချာတိတ်ဆိုတော့ ကျွန်တော့ရှေ့မှာကို တောပြန်တွေကို ပုတ်ခတ်နေကြတာ မကြားချင်အဆုံးပါ။ ကျွန်တော်က ဒိဘက်နားက၀င်တာ ဟိုဘက်နားက ပြန်ထုတ်လိုက်ပြီး၊ စကားနည်း ရန်စဲ နေထိုင်ခဲ့ပါတယ်။

သခင်လှကွန်းက အဲသည်ကတည်းက ကျွန်တော့ကို အင်မတန် ခင်မင်တယ်။ သူဟာ ဦးသိန်းဖေမြင့် အဖွဲ့ဝင်တစ်ယောက်အဖြစ် စစ်အတွင်းက အိန္ဒိယမှာ တာဝန်ထမ်းခဲ့ပြီး၊ ဖက်ဆစ်တော်လှန်ရေးမှာ လေထီးဆင်း တော်လှန်ရေးသမားတစ်ယောက်အဖြစ် ပါဝင်ခဲ့သူ ဖြစ်တယ်။ နောက် တောခိုကွန်မြူနစ် ဖြစ်ခဲ့ရာက အလင်းဝင်ပြီးနောက် သတင်းစာဆရာ ဖြစ်လာတယ်။ ကျွန်တော်တို့နဲ့ လုပ်သားပြည်သူ့နေ့စဉ်မှာဆုံကြပြီး သူ ဂါဒီယန်သတင်းစာကို ရောက်သွားတယ်။ အဲဒီကနေ ကြေးမုံသတင်းစာ အယ်ဒီတာချုပ် ဖြစ်တယ်။ နောက် အငြိမ်းစားပေးခြင်း ခံရတယ်။ အဲဒီနောက်တော့ အလှုအတန်းတစ်ချို့မှာ ဆုံတာမျိုးကလွဲလို့ မဆုံမိကြတော့ပါဘူး။ အခု သူက စာလှမ်းရေးတယ်။ ဘာပါလိမ့်။

ဖတ်ကြည့်တဲ့အခါ ကျွန်တော့ဆောင်းပါးကို အကြောင်းပြုပြီး သူပြောချင်တာတွေကို ဖြည့်စွက်ပြောလိုက်တာ တွေ့ရပါတယ်။

၈၈ နှစ်ထဲ ရောက်နေတဲ့ အဘ
၁၃၀၁ တော်သလင်းလ၊ လပြည့်ကျော် ၉၊
၁၂၊ ၉၊ ၀၉။

ရောင်းရင်း ဆရာမောင်ဝံသ ခင်ဗျား
ရောင်းရင်းလို့ ခေါ်လိုက်တာကတော့  သတင်းစာလောကထဲမှာ လုပ်ဖော်ကိုင်ဖက်မို့၊ ဆရာလို့ ခေါ်လိုက်တာကတော့ အသက် ၈၈ နှစ်ထဲ ရောက်နေတဲ့အဘကို သိစရာ မှတ်စရာတွေ ရေးပေးနေတဲ့ တူမောင် မောင်ဝံသကို ဂုဏ်ပြုချင်လို့။

ကျွန်တော် စာတော့ ဖတ်နိုင်သေးတယ်။ စာတွေရေးချင်တယ်၊ ရေးစရာတွေလည်း အများကြီး ရှိသေးတယ်။ ကျန်တဲ့နှစ်တွေက နည်းများနေမလားပဲ။ ကိုယ့်ဘ၀ထဲက အမည်းစက်တွေကို သင်ခန်းစာတွေပေးချင်တယ်။ ယူချင်ကြရင်ပေါ့လေ။ တောက်ပြောင်ခဲ့တဲ့အပိုင်းလည်း နည်းနည်း စမြုံပြန်ချင်တယ်။

အဲဒါတွေ ရှိပေမယ့်လည်း စာရေးတဲ့ လက်ျာလက်က တုန်လိုက်တာ ခါယမ်းနေတာပဲ။ စာတစ်ပုဒ်ဖြစ်အောင် မနည်းကြိုးစားရေးရတယ်။ တခြားဝေဒနာတော့ မရှိပါ။

ပမညတဆောင်းပါးအတွက် ကျေးဇူးတင်
အခု စာရေးတဲ့အကြောင်းကတော့ Porpular News, September 10 မှာ ပါလာတဲ့ "ပမညတကို တူးဆွခြင်း" ဆောင်းပါးအတွက် ကျေးဇူးတင်ကြောင်းနှင့် "အတိုက်အခံ"အကြောင်းနဲ့ ပတ်သက်တာတွေကို ပြောပြချင်လို့ပါ။

နိုင်ငံအများက ပါလီမန်တွေမှာ အစိုးရအဖွဲ့ကို ဝေဖန်ပဲ့ပြင် လမ်းညွှန်နိုင်ဖို့ အတိုက်အခံအဖွဲ့တွေ ရှိနေအောင် အခြေခံဥပဒေက ဖန်တီးထားပါတယ်။ အဲဒီအတိုက်အခံအဖွဲ့ကို တိုင်းပြည်က (ပါလီမန်က) တန်ဖိုးထားတဲ့နေရာမှာ ထားရှိပါတယ်။

ဂျပန်နိုင်ငံမှာ အတိုက်အခံပါတီအဖြစ် ၅၅ နှစ် နေခဲ့ရတဲ့ပါတီဟာ ဒီနှစ်ကျမှ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်သွားတယ်။

ကျွန်တော်တို့ တိုင်းပြည်မှာတော့ ပါလီမန်အတွင်းကို အတိုက်အခံအဖြစ် ရောက်ရတဲ့ကာလက နည်းခဲ့တယ် ထင်ပါတယ်။ ပါလီမန်အတွင်းရောက်ပြီး အတိုက်အခံအဖြစ်လုပ်ရတာကို တန်ဖိုးမထားဘူးလို့ ပြောရမှာပါပဲ။ တစ်နည်းပြောရရင် အတ္တလွန်ကဲတယ် (၀ါ) ဂိုဏ်းဂဏစိတ် လွှမ်းမိုးတယ်လို့ ဆိုရမှာပေါ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၂ နှစ်တုန်းက နိုင်ငံလွတ်လပ်ရေးမရမီ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ကွန်မြူနစ်အမတ် ၇ ဦး အရွေးခံရတယ်။ အဲဒီအမတ်တွေဟာ အတိုက်အခံအဖွဲ့ပေါ့။ အဲဒီအရင်နှစ်ကတည်းက ကွန်မြူနစ်ပါတီကို ဖဆပလက ထုတ်ပစ်ပြီးပြီ။ အဲဒီ ကွန်မြူနစ် အတိုက်အခံအဖွဲ့ဟာ လွတ်လပ်ရေး ရပြီးချိန်အထိ ပါလီမန်အတွင်း အတိုက်အခံအဖွဲ့ပေါ့။ ဒါပေမယ့် နိုင်ငံလွတ်လပ်ရေး ရပြီးကာစအချိန်မှာ ကွန်မြူနစ်ပါတီက အစိုးရကို ပုန်ကန်တဲ့အချိန်ကျတော့ ကွန်မြူနစ်အမတ်တွေဟာ တောခိုတဲ့အထဲ ပါသွားကြပြီး ပါလီမန်ထဲမှာ အတိုက်အခံအဖွဲ့ မကျန်တော့ဘူးလို့ ဆိုရမယ်။

ဖြစ်သင့်တာကတော့ ကွန်မြူနစ်အမတ်တွေဟာ အတိုက်အခံအဖွဲ့အနေနဲ့ ပါလီမန်အတွင်းမှာ ဆက်ပြီး အလုပ်လုပ်နေကြသင့်တာပေါ့။ ကွန်မြူနစ်ပါတီ တောခိုသွားတော့ ကွန်မြူနစ်အမတ်တွေကို ထောင်ချလည်း ချပေါ့။

ပြဿနာ အရင်းခံတာကတော့ ကွန်မြူနစ်ပါတီက ပါလီမန်ကို နောက်ကျောခိုင်းပြီး လက်နက်ကိုင် ပုန်ကန်မှုအားဖြင့် နိုင်ငံအာဏာကို သိမ်းယူလိုခြင်းပါပဲ။ အဓိကတရားခံကတော့ ပြည်တွင်းစစ်ပါပဲ။ xxx

xxx လွတ်လပ်ရေးရပြီး ၁၄ နှစ်ကြာတော့ ပါလီမန်ဒီမိုကရေစီစနစ်ဟာ ကွယ်ပျောက်သွားတော့တာပါပဲ။

အဲဒီ ပြည်တွင်းစစ်ကာလ ၁၄ နှစ်ထဲက ၁၃ နှစ်တိုင်တိုင် ကိုယ်လည်း ဆန့်ငင်ဆန့်ငင်နဲ့၊ စဉ်းစားဥာဏ်နုံနဲ့၊ သတ္တိညံ့ညံ့နဲ့ ပါသွားခဲ့ဖူးတယ်။

အဲဒီအဖြစ်အပျက်တွေကို ပြန်စဉ်းစားတော့ ဒီပြည်တွင်းစစ်က ဖန်တီးလိုက်တဲ့ဆိုးကျိုးဟာ တယ်ပြီး ကျယ်ပြန့်ပါကလား။

ဗိုလ်ချုပ်အောင်ဆန်းမျှော်လင့်ချက် ရေစုန်မျော 
ဗိုလ်ချုပ်အောင်ဆန်း မျှော်လင့်ချက်ကြီးစွာနဲ့ စတင်တည်ထောင်ခဲ့တဲ့ ပါလီမန်စနစ်ဟာ ခရစ်နှစ် ၂၀၀၀ ကျော်တဲ့အထိ ရေစုန်မျောခဲ့ပြီ။ ပါလီမန်အတိုက်အခံအဖွဲ့ရဲ့ တန်ဖိုးဟာလည်း ပျောက်ကွယ်ခဲ့။ ဒီကာလတွေအတွင်းမှာ အလံနီပါတီခေါင်းဆောင်ဟောင်း (ကွယ်လွန်သူ) သခင်စိုးကြီးရဲ့ "လူနည်းစုဖြစ်ပေမယ့် မှန်တယ်၊ မှန်ရင် ခွဲထွက်" ဆိုတဲ့ တရားက လွှမ်းမိုးခဲ့တဲ့ နှစ်ပရိစ္ဆေဒကလည်း ရှည်ကြာခဲ့။ "နယ်ချဲ့ကို တိုက်မယူဘဲ ရယူတဲ့ လွတ်လပ်ရေးဟာ လွတ်လပ်ရေးမဟုတ်ဘူး" ဆိုတဲ့ တရားအမှားက နှစ်ပေါင်းဆယ်လီများစွာ လွှမ်းမိုးခဲ့တဲ့ အချိန်ကာလက ရှည်ကြာခဲ့။

အဲဒီအားလုံးရဲ့ ဆိုးကျိုးတွေထဲမှာ "မင်းလှ လေးလောင်းပြိုင်သတ်မှု" "ဆီတောင်အိုင် လူသတ်မှု" အစရှိသည်တို့လည်း ပါသွားသလေ။

ပြည်တွင်းစစ်ဟာ ဆိုးလွန်းလှပါ။ လက်နက်ဖြင့် အာဏာရယူလိုခြင်းဟာ မကောင်းပါ။ မဲပြားသည်သာ အားထားရာ။ အတိုက်အခံ၏ တန်ဖိုးကို ဆုပ်ကိုင်ပါ။

ဆရာ သခင်လှကွန်းရဲ့နိုင်ငံရေးသမားအိုကြီးတစ်ယောက်ရဲ့ ၀မ်းနည်းပက်လက် မြည်တမ်းသံလို့ပဲ မှတ်ယူလိုက်ရပါတယ်။

သခင်လှကွန်းအပါအ၀င် သူနှင့်ခေတ်ပြိုင် နိုင်ငံရေးသမားကြီးများ အတိုက်အခံ ဂုဏ်တင့်သော ဒီမိုကရေစီခေတ်သစ်ကို မြင်သွားနိုင်ကြပါစေ။

ပြီး။

ညွှန်း ။ ၈၈နှစ် အဘထံမှပေးစာ (မောင်ဝံသ)
စာမျက်နှာ ၁၄၅-၁၅၀၊ အပိုင်း ၃ (မြန်မာ့နိုင်ငံရေးမြင်ကွင်း) ဆောင်းပါးအမှတ် ၁၀။
ရှာမှရှားတဲ့နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါးများ/မောင်ဝံသ။ သင်း+ဒေါင်းစာပေ။ ၂၀၁၀။ တန်ဖိုး ၄၅၀၀ကျပ်။

ဝန်ခံချက်
စီးပွားရှာလို၍ တရားဝင်ရောင်းချသည့်စာအုပ်မှကူးယူခြင်း မဟုတ်ပါသဖြင့် မျှဝေခွင့်ပြုပါရန် မေတ္တာရပ်ပါသည်။
ကျွန်တော့အတွက် ဖတ်ရှုမှတ်သား အကျိုးများသဖြင့် ကျေးဇူးတင်ပါသည်။
ဇေယျာထွန်း (၂၃၊ ၄၊ ၂၀၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...