ကလေးများနှင့် အိပ်စက်မှု
by Health Articles on Monday, April 23, 2012 at 10:22am ·
ကလေးတွေအတွက် ပုံမှန် အိပ်ရာဝင်ချိန် အလေ့အထရအောင် ဆောင်ရွက်ပေးပြီး ကလေးက ကောင်းကောင်း အိပ်ရေးဝတာဟာ မိဘရော ကလေးအတွက်ပါ စိတ်ခံစားမှု ကောင်းစေပါတယ်။ ဒါပေမဲ့ ကလေးပုံမှန်အိပ်စက်အောင် ကြိုးစားရတာဟာ မိဘ ၂၅ ရာခိုင်နှုန်းအတွက် စိတ်ကသိကအောက် ဖြစ်ရတဲ့ အကြောင်းရင်း တစ်ရပ်ပါ။ ကလေးတွေဟာ ကစားမက်တာကြောင့် အိပ်ချိန်ကို ပုံမှန်အတိုင်း လိုက်နာဖို့ ငြင်းဆန်တတ်ပါတယ်။
ကလေးအတွက် လိုအပ်တဲ့ အိပ်စက် အနားယူချိန်ရဖို့ဆိုရင် -
- အိပ်ချိန်နဲ့ အိပ်ရာဝင်ခါနီး အလေ့အထတွေကို ပုံမှန်ဖြစ်နေအောင် ဆောင်ရွက်ပေးရပါမယ်။
- စိတ်ရှည်ရှည်ထားဖို့ လိုပါတယ်။
- ကလေးကို အိပ်ရာဝင်ခါနီး ပုံပြင်ပြောပြတာမျိုး လုပ်ဖို့နဲ့ ကလေးအိပ်တဲ့အထိ အတူအိပ်စက် အနားယူပေးဖို့လည်း လိုပါတယ်။
ကလေးတွေ ဘာကြောင့် မအိပ်ချင်တာလဲ
ကလေးတွေက ပတ်ဝန်းကျင်ကို စူးစမ်းရှာဖွေ လေ့လာလိုတာနဲ့ အရာရာကို မပါဝင်လိုက်ရမှာ စိုးတာကြောင့် မအိပ်လိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအိပ်ရာဝင်သင့်တဲ့ အချိန်ကို ရောက်ပြီဆရင် ကျန်တဲ့ အိမ်သားတွေကိုလည်း ငြိမ်ငြိမ်သက်သက်နေဖို့ ပြောထားသင့်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးအိပ်စက်ချိန်က မတူပေမယ့် အသက် ငါးနှစ်အရွယ် ကလေးတစ်ဦးဟာ ပျမ်းမျှအားဖြင့် အိပ်ချိန် ၁၁ နာရီ လိုအပ်နေပါတယ်။ ဥပမာပြောရရင် ကလေးက နံနက် ခုနစ်နာရီအိပ်ရာက ထလေ့ရှိပါက ညရှစ်နာရီမှာ အိပ်ရာဝင်သင့်နေပါပြီ။
အိပ်ရာဝင်ချိန် အလေ့အထများ ကလေးအတွက်
ပုံမှန်အိပ်စက်တဲ့ အလေ့အထရရှိဖို့ ညတိုင်း တူညီတဲ့ အချိန်မှာ အိပ်စက်အနားယူခိုင်းပါ။ ဒါကအိပ်ရေးဝဖို့ အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ ည ၈ နာရီမှာ အိပ်ရာဝင်စေမယ့် ကလေးအတွက် အိပ်ချိန်မှာလုပ်ပေးသင့်တဲ့ အလေ့အထတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ည ၇ နာရီခွဲမှာ ကလေးကို နွားနို့ပူပူ တစ်ခွက်တိုက်ပါ။ မိဘတွေနဲ့ အတူတူပွေ့ဖက်နေစေပြီး ကလေးကို သွားတိုက်ပေးတာ၊ အိမ်သာသွားခိုင်းတာနဲ့ ပုံပြင်တိုတစ်ပုဒ်-နှစ်ပုဒ်လောက် ပြောပြတာတွေကို လုပ်ဆောင်ပေးပါ။ ပြီးရင် ကလေးကို အိပ်ရာဝင်ချိန် ရောက်ပြီဆိုတာပြောပါ။
- ည ၈ နာရီမှာ မီးမှိတ်ပြီး ကလေးကို ဘုရာရှိခိုးခိုင်းပါ။ ကစားတာရပ်ပြီး အိပ်ရာထဲမှာပဲ နေခိုင်းပါ။ သင်ဟာလည်း ကလေး အိပ်စက်အနားယူတဲ့အထိ သူ့ဘေးနားမှာ နေပေးပါ။
အိပ်စက်ချိန် ရောက်ပြီ
သင့်ကလေးကို အိပ်ချိန်ရောက်ပြီဆိုတာနဲ့ “အခု အိပ်ဖို့ အချိန်ရောက်ပြီ” လို့ ပြောပေးပါ။ ကလေးကို အိပ်ရာဝင်ဖို့ တောင်းပန်တာမျိုး၊ ချော့တာမျိုး မလုပ်ပါနဲ့။ ကလေးက အိပ်စက်ဖို့ ပိုငြင်းဆန်ကာ အိပ်ရာမဝင်သေးရင်လည်း ရတယ်လို့ ထင်သွားနိုင်ပါတယ်။
အိပ်ရာဆိုတာ အိပ်ဖို့အတွက်ပဲဖြစ်တယ်
ကလေးအနေနဲ့ အိပ်ရာဆိုတာ အိပ်စက်အနားယူဖို့ဆိုတဲ့ အသိရှိနေရင် အိပ်ရာဝင်ချိန်မှာ အိပ်ရာထဲ လှဲအိပ်လိုက်တာနဲ့ အိပ်ပျော်သွားပါလိမ့်မယ်။ ကစားဖို့နေရာလို့ ထင်ရင် အိပ်ရာထဲမှာလည်း မအိပ်ဘဲ အရုပ်တွေနဲ့ ကစားတာ၊ မွေ့ရာပေါ် ခုန်ပေါက် ဆော့ကစားတာမျိုး လုပ်ကာ နိုးကြားနေနိုင်ပါတယ်။
တီဗီကြည့်ရင်း မအိပ်ပါစေနဲ့
ကလေးကို တီဗီကြည့်ရင်း၊ ကွန်ပျူတာဂိမ်းကစားရင်း အိပ်တာမျိုး ခွင့်မပြုသင့်ပါဘူး။ ဖြစ်နိုင်ရင် အိပ်ခန်းထဲမှာ တီဗီ၊ ကွန်ပျူတာတွေကို မထားသင့်ပါ။
ရွှေရောင်စည်းမျဉ်းများ
ကလေးဟာ အိပ်ရာထဲမှာ မနေချင်တာကြောင့် ရေသောက်ချင်တယ်၊ ဗိုက်ဆာတယ်၊ အိမ်သာသွားချင်တယ် စတဲ့အကြောင်းပြချက်တွေကို မျိုးစုံပေးလေ့ ရှိပါတယ်။ အခန်းထဲမှာ သောက်စရာ ရေကို ထည့်ထားပါ။ အိမ်သာကို အလွယ်တကူသွားနိုင်အောင် စီစဉ်ထားပါ။ ကလေးကို အိပ်ခါနီးမှာ နွားနို့ပူပူတစ်ခွက်နဲ့ မုန့်ကျွေးထားပါ။ သွားတိုက်ပြီးရင် ဘာမှ ထပ်မစားရတော့ဘူး ဆိုတာကိုပါ ပြောပြထားပါ။
နေ့ခင်း ကစားချိန်မှာ
ကလေးတွေကို နေ့ခင်းဘက်မှာ ကစားချိန်များများ ပေးထားပြီး ကစားခိုင်းပါ။ ကလေးအများစုက နေ့ခင်းဘက်မှာ ကစားရတာ အားမရတာကြောင့် ညဘက်မှာ ထပ်မံဆော့ကစားလိုပြီး မအိပ်လိုတာမျိုး ဖြစ်တတ်ပါတယ်။ ကလေးတွေက အိပ်ရေးဝမှသာ လန်းဆန်းကျန်းမာပြီး ကောင်းမွန်စွာ ကြီးထွားနိုင်မှာ ဖြစ်တာကြောင့် သင့်ကလေးအတွက် လိုအပ်တဲ့ အိပ်ချိန်ရအောင် တည်ဆောက်ပေးဖို့ အရေးကြီးပါတယ်။
ဇွန်
By Good Health
Shared from http://news.yatanarpon.com.mm/news/article-54487
0 comments:
Post a Comment