ဗိုလ်ချုပ်အကြောင်း(၂၂)
Author: lubo601 | 1:41 PM | No မှတ်ချက် |
Thursday, March 29, 2012
ကျွန်ုပ် သိသော ဗိုလ်ချုပ်
``ဇူလိုင်လ ၁၉ ရက်``
``ဇူလိုင်လ ၁၉ ရက်နေ့`` ဆိုလျှင်ဘဲ စာဖတ်သူများအဖို့ ၎င်း နေ့စွဲကား ထင်ရှားစွာဆောင်သော အဓိပ္ပာယ်ကို သိရှိပြီး ဖြစ်ပါလိမ့်မည်။
ယခုလာမည့် ၁၉၅၂ ခု ဇူလိုင်လ ၁၉ ရက်နေ့ဆိုလျှင် နယ်ချဲ့သမား လက်ပါးစေ လူမသမာတို့ လက်ချက်ဖြင့် ဗမာလူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရေတိမ်နစ် ကျဆုံးရာ ငါးနှစ်တင်းတင်း ပြည့် ချေတော့မည်.။
ငါးနှစ်ဆိုသော အချိန်ကာလမှာ ဘာမျှ မဝေးသေးသော အတိတ်ဖြစ်ပေသည်။ သို့ရာတွင် ``သေသောသူ ကြာလျှင်မေ့`` ဟူသော စကားအတိုင်း လိုက်နာရန် အလွန်သနာပါလှသော ကျွန်ုပ်တို့ ဗမာလူမျိုးများအဖို့ ငါးနှစ်မျှသော အချိန်ကာလသည် အင်မတန်ပဲ ကြာခဲ့ပါပြီ။
ဟုတ်ပါသည်။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်ုပ်တို့ တတွေက ``ဗမာပီပီ `` လွယ်လင့်တကူပဲ မေ့ပြစ်လိုက်ခဲ့ပါပြီ။
ထို့ကြောင့်ပင် မဟုတ်ပါလော ။ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်တို့ ကျဆုံးကာစက သူတို့၏ ရုပ်ကလပ်တွေ ဂျူဘလီဟော မှာထားပြီး တဖွဖွ ကြွေးကြော်ခဲ့သော ဗိုလ်ချုပ်တို့ စွမ်းအင်နှင့် ဂုဏ်သမာဓိ အကြောင်းတွေ ``ဗိုလ်ချုပ်လမ်းစဉ်`` အကြောင်းတွေကို ကျွန်ုပ်တို့ ယနေ့ တစ်နေ့တခြား အပြောနည်း လာကြတော့လျှက် ခေါင်းဆောင်ကြီးများ ကျဆုံးရာ နှစ်ပတ်လည်နေ့ကျမှ တစ်နှစ်တစ်ကြီမ် အာဇာနည်ကုန်းသို့ ဝတ်ကျေ ဝတ်ကုန် သွားရောက်ကာ အလေးပြု ဖော်ရကြပါတော့သည်။
ထို့ကြောင့် မဟုတ်ပါလော--- ဗိုလ်ချုပ်လမ်းနှင့် ဆူလေဘုရားလမ်းဆုံတွင် ထူးခြားပြောင်မြောက်သော ဗိုလ်ချုပ်ကြေးရုပ်ကြီးကို ကြွားကြွားဝင့်ဝင့် တည်ရစ်နေပေအံ့ဟု ကျွန်ုပ်တို့ လေလုံးထွားခဲ့သလောက် ယခုအခါ ထိုကြေးရုပ်၏ နမူနာပုံစံ (Model) ကိုပင်လျှင် အပြီးမသတ်နိုင်ပဲ ရှိပါသေး သည်။
ယုတ်စွ အဆုံး သူ၏နာမည်ကို မှည့်ခေါ်၍ထားသော ဗိုလ်ချုပ်လမ်းမကြီးကို ပင်လျှင် (မောင်ဂိုမာရီလမ်း) ဟူသော စာတမ်းဟောင်းတွေ မဖြုတ်ပဲ ရှိနေသေးလျှက် ယခုထက်တိုင် ဗိုလ်ချုပ်လမ်း တည်းဟူသော ကမ္ဗည်းစာတမ်းသစ်ထိုးရန် ကျွန်တော်တို့အဘို့ မအားလပ်သေးပေ။ ထို့ကြောင့် မော်တော် ဘက်စ်ကား သမားများ က အစ မောင်ဂိုရီ လမ်းဟု ခေါ်ရတာဘဲ အရသာရှိသလိုလို ဖြစ်နေပါသည်။
ဤသို့လျှင် ဗမာတစ်နိုင်ငံလုံး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား သတိရသင့်သလေက် မရတော့ဘဲ သွေးအေးနေပြီ ဖြစ်သောအချိန်`၌ ဗမာပြည်သူ လူထုကြီး တစ်ရပ်လုံး၏ စည်းလုံးညီညွတ်သော ခေါင်းဆောင်မှု အမှတ်လက္ခဏာ (SYMBOL) ထို ``အောင်ဆန်း`` မည်သော ဗိုလ်ချုပ်၏ ဂုဏ်ကျေးဇူးများ ကို အဖန်တလဲလဲ ဆင်ခြင်အောင့်မေ့ရေးအတွက် သတိပေးဆော်သြရန် လိုအပ်သည့်အားလျော်စွာ သူကျဆုံးရာ ငါးနှစ်မြောက် အထိမ်းအမှတ်ကာလတွင် ဤဆောင်းပါးဖြင့် ကျွန်ုပ်၏ ဆရာသမား ဗိုလ်ချုပ်အောင်ဆန်းအား လှိုက်လှဲစွာ အလေးပြုလိုက်ရပါသတည်း။
``တက္ကသိုလ် နေဝင်း``
ဗိုလ်ချုပ်သာ ရှိလျှင်
` ``ဗိုလ်ချုပ်ရှိရင်လည်း ဗမာပြည်ရဲ့ အခြေအနေဟာ ဘာမှ ပိုမထူးနိုင် ခုလိုအတိုင်း ဖြစ်နေမှာပါဘဲ``
တစ်ခါက လူငယ်နိုင်ငံရေးသမား တစ်ယောက်နှင့်တွေ့၍ ကျွန်ုပ် ထွေရာလေးပါး စကားလက်ဆုံ ကျသွားရင်း ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းေ၇ာက်သွားရာ ကျွန်ုပ်တို့လို ရင်းနှီးသော ရဲဘော်များက ဗိုလ်ချုပ်အား တကယ်ကြည်ညိုမှန်းသိ၍ ထိုမိတ်ဆွေက အထက်ပါအတိုင်း ဝေဖန်လိုက်ခြင်း ဖြစ်လေသည်။
သူဆိုလိုသော အဓိပ္ပာယ်ကတော့ ယနေ့ ဗမာနိုင်ငံတွင် ဖြစ်ပျက်နေသမျှသည် ရာဇဝင်ကြောင်းအရ မလွဲမသွေ ဖြစ်ပေါ်လာရခြင်းများဖြစ်ပြီး ရှောင်ဖယ်တားဆီးရန် မရနိုင်ဟူ၍ပင် ဖြစ်လေသည်။ ထို့ကြောင့် အောင်ဆန်းမကလို့ သကြားမင်းလာလုပ်ရင်တောင်မှ အခုထက်ပိုပြီး ကောင်းနိုင်စရာမရှိဟု သူက ဇွတ်ဆိုလေသည်။
``အောင်ဆန်းအဖို့ ခပ်စောစော သေသွားတာဘဲ ကောင်းပါတယ် ၊ ရှေ့မှောက်ဆိုရင် နာမည်ပျက်လောက်အောင် အဆင်မပြေမှုတွေ တွေ့ရတော့မှာမို့ သူ့အဖို့ နာမည်အတတ်ဆုံး အချိန်မှာ သေသွားတာက ကောင်းတယ်လို့ ဆိုရမယ်``
ဤသို့ပင် ထိုသူက မှတ်ချက်ချလိုက်သေး၏။
သို့သော် ကျွန်ုပ်တို့ အဘို့ကား ၎င်းမိတ်ဆွေ ပြောသမျှကို လက်မခံနိုင်ပါ။ ဗိုလ်ချုပ်သာ ရှိလျှင် ယနေ့ဗမာပြည် အခြေအနေ မည်သို့ရှိမည်ကို ဇွတ်အတင်း ညင်းသည်ထက် အောင်ဆန်းခေါ် လူထုခေါင်းဆောင် တစ်ယောက်၏ ဖြစ်စဉ် (Process ) ကိုပြန်လည် သုံးသပ်ဝေဖန်လျှက် ၎င်း ဖြစ်စဉ်အရ ဗိုလ်ချုပ်တွင် မည်မျှလောက် အလားအလာ ရှိသည်ကို ဆင်ခြင်မှန်းဆ ကြည့်ခြင်းက ပို၍ သင့်လျှော်မည်ဖြစ်သည့် အတိုင်း ``ကျွန်ုပ်သိသောဗိုလ်ချုပ်``အား ထောင့် angle တစ်ထောင့်မှ မြင်ရပုံကို တင်ပြလိုက်ရပြန်ပါသည်။
နိုင်ငံရေး သဘောအရဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၆ ခု ကျောင်းသားသပိတ် အရေးတော်ပုံကြီးမှ မွေးဖွားလိုက်သော သားရတနာတစ်ယောက် ဟူ၍ဘဲ ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ၁၉၃၆ ခု သည်ဘက်ကျမှ ``အောင်ဆန်း``ဆိုသောအမည်ကို တိုင်းပြည်က စတင်သိခဲ့လျှက် ၎င်း ကိုယ်တိုင်ကလည်း နတ်မောက်မြို့မှ မြေပိုင်ရှင် လူလတ်တန်းစား ကောလိပ်ကျောင်းသား တစ်ယောက်အဖြစ် သီးခြား တည်ရှိနေရာမှ ပြည်သူလူထုကြီးနှင့် ခွဲခြား၍ မရအောင် ဆပ်စပ်နေသည့် (ဝါ) လူထု လှုပ်ရှားမှုရာဇဝင်တွင် အလားလာ ရှိသူတစ်ဦး အဖြစ်သို့ရောက်လာခဲ့သောကြောင့် ပင်တည်း ။
အမှန်အားဖြင့်ကား ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၆ ခု ကောလိပ်သပိတ်ကြီးမတိုင်မီကပင် မျိုးချစ်စိတ်ဓါတ် သန်ပြီး တတ်ကြွသော လူငယ်နိုင်ငံရေးသမား တစ်ယောက်ဖြစ်ခဲ့လေသည်။ လူမှန်းသိကာစ အရွယ်က နတ်မောက်မြို့ရှိ သူ၏ မိခင်ကြီး ဒေါ်စုက ရပ်ရွာထဲမှ လူများအား စပါးပေး စနစ်ဖြင့် ငွေတိုးချေးခြင်းကို မုန်းတီးစက်ဆုပ်ကာ ဗြောင် ဖွင့် ဟပြောခဲ့သလိုပင် ရန်ကုန်တက္ကသိုလ်သို့ ရောက်သောအခါ ကိုလိုနီပညာေ၇းစနစ်ကို မုန်းတီးရွံရှာလျှက် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့လေသည်။ ဤအချက်ကို တက္ကသိုလ်ကျောင်းသားဘဝက သူနှင့်ခင်မင် ရင်းနှီးသူများ အသိဆုံးဖြစ်၏။
၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ကြီးကို ကောလိပ်ကျောင်းသားများ အခွင့်အေ၇းလိုလားချက်များ မရ၍ တောင်းဆိုသော သာမန်အရေးကိစ္စတစ်ခုထက် ပိုမိုထူးခြားသော နိုင်ငံရေး အချက်လက္ခဏာများ ရှိကြောင်း ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့ ကောင်းစွာ သဘောပေါက်ခဲ့ကြလေသည်။ ရန်ကုန်တက္ကသိုလ်မှ စတင်လျှက် တစ်နိုင်ငံလုံး ကူးစက်ပျံ့နှံ့သွားသော ကျောင်းသားသပိတ် အရေးတော်ပုံကြီးမှာ ဗြိတိသျှ တို့၏ မူမမှန်သော ကိုလိုနီပညာရေးစနစ် နှင့် နယ်ချဲ့ဝါဒကို အပြင်းအထန် ဆန့်ကျင်သော ဆန္ဒဖြင့် ပေါက်ကွဲအုံကြွလာသော လူထုလှုပ်ရှားမှုကြီး ( Mass Move-ment ) တရပ်အနေနှင့် ဗိုလ်ချုပ်က မြင်ခဲ့လေသည်။
တက္ကသိုလ်အာဏာပိုင်များက စေ့စပ်ရေး စကားကမ်းလှမ်းကာ ပျားရည်နှင့် ဝမ်းချသည်ကို မစ္စတာ ရာရှစ် နှင့် ကိုနုတို့ ခေါင်းဆောင်သော လူအများစုက လက်ခံခဲ့သလောက် ထိုစေ့စပ်ရေး မူကို အပြင်းအထန် ကန့်ကွက်သဘောမတူခဲ့သူများတွင် ကိုအောင်ဆန်းပါဝင်ခဲ့သည်ကိုလည်း ကျွန်ုပ်တို့ မမေ့အပ်ပေ။
၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ကြီး ပြီးသွားသည့်နောက်တွင်ကား --- ဗိုလ်ချုပ်သည် ပြည်သူ လူထုကြီးနှင့် တောက်ရှောက် အဆက်မပြတ်ခဲ့တော့ချေ ။ သူ၏ မဆုတ်မနစ်သော လုံ့လဖြင့် ကြိုးပမ်းမှုကြောင့် (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ) တည်းဟူသော တိုးတတ်သည့် လူငယ်တပ်ပေါင်း စုကြီးတစ်ခု အကောင်အထည် ပေါ်လာခဲ့ပေသည်။ ၁၉၃၇ ခုနှစ်က မန္တလေးတွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံသည်၎င်း ၁၉၃၈ ခု ပုသိမ်ကျောင်းသားညီလာခံသည် ၎င်း ၊ ဗိုလ်ချုပ်အောင်ဆန်းတွင် လူထုစည်းရုံးရေးစွမ်းရည် မည်မျှရှိကြောင်းကို ထင်ရှားစွာ ဖော်ပြခဲ့သော သာဓက များပင်ဖြစ်လေသည်။
၁၉၃၈ ခုနှစ်ထဲမှာပင် ရန်ကုန်တက္ကသိုလ်တွင် ဘီအယ်လ် ခေါ် ဥပဒေတန်း၌ ပညာသင်ကြားရာမှ ဒို့ဗမာအစည်းအရုံးကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ်ဖြင့် သခင်အောင်ဆန်းဟူသော အမည်ကို တိုင်းပြည်က ကြားရပြန်လေသည်။ ဤကား ဗိုလ်ချုပ်အဘို့ ကျောင်းသားနိုင်ငံရေးသမား ဘဝမှ တကယ့် လူထုကြားထဲသို့ ဝင်ပြီး ထိရောက်စွာ လုပ်ရမည့် ရာခိုင်နှုံး အပြည့် တော်လှန်တတ်ကြွသော နိုင်ငံရေးသမား တစ်ယောက်အဖြစ်သို့ ထင်ရှားစွာ ကူးပြောင်းသွားခြင်းပင် ဖြစ်တော့သည်။
ဗြိတိသျှ ကျွန်ခေတ် ဗမာနိုင်ငံရေးသမိုင်းတွင် ပြောင်မြောက်ထင်ရှားခဲ့သော ( ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံ) အတွင်း က ကျောင်းသားအရေးနှင့် အလုပ်သမား လယ်သမား လူထုကြီး လှုပ်ရှားမှုနှင့် ဆက်စပ်ကာ တစ်ပြည်လုံးအုံကြွပြီး နယ်ချဲ့သမားက မျက်လုံးမျက်ဆံပြူးစေလောက်အောင် စွမ်းဆောင်နိုင် ခဲ့သည်မှာလည်း သခင်အောင်ဆန်း၏ ထူးခြားသော စည်းရုံးမှုအရည်အချင်း တော်လှန်မှန်ကန်သော နိုင်ငံရေး ခေါင်းဆောင်နိုင်မှုကြောင့် ဖြစ်ခဲ့သည်ကို ထိုခေတ်က သူနှင့် လုပ်ဖော်ကိုင်ဘက် နိုင်ငံရေးရဲဘော်များ အသိဆုံးဖြစ်လေသည်။
ဗမာပြည်လွတ်လပ်ရေးရရန်အတွက် ဒူးထောက်ပြီး လက်ဝါးဖြန့်တောင်း၍ မရနိုင်။ လက်နက်ကိုင် တော်လှန်ရေးသာလျှင် လွတ်လပ်ရေးကို ရယူနိုင်စွမ်းသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းကို အချိန်စောစွာကပင် ဗိုလ်ချုပ်က ကောင်းကောင်းသိခဲ့လေသည်။ ၎င်း သိမြင်ချက်ကြောင့် ၁၉၄၁ ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်း ဘီအိုင်အေ ခေါ် ဗမာ့လက်နက်ကိုင်တပ်ကြီးတစ်ခု မားမားမတ်မတ် ပေါ်ထွက်လာခဲ့ရပေသည်။ ရှေးခေတ်က ရိုင်ဖယ်သေနတ်ကို ပစ်တတ်ဖို့ဝေးစွ ၊ နီးနီးကပ်ကပ်ပင် မမြင်ဘူးခဲ့သော ဗမာကျောင်းသား လယ်သမား အလုပ်သမား သာမန်အရပ်သား တို့ကို စုရုံးဖွဲ့စည်းလျှက် ခောတ်မီလက်နက်ဆန်းများကိုပါ ကျင်လည်စွာ ပစ်ခတ်ကိုင်တွယ်တတ်လာကာ ``ဗမာ့လွတ်လပ်ေ၇းတပ်မတော်`` အလံအောက်တွင် ဗြိတိသျှနယ်ချဲ့ သမားအား ကာယကံမြောက် လက်နက်ကိုင် တော်လှန်တိုက်ခိုကနိုင်ခဲ့ခြင်းမှာလည်း ဘီအိုင်အေ တပ်၏ ဦးစီးသေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးခေါင်းဆောင်မှုကြောင့်ပင် မဟုတ်ပါလော။
ဖက်ဆစ်ဂျပန်နှင့် အခြေအနေအရ ပူးပေါင်းခဲ့ရခြင်း အကြောင်းကိုကား ဗိုလ်ချုပ်ကိုယ်တိုင်ရေးခဲ့သော (Burma’s Challenge ) အင်္ဂလိပ်စာအုပ်၌ ဝန်ခံဆွေးနွေးထားပြီးဖြစ်၍ ဤနေရာတွင် အထူးမရေးသားလိုတော့ပေ။ ဘီအိုင်အေ တပ်မတော်ကို ဗိုလ်ချုပ်တို့ဖန်တီး တည်ထောင်ခဲ့ခြင်း၏ အထင်ရှားဆုံး အကျိုးသက်ရောက်မှု တစ်ခုကား ရာဇဝင်မြောက် ဖက်ဆစ်တော်လှန်ရေးကြီးကို ဆင်နွဲကြသော အခါ၌ ဖက်ဆစ်ဂျပန်အား နိုင်ငံရေးအရသာ တော်လှန်ခြင်းမဟုတ်ဘဲ စစ်ရေးအရလဲ ထိရောက်စွာ အပြတ်အသတ် တော်လှန်တိုက်ခိုက် နိုင်ခဲ့သော မျိုးချစ်ဗမာ့တပ်မတော်၏ အောင်မြင်မှုများပင် ဖြစ်လေသည်။
ဤနေရာတွင် အလျဉ်းသင့်၍ ဖော်ပြရမည် ဆိုလျှင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့် ဖက်ဆစ်တော်လှန်ရေးအကြောင်းကို ပြောကြရာ၌ ကွန်မြူနစ်ပါတီဝင်အချို့ အတတ်ကြွဆုံး ဖက်ဆစ်ဆန့်ကျင်ရေးခေါင်းဆောင်အဖြစ် သခင်စိုးကြီးကို အပြောများခဲ့၏။ ကျွန်တော်တို့သဘောတွင်ကား သခင်စိုးကြီးသည် ဖက်ဆစ်ကို မုန်းတီးရာ၌၎င်း ၊ ဖက်ဆစ်ဆန့်ကျင်ရေးကို လှုံ့ဆော်ရာ၌၎င်း သူမတူအောင် တတ်ကြွပြင်းထန်ကြောင်း ယုံမှားဖွယ်မရှိပေ။ သို့သော် ဖက်ဆစ်ကို ဗမာမြေပေါ်၌ ကာယကံမြောက် ကျဆုံးသွားအောင် ထိရောက်စွာ တော်လှန်ခဲ့ (ဝါ) လက်နက်ကိုင်တော်လှန်ရေးဖြင့် ပြောင်မြောက်စွာ ခေါင်းဆောင်မှုပေး၍ တိုက်ခိုက်ခဲ့ရာ၌ ဗိုလ်ချုပ်အောင်ဆန်းသာလျှင် ထင်ထင်ရှားရှား စွမ်းဆောင်နိုင်ခဲ့သည်ဟု ကျွန်ုပ်တို့ယုံကြည်မိပေသည်။
ဖက်ဆစ်တော်လှန်ရေးအပြီး နိုင်ငံလွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းရန် စခန်းတွေရှိသေးသဖြင့် ဖ-ဆ-ပ-လ တည်းဟူသော အမျိုးသားတပ်ဦးကြီးကို စည်းရုံးကာ မှန်ကန်သော ခေါင်းဆောင်မှု ပေးနိုင်ခဲ့သူမှာလည်း ဗိုလ်ချုပ်ပင် ဖြစ်နေလေသည်။
ဘီအိုင်အေ ၊ ဘီဒီအေ ရဲဘော်ဟောင်းများကိုလည်း ``ပြည်သူ့ရဲဘော်တပ်ဖွဲ့`` ဟူ၍ လိမ္မာ ကျွမ်းကျင်စွာ စည်းရုံးဖွဲ့စည်းထားနိုင်ခဲ့သေး၏။ ထိုအချိန်က ပြည်သူ့ရဲဘော်တပ်ဖွဲကို ဗိုလ်ချုပ်၏ ခါးပိုက်ဆောင်စစ်တပ်ဟု အချို့ ဝေဖန်ခဲ့သေး၏။ စင်စစ်ကား ဗိုလ်ချုပ်သည် ဘီအိုင်အေ ခေတ်က စပြီး တတ်ကြွလျှက် တော်လှန်ရေးရိုးရာရှိသော သူ၏ ရဲဘော်များကို စနစ်တကျ ထိမ်းသိမ်းထားခြင်းပင်ဖြစ်၏။ ၁၉၄၇ ခုနှစ် ဦးက ဘိလပ်သို့သွားရောက်အရေးဆိုစဉ်က ရှစ်သိန်းကျော်ရှိ တော်လှန်ရေးသမား ပြည်သူ့ရဲဘော်များ၏ အင်အားကို ဗိုလ်ချုပ်ကိုယ်တိုင် အထူးအားထားခဲ့လေသည်။
ထို့နောက်ကား ဗိုလ်ချုပ်ခမျာမှာ သူ့စိတ်တွင် အမြောက်အများရှိသော အကြံအစည် ရည်ရွယ်ချက်များ အောင်မြင်ပြီးဆုံးခြင်းမရှိသေးဘဲ လမ်းခုလတ်တွင် ရေတိမ်နစ်ကျဆုံးသွားရရှာသည်။
အထက်ပါအကြောင်းနှင့်တကွ ဗိုလ်ချုပ်၏ နိုင်ငံရေးဘဝ ဖြစ်စဉ်ကို ထောက်ပြီး ``ဗိုလ်ချုပ်သာ ရှိလျှင် ယနေ့ဗမာပြည် အခြေအနေမှာ ဘာမှ ပို၍ မထူးနိုင်`` ဟူသော ယူဆချက်ကို ကျွန်ုပ်တို့လက်မခံနိုင်ပါ.။
ပုဂ္ဂိုလ်စွာ ကြည်ညိုမှု အားကြီးသည်ဟု ကျွန်ုပ်တို့ ရဲဘော်တွေကို ဗိုလ်ချုပ်နှင့် ပတ်သတ်၍ ဝေဖန်ပြောဆိုခြင်းတွေ များနေသည့်ကြားထဲကပင် ကျွန်ုပ်တို့ အဘို့တော့ ``ဗိုလ်ချုပ်သာ ရှိလျှင် ယနေ့ဗမာပြည်နိုင်ငံရေး ပြည်တွင်းစစ်အခြေအနေ ရဲဘော်ဖြူ ပြဿနာ ၊ ကေအန်န် ဒီအို ပြဿနာ ၊ နိုင်ငံခြားရေးဝါဒ နှင့် အီးစီအေ ၊ အမ်မ်အက်စ်အေ ၊ အမေရိကန် ၊ အထောက်အပံ့ ပြဿနာ စသည်တို့မှာ မလွဲဧကန် တစ်မျိုတစ်ဖုံ ဖြစ်ရလိမ့်မည်`` ဟူ၍ တထစ်ချ ဆိုဝန့်ပါသတည်း။
ကိုစိုးနိုင်
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment