Author: lubo601 |
1:15 PM |
|
ရင်ဘတ်။ ၁။ အောင်ဆန်း၊ ဂန်္ဒီ၊ ဆွန်ယက်ဆင်၊ ဟိုဆေးရီဇာ၊ မင်ဒဲလား၊ မာတင်လူသာကင်းအငယ် တို့၏ လိပ်ပြာလှသော အဖြူရောင်ရင်ဘတ်များဖြင့် လူသားများ၏ အိပ်မက်တို့ကို တပ်ဆင်ခဲ့ကြကြောင်း ကျွန်တော်တို့ ခင်ဗျားတို့ သိနားလည်ခဲ့ကြသလို ဟစ်တလာ၊ စတာလင်၊ ဆက်ဒမ်ဟူစိန်၊ မူဘာရက်၊ ဘင်လာဒင်တို့၏ အမည်းရောင်ရင်ဘတ်များက သူတို့သမိုင်းကို သူတို့ရေးသည်ဆိုသော်လည်း ထိုသမိုင်းများသည် အမှတ် ၁၀၀ ဖိုးဖြေပြီး ၇၅ မှတ်ရလျှင် ဂုဏ်ထူးထွက်သော သမိုင်းများလောက် အမှန်တကယ် မလွယ်ကူမှန်းကိုလည်း ကျွန်တော်တို့ ခင်ဗျားတို့၏ သမိုင်းအသိများတွင် သိရှိထားကြပြီးဖြစ်ကြောင်း ကျွန်တော့် အနေနှင့် သမိုင်းကြောင်းကို ပြန်လှန်စရာ အကြောင်းမရှိတော့ပါ။ အလန်ဂျင်းစ်ဘတ်၏ ရင်ဘတ်၊ မြသန်းတင့်၏ ရင်ဘတ်၊ အမီတာဂို့ခ်ျ၏ ရင်ဘတ်၊ မောင်သာချို၏ ရင်ဘတ်၊ ဂျုး၏ ရင်ဘတ်၊ အမေများ၏ ရင်ဘတ်၊ မာသာထရီဇာ၏ ရင်ဘတ်၊ ဂျနီဖာလိုးပက်စ်၏ ရင်ဘတ်၊ ထိုရင်ဘတ်များဖြင့် လက်လှမ်းမီရာ လူအဖွဲ့အစည်းများ တည်ဆောက်ခဲ့ကြသော်လည်း ထာဝရဘုရားသခင်ထံတွင် ရင်ဘတ်ရှိ၊ မရှိ ကျွန်တော် မသိပါ။ ခင်ဗျားတွင်လည်း ရင်ဘတ်ရှိမည်မှာ အသေအချာဖြစ်သည်။ ကျွန်တော့်တွင် ခေးအော့စ် ဖြတ်စီးနေသော ရင်ဘတ်တစ်ခု ရှိပါသည်။
ရင်ဘတ်။ ၂။ အချို့သောသူများတွင် ရင်ဘတ်တစ်ခုသာရှိသော်လည်း အချို့သောသူများတွင်တော့ ရင်ဘတ်တစ်ခုမက ရှိကြသည်။ အချို့ရင်ဘတ်များက ကျယ်ဝန်းကြသည်။ အချို့ရင်ဘတ်များကတော့ ကျဉ်းမြောင်းလွန်းလှသည်။ အချို့ရင်ဘတ်များက ကရုဏာအပြည့်။ အချို့ရင်ဘတ်များက ရက်စက်ကြမ်းကြုတ်။ အချို့က ငြိမ်သက်တည်တံ့။ အချို့က ပုတ်သင်ညိုလို အရောင်ပြောင်း။ အချို့က သဘောထားကြီး။ အချို့က ဖွဲနုပ်သေးသိမ်။ အချို့က အကောင်းမြင်။ အချို့က အပြစ်ရှာ။ အချို့က ပေးကမ်းရက်ရော၊ အချို့က နှမြောတွန့်တို။ ရောင့်ရဲတင်းတိမ်။ အလိုရမက်ကြီး။ ပညာပြည့်ဝ။ မောဟဖုံးလွှမ်း။ ရိုးသားဖြောင့်မတ်။ ကောက်ကျစ်ယုတ်မာ။ အချို့ရင်ဘတ်များက အလျှံပယ်။ အချို့ရင်ဘတ်များက စားရမဲ့သောက်ရမဲ့။ အချို့ရင်ဘတ်များက တက်စရာ လမ်းဆုံးနေသလို အချို့ရင်ဘတ်များကလည်း ဆင်းစရာ လမ်းကို မရှိတော့။ ရင်ဘတ်များ။ ရင်ဘတ်များ။ ကမ္ဘာသား သန်း ၆၀၀၀ တို့၏ ရင်ဘတ်များ။ ရင်ဘတ် တစ်ချို့တွင် ဆိုင်ကလုန်း၊ တိုင်ဖွန်းများ တ၀ုန်းဝုန်း တိုက်ခတ်နေသလို အချို့ရင်ဘတ်တွေမှာတော့ ရစ်ခ်ျတာစကေးပြင်းသော ငလျင်များ ယိမ်းထိုးလှုပ်ခတ်လျက်၊ တစ်ချို့မှာတော့ မီးတောင်ကြီးများ၊ ဆူနာမီများ၊ ရေဒီယိုသတ်္တိကြွများ၊ နူကလီးယားများ၊ အသေခံ ဗုံးများ၊ သေနတ်ကျည်ဆံများဖြင့် ပြည့်နှက်နေကြသည်။ ထိုရင်ဘတ်များအတွင်း ချိုးဖြူငှက်တို့၏ တောင်ပံခတ်သံ ကြားနိုင်၊ မကြား နိုင်က ဘုရားသခင်ပေါ်တွင် မူတည်နေပါသလား ကျွန်တော်မသိပါ။
ရင်ဘတ်။ ၃။ ညီမောင်လှ၏ “ညီမလေး၊ ကိုယ်မြို့ထဲမှာ” ဟူသောရင်ဘတ်ကို eBay တွင် လေလံတင် ရောင်းချပါက ဘယ်လောက်ရမည် မသိသော်လည်း “မိဘဆိုတာ သားသမီးတွေရဲ့ စိတ်ဆန္ဒကိုထည့်တွက်ပေးရမှာပေါ့” ဆိုသည့် အမေတစ်ယောက် ၏ ရင်ဘတ်ကတော့ ၅၂၈ အပြည့်အ၀ရရှိမှာ သေချာလှသည်။ ကိုပါးနီးကပ်စ်၏ အဆိပ်ခွက်သောက်သွားသောရင်ဘတ်နှင့် အမှန် တရားနဲ့ ကိုက်ညီတဲ့ အင်အားကို မသေမချင်း မျိုးပွားမယ့် နွေဦး၏ရင်ဘတ် တစ်မျိုးစီ လှနေကြသည်။ ရင်ဘတ် ရောင်း၊ ၀ယ်၊ ငှား၊ အကျိုးဆောင်ကုမ္ပဏီ တည်ထောင်မည်ဆိုပါက ခင်ဗျား၏ရင်ဘတ်ကို အရင် သန့်ရှင်းရေးလုပ်ထားဖို့ လိုအပ်ပါလိမ့်မည်။ “ငါ၊ သူတ ပါး၊ ယောက်ျား၊ မိန်းမ၊ ပယောဂတစ်စုံတစ်ရာကြောင့်၊ ဘယ်သူ့အတွက်ကြောင့်၊ ဘာအတွက်ကြောင့်ဖြစ်ဖြစ် နေ့စဉ်နဲ့အမျှ သစ် ရမယ့်နေ့သစ်တွေကို သွေးမစွန်းပါစေနဲ့တော့” ဟူသော မကွေးသား၏ ရင်ဘတ် ကျွန်တော် အကြိမ်ကြိမ် ပွတ်သပ်နေရပေဦးမည်။ ကမ္ဘာပေါ်ရှိ ရင်ဘတ်များ ဆင်းရဲမွဲတေ၊ စုတ်ချာငတ်ပြတ်၊ ရောဂါထူပြော၊ သေကြေပျက်စီးနေရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေး ရန် ကမ္ဘာလုံးဆိုင်ရာ ရင်ဘတ် သမဂ္ဂအသင်းချုပ်ကြီးက ရင်ဘတ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုဖွဲ့စည်းပြီး “အော်ပရေးရှင်း ရင်ဘတ်” အမည်ပေးကာ စုံးစမ်းထောက်လှမ်းမှုများကို ပြုလုပ်နေကြကြောင်း ကြားသိရပြီးသကာလ အစီရင်ခံတင်ပြချက်များ ပေါ်ထွက်လာရာ ကမ္ဘာပေါ်ရှိရင်ဘတ်များ ထိုကဲ့သို့ အဖြစ်ဆိုးများနှင့် ကြုံတွေ့နေကြရခြင်းမှာ ရင်ဘတ်များကြောင့်သာဖြစ်ပြီး ရင်ဘတ်များကသာ ကယ်တင်နိုင်လိမ့်မည်ဟု ဆိုလေသောအခါ ကမ္ဘာ့ရင်ဘတ်များအကြောင်း ဆက်လက်ထောက်လှမ်းရန် မလိုအပ်တော့ဟု အကြောင်းပြပြီး ကမ္ဘာလုံးဆိုင်ရာ ရင်ဘတ်သမဂ္ဂအသင်းချုပ်ကြီးကို ဖျက်သိမ်းလိုက်ကြောင်းကြားသိရသည်နှင့် တစ်ပြိုင်နက် ကျွန်တော့်ရင်ဘတ်ကို ဖြစ်စီးနေသော ခေးအော့စ်က နှစ်ဆပိုမိုပြင်းထန်လာလေတော့သည်။
ရင်ဘတ်။ ၄။ တိုးဝင်ခဲ့ကြသည်။ သူတို့အားလုံး ခုံမင်နှစ်ခြိုက်စွာ၊ ရူးသွပ်စွဲလမ်းစွာ နောက်ပြန်လှည့် မကြည့်စတမ်း သူတို့၏ရင်ဘတ်များဖြင့် တိုးဝင်ခဲ့ကြသည်။ ကျွန်တော်တို့ရှေ့မှ ဦးညွတ်စရာ သူရဲကောင်းများ။ ချီးကျူးသံ၊ ကဲ့ရဲ့ရှုတ်ချသံ၊ ကရုဏာသံ၊ ပြစ်တင်ဝေဖန်သံ။ အားလုံး၊ အားလုံး သူရဲကောင်းများ၏ ရင်ဘတ်နောက်တွင် အရိပ်တစ်ခုပမာ။ သူရဲကောင်းများကတော့ ရင်ဘတ်များဖြင့် တိုးဝင်ခဲ့ကြလေသည်။ ရင်ဘတ်ကိုဖွင့်။ ကျွန်တော့်ရှေ့တွင်ရှိနေသော ချွန်မြထက်ရှနေသည့် ဓားသွားတစ်လက်ဆီသို့။ အဟုန်နှင့်ပြေး။ နောက်ပြန်လှည့် မကြည့်စတမ်း။
ရင်ဘတ်။ ၅။ ချွန်မြထက်ရှနေသည့် အမှန်တရား ဆီသို့။
နန္ဒကြယ်စင်
Posted by May Mon Kyaw
--
0 comments:
Post a Comment