ယဉ်ကျေးမှုရှာပုံတော်
by မြေမှုန်လွင် on Monday, April 23, 2012 at 10:44pm
ယခုနှစ် သင်္ကြန်ကာလအတွင်း မြန်မာလူငယ်များ၏ တရားလွန် ၀တ်စားဆင်ယင်မှုအပေါ် အင်တာနက်စာမျက်နှာများတွင် ဝေဖန်ရှုတ်ချသံများ ပွတ်လောရိုက်ကျယ်လောင်ခဲ့သည်။ တချို့ဆို အမျိုးသားယဉ်ကျေးမှု အန္တရာယ်ဟုပင် တရားလွန် သမုတ်ခဲ့ကြ သည်။ ပြောလည်းပြောချင်စရာပင်။ မြန်မာလူမျိုးများ၏ အမြင်တွင်မတင့်တယ်လောက်အောင် လူငယ်များဝတ်ဆင် သောင်ကျန်းခဲ့ ကြသည်။
ဘာဖြစ်လို့ လူငယ်များ ထိုမျှလောက် မူရူးသောင်းကျန်းနေရတာလဲ။ ထိုလူငယ်တွေကအောက်တန်းစားတွေလား။ အရိုင်းအစိုင်း တွေလား။ အပြစ်တင်မစောကြပါနဲ့ဦး။ တံဆိပ်အသေမကပ်ပေးလိုက်ပါနဲ့။ ဒီလူငယ်များကိုပဲ အနာဂတ်မှာ အားကိုးရမယ် ဆိုတာ လူကြီးတွေ သဘောပေါက်စေလိုပါသည်။
ဖိလျင်ကြွမည်။ ချုပ်လျင်ရုန်းမည်။ တွန်းလျင်ထိုးမည်။ အရွဲ့တိုက်ခြင်းသည် လူငယ်များ၏ သင်္ကေတ ဖြစ်သည်။ ဒါတွေကို သဘောမပေါက်ဘဲ အရမ်းကာရော ဝေဖန်ခြင်းသည် လူငယ်များကို လမ်းမှန်မှ ဝေးရာသို့ ဆွဲချနေသလို ဖြစ်နေသည်။
သရုပ်ပျက် ၀တ်စားသူများကို ယဉ်ကျေးမှု ဖျက်စီးသူများဆိုလျင် မည်သူတွေက ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်နေ သနည်း။ နှစ်စဉ်ကျင်းပနေသည့် ဆိုကရေးတီး ပြိုင်ပွဲကြီးကရော မြန်မာယဉ်ကျေးမှု အစစ်အမှန်ထိန်းသိမ်းသည့် ပွဲတော်ကြီးဆိုတာ ဟုတ်ပါရဲ့လား။ ထိုနိုင်ငံတော်အဆင့် ပွဲတော်ကြီးကရော အနုပညာအဆင့်အတန်း မည်မျှမြင့်ပါသနည်း။ ရိုးရာဂီတကို အမှန်တကယ် မြတ်နိုးတက်ကျွမ်းလွန်းသဖြင့် ၀င်ပြိုင်နေကြခြင်းရော ဟုတ်ပါရဲ့လား။ ပရိတ်သတ် အစစ်များရော ရှိပါရဲ့လား။ ပြိုင်ပွဲဝင် တိုင်းဒေသ တချို့ဆိုလျင် လေကျင့်ချိန် မရှိဘဲ အိမ်ဖြည့်သဘောမျိုးဖြင့် ၀င်ပြိုင်ခြင်းများကို တွေ့မြင်ကြားသိနေရပါသည်။
ထားပါတော့။ ယဉ်ကျေးမှုကို ဖျက်စီးနေသည်ဆိုသော လူငယ်များ အကြောင်းပဲဆက်ပြောပါရစေ။ သရုပ်ပျက် ၀တ်စား ဆင်ယဉ်မှုသည် အနောက်တိုင်း၏ ဆိုးမွေများဟုပဲဆိုပါတော့။ ကိုယ်ပိုင်ယဉ်ကျေးမှု အခိုင်အမာရှိသော ဂျပန်၊ ကိုရီးယား မှအစ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ် အလယ် အစ္စလာမ်နိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒို အဆုံး အာရှနိုင်ငံကြီးများမှ လူငယ်များ အားလုံးသည် ယနေ့ခေတ် မြန်မာနိုင်ငံမှ လူငယ်များထက်ပိုမို ပွင့်လင်းစွာ နေထိုင်ဝတ်ဆင်ကြသည်။ အနောက်နိုင်ငံများမှ လွမ်းမိုးမှုများကို ကျေကျေနပ်နပ် မဟုတ်တောင် အထိုက်အလျောက်တော့ လက်ခံကြရသည်။
ထိုကဲ့သို့ ၀တ်စားနေထိုင်မှုများကြောင့် ထိုနိုင်ငံများဘာဖြစ်နေသနည်း။ လူနေမှု အဆင့်အတန်းများ နိမ့်ကျနေပါသလား။ ဆင်းရဲနေကြပါသလား။ တိုင်းရင်းသားအချင်းချင်း စစ်ဖြစ်နေကြပါသလား။ နိုင်ငံခြားသို့ထွက်ကာ ကျွန်လုပ်နေရပါသလား။ လူကုန်ကူးမှု အကြီးအကျယ်ခံနေရပါသလား။
ထိုနိုင်ငံများ၏ ဆန့်ကျင်ဘက်ဖြစ်သော ယဉ်ကျေးမှုဆိုသည့် ဘောင်ကြီးဖြင့် နေရာတကာ ချုပ်ချယ်တားမြစ်ထားသည့် မြောက်ကိုရီးယား၊ အီရန်၊ တရုတ် နိုင်ငံများ၏ ယနေ့အခြေအနေမှာရော မည်သို့ရှိနေပါသနည်း။
မင်းတို့တိုင်းပြည်က လူငယ်တွေက အရမ်းသရုပ်ပျက်တာပဲ ဆိုပြီး စီးပွားရေးလက်တွဲ မလုပ်တော့ဘူးဆိုသည့် စကားသံမျိုး ကိုမည်သည့် အနောက်နိုင်ငံကြီးများမှ ကြားဖူးပါသလဲ။ ဒီလောက်ဆိုရင် ၀တ်စားဆင်ယင်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုသည် တိုက်ရိုက်အချိုးမကျ ကြောင်းသိသာနိုင်ပါပြီ။
ကျွန်တော်တို့ နိုင်ငံတွင် အရေးပေါ်လိုအပ်နေသည်မှာ အ၀တ်အစား လုံလုံခြုံခြုံ ၀တ်ဖို့မဟုတ်။ ထွက်ပြေးနေရသော မိသားစု များ၏ ငြိမ်းချမ်းရေး၊ လူတန်းစေ့ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ပညာရေးနှင့် စာဖတ်ရှိန်များ မြင့်တင်ပေးရေး အပါအ၀င် နှစ်ပေါင်းများစွာ ဖိနှိပ်မှုများကြောင့် အရိုးစွဲနေသော ကြောက်စိတ်များကို ဖောက်ထုတ်ပြီး မှန်ရာကိုပြောရဲ၊ လုပ်ရဲသည့် သတ္တိများကို ပြန်လည်မွေးမြူရဦးမည်။ အချိန်ယူရပါမည်။ ထိုကဲ့သို့ ပြောင်းလဲရာတွင် လူငယ်များပါဝင်မှု မရှိဘဲ အောင်မြင်နိုင်မည်မဟုတ်။ သရုပ်ပျက် တွေဆိုပြီး ဖယ်ထားလျင်မှားလိမ့်မည်။
တစ်ဆင့်ပြီး တစ်ဆင့်လက်တွဲ ခေါ်ယူရမည်။ အချိန်တန်လျင် အမှားအမှန်ကို ခွဲခြားသိရှိသွားလိမ့်မည်။ ရှိသင့်ရှိထိုက်သည့် ယဉ်ကျေးမှု၏ တန်ဖိုးကို အလိုလိုနားလည်လာလိမ့်မည်။ စိတ်မပူပါနှင့်။ လူငယ်များတွင် လူကြီးများကဲ့သို့ မှန်ရာဘက်ကိုပြောင်းဖို့အရေး အချိန်ယူတွေဝေနေမည့် စိတ်ဓတ်မျိုးမရှိ။
နှစ်ပေါင်းများစွာ ပိတ်လှောင်ခြင်းခံခဲ့ရသော လူငယ်များအတွက် ပြတင်းပေါက်များသာ ဖွင့်ပေးကြပါ။ ရော့မင်းတို့ ရှုကြဆိုပြီး အောက်ဆီဂျင်ပိုက်ကြီးကို နှာခေါင်းထဲ အတင်းထိုးထည့်ပေးရန်မလိုသလို ဖုန်တွေပါလာလိမ့်မယ်ဆိုပြီး မျက်နှာဖုံးများလည်း စွပ်ပေးရန် မလိုအပ်ပါ။ လေကောင်းလေသန့်နှင့် အမှုန်အမွှားများကို မခွဲနိုင်လောက်အောင် နုံအသည့် လူငယ်များမရှိပါ။
အချုပ်အနေဖြင့်ဆိုရလျင် ရိုးရာယဉ်ကျေးမှုကို လူငယ်များအမှန်တကယ်မြတ်နိုးစေလိုလျင် ရိုးရာ၏အားသာချက်များကို ရှင်းပြပါ။ လူငယ်များဖြင့် နီးစပ်အောင် ကြိုးစားပါ။ ချစ်လာအောင်ဆွဲဆောင်ပါ။
တက္ကသိုလ်များ၊ အထက်တန်းကျောင်းများတွင် မ၀တ်မနေရ အာဏာကြီးဖြင့် ပုဆိုး၊ထမိန်ဝတ်ခိုင်းခြင်းမျိုးကို ယဉ်ကျေးမှု ထိန်းသိမ်းခြင်းဆိုသည့် အမြင်လောက်နှင့်တော့ လူငယ်များကို စည်းရုံးလို့ ရမည်မဟုတ်။ ပိုလို့ပိုကာ ဝေးသွားလိမ့်မည်။
ကျွန်တော် တက္ကသိုလ်တက်စဉ်ကတော့ ပုဆိုးကို ကျောပိုးအိတ်ထဲထည့်ပြီး စာသင်ခန်းထဲဝင်ခါနီးမှသာ ဘောင်ဘီ အပေါ်မှထပ်ဝတ်ကာ စာသင်ခန်းထဲသို့ ၀င်ခဲ့သည်။ ကျန်အချိန်များတွင်တော့ ဘောင်းဘီဖြင့်သာနေပါသည်။ ထိုကဲ့သို့ ဘောင်းဘီ နှင့်အစဉ်နေထိုင်ခဲ့သဖြင့် ယဉ်ကျေးမှုဖျက်စီးသူကြီးရယ်လို့ ခေါင်းစဉ်တပ်လိုပါက ငြင်းဆိုရန်ဆန္ဒမရှိပါ။
ဟုတ်ကဲ့။ မြန်မာ့ ယဉ်ကျေးမှုကို ဖျက်တာ ကျွန်တော့်ပါပဲ။
မြေမှုန်လွင်
0 comments:
Post a Comment