Sunday, April 22, 2012

စောင့်နေကြသူများ


by Yin Nint Aung on Sunday, April 22, 2012 at 10:38am

အခန်း (၁)

ဘောလုံးအသင်းပါ။ နိုင်ငံကျော်တွေ၊ ကမ္ဘာကျော်တွေဖြစ်တဲ့ မန်ယူတို့ ဘာစီလိုနာတို့လို့ မမြင်စေချင်ဘူး။ ကျုပ်ပြောတာ ဘောလုံးအသင်းဆိုမှတော့ ခင်ဗျားတို့က ဘောလုံးအသင်းလို့သာ မြင်စေချင်တယ်။ ဘောလုံးအသင်းဆိုတော့ ဘောလုံးတော့ရှိရမှာပေါ့။ ရှိပါတယ်။ ကျုပ်တို့မှာ ဘောလုံးရှိပါတယ်။ အပေါက်တွေ များနေလို့ ဖာတေးထားရတာကလွဲလို့ ဘောလုံးဟာ ဘောလုံးပဲဗျ။ လုံးနေသေးတယ်။ အထဲမှာ လေရှိတော့ ခုန်နေသေးတယ်။ ကန်လိုက်ရင် ပြေးနေသေးတယ်။ ကဲ၊ ဒီတော့ ကျုပ်တို့ ဘာလုပ်ကြမယ် ထင်သလဲ။ ခက်ပါပြီ။ ဘောလုံးကန်မှာပေါ့ဗျ။ ကန်ကြပြီ။
ဟုတ်တယ်။ ကန်ကြပြီဆိုတော့ ဘယ်အသင်းနဲ့ ကန်မှာတုန်းဟ။ ကျုပ်တို့မှာ ဘယ်အသင်းနဲ့ ကန်လို့ ကန်ရမှန်းမသိကြဘူး။ နေဦး။ ဒီတော့ ဆွေးနွေးရမှာပေါ့။ အစည်းအဝေးလုပ်ကြမယ်။
“ဟေ့.. ငါတို့ ဘယ်အသင်းနဲ့ ကန်ကြမလဲဟ”
“ဘာစီလိုနာနဲ့ ကန်မယ်ဟေ့..”
“မန်ယူကွ”
“အာဆင်နယ်ဆိုရင်ကော”
“မင်းအမေကြီးတော် … အဲဒီအသင်းနဲ့ ကန်လို့ရမလား
သူတို့နဲ့ ကန်ဖို့မပြောနဲ့ .. အပြင်မှာ မြင်ဖူးတာတောင် မဟုတ်ဘဲ”

“ဟုတ်တာပဲ .. ဒါဆို.. ရတနာပုံအသင်းကွာ”
“အာ.. ရန်ကုန်ယူနိုက်တက်ဟေ့”
“မရဘူး.. ငါတို့က သူတို့လို အသင်းပိုင်ရှင် မရှိဘူး”
“အေးလေ.. ဟုတ်သားပဲ”
“ဒါဆိုလုပ်ကြဦး… ငါတို့ ဘယ်အသင်းနဲ့ ကန်မှာလဲဟ”
အဲလို ကျုပ်တို့ ဆွေးနွေးနေကြပါတယ်။

အခန်း(၂)

တစ်ခါတုန်းက သင်္ဘောကြီး တစ်စင်းရှိလေရဲ့။ သင်္ဘောဆိုတိုင်း ခင်ဗျားက တိုက်တန်းနစ်လို့မမြင်နဲ့။ ဒါတော့ သည်းခံ။ ကျုပ်တို့က ပင်လယ်ဓါးပြလည်း မဟုတ်ဘူး။ အဲဒီ သင်္ဘောကို တစ်သင်္ဘောတည်းစီးတဲ့ ခရီးသွားတွေ။ ဖြစ်ချင်တော့ မုန်တိုင်းတိုက်တယ်။ လှိုင်းကြီးတွေ ရိုက်တယ်။ တိုက်တန်းနစ်က ရေခဲတွေနဲ့ တိုက်တာ။ ကျုပ်တို့က ဘာနဲ့မှ မတိုက်ဘဲ မှောက်လေရဲ့။ ဘာ။ ကယ်မယ့်သူလား။ မရှိပါဘူး။ အကုန်သေကုန်တာပဲဗျာ။ ကျုပ်တို့ပဲ ဟိုဟာ ဆွဲ၊ ဒီဟာ ဆွဲနဲ့ ဘာကျွန်းမှန်းမသိတဲ့ ကျွန်းပေါ်ရောက်နေတာ။
“အန်.. ငါမသေဘူးဟ”
“အို.. ငါရောပဲဟ”
“အေး.. ငါတို့ကို မေခလာများ ကယ်ခဲ့သလား”
မသိကြပါဘူး။ အသက်ရှင်ကျန်ခဲ့တယ်ဆိုတော့လည်း ဘာမှတော့ မထူးပါဘူး။ စားစရာ သောက်စရာ ရှာကြံစားရတော့တာပေါ့။ ကျွန်းက ကံကောင်းချင်တော့ အုန်းသီးရှိတယ်။ မျောက်နဲ့ သဘာဝတောကောင်နည်းနည်းရှိတယ်။ အမဲလိုက်တယ်။ မိရင် စားတယ်။ မမိရင် အုန်းသီးနဲ့ စခန်းသွားပေါ့။ ဒါပဲ။ ဘာမှကို မတတ်နိုင်ဘူး။ အဲဒီအထိ အဆင်ပြေနေသေးတယ်။
ခက်သွားတာက တစ်နေ့ ကျုပ်တို့ ဆီကို ဘယ်ကမှန်းမသိတဲ့ ဘောလုံးက ရေစီးထဲက မျှောပါလာတယ်။
“ဟာ.. ဟိုက အလုံးလေးက ဘာလဲဟေ့”
“ဟေး.. ဟုတ်တယ်ဟ”
“လုဟ.. ပြေးဟ..”
“ငါအရင်မြင်တာ…”
“ငါအရင် ရတာ”
ဘာမှလည်း မဟုတ်ပါဘူး။ ပြီးတော့လည်း ဘောလုံးဟာ စောစောက ပြောတဲ့ အတိုင်း ဘောလုံးပဲ။ လုံးနေတော့တာပေါ့။

အခန်း(၃)

ကျုပ်တို့ ဆွေးနွေးပွဲအကြောင်းဆက်ရဦးမယ်။
“ဒါဆို.. ငါတို့ ဘယ်အသင်းနဲ့ ကန်မှာတုန်းဟ”
“…………………………..”
အဖြေမရှိကြဘူး။ အားလုံး တိတ်ဆိတ်နေတယ်။ အဲဒီမှာ ဆရာကြီး ပုံစံနဲ့ လူက ထပြောတယ်။
“ဘောလုံးကန်ဖို့ ထားပါဦး
ဘောလုံးတစ်သင်း လူဘယ်နှစ်ယောက်ရှိတယ် သိလို့လား”
“အဲ.. ဆယ်တစ်ယောက်လေ”
“အေးလေ.. ဒါတော့ သိတာပေါ့ဗျ”
“ဟုတ်ပါ့.. ဒါများ..”
ဆူညံကုန်တယ်။ ဆရာကြီးပုံစံနဲ့ လူက ဆက်ပြောတယ်။
“ဟုတ်ပြီ ကျုပ်တို့ ဒီကျွန်းပေါ် အသက်ရှင် ကျန်ခဲ့တာ ဘယ်နှစ်ယောက်တုန်း
ခင်ဗျားတို့ သိကြလား”
“ဆယ်ယောက်လေဗျာ”
“ဟုတ်တယ်.. ဆယ်ယောက်ဗျို့ …
တစ်သင်းစာတောင် မရှိဘူး..”
“အဲဒါပြောတာပေါ့.. အခြားအသင်းမပြောနဲ့ တစ်သင်းစာတောင် မရှိဘဲ
ကျုပ်တို့ ဘောလုံး ဘယ်လိုကန်မတုန်း”
“အဲ..”
“အို…”
အသံများ တိတ်ဆိတ်ကုန်ပြန်တယ်။

အခန်း(၄)

နောက်တော့ ကျုပ်တို့ ဆယ်ယောက်နဲ့ပဲ ဖြစ်အောင် ကန်မယ် ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုလုပ်ဖြစ်မလဲ ဆယ်ယောက်နဲ့တော့ လို့ ခင်ဗျားက မပြောနဲ့လေ။ ဖြစ်ပါတယ်။ သိပ်ကို ဖြစ်တာပေါ့။ ကျုပ်ရှင်းပြပါ့မယ်။ ဖြစ်အောင် ကန်ပြမယ်။ ဗျာ။ တစ်ဘက် အသင်းလား။ ရှိတယ်။ ရှိတယ်။ အဲဒါလည်း ရှိတယ်။
ဒီလိုပါ။
ကျုပ်စောစောက ပြောတဲ့ ဆရာကြီး ပုံစံနဲ့လူက ဆက်ပြောတယ်။
“ဆယ်ယောက်ပေမယ့် ဆယ်တစ်ယောက်ရှိတယ်လို့ သဘောထားကြတာပေါ့”
ထုံးစံအတိုင်း ကျန်တဲ့သူတွေ တစ်ယောက်တစ်ပေါက် ဆူညံကုန်ပြန်တယ်။
“ဘယ်လို…”
“ဆယ်ရောက်ပါဆို.. ဆယ်တစ်ယောက်တဲ့..”
“အေးလေ.. ဘယ်က တစ်ယောက်က ပါလာတာတုန်း”
ဆူညံကုန်တယ်။ ကျုပ်ကတော့ ဆရာကြီး ပုံစံနဲ့ လူ ဘာဆက်ပြောမလဲ စောင့်နေလိုက်တယ်။ ခဏနေတော့ ဆရာကြီးပုံစံနဲ့ လူက ဆက်ပြောပါတယ်။
“ဒီလိုဗျာ…
ခင်ဗျားတို့ ဘောလုံးကန်ရင် အနီကဒ်ထုတ်လိုက်တယ် ဆိုပါစို့
ဘယ်နှစ်ယောက်ကျန်တုန်း
ဆယ်ရောက်ပဲ မဟုတ်လား..”
“အင်းလေဗျာ.. ဟုတ်တယ်လေ”
“ဒီတော့ ပွဲစတာနဲ့ တစ်ယောက်က အနီကဒ်ထုတ်ခံလိုက်တယ်လို့ သတ်မှတ်လိုက်
ကျန်တဲ့ ဆယ်ရောက်နဲ့ ကန်လို့ရပြီပေါ့”
“အော..”
“အေး..ဟုတ်တာပဲ”
ကဲ။ ကျုပ်မပြောဘူးလား။ ဒီတော့ ကျုပ်တို့ ဘောလုံးအသင်းဖြစ်ပြီ။ အရံလူတော့ မပါဘူးပေါ့။ ဒါတော့ သည်းခံ။

အခန်း(၅)

ဆက်ပါ့မယ်။ တစ်ဘက်အသင်းကို ခင်ဗျား စောင့်နေတယ်မလားဗျ။ ဒီလိုပါ။ တစ်ဘက်အသင်းက ရှိမှ မရှိဘဲ။ ဘယ်နှယ့်လုပ် ခင်ဗျားက စောင့်နေတာတုန်း။ ဒါဟာ ခင်ဗျားရဲ့ ရူးသွပ်မှုပဲ။ ဒါမှ မဟုတ် ခင်ဗျားရဲ့ လောဘပဲဗျ။ ဘောလုံးကန်ဖို့ အသင်းနှစ်သင်းရှိမှ ဖြစ်တာတော့ ကျုပ်လက်ခံတယ်။ ဒါပေမယ့် တစ်ဘက်အသင်းရဲ့ ရှိခြင်း မရှိခြင်းဟာ ဘောလုံးကန်ဖို့ ဖြစ်ခြင်း မဖြစ်ခြင်း နဲ့ မဆိုင်ဘူးလို့တော့ ခင်ဗျား လက်ခံပေးပေါ့။
“ဟုတ်ပါပြီ
ဆယ်ယောက်နဲ့ ကန်မယ်ဆိုတာ ဟုတ်ပါပြီ
ဘယ်မှာလဲ တစ်ဘက်အသင်းက”
လာပြီ။ မေးခွန်းတွေက။ တစ်ယောက်တစ်ပေါက်ပဲ။ ဆရာကြီး ပုံစံနဲ့ လူကလည်း ထုံးစံအတိုင်း ဆရာကြီး ပုံစံနဲ့ ဆက်ပြောတယ်။
“ရှိတယ် တစ်ဖက်အသင်းက
ကျုပ်တို့ ဖန်တီးဖို့တော့ လိုတာပေါ့”
“အို..”
“ဟင်”
“ဘယ်လို ဖန်တီးမှာ တုန်းဗျ”
“ဒါဟာ ခင်ဗျားတို့ စိတ်နဲ့ပဲ ဆိုင်တယ်
တစ်ဖက်အသင်းရှိတယ်လို့ ခင်ဗျားတို့ စိတ်မှာ ဖန်တီးရမယ်
သူတို့ကို ယှဉ်ပြီး လိမ်ရမယ်.. ခေါက်ရမယ်.. ကန်ရမယ်…
ဒါပဲဗျ”
ထုံးစံအတိုင်း ဆူညံကုန်တာတော့ ကျုပ်မရှင်းပြလည်း ခင်ဗျား သိနေလောက်ပါပြီ။ ဒါပေမယ့် အခြေအနေက ဆရာကြီး ပုံစံနဲ့ လူက ဆရာကြီးလေ။ ကျုပ်တို့က တပည့်ကြီးတွေပေါ့။ ဒီတော့ သူပြောသလို ကန်ဖို့ ပြင်ဆင်လိုက်ကြတယ်။

အခန်း(၆)

ကန်ကြပါပြီ။ ကျွန်းရဲ့ သစ်ပင်အပေါက်နည်းတဲ့ တစ်နေရာကို ဘောလုံးကွင်းအဖြစ် စည်းသားလိုက်တယ်။ ပြီးတော့ အုန်းပင်နှစ်ပင်စီကို ဂိုးတိုင်လုပ်တယ်။ စပါပြီ ပွဲကတော့။ ဒီနေ့ ကန်မှာက ကျုပ်တို့အသင်းနဲ့ မရှိခြင်း အသင်းပါ။
စပြီဆိုတော့ ဘယ်က စမှာတုန်း။ စပေးဘောလုံးက စမှာပေါ့ဗျာ။ ကျုပ်က စပေးတယ်။ နောက်တစ်ယောက်က ကျုပ် တို့လိုက်တဲ့ ဘောလုံးကို အလယ်တန်းကို ဖြတ်ပို့လိုက်တယ်။ ပွဲက အဲလိုနဲ့ စတင်လိုက်ပါပြီ။ ကျေးဇူးပြုပြီး ခင်ဗျား လက်ခုပ်တီး သြဘာပေးပါ။ လေချွန်ပါ။ နိုင်ငံတော် သီချင်းဆိုပါ။ ပွဲစပါပြီ။
အလယ်တန်းကတစ်ယောက်က နောက်တစ်ယောက်ကို ပေးတယ်။ အဲဒီနောက်တစ်ယောက်က ချက်ချင်းဆိုသလို ကျုပ်ဆီ အဝေးကန်ဘောနဲ့ လှမ်းတင်လိုက်ရော။ အမယ်.. ကွက်တိပဲဗျ။ ကျုပ်လည်း ဘောလုံးကို ဆွဲပြေးတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဖန်တီးထားတဲ့ တစ်ဖက်အသင်းက ရှိရဦးမယ်လေ။ ဒီတော့ ဖန်တီးလိုက်ပါတယ်။
အို… ကျုပ်ဆီ ဟိုဘက်က နောက်တန်းက လူက ပြေးလုတယ်။ ကျုပ်က ဘယ်ခြေကို ပြတယ်။ ညာခြေနဲ့ ဘောလုံးကို တို့တယ်။ နောက်တစ်လှမ်း ဆုတ်တော့မလိုနဲ့ ညာခြေနဲ့ သူ့ခြေကြားကို ကျော်ယူပြီး လိမ်လိုက်တယ်။ ဘယ်ရမလဲ။ ဒီအကွက်က စီရော်နယ်ဒို လုပ်နေကျ။ သိပြီးသား။ ကွက်တိဗျ။ အဲလို ကျော်ယူပြီး နောက်မှာ အဆင်သင့်ပါလာတဲ့ တွဲဖက် တိုက်စစ်မှူးကို ဖြတ်ပို့လိုက်တယ်။
“ဟေ့…မင်းအနောက်မှာ…”
“ဟေး… ဒီဘက်..ကွ..”
“ဟ… ချီးထုတ်.. ဟိုဘက်ပေး..”
ပွဲက အရှိန်ကောင်းနေပြီ။ တစ်ဘက်အသင်းကလည်း တော်တော် ကောင်းတာကိုးဗျ။ ဘယ်လိုမှ ရှူးမရဘူး ဖြစ်နေတယ်။ ရေနစ်တုန်းက အကောင်းအတိုင်းကျန်ခဲ့တဲ့ ကျုပ်နာရီက အသုံးဝင်ပါတယ်။ ပထမပိုင်းက မိနစ် သုံးဆယ်ကျော်နေပြီ။ ခုချိန်ထိတော့ ကျုပ်တို့ ဂိုးမရှိ သရေကျနေသေးတယ်။

အခန်း (၇)

“ဟေး.. ဒီဘက် ဒီဘက်..”
“ဟ.. နောက်မှာပါတယ်.. မင်းနောက်မှာပါတယ်ဟ”
“ဟာ.. တလွဲ .. မင်းအဖေ .. ဒီမှာ ဟ… ဘယ်ကန်တာတုန်း..”
မောကလည်း မောနေပါပြီ။ ကန်ရတာထက် အော်ရတာ ပိုမောတယ်ဗျ။ လေကလည်း တော်တော်တိုက်တာကိုးဗျ။ သဲသောင်ပေါ်ကန်ရတော့ တော်တော် ရုန်းရတာလည်း ပါမယ်။
“ရော့ကွာ”
အဲမှာ.. ကျုပ် တစ်ဘက်အသင်းကို ဆလိုက်ထိုးပြီး ဘောလုံးလုလိုက်ပါတယ်။ တစ်ဘက်အသင်းက အလယ်တန်းလူ မှောက်သွားတယ်။ မထနိုင်တော့ဘူး။ နေပါစေ။ ဒိုင်မှာ မပါတာ။ ပစ်ထားပြီး ကျုပ် ဆွဲပြေးသွားတယ်။
နောက်တန်းတစ်ယောက်ကို ကျော်တယ်။
နောက်တစ်ယောက်ကို လိမ်တယ်။
နောက်တစ်ယောက်နဲ့ အတွေ့မှာ ဘောလုံးကို အသာလေးတို့ ပြီး ညာဘက်က တိုက်စစ်မှူးဆီ ပို့လိုက်တယ်။ အဲဒီ တိုက်စစ်မှူးကလည်း ကန်မယ်အလုပ်။ ဗိုင်းကနဲ လဲကျပါတော့တယ်။ ဟိုဘက်က နောက်တန်းက ဖြတ်ထိုးလိုက်တယ် ထင်ပါရဲ့။ ထိုလူ မထနိုင်တော့ဘူး။
“ဟာ…”
“အို…”
“ဟေး.. ရလားကွ… ဘာဖြစ်သွားလဲ..”
အဲဒီတော့မှ ထိုလူ ထော့နဲ့ ထော့နဲ့ ပြန်ထလာတယ်။ တော်တော်လည်း နာသွားပုံရပါတယ်။ တစ်ဘက်အသင်းက နောက်တန်းကလည်း ကစားတာ တော်တော်ကြမ်းပုံရပါတယ်။ အဲဒီမှာတင် ကျုပ်တို့ ဘာသာ စိတ်ထဲက ဖန်တီးပစ်လိုက်တယ်။ ဒိုင်က ပင်နယ်တီ ပေးတယ်လို့။
ကျုပ် ထို… ပင်နယ်တီကို ကန်ရပါမယ်။

အခန်း(၈)

ကျုပ်နဲ့ ဘောလုံးပါ။ တစ်ယောက်နဲ့ တစ်လုံးပေါ့။ ပင်နယ်တီ အမှတ်မှာ ဘောလုံးကို စိတ်ကြိုက် ထားလိုက်တယ်။ ကျုပ် ရှေ့မှာ ဂိုးတိုင် နှစ်တိုင်ကြားက ခါးကြီး ကုန်းပြီး မမှိတ်မသုန်ကြည့်နေတာက တစ်ဘက်အသင်းက ဂိုးသမား။
ကျုပ် ဘောလုံးကို တည်ပြီး နောက်ကို ခုနှစ်လမ်းလောက် ဆုတ်လိုက်တယ်။ အားလုံးဟာ ရင်တထိတ်ထိတ်။ ဂိုးပါ့မလား။ ဂိုးပါ့မလားလို့။ ကျုပ်လည်း အသက်ကို ပြင်းပြင်းရှူလိုက်တယ်။ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်တယ်။ အိုကေပြီ။ ရှေ့က ဂိုးသမားကို ကြည့်လိုက်တယ်။ သူ့ပုံစံက ဘယ်ဘက်ကို ဒိုက်ပစ်မယ့် ပုံစံ။ ကျုပ် ညာဘက်ကိုသာ ရှူးဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ပြီး ရှေ့ကို တဟုန်ထိုးပြေးပြီး ညာဘက်ကို ကန်ချလိုက်ပါတော့တယ်။
ကျုပ်ကန်လိုက်တဲ့ ဘောလုံးဟာဖြင့် ဂိုးရဲ့ ညာဘက်ထောင်ထဲကို လှစ်ခနဲ့ ပြေးဝင်သွားပါတော့တယ်။
“ဟေး……………..”
ကျုပ်ပြေးပါတယ်။ ကျုပ်နောက်က လူတွေလည်း ပြေးလိုက်လာတယ်။
“ဂိုး…………………..”
အားလုံးက ကျုပ်ကို ၀ိုင်းဖက်တယ်။
“ဟေး…………………..”
“ဂိုး……………………”
ဆရာကြီးပုံစံနဲ့ လူကလည်း ကျုပ်ဆီ ပြေးလာပြီး လက်ဖ၀ါးချင်းရိုက်လိုက်တယ်။
“တော်တယ်… ကွက်တိဘဲ…” လို့လည်း ချီးကျူးတယ်။
ကျုပ်လည်း ဂိုးရှူးပြီးရော ပထမပိုင်းက ပြီးသွားပါတယ်။ အားလုံး ဆယ့်ငါးမိနစ် နားမယ်ဟေ့။

အခန်း (၉)

ကဲ။ ခင်ဗျား ဒီလောက်ဆို ဇာတ်လမ်း အသွားအလာကို သိလောက်ပြီလား။ ကျုပ်တို့ ဘောလုံးအသင်းဟာ မညီညွတ်ကြပါဘူး။ ဆယ်တစ်ယောက်လည်း မရှိပါဘူး။ ဒါပေမယ့် အဆင်ပြေတယ်လေ။ အားလုံးက ပထမပိုင်းပြီး နားချိန်မှာတောင် မနားဘဲ။ စားမြုံပြန်လို့ကောင်းတုန်း။
“မင်းဟိုဘက်က နောက်တန်းကို ကျော်တုန်းက မကျော်နိုင်ရင်
နောက်ကို ပြန်ပေးရမှာ”
“ဟ.. ဟိုဘက်က ညာတောင်ပံက ကောင်က လိမ်လို့မရဘူး
ကောင်းတယ်ဟ မင်းဘာသိလို့တုန်း”
“အေး. ဒါဆိုလည်း ဒုတိယ ပိုင်းမှာ ဘယ်ဝင်းကပဲ ဆက်ဖေါက်ကြမယ်”
ဆရာကြီး ပုံစံနဲ့ လူက ၀င်ပြောတယ်။
“ဟေ့ကောင်တွေ.. ဒီအတိုင်းဆက်ဖေါက်ရင်တော့
ငါတို့ တန်ပြန်တိုက်စစ်နဲ့ မိရင် ရှုံးသွားနိုင်တယ်
ပြီးတော့ ငါတို့ဘက်က ဆယ်ယောက်ပဲ ရှိတယ်.. သူတို့က ဆယ်တစ်ယောက်ဆိုတာ မမေ့နဲ့
နောက်တန်းက သေချာ ဖိဖိစီးစီး ကန်မှ ဖြစ်မယ်ကွ”
အားလုံးက ထောက်ခံလိုက်ကြပါတယ်။
“ဟုတ်တယ်..”
“နောက်တန်းတွေ… မင်းတို့ ဟာကွက်မရှိစေနဲ့ နော်…”
“အေးပါကွ….
မင်းတို့သာ နောက်တစ်ဂိုးရအောင် ရှူးဟ
နောက်တစ်ဂိုးရှူးပြီးရင် ခံစစ်သာ ပြောင်းကစားကြမယ်..”

အခန်း (၁၀)

တစ်ခါတုန်းက ဘောလုံးတစ်သင်းရှိတယ်။ ခင်ဗျားလည်း သိပြီးသားပါ။ အဲဒီ အသင်းက ဆယ့်တစ်ယောက် မပြည့်ဘူးဆိုတာ ကျုပ်ထပ်မပြောတော့ဘူး။ ထပ်ပြောရင်လည်း ခင်ဗျားကျုပ်ကို စိတ်ရှည်မှာ မဟုတ်တော့ဘူးဆိုတာ ကျုပ်သိပါတယ်။
အခု ပြောချင်တာက အဲဒါမဟုတ်ဘူး။ ခင်ဗျား ဆန္ဒမစောပါနဲ့ဦး။ ပြောပါ့မယ်။
ဒီလိုပါ။
တစ်ခါတုန်းက ဘောလုံး တစ်သင်းရှိခဲ့ဖူးတယ်။
လူက ဆယ်ယောက်ပါ။
ကွင်းထဲမှာ သူတို့ တစ်သင်းတည်း ရှိတာ။
သူတို့ အားလုံးဟာ ကွင်းထဲမှာ မလှုပ်မရှားဘဲ နှစ်ပေါင်းများစွာ ရပ်နေကြတယ်။
သူတို့ ဘာလုပ်နေလဲ ခင်ဗျားသိလား။
သူတို့ ဘောလုံးကန်မှာပါ။
ဒါပေမယ့် ကွင်းထဲမှာ သူတို့ ရပ်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
သူတို့ အချင်းချင်းလည်း စကားမပြောကြဘူး။
သူတို့ ရပ်နေတယ်။
တနည်းအားဖြင့် သူတို့ စောင့်နေကြတာပါ။
ဘာကိုလဲဆိုတော့ ဒုတိယပိုင်းမှာ တစ်ဖက်အသင်းက စ,ပေးဘောလုံးကို ကန်ရမှာပါ။
သူတို့ တစ်ဖက်အသင်းရဲ့ စ,ပေးဘောကို ရပ်စောင့်နေကြပါတယ်။

ရင်နင့်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...