Wednesday, April 4, 2012

ရေစုန် - ရေဆန် ကမ်းတို့ အလွန်


by Zay Ya on Wednesday, April 4, 2012 at 6:12pm 

စိတ်ကို စိတ် အတိုင်း၊ ရုပ်ကို ရုပ်အတိုင်း ထားရစ် ခဲ့နိုင်ခြင်းသည်ပင်လျှင် သင်္ခါရတို့ရဲ့ အလွန်မှာ ဖြစ်တယ် - လို့ ဘာသာကျမ်းစာ သမားတွေ မကြာခဏ ပြောတတ်တယ်။ ဒါပေမယ့် အဲ့ဒီ စာပေသိ၊ တွေးခေါ် သိ ရှိရုံမျှနဲ့ ဘဝ ကို စင်စစ် လက်တွေ့ မရှင်သန်နိုင် မရောက်နိုင်ကြောင်း ဆရာ အများ သွန်သင်ကြ တယ်။  စိတ်ဆန္ဒ၊ လိုအင် ရမ္မက် တွေ ရဲ့ တိုက်တွန်းချက် ကြောင့်  ဆင်းရဲ ဒုက္ခ အဖြစ်ကို အားထုတ် လုပ်မိနေ ဆဲ ရှိတယ်။ ဒါကို တွန်းလှန် နိုင်ဖို့ ဆိုတာ - အဦးဆုံး တန်ပြန် အားထုတ်မှု   လိုအပ် နေ ပါသေးတယ်။  အဲ့ဒီ တန်ပြန် အားထုတ်မှု မှာ ဘာဝနာ ဟာ တံခါး ပေါက် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော် ရေးမိသလောက်မှာ ဘာဝနာ ပြုဖို့ အသားပေး ရေးတယ်။


အကြောင်း အမျိုးမျိုး နဲ့ ပုံစံ အမျိုးမျိုး လှည့်ပတ် ဘယ်လိုပဲ ရေးနေပါစေ- မိမိရဲ့ အခုခဏ ထင်ရှားသမျှကို အတိအကျ သိမြင် နေ ထိုင် နေ ဖို့ သာ ပဓာန ဖြစ်ပါတယ်။  အဲ့သည်ရဲ့ အလွန်ဟာ တစ်နည်းအားဖြင့် ဘာဝနာနဲ့ မျက်မှောက် ပြုခြင်း လည်း ဖြစ်တယ် ။ အားထုတ်ခြင်း ၊ အားမထုတ်ခြင်း တို့ရဲ့ အလွန်လည်း ဖြစ်ပါတယ်။ အဲ့ဒီ အလွန်ကို ဆိုင်ရာ ဘာသာ သမား များက နှစ်သက် သလို ခေါ်ဆိုနိုင် တယ်။ - ကျနော့် အနေနဲ့ အဲ့ဒါဟာ ခံစားမှု မဟုတ်တဲ့ ချုပ်ငြိမ်းမှု သက်သက် ။ ဒါပေမယ့် စိတ် ဆန္ဒ ဇောတွေ ရဲ့ ကျွန် ဖြစ်နေ သရွေ့ - အားထုတ်မှု မပြုဘဲ အဲ့ဒီကို မရောက်နိုင်ဘူး ဆိုတာ အထင် အရှား ဖြစ်ပါတယ်။ အားထုတ်မှု ဆိုတာ အတိုင်း အတာ တစ် ခု အထိ လိုအပ် နေဦးမယ် ။ ဒီ အားထုတ်မှု ကို လည်း ဘာဝနာ က အပြည့် အဝ တာဝန်ယူ ပါတယ်။

တစ်ချို့က "သင်္ခါရ ကင်းရင်၊ ပြုပြင်စီရင်မှု ကင်းရင် ကိစ္စပြီးတယ်၊ ဒါ့ကြောင့် - ကုသိုလ်လည်း လုပ်စရာ မလို၊ အကုသိုလ် လည်း လုပ်စရာ မလို၊ စိတ် ကို စိတ်အတိုင်း ထား၊ ရုပ်ကို ရုပ်အတိုင်းထား၊ ဒါကပဲ သဘာဝတရား" - ဆိုတဲ့ အမြင် ရှိပါ တယ်။ အဲ့ဒီ အမြင်ဟာ အကြံအတွေး အားဖြင့်သာ လည်ပတ်နေတဲ့ အခါ လက်တွေ့မှာ အပျက်သက်သက်။ အမိုက် တွင်းဆုံး ရောက်ဖို့သာ  ရှိပါတယ်။

ကျနော့ကိုလည်း ဒီအယူဝါဒ ဖြန့်နေတာ ဖြစ်တယ် လို့ ပြောတဲ့ သူ အများ ရှိတယ်။ ကျနော် ပြောခဲ့တဲ့ အထဲမှာ ဘာမှ မလုပ် ဖို့ ပြောနေ တာ မဟုတ်ဘူး။ အဲ့လိုတွေ တွေးပါ ကြံပါ၊ ဒါဆို ကိစ္စပြီးပါတယ်လို့လည်း မပါဝင်ဘူး။ လုပ်ချင်စိတ်၊ ကိုင်ချင်စိတ် ၊ စိတ်ဆန္ဒ တွေ ကို ဖယ်ချ ထားနိုင် ဖို့ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် တစ်ကြောင်းတည်း သော လက်နက်က ဘာဝနာ ဖြစ်တယ်။ ဘာဝနာ နဲ့ အခုခဏ နေထိုင် ဖို့ပဲ လိုအပ် တယ်။  ။ အဲ့ဒါကို တစ်လုံးတည်း ပြောရင် ဘာဝနာနဲ့ နေထိုင်တယ်- လက်ရှိ ခဏ ပေါ် ကောင်းသည် ဆိုးသည် မဟူ အသိ တစ်လုံး တည်း နဲ့ ရှုမြင်ရင်း အပြည့်အဝ ကြည်လင်နေပါစေ၊ အဲ့အတိုင်း ရှင်သန် နေပါစေ။" ဒါကိုပဲ  ဆိုလိုပါတယ်။

ဒီအကြောင်း ကို - ဗုဒ္ဓဘာသာ အတွင်း ထင်ရှားအောင် ဟောကြား ထားတဲ့ တရား စကား အချို့ - မဟာစည်ဆရာတော် ဘုရား ရဲ့  ဟောစဉ် စာအုပ် တစ်အုပ်က ကျနော် ထုတ်ယူ လို ပါတယ်။ ဆရာတော် ဟာ ကျနော် ရှိခိုးဦးတင် ရတဲ့ မွန်မြတ်တဲ့ ဆရာ တစ်ပါး လည်း ဖြစ်ပြီး၊ အဖေ၊ အမေ၊ မိုးကုတ်ဆရာတော် ဦးဝိမလ တို့ ပြီးရင် စတုတ္ထ မြောက် လက်ဦး ဆရာလည်း ဖြစ်ပါတယ်။ အားလုံး ကို ကျေးဇူး။

ဇေယျ
..........................
                                          အကုသိုလ်သည် ရေစုန်မျောသကဲ့သို့ ဖြစ်လွယ်၏

ကုသိုလ်တရား ဆိုတာ ထက်သန်တဲ့ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယနဲ့ တမင် ပြုလုပ်မှ ဖြစ်တယ်။ ရေဆန် သွားရတာနဲ့ တူပါတယ်။ အကုသိုလ် ဆိုတာ ကတော့ သူ့ အလိုလိုကို ဖြစ်ချင် နေတတ်တယ်။ ဘာဝနာ မပြုတဲ့ ပုဂ္ဂိုလ် အတွက် အကုသိုလ်ဟာ ရေစုန် မျှောသွားတာနဲ့ တူတယ် ။ လောက ဥပဒေ တွေ နဲ့ ပညာရှိ သူတော်ကောင်း တွေကို ငဲ့နေလို့၊ စောင့်ရှောက်နေကြလို့သာ အကုသိုလ် အဖြစ် သက်သာ နေတာ ဖြစ်ပါတယ်။

ပုထုဇဉ် ပုဂ္ဂိုလ်တွေမှာ ကြံစည်ပြုလုပ်တဲ့ စိတ်က ကုသိုလ် နဲ့ အကုသိုလ် ဒီ နှစ်မျိုးပဲ ရှိတယ်။ ကုသိုလ်ကို မပြုဘဲ နေရင် အကုသိုလ် စိတ်တွေချည်း မပြတ် ဖြစ်နေတော့မှာပဲ။ မိနစ် (၁၀၀) မှာ (၁၀) မိနစ်က ကုသိုလ်စိတ် ဖြစ်နေတယ် ဆိုရင် အကုသိုလ် စိတ်က မိနစ် (၉၀) ဖြစ်နေမယ်။ အဲ့ဒီ လူဟာ ကုသိုလ်ကို မပြုဘဲ လုံးလုံး စွန့်လွှတ်လိုက်ရင် မိနစ် (၁၀၀) လုံး အပြည့် အကုသိုလ် စိတ်တွေချည်း ဖြစ်ပါတယ်။

ကုသိုလ်က မပြုဘဲ နေလို့ ရပေမယ့် - အကုသိုလ် ကတော့ ဘာဝနာ မရှိတဲ့သူမှာ ထိန်းထားလို့ မရဘူး။ စဉ်းစား ကြည့်ပါ။ နှစ်သက်စရာ၊ သာယာစရာ အာရုံ တွေနဲ့ တွေ့ကြုံ တဲ့ အခါ မနှစ်သက် မသာယာ အောင် ထိန်းထား နိုင်ပါ့မလား။ ကိုယ်ကြိုက်တဲ့ အဆင်း ကို မြင် ရင် နှစ်သက် သာယာ မှာပဲ။ ကိုယ်ကြိုက်တဲ့ အသံကို ကြားရင် နှစ်သက် သာယာမှာဲ့။ အရသာ ကောင်းတွေ စားရရင် နှစ်သက် သာယာ မှာပဲ။ အဲ့ဒါတွေမှာ နှစ်သက် သာယာမှု မဖြစ်အောင် ထိန်းထား နိုင်ပါ့မလား ။

အိမ်ထောင် ရှိသူ ဆိုရင် အိမ်သူ အိမ်သားနဲ့ စပ်ပြီး နှစ်သက်မှု မဖြစ်အောင် ထိန်းထားနိုင်ပါ့မလား။ အိမ်ထောင် မရှိတဲ့ သူမှာလဲ ကိုယ်ကြိုက် တဲ့ အာရုံကို မကြုံမိအောင် ထိန်းနိုင်ပါ့မလား။ ခံစား နေကျ အာရုံ ဝတ္ထုတွေကို မခံစား ချင်အောင် ထိန်းထားနိုင်မလား။ စိတ်ဆိုး စရာ အာရုံနဲ့ တွေ့ရင် စိတ်မဆိုးအောင် ထိန်းထားနိုင်မလား။

တစ်ခါက ရွာတစ်ရွာမှာ ဦးလေး ဖြစ်သူ က သူ့တူကို ပါးရိုက် လိုက်တယ်။ အဲ့အခါ တူဖြစ်သူက သိပ် စိတ်ဆိုးပြီး ဘာလို့ ပါးရိုက် ရတာလဲ ဆိုတဲ့ အကြောင်း ဦးလေး ဖြစ်သူ ကို မေးတယ်။ ဦးလေး ဖြစ်သူက - "စိတ်ကို စိတ်အတိုင်း ထားရင် ကိလေသာ ငြိမ်းတယ် ဆိုတဲ့ အကြောင်း မင်း ခဏခဏ အပြောသန်လွန်းလို့၊ ဟုတ်မဟုတ် သိရအောင် ရိုက် ကြည့်တာပါ" လို့ ပြန်ပြော သတဲ့။ ဝိပဿနာ ရှုရင်း ရဟန္တာ အဖြစ် ဆိုရင်တော့ အဲ့ဒီလို စိတ်မဆိုးဘဲ ငြိမ်းပါတယ်။

မြတ်စွာ ဘုရား လက်ထက်တော် တုန်းက - "အရှင်သာရိပုတ္တရာ ဟာ စိတ်မဆိုး တတ်ဘူး" ဆိုတဲ့ စကားကို မယုံတာနဲ့ ပုဏ္ဏား တစ်ယောက် က အရှင်သာရိပုတ္တရာ ဆွမ်းခံ ကြွနေစဉ်မှာ နောက်ကနေ လိုက်ပြီး ကျောကုန်းကို ရိုက်သတဲ့။ အရှင် သာရိပုတ္တရာ က လှည့်တောင် မကြည့်ဘဲ သွားမြဲ သွားနေတယ်။ ဒီတော့မှ ပုဏ္ဏား က ယုံကြည်ပြီး အရှင် သာရိပုတ္တရာ ထံမှာ ကန်တော့ တောင်းပန် တယ်။ အဲ့ဒါဟာ ဝိပဿနာ ရှုပြီး အရဟတ္တ မဂ် ကြောင့် ဒေါသ ကင်းငြိမ်း နေလို့ ပါပဲ။ အဲ့ဒီ လို ကိလေသာ ငြိမ်း နေတာဟာ ကုသိုလ် မလုပ်ဘဲ နေရုံ နဲ့တော့ မဖြစ်နိုင်ဘူး။

ရွံစရာ၊ မုန်းစရာ တွေ နဲ့ တွေ့ရင် မရွံအောင် ၊ မမုန်းအောင် စိတ်ကို ထိန်းထားနိုင်ပါ့မလား။ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာ ၊ စိတ်ပူ စရာ တွေ နဲ့ တွေ့ရင် - ဝမ်းမနည်း အောင်၊ စိတ်မညစ် အောင်၊ စိတ်မပူ အောင် ထိန်းထား နိုင်ပါ့မလား။ စင်စစ် ဘာဝနာ အလုပ် မရှိရင် ထိန်းမထား နိုင်ကြောင်း ထင်ရှားပါတယ်။ ကြောက်စရာ နဲ့ တွေ့ရင် မကြောက်အောင် ထိန်းထား နိုင်ပါ့ မလား။ သမထ ဝိပဿနာ မရှိဘဲ စိတ် ကို စိတ်အတိုင်း ထားရုံမျှနဲ့ ထိန်းမထား နိုင်ကြောင်း ထင်ရှား ပါတယ်။ စိတ် ကို စိတ်အတိုင်း ထားနိုင်ဖို့ ဆိုတာ ဘာဝနာ မရှုပွားဘဲ မရဘူး။

မဟာစည် - နိဗ္ဗာန ပဋိသံယုတ္တကထာ ၊ နိဗ္ဗာန်ဆိုင်ရာ တရားတော် ( စာ၊ ၈၄ - ၈၆)
.....................
April 4th 2012 at 5:25 PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...