Thursday, April 19, 2012

ဗိုလ်ချုပ်ကိုရှု ယုံကြည်မှု


by Kyaw Aye on Thursday, April 19, 2012 at 9:53pm 


၁၉၄၇ ခု၊ ဒီဇင်ဘာ ( ၂ )ရက်နေ့ ည သထုံမြို့ ဗိုလ်တဲ၌ နားနေကြစဉ် စကားစမြည်ပြောရင်း-- 
“အခုဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နဲ့  ဗိုလ်ချုပ်ဟာ သူ ဘုရင်ခံဖြစ်မှ တွေ့တာလား” ဟု ကျွန်ုပ်ကမေးရာ 
“ဂျပန်တော်လှန်ရေးကတည်းက သိတာပဲ၊ ၁၉ ၄၅ ခုနှစ် မောင့်ဘက်တန် ရန်ကုန်လာတော့ ကျုပ်နဲ့ မောင့်ဘက်တန် တွေ့ဆုံပြီးစကားပြောဖို့ကို သူပဲစီစဉ်ပေးတယ်။
ကျုပ်မှတ်မိသေးတယ်။မောင့်ဘက်တန် ဧည့်ခံပွဲကြီးကျင်းပတဲ့အခါ အခမ်းအနားပြီးတော့ နေပါဦး၊ မပြန်ပါနဲ့ ဦး၊ခင်ဗျားနဲ့တွေ့ ဖို့ ကျုပ် မောင့်ဘက်တန်ကို ပြောထားတယ်ဟု ပြောနေတုန်း ဦးကျော်ဇံက မပြန်သေးပဲ မောင့်ဘက်တန်ထံ ဝင်မည်ပြုရာ ခင်ဗျားနဲ့ တွေ့ဖို့ အချိန်မရဘူး။ ကျုပ်တို့ပြောစရာတွေရှိတယ်လို့ ဆာဟူးဘတ်ရန့်စ်က ပြောပြီး လွှတ်လိုက်တယ်။ ပြီးတော့ ကျုပ်ကိုခေါ်သွားတယ်။ မောင့်ဘက်တန်ဟာ သဘောပြည့်ဝပုံရတယ်။ သူကလည်း ခပ်ရှင်းရှင်း၊ ကျုပ်ကလည်းခပ်ရှင်းရှင်းပြောတာပဲ”
                                                                                                                      ဟုဗိုလ်ချုပ်က ပြောပြ၏။ နောက်ဆက်လက်၍ ဗိုလ်ချုပ်က ပြောပြသည်မှာ-

“ဆာဟူးဘတ်ရန့် ဘုရင်ခံအဖြစ်နဲ့ ရောက်လာတော့ သူဟာ ကျုပ်ကို သိပ်ပြီးတွေ့ချင်ပြီး နှစ်ခါ၊ သုံးခါ အိမ်တော်ကို ဖိတ်ကြားတယ်။ ဒါပေမယ့်ကျုပ်ကတော့ တယ်မတွေ့ချင်လှဘူး။ နေကလည်းမကောင်းတော့ တော်ရုံတန်ရုံပြောပြီး မသွားပဲနေတယ်။ ကျုပ်ကမသွားတော့ အပါးတော်မြဲ  ခင်ဖေကြီးကိုခေါ်ပြီး ညပိုင်း ကျုပ်အိမ်ကို ရောက်လာတာပဲ” စသဖြင့် ပြော၏။

ထိုအချိန် ဗိုလ်ချုပ်သည် လူထုအကြည်ညိုခံရဆုံး ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်နေသော်လည်း သူ၏အိမ်၌ကား ခမ်းခမ်းနားနားမရှိ၊ ခနော်ခနဲ့စားပွဲ၊ကုလားထိုင်များ ရှိ၏။ ဓာတ်မီးလည်းမရှိ၊ ညအခါ ရေနံဆီမီးခွက်ကလေးများထွန်းကာ မှိတ်တုတ်မှိတ်တုတ်နှင့်နေ၏။ အိမ်အောက်၌ ရဲဘော်သုံးလေးယောက် စောင့်နေ၏။

ဘုရင်ခံ ဆာဟူးဘတ်ရန့်သည် ဗိုလ်ချုပ်အိမ်သို့ ညအချိန်ရောက်သွားသောအခါ ဓာတ်မီးရောင်မရှိ၊ ရေနံဆီမီးခွက်မှိတ်တုတ်မှိတ်တုတ်နှင့်နေပုံများကိုလည်းကောင်း၊ ထည်ထည်ဝါဝါ ခမ်းခမ်းနားနားမရှိ။ ခနော်ခနဲ့စားပွဲ၊ကုလားထိုင်ကလေးများနှင့် ဆင်းရဲသားသဘာဝ ဖြစ်သလိုရှိသမျှ တင်းတိမ်ရောင့်ရဲကာနေပုံကို လည်းကောင်း၊ အကြောင်းကိစ္စတစ်ခုကို ပရိယာယ်မလုပ် တိုတိုတုတ်တုတ် ခပ်ရှင်းရှင်းကြီး ပြောပုံများသို့လည်းကောင်း၊ တွေ့ရ၊ကြားရသောအခါ  “ဤသူကား ကိုယ်ကျိုးအတွက် ငဲ့ကွက်ခြင်းရှိသူမဟုတ်၊ တကယ် မျိုးချစ်စိတ်ရှိသူတည်း။ တိုင်းသူပြည်သား၏ကောင်းကျိုးကို တကယ် သယ်ပိုးဆောင်ရွက်သူတည်း။ နိုင်ငံလွတ်လပ်မှုဆောင်ရွက်ရာတွင် ဖြောင့်ဖြောင့်စင်းစင်းကြီး ရှေ့ဆောင်မည့်ခေါင်းဆောင်ကြီးပင်တည်း” ဟု မှတ်ချက်ချကာ ဗိုလ်ချုပ်အပေါ်၌ ကြည်ညိုယုံကြည်မှုကို ပြဋ္ဌာန်းလိုက်သော ဟူသတတ်။

မှတ်ချက်----သတင်းစာဆရာ ဦးပုကလေး၏ ငါတို့ဗိုလ်ချုပ်  စာအုပ်မှ ကောက်နုတ်ဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...