Thursday, April 5, 2012

မြန်မာ့သမိုင်းကြောင်း သက်သေရှိခဲ့တဲ့ ... တရုပ်အတွင်းသဘော။ [သွန်းနေစိုး]


by Thorn Nay Soe on Monday, October 31, 2011 at 5:14pm


မြစ်ဆုံကိစ္စမှာ ကျွန်တော်တို့တွေ တရုပ် (အစိုးရ) ကို လန့်သွားခဲ့ပါတယ်။ ဒီ့နောက်မှာ တရုပ် (အစိုးရ)အကြောင်းတော်တော်ပြောဆိုလာ ကြချိန်မှာ ဘင်္ဂလားနယ်က လေလွင့်လာသူတွေကိစ္စက ရှေ့တန်းရောက်လာပြန်တယ်။ သယ်ဆောင်လာသူက BBC.ဒေါသတွေဖြစ်ရင်းနဲ့ ပဲ ကျွန်တော်တို့ကန့်ကွက်ကြရပြန်တယ်။ ကျွန်တော်လည်း အဲဒီ ဘင်္ဂလားက ကျူးကျော်သူတွေအကြောင်းတော်တော်ပြောဖြစ်လိုက်ပါ တယ်။ ဒါပေမဲ့ မျက်ခြေပြတ်သွားလို့ မဖြစ်တဲ့ အရာတွေရှိနေသေးကြောင်းလည်း ကိုယ့်ကိုယ်ကို သတိပေးနေမိတယ်။


၁) ကချင်သွေးချင်းတွေကိစ္စ။ ၂) တရုပ်လွှမ်းမိုးနိုင်မှုအခြေအနေ ၃) ကျန်ရှိနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ... ကိစ္စတွေက အများကြီးပါပဲ။ ကျွန်တော့်လို လူဗလံစာရေးဆရာငတိလေးအနေနဲ့ အားမမျှလောက်အောင် အင်မတန်ကြီးကျယ်တဲ့ ကိစ္စကြီးတွေပါ။ [ကိုယ့်ကိုယ်ကိုလည်း အမြဲ သတိထားတယ်။ ငါဘာကောင်မှ မဟုတ်ဘူး။ ဒါကြောင့် ဒီလိုစာတွေရေးရင် ဆရာကြီးလေ လုံးဝမပေါက်ရပဲ သူငယ်ချင်းချင်းပြောသလို ဖြစ်ရအောင် အထူးဂရုပြုပါတယ်] ဒါပေမဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ အဆိုအမိန့်တစ်ခုရှိတယ်။ `ခေတ်မကောင်းဘူး၊ ဟုတ်ပါပြီ၊ ဒါပေမဲ့ အဲဒီခေတ်ထဲမှာ ကောင်းအောင်လုပ်ဖို့ သင်ရှိနေသားပဲ´ ဆိုတာ။ 
ကျွန်တော်လုပ်နိုင်တာက သေးသေးလေးဖြစ်တောင် အဲဒီလို သေးသေးလေးတွေ အားလုံးဝိုင်းကြရင် ဧရာမကြီးဖြစ်လာမှာပါ။ အခု ဒီသေးသေးလေးက နောက်တစ်မျိုး ထပ်လုပ်ပါပြီ။ တရုပ် (အစိုးရ) ကိစ္စပါ။

တရုပ်ကို ဆွေမျိုးပေါက်ဖော်၊ ဆွေမျိုးပေါက်ဖော်နဲ့ ကျွန်တော်တို့တော်တော်လုံးခဲ့ကြတာပါ။ ခေတ်အဆက်ဆက် တရုပ်အစိုးရဟာလည်း ကျွန်တော်တို့ပေါ် ကောင်း (သလိုလုပ်ပြ) ခဲ့တယ်။ နောက်ပိုင်း မြစ်ဆုံကိစ္စကြုံလာမှ ဘွားကနဲ ပြည်သူတွေ အမှန်တိုင်းမြင်လာရတာပေါ့။ တကယ်တော့ တရုပ်အစိုးရမှရယ် မဟုတ်ပါဘူး။ ဘယ်နိုင်ငံခြားအစိုးရမှ ကျွန်တော်တို့ပေါ် တကယ်နှစ်နှစ်ကာကာကြီးကောင်းလှတယ် ဆိုတာ မရှိပါဘူးလို့ ပြောလိုက်ရင် သိပ်ပြင်းထန်လွန်းသလိုများ ဖြစ်သွားမလားပါပဲ။ ဒါပေမဲ့ ဒါဟာ ခါးသီးလွန်းတဲ့ အမှန်တရားပါပဲ။ လူပိန်းတွေးတွေးကြည့်ရင်ပဲ သိသာလှပါတယ်။ ဘယ်နှယ့် သူများအစိုးရက ကိုယ့်ပြည်သူတွေအပေါ်မှာ ဘယ်လိုလုပ်ပြီး လာကောင်းနေနိုင်ပါ့မလဲ? ခုခေတ် တိုင်းပြည်အစိုးရတိုင်း ဆီမန်းမန်းသလို တတွတ်တွတ်နဲ့ အလွတ်ရွတ်နေတဲ့ စကားတစ်ခွန်းရှိပါတယ်။ အမျိုးသားအကျိုးစီးပွားတဲ့။ ရိုင်းရိုင်းပြောရရင်တော့ ကိုယ်ကျိုးကြည့်ရေးဝါဒပဲပေါ့လေ။ ကိုယ့်နိုင်ငံကောင်းဖို့ ကိုယ်လုပ်ကြတဲ့ အကြောင်းပါပဲ။ သူတို့ ကျွန်တော်တို့ ပေါ်ကောင်းပြတာတွေရှိရင်လည်း ဒါဟာ ကမ္ဘာ့အလည်မှာစေတနာ့ရှင်ကြီးတွေလို့ မျက်နှာပန်းလှရုံ။ သူတို့ ပြည်သူတွေ အမြင်ကောင်းရုံပါပဲ။

ဒီနေရာမှာ နိုင်ငံခြားအစိုးရနဲ့ နိုင်ငံခြားပြည်သူ ခွဲမြင်ဖို့ လိုမယ်ထင်ပါတယ်။ နိုင်ငံခြား ပြည်သူတွေကမှ ကိုယ့်ကိုပြည်သူချင်း စာနာတာ ရှိပါလိမ့်ဦးမယ်။ အစိုးရတွေကတော့ (သူတို့ ယူရတဲ့တာဝန်သဘောအရကို) တခြားနိုင်ငံပြည်သူတွေအပေါ် တကယ်ကောင်းဖို့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ချင်းဝေးရင်ကမှ နည်းနည်းကောင်းပြဖို့ဖြစ်လိမ့်ဦးမယ်။ တိုင်းပြည်ချင်းနီးနေရင်တော့ သတိထားရပါပြီ။ သူတို့နဲ့ ထိစပ်နေတဲ့နောက် အမျိုးသားအကျိုးစီးပွားချင်းထိပ်တိုက်တွေ့စရာ ကိစ္စတွေက များလာပြီလေ။  အခု တရုပ်အစိုးရကလည်း အဲဒီသဘောပါပဲ။ ကျွန်တော်ဖတ်မိသမျှ မြန်မာ့သမိုင်းက အထောက်အထားတစ်ချို့ကို လက်လှမ်းမီသလောက်လေး ပြပါ့မယ်။

အထောက်အထား ၁။  ၁၉၅၅မှာ ၀ဒေသကို တရုပ်(နီ)တပ်တွေ ကျူးကျော်လာခဲ့ဘူးပါတယ်။ ဒီနေရာမှာ တရုပ်နီလို့သုံးလိုက်ရတာက ကျွန်တော်တို့နဲ့ ချခဲ့ဘူးတဲ့ တရုပ်ဖြူမဟုတ်ဘဲ လက်ရှိ တရုပ်ပြည်မဖြစ်ကြောင်း သိစေချင်လို့ပါ။ ဒီအကြောင်းကို  Dorothy Woodman ရေးတဲ့ The Making of Burma စာအုပ်မှာ ဟော့ဒီလို ပါတယ်။ `တရုပ်တို့သည် ဖန်းဆန်နှင့် ၀-ခတို့အကြားတွင် အလွန်ကျယ်ပြန့်သော နယ်မြေရှိရာ ထိုနယ်မြေတွင် တရုပ်နီတို့က ဘန်ကာများဆောက်ကာ နေရာယူထားလိုက်ကြသည်။ မြန်မာအစိုးရက ထိုကိစ္စကို တရားဝင်ကန့်ကွက်ကာ တရုပ်ကလည်း ဆောရီးဟု တရားဝင်ပြန်ကြားခဲ့သည်။ အမြဲတမ်းဆောရီးနိုင်ကြသူများပါပေ။´ နောက်ဆက်ပြီး ... အဲဒီစာအုပ်မှာပဲ ...`ထိုကိစ္စသည် မြန်မာသတင်းစာများတွင် မပါသဖြင့် လူသိရှင်ကြားမဖြစ်ခဲ့ပေ။ သို့သော် သြဂုတ်၁၉၅၆တွင်-နေးရှင်းသတင်းစာက တရုပ်နီတပ်များ မိုင်၅၀၀ခန့်ရှည်လျားသည့် မြန်မာနယ်နိမိတ်ကြောင်းကို ကျူးကျော်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာသိထုတ်ဖော်ရေးသားခဲ့သည်...´ လို့ ဖော်ပြထားပြီး `...ထိုသတင်းကြောင့် တရုပ်နီတပ်များ ၀နယ်တွင်ရောက်နေသည့်ကိစ္စကို မြန်မာနိုင်ငံခြားရေးရုံးက ၀န်ခံခဲ့ရသည်။ ထိုအခြေအနေကို မြန်မာအစိုးရသည်လည်း အထိတ်တလန့်ဖြစ်လာလေသည် ...´
... သတင်းစာရှင်းလင်းပွဲတစ်ခုတွင်မူ  ၀န်ကြီးချုပ်ဖြစ်လာသူ ဦးဗဆွေက တရုပ် ၅၀၀ခန့် ၀နယ်သို့ ၀င်ရောက်လာခဲ့ကြောင်း၊ ၄င်းတို့ သိမ်းယူထားသည့် နယ်မြေသည် စတုရန်းမိုင်ပေါင်း ၇၀၀နှင့် ၁၀၀၀အတွင်းရှိကြောင်း ၀န်ခံခဲ့လေသည်´တဲ့။

အထောက်အထား ၂။ အထက်ပါ စာအုပ်မှာပဲ ဖော်ပြထားတာပါ။ တက္ကသိုလ်ကျောင်းသားတွေ တရုပ်ခေါင်းဆောင်ချုအင်လိုင်း မြန်မာပြည်လာတဲ့အခါ ဆန္ဒပြတဲ့အကြောင်းပါ။ `ချူအင်လိုင်းနှင့်အဖွဲ့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်တန်းကြီးသည် ကမာရွတ်အ၀ိုင်းသို့ ရောက်လေသော် တက္ကသိုလ်မှ ကချင်ကျောင်းသားများက ထာဝရချစ်ကြည်ရေး၊ နယ်မြေမပေးဟူသော ကြွေးကျော်သံတို့ဖြင့် ဆန္ဒပြကြသည်။ ဖီမော်မှ ဆန္ဒခံယူပါ။ တရုပ်ကြီးကို ခရီးဦးကြိုပြုပါသည်။ ကျွန်ုပ်တို့ နယ်ကို ချမ်းသာပေးပါ စသည့်ကျွေးကျော်သံများကို ကြားရသည့် ချူအင်လိုင်းအဖို့ ၁၉၁၁တွင် ဗြိတိသျှတို့ သိမ်းယူခဲ့စဉ်က တရုပ်တို့ သွားရည်ကျခဲ့သည့် ရွာသုံးရွာကို လွယ်လွယ်နှင့် သိမ်းယူ၍ မရနိုင်ကြောင်း သဘောပေါက်လာခဲ့သည်။

အထောက်အထား ၃။ အဲဒီကာလမတိုင်ခင် ၁၉၄၈က မြန်မာသတင်းစာတစ်စောင်ဖြစ်တဲ့ ဗမာ့ခေတ်သတင်းစာမှာပါတဲ့ သတင်းလေးကိုလည်း ပြန်ကောက်နုတ်ချင်ပါတယ်။ သတင်းခေါင်းစဉ်က အင်မတန်လှပါတယ်။ `မြန်မာ့ခေါင်းကို ဖြတ်ယူလိုတဲ့ တရုတ် (ဗမာ့ခေတ် ၁၀.၈.၁၉၄၈) မြန်မာ့ခေါင်းနှင့်တူသော မြန်မာပြည်မြောက်ပိုင်းကို တောင်းရလိမ့်မည်ဟု တရုတ်ကပြောခြင်း ... တဲ့။

အထောက်အထား ၄။ Dorothy Woodman ရဲ့စာအုပ်ထဲကပါပဲ။ `မကြာမီမှာပင် ဦးနု ၀န်ကြီးချုပ်ဖြစ်လာကာ ချူအင်လိုင်းနှင့် ကူမင်းတွင် တွေ့ဆုံကြပြန်သည်။ ထိုအခါ တရုပ်သဘောထား ပေါ်လာပြန်သည်။ ဦးဗဆွေ(တုန်းက) တင်ပြခဲ့သည့် အဆိုပြုချက်များသည် တရုပ်တို့၏ လိုအပ်ချက်ကို အပြည့်အ၀မပေးခဲ့ကြောင်း ချူအင်လိုင်းက ပြောကြားသည်။´ တဲ့။

သူတို့လိုအင်က ဘာဖြစ်မလဲ။ ရှေုက ဗမာ့ခေတ်သတင်းစာထဲကလိုပဲ ဖြစ်နေမလား။ ခုချိန်မှာရော သူတို့ အဲဒီသဘောထားတွေ ရှိနေတုန်း ပဲလား။ ကျွန်တော်အတွေးပွားနေမိပါတယ်။ Facebook မှာ Note ရေးတာမို့ အထောက်အထားတွေကြိ ပချင်သလောက် ပြခွင့်မရလို့ ခွင့်လွှတ်ကြပါ။ တစ်ခုပဲ ပန်ကြားချင်တာက Dorothy Woodman ရေးတဲ့ The Making of Burma စာအုပ် အခန်း၁၉၊ တရုပ်မြန်မာ နယ်စပ်ဆိုတဲ့အခန်းကို ဖတ်ကြည့်ရင် တရုပ်ရဲ့ တစ်ချိန်က အတွင်းသဘောကို ကောင်းကောင်းရိပ်စားမိကြပါလိမ့်မယ်။ ကျွန်တော် အဲဒီစာအုပ်ကြီးတစ်အုပ်လုံး EBook အဖြစ်ပြန်တင်ပေးဖို့ ရိုက်နေပါတယ်။ 

ခု မကြာခင်ကပဲ တရုပ်က ကချင်နယ်စပ်ပြဿနာကြောင့် တပ်တွေအသင့်ပြင်ထားတယ်တို့ စတာတွေကြားတော့ ကျွန်တော် မှာ အဲဒီ အတိတ်ကအကြောင်းတွေကိုပဲ ပြန်တွေးလန့်နေမိတယ်။ 

ကျွန်တော်ပြောချင်တာက ဘယ်သူ့မှ မျက်စိမှိတ်မယုံကြဖို့ပါ။ နိုင်ငံရေးမှာ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူ မရှိ လို့ဆိုထားပါတယ်။ တကယ်ပဲ အမြဲကောင်းမယ့် မိတ်ဆွေဆိုတာ မရှိပါ။ ဒီအတွက်လည်း သူ့အပြစ်တင်နေလို့ မရပါဘူး။ ရှေ့မှာပြောသလို အမျိုးသား အကျိုးစီးပွားက သူ့အတွက် အဓိကပါ။ ကျွန်တော်တို့အနေနဲ့ သူ့ကို အားမကိုးလို့မှလဲ မရတာပဲ။ ဘာပဲဖြစ်ဖြစ် တရုပ်အစိုးရ သဘောထားဟာ ခုထိတော့ အဆိုးကြီးလို့ ကျွန်တော် မသတ်မှတ်လိုသေးပါ။ ဒါပေမဲ့ လန့်တာတော့လန့်တာပါပဲ။

တစ်ချိန်က အိန္ဒိယခေါင်းဆောင်ကြီး နေရူးက တရုပ်ခေါင်းဆောင် ချုအင်လိုင်းကို ကျွန်တော်တို့နဲ့ ပတ်သက်ပြီးစာရေးဖူးပါတယ်။ အဲဒီစာထဲမှာ ဒီလိုပါတယ်။ `မြန်မာပြည်သည် အိန္ဒိယနှင့် တရုပ် နိုင်ငံကြီးနှစ်ခုကြားတွင် ရပ်တည်နေရသည့်နိုင်ငံငယ်ကလေး၊ဖြစ်ကြောင်း ထို့ကြောင့် နိုင်ငံကြီးနှစ်ခုစလုံးကို လန့်နေသည်မှာ သဘာဝကျကြောင်း၊ အိမ်နီးချင်းကောင်းပီသသော မြန်မာနိုင်ငံ၏ လန့်စိတ်ကို ဖြေဖြောက်ပေးရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ကြောင်း´ တွေပေါ့။ ကျွန်တော်တော့ အဲဒီစာထဲကအတိုင်း ခံစားနေရတာပဲ။

ကျွန်တော့်အမြင်အရ ဒါ အင်မတန်နူးညံ့စွာ ကိုင်တွယ်ရမယ့် ဒစ်ပလိုမေစီလို့ မြင်ပါတယ်။ ကိုယ့်ထက်အင်အားကြီးတဲ့ အနီးဆုံးနိုင်ငံကြီး တစ်ခုကို အကိုင်အတွယ်မတတ်ရင် ကိုယ်ပဲ နာမှာပေါ့။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့အားလုံး ဘယ်သူမှ မျက်စိမှိတ်မယုံဖို့နဲ့ ကျွန်တော်တို့ နိုင်ငံ ဖြတ်သန်းရမယ့် အရေးကိစ္စတွေမှာ ဘယ်သူ့အားမှကိုးလို့ မရဘူးဆိုတဲ့အကြောင်း အမှတ်ရဖို့ပါပဲ။

ဒါပေမဲ့ ကျွန်တော်တို့မှာ ခက်နေတာက မင်းလောင်းသိပ်မျှော်တတ်တယ်။ ပုံပြင်တွေ နိပါတ်တော်တွေထဲကလို သိကြားမင်းကြီး ဆင်းကယ်တာမျိုး သိပ်လိုချင်ပါတယ်။ ဒီတော့ ကိစ္စတစ်ခုခုပေါ်လာတိုင်း နိုင်ငံခြားအစိုးရတွေများ အားကိုးလို့ရမလား ပြေးမျှော် တော့တာပဲ။ မြန်မာ့သမိုင်းကို ပြန်ကြည့်ပါ။ ဗိုလ်ချုပ်တို့ ခေတ်ကတည်းက လွတ်လပ်ရေးရအောင်တိုက်ခဲ့တာ ဘယ်နိုင်ငံခြားအကူ၊ကြောင့်မှ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံး ဒီလွတ်လပ်ေ၇းဆိုတဲ့အရာကို တကယ်လိုချင်ခဲ့လို့ပါ။ အဲဒီတုန်းက ဂျပန်ကို ကယ်တင်ရှင်ကြီး ထင်ခဲ့ကြရဲ့။ နောက်ကျမှ နောက်မှလာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲဆိုပြီး တော်တော်မောင်းထုတ်ခဲ့ရတယ် မဟုတ်လား။

ဒဲ့ပြောရရင်တော့ ကျွန်တော်တို့ မျက်မှောက်ခေတ်ရဲ့ ဒီမိုကရေစီ လမ်းကြောင်းအတွက် ဘယ်သူ့အားကိုးကြမလဲ? ဆောင်းပါးစစချင်းမှာ တင်ပြခဲ့တဲ့ ကိစ္စကြီး ၃ခုဖြစ်တဲ့ ၁) ကချင်သွေးချင်းတွေကိစ္စ။ ၂) တရုပ်လွှမ်းမိုးနိုင်မှုအခြေအနေ ၃) ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေး ... ကိစ္စတွေအတွက် ဘယ်သူက အားကိုးရာဖြစ်မလဲ? သေချာပါတယ်။ ဘယ်သူမှ အားကိုးလို့ ရမှာမဟုတ်ပါဘူး။
ဒါကြောင့် ... ကျွန်တော်တို့အားလုံး ဒီနေ့ကစပြီး ကိုယ့်အားကိုယ်ကိုးကြရအောင်။

ကျွန်တော့်ဒီဆောင်းပါးဆုံးချိန်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာလေး တစ်ပိုင်းတစ်စ ခေါင်းထဲရောက်လာတာမို့ အဲဒါလေးနဲ့ အဆုံးသတ်ချင်ပါတယ်။ ကျွန်တော်မှတ်မိနေတဲ့ ဆရာကြီးကဗျာက ဒီလိုပါ။
... အရေးကြီးလျှင် သွေးစည်းပြီး သွေးနီးရာဆိုတဲ့အတိုင်း၊ ကိုင်း ... ထထကြွကြွနဲ့ ၀ိုင်းကြပေရော့ ...။

သွန်းနေစိုး Thorn Nay Soe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...