Wednesday, April 4, 2012

ဆိုရေးရှိက ဆိုကြစေ...


by Naing Htoo Aung on Wednesday, April 4, 2012 at 8:18pm 

ငယ်ငယ်ကတည်းက ဂိမ်းကစားတာနဲ့တော့ မစိမ်းခဲ့ပါဘူး။ နီတန်းဒိုးလေးတွေက အစပြုလို့ ခုနေ X Box ဆိုတာအဆုံး... အလယ်မှာ ပေါင်းစုံသော ဂိမ်းတွေပေါ့။ တစ်ခုသတိထားမိခဲ့တာက ဂိမ်းထဲမှာ သူသတ်မှတ်ထားတဲ့ လက်နက်ကိုရှာ ပြီးမှသတ်လို့ရမယ့် အကောင်တွေကို တွေ့ခဲ့ဖူးတယ်ဆိုချင်တာပါ။ ငယ်ငယ်က သင်္ချာတွက်သလို ဒါလေးကို အီကွေးရှင်း တစ်အနေနဲ့ ထားခဲ့ပြီး လိုမှယူသုံးရင် ကောင်းမလားလို့ပါ။

သင်္ကြန်ရောက်ရင် သင်္ကြန်ပိုးထတယ်ဆိုတာ ကြားဖူးမယ်ထင်ပါရဲ့။ အဲ ကိုယ်တွေကျတော့က မြစ်ဆုံဟေ့လို့ အသံလေးတွေကြားရင် ပိုးထလာသလို ရွလာထလာတယ် ထင်တာပါပဲ။ တကယ်ပဲ မားမားမတ်မတ် ပညာရှင်ပီသစွာ ရပ်တည်ခဲ့တာ ပဲလား မေးခွန်းပဲ ပေါက်သွားခဲ့တာလား မသိပေမယ့် အကျယ်ဆုံး အော်ခဲ့တဲ့ လေးလက်မပတ်လည် တိုင်ကြီးကလဲ အကျိကျိနဲ့ အသံလေး တစွန်းတစ ထွက်လာသလိုလို... ပြီးတော့ ဟိုကတစ်စ ဒီကတစ်စနဲ့ ကောလဟာလပဲ ပြောရမလား... အသံလေးတွေလဲ ကြားလာရတာလဲ ပါမပေါ့။


မြစ်ဆုံဆည်ကို ရပ်လိုက်တုန်းက သမ္မတကြီးရဲ့ အခွင့်အာဏာအရ မိမိတို့ အစိုးရ သက်တမ်းအတွင်း မြစ်ဆုံဆည်တည်ဆောက်ခြင်း လုပ်ငန်းများကို ရပ်နားထာမည်လို့ အတိအလင်း ကြေညာသွားပါတယ်။ ကြေညာချက် အပိုဒ် ၁၀။ မှာ ဒီလိုရေးထားပါတယ်...

"မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာ ဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။" တဲ့...။
ဒီနေရာမှာ စဉ်းစားစရာတစ်ခုက နိုင်ငံတစ်ခုကို အခြားနိုင်ငံတစ်ခု သူလိုလားတဲ့ အစိုးရပြောင်းသွားရင်တောင် အရင်အစိုးရက တင်ကျန်ခဲ့တဲ့ ကြွေးမြှီးတွေကို ထည့်စဉ်းစား မစဉ်းစားဆိုတာလေးနဲ့ နှိုင်းယှသ်စေချင်တာပါ။ နိုင်ငံတိုင်းဟာ မိမိတို့ အမျိုးသား အကျိုးစီးပွားကို အရင်ကြည့်ကြပါတယ်။ ဘယ်နိုင်ငံရယ်မဟုတ်ပါဘူး မြန်မာဆိုလဲ ဒီလိုလုပ်မှာပါပဲ။ နိုင်ငံအချင်းချင်းရဲ့ အရေးမှာ လိမ္မာပါးနပ်ဖို့ အရမ်းပဲ အရေးကြီးပါတယ်။

မြစ်ဆုံဆည်ဆိုတာက အရင်အစိုးရလက်ထက်မှာ အစိုးရအချင်းချင်း နိုင်ငံအချင်းချင်း သဘောတူညီမှုအရ ဆောင်ရွက် အကောင်အထည် ဖော်နေတဲ့ စီမံကိန်းကြီး တစ်ခုပါ။ လက်မခံချင်ပေမယ့် အတော်လို့မရတဲ့ အမျိုးတွေလိုပါပဲ။ ငယ်ငယ်က ဈေးရောင်းတိုင်း ကစားသလို နင်ကညစ်တယ် ငါမဆော့တော့ဘူးဆိုပြီး ဖုတ်ဖတ်ခါ ထလာလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ လုပ်ငန်းဆောင်တာ စီးပွားရေကိစ္စတိုင်း အာမခံချက် အလျော်အစားဆိုတာ ရှိပါသေးတယ်။ စီးပွားရေ လုပ်နေကြတဲ့ သူတိုင်းနားလည်တဲ့ သဘောတရားတစ်ခုပါ။

CPI ဆိုတာက တရုတ်အစိုးရပိုင် လုပ်ငန်းကြီးတစ်ခုပါ။ တရုတ်အနေနဲ့ သူ့ရေရှည် အကျိုးစီးပွားအတွက် ထည့်စဉ်းစားလို့သာ ခတ္တခဏလေး ငြိမ်နေတာပါ... ပိုက်လိုင်းကိစ္စသာ ပြီးသွားခဲ့ရင် ဘယ်လိုဆက်ပြီး လုပ်မယ်ဆိုတာ တွေးထားပြီးသား ပလန်ချထားပြီးသားဆိုတာ မြေကြီးပေါ် တံတွေးထွေးတာတောင် တစ်ခုခုခံချင် ခံနေပါ့မယ်။ မြန်မာနိုင်ငံသားတွေက တစ်နိုင်ငံလုံးက လုံးဝလက်မခံပါဘူး ကန့်ကွတ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်ဆိုတာက ဘယ်လောက် တိကျခိုင်မာပါမလဲ။ ဒါက မေးခွန်းနံပါတ် ၁ ပါ။ နှစ်၊ သုံး၊ လေးကတော့ နံပါတ် မတပ်တော့ပါဘူးဗျာ။

ဖွံဖြိုးမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုတာ အမြဲကို ထိပ်တိုက် ရင်ဆိုင်နေရတာပါ။ ခုနေခါမှာ မီးပျက်ကြတယ် ဆိုတာ လူအတော်များများ ခံစားနေကြရတာပါ။ ဒါမှမလုပ်ဘူးဆို ဆားနဲ့ပဲစားကြမယ် ဆိုတဲ့သူတွေဆိုတာ တစ်နပ်စာလောက်ကို ပြောတယ်လို့ပဲ သဘောပေါက်ပါတယ်။ ရေရှည်မှာ ဘယ်သူမှ ခံနိုင်မှာမဟုတ်သလို တိုးတက်လာမှု ဖွံဖြိုးမှုတွေရဲ့ နောက်ပြန်ဆွဲနေတဲ့ အကြောင်းအရင်းတွေ ဖြစ်လာမှာ မလွဲပါဘူး။

မြစ်ဆုံကိစ္စမှာ ပြည်သူ့အသံကို နားထောင်တယ်ဆိုတာ ဒီကိစ္စကနေ အမှတ်ယူချင်လို့ အဆိုးထဲက အကောင်းတွေ ဖြစ်လာအောင် လုပ်လိုက်တဲ့ ပြည်သူတွေကို အုပ်ချုပ်ရေး မဏ္ဍိုင်ကို ယုံကြည့်ကိုးစားလာအောင် အညှာချွေတဲ့ နိုင်ငံရေး ကစားကွတ်တစ်ခုလို့ မြင်မိပြီး ခုထိ တနုံနုံဖြစ်နေဆဲပါ။ KIA ရဲ့ နှာနုကို ရိုက်ချိုးလိုက်တာတောင် အဆစ်ပါသေးပါတယ်။ ဇာတ်ရှိန်တက်အောင် လုပ်ကြတာတွေကလဲ ပိရိလွန်းလှတယ်ဗျာ။

ဒါတွေ ဘာလို့ပြောနေသလဲဆိုတာ အကြောင်းရှိပါတယ်။ ကဲကြည့် ခင်ဗျားတို့ ဖင်ပြဲအောင် အော်နေကြတဲ့ ငါးထောင်တန်ဖုန်း ရသလားဗျာ...။ လိုချင်တာပေါ့ဗျာ... တစ်ပိုင်းကိုသေနေတာပဲ။ ဒါပေမယ့် မဖြစ်လာဘူးလေ။ ဘာလို့မရသလဲ အဖြေရှာကြည့်ရင် တစ်ချို့ကိစ္စတွေဆိုတာ သမ္မတအာဏာအတွင်း ရှိမရှိပေါ့လေ။ ခုနေ ဘယ်သူကြီးပဲ သမ္မတဖြစ်လာလာ ချက်ချင်းလုပ်မရပါဘူး။ လုပ်မရတဲ့ အကြောင်းတွေက အများကြီးပါ။ နိုင်ငံတော် ဘက်ဂျက်အရကော ဘာရောညာရော အများကြီးပါ။ ဒါကိုဒီမှာရော ဘယ်မှာမှ မပြောပါဘူး... ကာဘာပေးပြောရအောင် ကျုပ်လုပ်စာ ကျုပ်စားနေတာလေ... သူတို့လဲ လခယူထားတာ နိုင်အောင်ရှင်းပေါ့ သူတို့အလုပ်ပဲ။ ပြောချင်တဲ့ ဆိုလိုရင်းက သမ္မတဆိုတာ ပျောက်စေ ဆရာမဟုတ်သလို အစိုးရအဖွဲ့ဆိုတာလဲ ဖြစ်စေဆရာ မဟုတ်ပါဘူး။ ဒီအစိုးရရယ်မှ မဟုတ်ဘူး ဘယ်သူတက်လာလာပါ။

ဆူးစူးရင် ပုဆိန်မသုံးရမှာ... ဗိုက်ခွဲတာကို အပ်နဲ့လုပ်မရတာ လူတိုင်းသိကြတာပေါ့။ မြင်သာတာကိုးဗျ အရူးအနှမ်းမေးရင်တောင် မင်းရူးများနေသလား ပြန်အပြောခံနေရမယ်။ မယုံမရှိနဲ့။ အကြောင်းအရာတိုင်းမှာ သက်ဆိုင်ရာ ဖြေရှင်းနည်းတွေ ရှိပါတယ်။ ဒီတစ်ခါ ဒါနဲ့ရထားရင် နောက်လဲဒါနဲ့ရမှာပဲလို့ လှေနံဒါးထစ် မှတ်တဲ့သူတွေလို့ ခင်ဗျားတို့ကို ပြောရင် ခံချင်မယ်မထင်ဘူး...။ တစ်ခုခုဖြစ်လာရင် ဒါနင့်ကြောင့် နင်လုပ်လို့ဖြစ်တာဆိုပြီး ဖြစ်ရခြင်း အကြောင်းအရင်း ရှာတာက ပြဿနာကို ပြေလည်မသွားစေပါဘူး။ ဒါမျိုးနောက်အခါ မဖြစ်အောင် ဘယ်လိုသင်္ခန်းစာ ယူရမလဲဆိုတာ အတွက်ပဲ ရမှာပါ။ ပြဿနာတစ်ခု ပြေလည်စေချင်ရင် ပြေလည်အောင် လုပ်ပေးနိုင်မယ့် နောက်ထပ် အကြောင်းအရာတစ်ခုကို ပြဿနာဖြစ်တဲ့အထဲ ပေါင်းထည့်ပေးမှ ရနိုင်မယ်ထင်ပါတယ်။ အီကွေးရှင်း တစ်ကို ပြန်သုံးတယ်ပေါ့ဗျာ။ အဲ တကယ်တမ်းလဲ ဖြစ်ရခြင်းအကြောင်း ရှာကြသလားဆိုတာကလဲ ဖြေရခက်ပါတယ်လေ။

ခုနေ သမ္မတကြီးက သူ့အခွင့်အာဏာအရ ပြည်သူတွေရဲ့ ဆန္ဒကို ထောက်ထားသောအားဖြင့် သူ့သက်တမ်းအတွင်း ရပ်ထားပေးမယ် ပြောပါတယ်။ ဒါအမှန်ပါပဲ သူလုပ်နိုင်တာ လုပ်တာပါ။ နောက်အစိုးရတက်လာလို့လဲ ဒီအတိုင်းပဲ ရပ်ထားမယ် ဒါမှမဟုတ် ဆက်လုပ်မယ်ဆိုတာက နောက်လူရဲ့ အခွင့်အာဏာ ဖြစ်သွားပါပြီ။ တစ်ခုခုဖြစ်ရင် ဝါးကနဲ့အော်ငို ခြေဆောင့်ပြီးတောင်း မရရင်ကောက် ဆဲဆို အော်ဟစ်နေတာတွေ တွေ့ရင် ဘယ်လို သဘောထားမလဲဗျာ...။ မှန်တစ်ချပ်တော့ လိုကြမယ် ထင်ပါရဲ့ဗျာ။ တစ်ခုခုဖြစ်တိုင်း သမ္မတကြီး တက်တိုင်တယ်ဆိုတာ အလုပ်မဟုတ်ပါဘူး။ သူ့သက်ဆိုင်ရာကနေတစ်ဆင့် သွားရမှာပါ။ မဟုတ်ရင် ယန္တယားကြီးကို ဖျက်စီးနေတာ ကိုယ်တိုင်ဖြစ်သွားမှာပါပဲ။

အစိုးရအဖွဲ့ကနေ တရားဝင်ကြေလာချက်ကို ဖောက်ဖျက်ပြီး လုပ်ရအောင် သမ္မတကြီးနဲ့ အစိုးရအဖွဲ့အတွက် ဘာတွေများ ကောင်းကျိုးရှိလာမယ် ထင်ကြတာလဲ မသိဘူးဗျနော်...။ နောက်သက်တမ်း အရွေးမခံချင်တာများလားပဲ...၊ :P

ဒီနေရာမှာ ပြောစရာနှစ်ချက်ရှိပါတယ်...

ပထမအချက်က အရင်မြစ်ဆုံ ကိစ္စတွေ ဝုန်းဒိုင်းကျဲနေ ကတည်းက ပြောခဲ့ဖူးပါတယ်။ စိတ်ခံစားချက် အသားပေးတဲ့ ကိစ္စတွေပါ။ မြန်မာပြည်ဖွားတွေ ဆန္ဒအဓိပတိ သိပ်အားကောင်းကြပါတယ်ဗျာ...။ ဘာဖြစ်လို့လ မေးလိုက်ရင် မလုပ်စေချင်လို့ ဘာ့ကြောင့်လဲမေးရင် စိတ်ထဲကဖြစ်လို့ ဟိုလူဒီလူတွေက ပြောလို့ဆိုတာနဲ့ပဲ တိုးနေတာပါပဲ။ ကျန်တဲ့ ဝိရိယအဓိပတိတို့ ဘာတို့ကျတော့ ဘယ်နားမှာ ငုပ်လျှိုးနေကြမှန်း မသိရိုးအမှန်ပါ။ အဲဒီလို ပြောလိုက်ရင်တောင် ခံစားချက်နဲ့ လုပ်တာကောင်းတယ် ဆိုပြီး ကာဘာပေး တိုက်ပွဲဝင်ကြတဲ့ သူရဲကောင်းတွေတောင် တွေ့ရပါသေးတယ်။ မသိသေးရင်လေ့လာ ကိုယ့်နယ်ပယ် မဟုတ်တောင် နည်းနည်းဖြစ်ဖြစ် သိသွားရင် အမြတ်ဆိုတဲ့ စိတ်ဓါတ်တောင် မသွင်းပေးနိုင်ရင် ခင်ဗျားတို့ မကြိုက်ကြတဲ့ ဖွတ်တွေက ခင်ဗျားတို့ ကိုယ်တိုင်ဖြစ်မှန်းမသိ ဖြစ်နေကြမှာပါပဲ။

မသိရင်လေ့လာကြပါ။ မေးကြမြန်းကြပါ။ ဘယ်နိုင်ငံ ဘယ်နေရာ ကမ္ဘာပေါ်ရှိတဲ့ နေရာတိုင်းမှာ မမေးပဲ မမြန်းပဲ လာကြကွဆိုပြီး အတင်ပညာတွေ ပို့ချပေးမနေပါဘူး။ ဘုရားတောင် တရားတောင်းရပါတယ်ဗျာ... နော်။ မြန်မာပြည်မှာ တကယ့်ကို တော်တတ်ကြတဲ့ ပညာရှင်တွေ ရှိကြပါတယ်။ ကိုယ်တွေက သူတို့ ခြေဖျားတောင် လိုက်မမီပါဘူး။ အဲလိုပြောလို့ ပညာရှင်တွေလုပ်ပြီး အရေးမစိုက်ကြဘူးဆိုတဲ့ ချော်တောငေါ့တာတွေလဲ ဖြစ်လာမှာစိုးရပါတယ်။ သိတယ်မလား အဲဒိနေရာတွေမှာ သိပ်တော်ကြတယ်လေဗျာ။ ခံစားချက်နဲ့ လုပ်နေတာ ကောင်းတယ် ပြောနေကြသူများကို ဖွတ်မွေးနေတဲ့ သူများလို့ မပြောရဲပါဘူး... ပြောတော့ ပြောချင်ပါတယ်။

ဒုတိကအချက်က သိပ်ကို အရေးကြီးပါတယ်။ အရင် မြစ်ဆုံရပ်လိုက်ပြီဆိုတော့ လူတွေလဲ မီးကိုရေနဲ့ဖြန်းသလို ချက်ချင်း ဟင်းကနဲ ဖြစ်သွားကြလေရဲ့။ တကယ့် အလုပ်ကို စိတ်မဝင်စားကြပဲ တရုတ်ဆန့်ကျင်ရေး ယောင်ယောင် ပြောခဲ့ကြလို့ နုတ်လေး တစ်ပုဒ်တောင် ရေးခဲ့မိပါသေးတယ်။ တကယ်တမ်းက ကိုယ်နိုင်ငံမှာ သူများတွေက လာပြီးတော့ ခေါင်းပုံဖြတ်လို့ရနေတာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်အောင် လုပ်လို့ရနေတာဟာ (ဘာဖြစ်ဖြစ်နင့်အတာပဲလို့ မပြောရင်ပေါ့လေ) ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးနိုင်မယ့် တိကျပြီး တောင့်တင်းခိုင်မာတဲ့ ဥပဒေမရှိခဲ့လို့ပါ။

ခုကောဆိုရင် ကျွန်တော်တို့မှာ ဥပဒေရှိလာပါပြီ။ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က နိုင်ငံတော် သမ္မတ အမိန့်နဲ့ ပြဌန်းလိုက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေထုတ်ပြန်လိုက်ပါပြီ။


တစ်ခုခုဖြစ်တာနဲ့ လက်ထဲက တုတ်ကို ချပြီးပြေးတတ်တဲ့ ငနုံတွေအဖြစ်ခံကြမလား အဖြစ်မခံကြဘူးလားဆိုတာ စောင့်ကြည့်ရမှာပါပဲ။ ထမင်းပန်ကန်ရှေ့တင်ရှိနေတာကို ဗိုက်ဆာတယ်ဆိုပြီး ထိုင်ငိုနေရင်တော့ သေပေါ့ဗျာ...။ ဘာလဲ ဟင်းမကြိုက်ဘူးလား... ဒါဆို ဟင်းတောင်းပေါ့ဗျ... ခုလိုငိုနေတော့ ဘာအကျိုးရှိမှာလဲ။

ပြည်သူတွေက လက်မခံလို့ဆိုတဲ့ အကြောင်းအရာဟာ ခေတ္တခဏရပ်တန့်ထားဖို့တွက် လုံလောက်တဲ့ အကြောင်းပြချက်တစ်ခုဆိုရင် ဥပဒေကြောင်းအရ မည်ကဲ့သို့သော ကိစ္စရပ်များသည် မညီညွတ်ပါသဖြင့်ဆိုကြရင်ဖြင့် ဒီစီမံကိန်းကြီး ရပ်တန့်ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်ဖြစ်လာမယ်ဆိုတာ မယုံကြည်ကြဘူးလားဗျာ...။

သေသေချာချာဖတ်ကြည့်ရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေဆိုတာက ပြီးပြည်စုံတဲ့ ဥပဒေတစ်ရပ်မဟုတ်ဘူးဆိုတာ ပညာရှင်တွေက ဝေဖန်ကြပါတယ်။ နောက်ပြီးတော့ ဒီဥပဒေတစ်ခုတည်းနဲ့ လုံလောက်သွားပြီလား မေးကြရင် မလုံလောက်သေးပါဘူး။ နိုင်ငံတကာ အဆင့်မီတဲ့ အလျော်အစား စနစ်တွေ၊ လုပ်ငန်းဆောင်တာ တစ်ခုချင်းအလိုက် အသေးစိတ် တိတိပပ ပြဌန်းပေးရမယ့် ဥပဒေတွေ အများကြီးမှ အများကြီး လိုပါသေးတယ်။ အဲတော့ ဘာလုပ်ကြမလဲ ကျုပ်တို့တစ်တွေ မိုးကျဖားများ အော်သလို ကျီးတွေဝိုင်းအာနေသလို လုပ်နေကြမလား... ဒါမှမဟုတ်ရင်....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...