အရည်အသွေး အကဲဖြတ်ခြင်း(Assessment) - မင်းခက်ရဲ
by မင်းခက်ရဲ (Min Khet Ye) on Saturday, January 28, 2012 at 5:23pm
ပညာရေးရဲ့ လေ့ကျင့်ပျိုးထောင်မှုအတွင်းမှာ ပြဿနာအရှိဆုံးအရာကို ပြပါဆိုရင် ကျောင်းသားရဲ့ အရည်အ သွေး အကဲဖြတ်ပုံ ဖြစ်တယ်လို့ဆိုရမယ်။ ပညာရေးစနစ်က ကျောင်းသားတွေရဲ့ စွမ်းဆောင်နိုင်ရည်ကို ကြည့်ပြီး အရည်အသွေးကို အကဲဖြတ်ထုတ်ဖော်ပေးရတယ် ။ ထုတ်ဖော်တဲ့ ပုံစံအမျိုးမျိုးလေး ရှိတယ် ။ ကျွန်တော်တို့ ဆီမှာ အထင်အရှားတွေ့ရတဲ့ အရည်အသွေးအကဲဖြတ်ပုံကတော့ စာမေးပွဲစစ်ပြီး အမှတ်ပေးခြင်းပါပဲ ။ ဒါပေမယ့် စာမေးပွဲစစ်ခြင်း နဲ့ အရည်အသွေးအကဲဖြတ်ခြင်းမှာ အမြဲတမ်းချို့ယွင်းချက်တွေရှိနေတယ်ဆိုတာလောက်တော့ သိထားရပါမယ် ။ အဲဒီလို သိထားမှလည်း ကိုယ့်ရဲ့ စာမေးပွဲစစ်ခြင်းနဲ့ အမှတ်ပေးခြင်းမှာ လွဲမှားနေတဲ့ အရာတွေကို အမြဲလေ့လာပြင်ဆင်နိုင်မှာ ဖြစ်တယ်။
တစ်ခါက ကျွန်တော်တို့ရဲ့ ကဗျာစာဆိုက၀ိတစ်ဦး ဖြစ်တဲ့ မင်းသုဝဏ်ဟာ အိုင်အေတန်းကို တတ်နေပါတယ် ။ ဒီအချိန်မှာ သူ့ကို မြန်မာစာ စာစီစာကုံးသင်ပေးတဲ့ ဆရာက ဇော်ဂျီပါပဲ။ ဇော်ဂျီရေးခိုင်းတဲ့ စာစီစာကုံးခေါင်းစဉ်တွေက ကျွန်တော့်အမြင်ဆိုရရင် ယနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေမှာတွေ့ရတဲ့ စာစီစာကုံးတွေလို မဟုတ်ပဲ အနောက်တိုင်း အဆင့်မှီပြီး အဆင့်အတန်းမြင့်မားတယ်လို့ ဆိုရမယ် ။
ယနေ့တက္ကသိုလ်ဝင်တန်း မှာတွေ့ရတဲ့ စာစီစာကုံးတွေက အလိမ္မာစာမှာ ရှိ ၊ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲလို စကားပုံဖြစ်ချင်ဖြစ်မဖြစ်ရင် နေသာသောနေ့ ၊ ကျွနုပ်ကြိုက်နှစ်သက်သော စာအုပ်တစ်အုပ်လိုမျိုး သမာရိုးကျ စာစီစာကုံးတွေပါပဲ ။ ဇော်ဂျီက သူ့ရဲ့ စာသင်ခန်းထဲဝင်လာ ပြီး မိုးရေထဲကကြောင်ကလေး ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံးရေးခိုင်းပါတယ် ။ ပြီးတော့ အခြားအကြောင်းအရာ နှစ်ခုလည်းပေးပြီး ခေါင်းစဉ်သုံးခုကို စိတ်ကူးပေါ်သလို ရေးခိုင်းတယ် ။ မင်းသုဝဏ်ရေးတဲ့ စာစီစာကုံးဟာ ၁၀မှတ်မှာ ၉မှတ်ရပါတယ် ။ ဒီနေရာမှာ ၀င်လာတာက ကျောင်းသား၇ဲ့ အရည်အသွေးအကဲဖြတ်ဖို့အတွက် အမှတ်ပေးခြင်းပါပဲ ။ ဒီအမှတ်ဟာ တကယ်ပဲ မင်းသုဝဏ်ရဲ့ အရေးအသားကို အကဲဖြတ်နိုင်တဲ့ အမှတ်လား ။ ဘာကြောင့် ဇော်ဂျီက မင်းသုဝဏ်ရဲ့ အမှတ်တစ်မှတ်ကို လျော့ထားရပါသလဲ ။ မင်းသုဝဏ်ရဲ့ စာစီစာကုံးဟာ အမှတ်တစ်မှတ် လျော့ဖို့ လိုအပ်နေသလား ။ ကျောင်းသားတစ်ယောက်ရဲ့ အရည်အသွေးကို ဆရာက အကဲဖြတ်ခြင်းဟာ ဆရာရဲ့ သြဇာအာဏာ ပေါ်ကိုသာ မှီခိုနေရတာမျိုးဖြစ်မနေဘူးလား ။ ယနေ့ကျွန်တော်တို့ရဲ့ ကျောင်းတွေမှာ ကျောင်းသားတွေ အပေါ် မြန်မာစာ စာစီစာကုံး ၊ အင်္ဂလိပ်စာ အက်ဆေး နဲ့ ပတ်သတ်ပြီး အမှတ်ပေးပုံဟာ ပိုလို့တောင်မှ ဆိုးနေသေးတယ် ။ မြန်မာစာ စာစီစာကုံးအမှတ် ၂၀မှာ အမှတ်၂၀အပြည့်ရတဲ့သူဆိုတာ မရှိဘူး၊ အကောင်းဆုံးရေးနိုင်သူကို ၁၄မှတ် ဒါမှမြန်မာတစ်နိုင်ငံ လုံး မြန်မာစာ အမှတ်အများဆုံးရလောက်တဲ့သူမျိုးဆို ၁၆မှတ်လောက်သာ ပေးတတ်တယ် ။ ဒီနေရာမှာ ကျွန်တော်တို့ မေးရမှာက ကျောင်းသားရဲ့ အရည်အသွေးကို စာမေးပွဲ မဖြေခင်ကတည်း လေးမှတ်လျော့ချဖို့ အကဲဖြတ်ထားတဲ့ အမှတ်ပေးပုံဟာ တရားမျှတတယ်လို့ ဆိုနိုင်ပါ့မလား ဆိုတာပဲ ။
ပညာရေးအတွင်မှာ အရည်အသွေးအကဲဖြတ်ပုံဟာ တကယ်ပဲ အရည်အသွေးကို အကဲဖြတ်ထုတ်ဖော်ပြနိုင်တဲ့ ပုံစံဟုတ်မဟုတ်ကို အမြဲစဉ်းစားနေသင့်တယ် ။ အရည်အသွေးအကဲဖြတ်ပုံကို စာမေးပွဲစစ်ဆေးခြင်းသာမက ပညာရေးတစ်ခုလုံးအတွင်းက နေရာတော်တော်များများမှာ ပုံစံအမျိုးမျိုးနဲ့ ထားသင့်တယ်လို့တောင်မှ ဆိုကြတယ် ။ နေရာ တော်တော်များများမှာ ထားသင့်တယ်လို့ ဆိုရင်တောင်မှ ဘယ်လိုပုံစံမျိုးနဲ့ ထားသင့်သလဲ ဆိုတာမှာလည်း အငြင်းပွားဖွယ် ရာတွေပြည့်နှက်နေတယ် ။ ကျွန်တော် ပြောချင်တာ ပြဿနာတွေ အများကြီးရှိနေတဲ့ အရည်အသွေးအကဲဖြတ်ခြင်းလို အရာမျိုးအတွက် တရားမျှတမှုရှိအောင် ကျွန်တော်တို့စဉ်းစားပြီး ကြိုးစားလုပ်ကိုင်ရမယ့် အရာတွေ အများကြီး ကျန်သေး တယ် ။ အဲဒီလို အရေးတကြီးလုပ်ကိုင်ရမယ့် အချိန်မှာ အရည်အသွေး ထုတ်ဖော် အကဲဖြတ်ရာမှာ ကျောင်းသားတွေ စာမေးပွဲမခြေခင်ကတည်းက အမှတ်တွေ လျော့ထားတဲ့ အရည်အသွေးအကဲဖြတ်ပုံစံမျိုးဟာ မဖြစ်သင့်ဘူး ဆိုတာပဲ ။ တစ်ချို့ပညာရေးသီအိုရီပညာရှင်တွေဆိုရင် ပညာရေးအတွင်းကနေ အရည်အသွေးအကဲဖြတ်ခြင်းကို ဖျက်သိမ်းသင့်တယ်လို့တောင်မှ အကြံဥာဏ်ပေးနေတာကိုတွေ့ရမယ် ။ လာနားဆိုရင် တက္ကသိုလ်တွေမှာ အရည်အသွေး အကဲဖြတ်ခြင်း မရှိဘဲ အလုပ်လုပ်သင့်တယ်လို့ဆိုတယ် ။ အဲဒီနောက် deschooling ဆိုတာပေါ်လာတယ် ။ ကျောင်းတွေ မှာ စာမသင်တော့ပဲ အိမ်မှာ စာသင်ပြီးမှနေတာပဲ ။ ဒါပေမယ့် ပညာရေးမှာ သင်ကြားခြင်းနဲ့ သင်ယူခြင်းဆိုတာပါနေတဲ့ အတွက် စာမေးပွဲစစ်ခြင်းနဲ့ အရည်အသွေးအကဲဖြတ်ခြင်းလိုအရာမျိုးက မဖြစ်မနေပါနေတာပဲ ။ ကျောင်းရဲ့ အားကစားလုပ်မှု ၊ လူမှုရေးလုပ်ဆောင်မှု၊ ကျောင်းအသင်းအဖွဲ့တွေမှာ ပါဝင်လုပ်ဆောင်မှုတွေအတွက် အမှတ်တွေကို Deschoolers ၀ါ ကျောင်းဆန့်ကျင်ရေးဝါဒီတွေ ပြောသလို မလိုအပ်ရင်တောင်မှ သင်ကြားခြင်းနဲ့ သင်ယူမှုရှိနေသမျှကာလာပတ်လုံး အရည်အသွေးအကဲဖြတ်ခြင်းကတော့ ရှိနေမှာပဲ ။ တနည်းအားဖြင့် သင်ကြားမှုနဲ့ သင်ယူမှုဖြစ်စဉ်ကြီးဟာ ဘယ်လောက်ထိအောင်မြင်သလဲ ထိရောက်သလဲကို ပြန်စမ်းစစ်ပေးရတဲ့ သဘောရှိတာတော့ အမှန်ပဲ ။
ကျောင်းဆန့်ကျင်ရေးဝါဒီတွေရဲ့အမြင်မှာ နားလည်မှုလွဲနေတာက ကျောင်းအတွင်းအရည်အသွေး အကဲဖြတ်ခြင်း ဟာ ပုံစံအမျိုးမျိုးရှိနေနိုင်တယ်ဆိုတာပဲ ။ ဘာရိုးက အဓိက ပုံစံလေးမျိုးကို ထုတ်ပြတယ် ။ ပထမတစ်ခုက ကျောင်းသားရဲ့ စွမ်းဆောင်ရည်ကို ပုံစံအမျိုးမျိုး နည်းလမ်းအမျိုးမျိုးအရ ကြည့်ပြီး အဆင့်သတ်မှတ်ပေးတာပဲ ။ ဒုတိယတစ်ခုက အခြေခံအရည်အသွေးရှိကြောင်းလက်မှတ်ထုတ်ပေးတာပဲ ။ ဘွဲ့လက်မှတ် ၊ အောင်လက်မှတ် ၊ အခြေခံအရည်အသွေးရှိ ကြောင်းလက်မှတ် (Certificate) စသဖြင့် ပြည်သူလူထုအတွင်း အာမခံပေးဖို့ လုပ်ရတာမျိုးဖြစ်တယ် ။ တတိယ တစ်ခုကတော့ အဆင့်သတ်မှတ်ဖို့အတွက် စာမေးပွဲစစ်ဆေးခြင်းပဲ ။ နောက်တစ်ခုက ယနေ့ ကျွန်တော်တို့ ကျောင်းတွေမှာ တွေ့ရတဲ့ စဉ်ဆက်မပြတ်အကဲဖြတ်ချည်းကပ်ပြီး အဆင့်သတ်မှတ်ပေးတဲ့ နည်းပဲ ။ ဘာရိုးက ပညာရေး မှာ စံအဆင့်အတန်းသတ်မှတ်ခြင်းဟာ မလွဲမသွေရှိရမယ်လို့ မြင်တယ် ။ ဒီအတွက် အရည်အသွေအကဲဖြတ်ခြင်းကို စနစ်တကျတည်ဆောက်ထားဖို့ဟာလည်း ပညာရေးရဲ့ လုပ်ငန်းစဉ်းထဲမှာ အရေးကြီးတဲ့ အရာပဲ ။
ဘာရိုးရဲ့အရည်အသွေးအကဲဖြတ်ခြင်းလေးခုမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဘွဲ့လက်မှတ်နဲ့ ဆာတီဖီကိတ်ထုတ်ပေးခြင်းပဲ ။ အရည်အသွေးသတ်မှတ်ခြင်းဟာ စာမေးပွဲစစ်ခြင်းလို ၊ စဉ်ဆက်မပြတ် အကဲဖြတ်ခြင်းလို အရာမျိုးကို ကြည့်ရင် ဆရာတွေရဲ့ အတ္တမနောဟိကိုသာလျင် မှီခို၇သလိုရှိတယ် ။ ဒါပေမယ့် ဘွဲ့လက်မှတ်ဆိုတဲ့ အရာကြောင့် ဆရာချည်းသက်သက်နဲ့ မဆိုင်ဘဲ လူ့အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့ အရာဖြစ်လာတယ် ။ ဘွဲ့လက်မှတ်ကနေ ထုတ်ဖော်ပြနေတဲ့ အရည်အသွေးသတ်မှတ်ချက် ဒီလူဟာ ဘွဲ့လက်မှတ်ပါ ပညာကို တတ်ကျွမ်းတဲ့ အရည်အသွေးရှိ ကြောင်းကို လူ့အဖွဲ့အစည်းအပေါ် အာမခံပေးရတဲ့ သဘောရှိလာတယ် ။ အရည်အသွေးအကဲဖြတ်ချက်ပုံစံတွေရဲ့ အဆုံးမှာ ဘွဲ့လက်မှတ်လို အရည်အသွေးအကဲဖြတ်ချက်ပုံစံတစ်ရပ်နဲ့ ပိတ်ထားတာက သက်ဆိုင်ရာ တက္ကသိုလ်ဟာ ဒီလူရဲ့ သက်ဆိုင်ရာ ပညာနဲ့ ပတ်သတ်ပြီး လူ့အဖွဲ့အစည်းကို တာဝန်ယူပါတယ်လို့ ပြောကြားနေတာသာဖြစ်တယ် ။ ပညာရေးစနစ်က သူတို့ရဲ့ အရည်အသွေးအကဲဖြတ်ပုံအတွက် လူ့အဖွဲ့အစည်းကို တာဝန်ယူပေးရမယ် ။ လူ့အဖွဲ့အစည်းက ပညာရေးစနစ်တစ်ခုကနေ ဖော်ထုတ်ပေးလိုက်တဲ့ အရည်အသွေးအကဲဖြတ်ချက်ကို အယုံအကြည်မရှိတော့ဘူး ဆိုရင် အဲဒီပညာရေး ဟာ လူ့အဖွဲ့အစည်းအပေါ် သူတို့ရဲ့ အကဲဖြတ်ပုံအတွက်တာဝန်ယူမပေးနိုင်လို့သာလျင်ဖြစ်မယ် ။ သက်ဆိုင်ရာ ပညာရေးရဲ့ အရည်အသွေးအကဲဖြတ်ချက် ၀ါ ဘွဲလက်မှတ်ကို လူ့အဖွဲ့အစည်းက မယုံကြည်တော့ဘူး ဆိုရင် အဲဒီ ပညာရေးစနစ်ဟာ ကျဆုံးတဲ့ ပညာရေးစနစ်ပဲ ။ လူ့အဖွဲ့အစည်းထဲမှာပါ ဟန်ချက်မညီမညွတ်နဲ့ အကျပ်အတည်း ဆိုက်လာမှာ သေချာတယ် ။
မင်းခက်ရဲ
0 comments:
Post a Comment