အားတင်းကြစို့ ညီမလေးရယ်၊ မောက္ခ ၊ 12 April 2012
by Ko Thaung on Thursday, April 12, 2012 at 10:30pm ·
သူမတို့ သားအမိ အိမ်ကို လာလည်မယ်ဆိုတုန်းက မထူးဆန်းခဲ့ပေမယ့် သူမကိုတွေ့တော့ စိတ်မကောင်းလည်းဖြစ် တထူးတဆန်းနဲ့ ခဏတော့ စိုက်ကြည့်နေခဲ့မိတာ အမှန်။ အရင်ဆို ဘယ်လောက်ပဲ ဒုက္ခတွေဝေနေပါစေ တက်တက်ကြွကြွ နဲ့ အမြဲပြုံးနေတတ်တဲ့ ညီမ ၀မ်းကွဲတော်သူက ခုတော့ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပါရောလား။
စိတ်ကျရောဂါ ဟာ ဆေးဝါးနဲ့ စိတ်အခြေအနေကို တိုးတက် ကောင်းမွန်စေတယ် ဆိုပေမယ့် လုံးဝပျောက်ကင်းဖို့ဆိုတာ အချိန် အတော်လေး ယူရတဲ့ ကိစ္စပါ။ အဲဒါအပြင် စိတ်ကျရောဂါကုထုံးဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ ရဲ့ ရန်ကလည်း ရှိသေးတာမို့ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ် ဆိုတဲ့ ဆောင်ပုဒ်ကို ကျမ ပြန်သတိရမိပြန်တယ်။
စိတ်ကျခြင်းနဲ့ အဓိကပက်သက်နေတဲ့ အချက်ကတော့ စိတ်ဖိစီးမှုလို့ ဆိုနိုင်ပါတယ်။ စိတ်ဖိစီးမှုကို အမြဲတစေ ခံစားရတဲ့သူတွေမှာ စိတ်ကျဖို့ရာ အခွင့်အလမ်း ပိုများပါတယ်။ စိတ်ဖိစီးမှုဟာ စိတ်ကျခြင်းကိုခံစားရတဲ့ အချိန်ကာလကို ကြာမြင့်စေပြီးတော့ စိတ်ကျခြင်းကို ဆိုးရွားစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေခြင်းဟာ စိတ်ကျခြင်းကို ကာကွယ်နိုင်ဖို့ နဲ့ လက်ရှိခံစားနေရတဲ့ စိတ်ကျခြင်းကို အချိန်တိုစေဖို့ ထိရောက်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေဟာ မထူးဆန်းလှပေမယ့် လူတယောက်ဟာ စိတ်ဖိစီးနိုင်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့အဆင်မပြေတာတွေ၊ အကျပ်အတည်းရိုက်မှု တွေနဲ့အတူ မောပန်းနေမယ်၊ အားအင်ကုန်ခမ်းမယ်၊ စိတ်တိုလွယ်မယ်၊ အာရုံစူးစိုက်လို့လည်းမရဘူး၊ အိပ်မပျော်တာ ဒါမှမဟုတ် အရမ်းကို အိပ်ချင်နေတာ၊ ခေါင်းကိုက်တတ်တာ၊ အကြောင်း ပြချက် မခိုင်လုံပဲအမြဲ စိုးရိမ်ပူပန်နေတတ်တာ၊ ဆီးဝမ်း သွေးလေမမှန်တော့တာ၊ ဖျားနာလွယ်တာ စတာတွေပါ ပူးတွဲနေမယ်ဆိုရင် စိတ်ဖိစီးမှုလို့ပြောဖို့ အခွင့်အရေး အများကြီး ရှိနေပါပြီ။
စိတ်ဖိစီးတာကို လျော့ကျစေဖို့ နည်းလမ်းအများကြီးရှိတဲ့ အထဲကမှ လူအများနဲ့ သင့်တော်တယ် ထင်တဲ့အချက်ကလေးတွေ ကတော့
၁။ လေ့ကျင့်ခန်း
လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက endorphins ထွက်လာပြီး အဲဒီဟောမုန်းတွေရဲ့ အကျိုးအာနိသင်က သင့်စိတ်ကို ချမ်းမြေ့စေပါလိမ့်မယ်။
၂။ တိုးတိုးဖော်လေးရှိစေချင်တယ်
နွေးထွေးတဲ့ ထွေးဖက်မှုနဲ့အတူ မေတ္တာယှက်တဲ့ အပြုအမူတိုင်း ဟာ ဦးဏှောက်မှ အောက်စီတိုစင် oxytoxin ကို ထွက်စေပြီး သွေးပေါင်ကို ထိန်းပေးတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း ကျစေတာကို တွေ့ရပါတယ်။
စိတ်ထိခိုက်စရာ ပေါ်လာတဲ့အခါ တယောက်တည်း မနေဘဲ မိတ်ဆွေ ၊ ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းတွေနဲ့ စကားပြောပေးပါ။ သူတို့က ကျွမ်းကျင်သူတွေလို မစွမ်းဆောင် ပေးနိုင်ပေမယ့် ။ အတူ လိုက်ပါ ခံစားပေးခြင်း အားဖြင့် စိတ်ဖိစီးမှုတွေကို သက်သာစေပါလိမ့်မယ်။
၃။ ပျော်ပျော်ပါးပါးပေါ့
တစ်မိနစ်လောက် ရယ်မောနိုင်တာဟာ ၁၅ မိနစ်လောက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း လုပ်တာ ဒါမှမဟုတ် ဆယ်မိနစ်လောက် စက်ဘီးစီးကျင့်တာနဲ့ တူပါတယ်။ ရယ်မောခြင်းကြောင့် သွေးပေါင် ကောင်းစေပြီး စိတ်ဖိစီးမှုကို လျော့စေတဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ ဘာလို့လဲဆိုတော့ ရယ်မောစရာ အနည်းငယ်ကလေးကတောင် စိတ်ဖိစီးတဲ့အခါ ထွက်လာတတ်တဲ့ ဟော်မုန်းတွေဖြစ်တဲ့ dopac, cortisol and epinephrine လျော့ကျစေလို့ပါ။
ဒါကြောင့် စိတ်ဖိစီးမှုတွေ များနေတဲ့ အချိန်တွေမှာ ပျော်ရွှင်စရာ ရုပ်ရှင်ကားကလေးတွေကြည့်တာ ဒါမှ မဟုတ် ရယ်စရာပြောတတ်တဲ့ သူငယ်ချင်းနဲ့ စကားပြောပြီး လွတ်လွတ်လပ်လပ် ရယ်မော ပစ်လိုက်တာဟာ စိတ်ဖိစီးမှုကို လျော့ကျစေမှာ အမှန်ပါပဲ။
၎။ သင်နှင့် အစားအသောက်
စိတ်ဖိစီးမှုကို ခံစားနေရချိန်မှာ ပေါ့ပေါ့ပါးပါး အစာလေးတွေကို စားသုံးတာ ပိုသင့်လျော်ပါ လိမ့်မယ်။ ဒါပေမယ့် စိတ်ဖိစီးနေတဲ့အချိန်မှာ ဒီအစာလေးများ စားလိုက်ရင် ပိုများ “၀” လာမလားဆိုတဲ့ စိတ်က စိုးစိတ်တွေကို ပိုစေတဲ့အပြင် ပိုဆာလောင်စေပါတယ်။ ဒါကြောင့် ရေဓတ်နဲ့ အမျှင်ဓတ်မျာများပါတဲ့ သစ်သီးတွေကို များများစားပေးတာဟာ ၀မ်းပြည့်စေတဲ့အပြင် ကိုယ်အလေးချိန် တက်မှာလည်း မကြောက်ရ ကိုယ့်ကိုကိုယ်လည်း အပြစ်တင်စရာ မလိုတော့ဘူးပေါ့။
caffine ဟာ စိတ်ဖိစီးမှု ပိုမိုဖြစ်ပွား စေတတ်တာမို့ caffine စားသုံးမှုကို လျှော့ချပေးပါ။ ချောကလက်မှာ caffine ဓတ်ပါတယ် ဆိုပေမယ့် နဲနဲနဲ့ ချင့်ချိန်စားမယ်ဆိုရင်တော့ အကျိုးထူးတွေ ခံစားရမှာပါ။ Dark chocolate မှာ antioxidant အတော်များများ ပါဝင်တာမို့ နှလုံးရောဂါ နဲ့ သွေးတိုးရောဂါကို အတန်အသင့်ကာကွယ်ပေးပြီး စိတ်ဖိစီးမှုကိုလည်း လျော့ပါးစေပါတယ်။
ကြက်သွန်ဖြူထဲမှာပါတဲ့ organosulfur allicin ဟာ ခန္ဓာကိုယ်က hydrogen sulfide တွေကို ထွက်စေပြီး သွေးကျောတွေကို ကျယ်စေကာ သွေးလျှောက်နှုန်းကို ကောင်းစေတာမို့ နှလုံး ကို အားကောင်းစေပြီး စိတ်ဖိစီးမှုကို ကျစေပါတယ်။
စိတ်ကျရောဂါနဲ့ နှလုံးသွေးကြော ရောဂါတွေကို (Omega 3 fatty acid) ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်မှုနည်းတဲ့ အစားအစာ စားသုံးသူတွေမှာ တွေ့ရပါတယ်။ ဒါကြောင့် Omega 3 fatty acid ကို စားသုံးနိုင်ပါတယ်။
၅။နားနားနေနေပေါ့
စိတ်ကို အနားရစေမယ့် အလုပ်ကလေးတွေဖြစ်တဲ့ ရေနွေးနွေးကလေးနဲ့ ရေချိုးတာ၊ ဂိမ်းဆော့တာ ၊ နှစ်သက်တဲ့ ပေါ့ပေါ့ပါးပါး စာအုပ်ကလေးတွေ ဖတ်တာတွေဟာ လက်ရှိခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို အတိုင်းအတာ တခု၊ အချိန်တခုအထိ မေ့ထား စေပါလိမ့်မယ်။
ပန်းပျိုးတဲ့ လက်တွေဟာ စိတ်တည်ငြိမ်ဖို့ အခွင့်အရေးပိုများတာကို တွေ့ရပါတယ်။ ဒါကြောင့် သစ်ပင်ပန်းပင် စိုက်ပျိုးပြီး စိတ်ဖိစီးမှုလျှော့ချတာဟာလည်း ကောင်းတဲ့ လုပ်ရပ် တစ်ခုဖြစ်ပါလိမ့်မယ်။
၆။ နှိပ်နယ်ပေးတဲ့အခါ
နည်းစနစ်ကျနတဲ့ နှိပ်နယ်မှုကို ခံယူခြင်းဟာလည်း စိတ်ဖိစီးမှု ကို လျော့ကျစေပါလိမ့်မယ်။ လက်ညိုးနဲ့ လက်မကြားက hoku လို့ခေါ်တဲ့ နေရာကို နှိပ်နယ်ပေးခြင်းဟာလည်း စိတ်ဖိစီးတာကို ၃၉ % ခန့် လျော့ကျစေတယ်လို့ ဆိုပါတယ်။
၇။ ပြင်ဆင်ချက်ကလေးများ
စိတ်ပူပန်ခြင်းဟာ ဘာကိုမှပြီးမြောက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့်စိတ်ပူပန် နေမဲ့အစား ရှေ့ကိုဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားပါ၊ ကိုယ်စိုးရိမ်တဲ့ ကိစ္စအတွက် ကျွမ်းကျင် တတ်သိတဲ့သူတွေနဲ့ တိုင်ပင်ပါ ။ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေက စိတ်ဖိစီးမှုဒဏ်မှ ကျော်လွှားစေပါလိမ့်မယ်။
၈။ စကားများနဲ့ အားယူပါ။
မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေကို ပြင်ပြီးတော့ ကြိုးစားကြည့်မယ်ဆိုတဲ့ စိတ်ထားနဲ့ တစ်နေ့တာ ကို ဖြတ်ကျော်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေသလို ကိုယ်မလုပ်နိုင်တဲ့ ကိစ္စတွေကို အားနာပါးနာနဲ့ လက်ခံနေမဲ့အစား မလုပ်နိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဟာလည်း စိတ်ဖိစီးမှုကို နည်းစေမှာပါ။
၉။ ငြိမ်းချမ်းရာတခုမှာ
ဘယ်လိုပဲ စိတ်ဖိစည်းမှုတွေကြုံရ ကြုံရ တရားအားထုတ်ခြင်းဟာ ရေရှည်မှာ ငြိမ်းချမ်းတဲ့ ဘ၀တခုဆီကို ဆောင်ယူပေးတတ်တာမို့ မိမိကိုးကွယ်တဲ့ ဘာသာအလိုက် ဘာသာရေး လုပ်ပေးနိုင်ပါတယ်။
၁၀။ ရှုပ်ရှုပ်ထွေးထွေးလေးတွေ
Eric Abrahamson နဲ့ David H. Freedman ရဲ့ တွေ့ရှိချက်အရတော့ အနည်းငယ်ရှုပ်ပွနေတဲ့ အခန်းဟာ စိတ်အစဉ်ကို ဆန်းသစ်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေတယ်လို့ဆိုပါတယ်။
၁၁။ ဖြေးဖြေးပေါ့။
စိတ်ဖိစီးတဲ့သူတွေမှာ စကားပြောတဲ့အခါ ခါတိုင်းထက်ပိုပြီး မြန်မြန်နဲ့လောလော ပြောတတ်တာကို တွေ့ရပါတယ်။ စကားဖြေးဖြေးပြောတာဟာ စိတ်ပူပန်မှု နည်းစေပြီး စိတ်ဖိစီးနေတဲ့ အခြေအနေကို သက်သာစေတာမို့ ကြိုးစားကြည့်နိုင်ပါတယ်။
၁၂။ အလှအပလေးများ
စိတ်ဖိစီးနေတဲ့အချိန်မှာ အလှအပရေးရာ နဲ့ စတိုင်ကျကျ ပြင်ဆင် ပေးခြင်းဟာ အတော်လေး အကျိုးရှိတဲ့ ကိစ္စပါ။ ဒါကြောင့် စိတ်ဖိစီးနေတဲ့အချိန်မှာ ဆံပင်ညှပ်တာ ဒါမှမဟုတ် ဆံပင်ပုံစံပြောင်းတာ၊ မိန်းကလေးဆိုရင်တော့ နှုတ်ခမ်းနီဆိုး၊ မျက်တောင်ကော့၊ လည်ဆွဲ နားကပ် ၀တ်တာ စတဲ့ အသေးအမွှားလေးတွေ က စိတ်ကို ကြည်လင်စေတာမို့ အိမ်နေရင်းတောင် ပြင်ပြင်ဆင်ဆင်လေး နေဖို့လိုပြီပေါ့…။
……………………
အခုလည်း ကျွန်မညီမလေးကို တတ်နိုင်သလောက် ကူညီဖေးမ ပေးဖို့ ကျွန်မ ကြိုးစားရဦးမှာပါ။ နောက်တစ်ပတ်ထဲ ပြောင်းလာမဲ့ သူတို့မိသားစုအတွက် အခန်းရှင်းပေးရင်း စာတိုပေစ လေးတွေကိုဖတ်မိရာက သူမရဲ့ ပုံရိပ်တွေပေါ်လာပြန်တယ်။ ရှင်သန်ရတဲ့ ဘ၀မှာ ချစ်မြတ်နိုးတဲ့ သူကို လက်လွှတ်ဆုံးရှုံးရလို့၊ အလုပ်အကိုင် မအောင်မြင်လို့၊ အမိမြေရဲ့အဝေး တစိမ်းတွေရဲ့အလည်မှာမို့၊ အမိမြေမှာ အဆင်မပြေလို့ စတာတွေ နဲ့ စိတ်ဖိစီးစရာတွေ ရှိတာပဲလေ။ တစ်ဘ၀လုံး အားမလျှော့ခဲ့သမျှ ဒီတစ်ခေါက်မှ အရှုံးပေးလိုက်တော့မှာလား။ ဘာပဲဖြစ်ဖြစ် အဲဒီ အိပ်မက်ဆိုးကြီးထဲက ရုန်းထွက်နိုင်ဖို့ အားတင်းကြရအောင်လား ညီမလေးရယ်… ။
မွန်းသက်ပန် (ဆေး ၁)
မှီငြမ်းနှင့် ကောက်နှုတ်ချက်
၁။ Omega 3 fatty acid ရဲ့ ကောင်းကျိုးများနှင့် စိတ်ကျခြင်း၊ ရဲဝင့်ဦး (ဇီဝကမ္မဗေဒ)၊ သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း။ အတွဲ (၄) အမှတ် (၁) ၂၀၁၀ ဧပြီလ။
၂။ Stressful condition၊ မွန်းသက်ပန် (ဆေး ၁) ၊ Public health in Myanmar blog၊ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ။
၃။ Surprising ways to instantly lower stress ၊ Marlo Sollitto၊ ၂၀၁၁ ခုနှစ် စက်တင်ဘာလ
၎။ 8 Fun Green Ways to Manage Stress ၊ Laurel House ၂၀၀၉ ခုနှစ် ဇူလိုင်လ။
0 comments:
Post a Comment