ကျွန်တော်တို့ မြို့ပြက ပညာရေးများ
ဗိုလ် နင့် March 13, 2014 at 3:14am
အလုပ်ကနေ
အိမ်အပြန် လမ်းမှာ အမြဲလိုလို တွေ့နေရတဲ့ International School တစ်ခု
ရှိတယ်။ ကျောင်းကြီးက အကျယ်ကြီး၊ အကြီးကြီး ခမ်းနားလိုက်တာ။ အော် ..
ဒီလောက် ခမ်းနားမှတော့ ဈေးကလည်း မနည်းဘူး ပေးရမှာပေါ့။ ပညာရေးတဲ့။
ကျွန်တော် တွေးရပါပြီ။
ကျွန်တော့်ကို ပညာတတ်အောင် သင်ပေးခဲ့တာ မိဘနှစ်ပါးပေါ့။ မိဘနှစ်ပါးဟာ ပညာရေးကို ဘွဲ့ရတဲ့ အထိ မတတ်ခဲ့ကြဘူး။ သူတို့ အမြဲပြော၊ သင်ပြပေးခဲ့တာက မှတ်မိသေးတယ်။
“ငါ့သား ပညာတတ်အောင် ကြိုးစား၊
ပညာတတ်ရင် အဲယားကွန်းခန်းထဲမှာ
လက်မှတ်လေး တစ်ချက်ထိုးတာနဲ့ ပိုက်ဆံတွေ အများကြီးရတာတဲ့
အဖေတို့ဆို ပညာမတတ်ခဲ့လို့ နေပူထဲမှာ ကားကြီးမောင်းပြီး
ပင်ပန်းခဲ့တယ်” တဲ့။
အော်.. အဖေတို့ အမေတို့ရဲ့ စေတနာနဲ့ ပြောပြပေးခဲ့တဲ့ စကားဟာ ကျွန်တော် တကယ် အရွယ်ရောက်လာတော့ တက်တက်စင်အောင် လွဲခဲ့ပါပေါ့။ မိဘတွေကို အပြစ်မတင်ပါဘူး။ ခေတ်ကြီးက ဒီလိုပဲလေ။ ပညာတတ်တွေတဲ့၊ ဘွဲ့ရတွေတဲ့။ ဘက်စ်ကားပေါ်မှာ ရုံးယူနီဖေါင်း မျိုးစုံနဲ့ ကားကြပ်ကြပ်ကြီးထဲ တိုးဝင်၊ တိုးထွက်၊ ရုန်းကန်နေကြပါတယ်။ ကျွန်တော်ဘ၀ကရော။ အဖေပြောသလို ကျွန်တော် ဘွဲ့ရပညာတတ်ဖြစ်ခဲ့တယ်။ အဖေပြောသလို အဲယားကွန်းခန်းထဲလည်း ရောက်ခဲ့ပါတယ်။ ဒါပေမယ့် လက်မှတ်လေး တစ်ချက်ထိုးရုံနဲ့ ဟော .. ဘယ်မလဲ ငွေက။ အဲလို ရနိုင်တဲ့ အချို့ အလုပ်တွေ ရှိပေမယ့် ကျွန်တော်ကလည်း စိတ်မှ မ၀င်စားခဲ့တာလေ။
ကျွန်တော်တို့ မိသားစုလေးမှာ နောက်ဆုံးမှ မွေးဖွားလာတဲ့ ကျွန်တော့် ညီလေးဟာ ကျွန်တော်နဲ့ အသက် ၁၀ နှစ်လောက် ကွာပါတယ်။ ပြောရမယ် ဆိုရင် ကျွန်တော် ကိုးတန်းမှာ သူက သူငယ်တန်းတက်ခဲ့တာပေါ့။ တက်ခဲ့တဲ့ ကျောင်းချင်းလည်း အတူတူပါပဲ။ ဘာကွာသွားသလဲ ဆိုတော့ ပညာရေး စနစ်တစ်ခု ပြောင်းလဲသွားတာနဲ့ သူဟာ ကွက်တိ ကြုံခဲ့ပါတယ်။ ကျွန်တော်တို့ တုန်းက ပထမ အစမ်း၊ ဒုတိယ အစမ်း၊ အတန်းတင် စာမေးပွဲကြီးဆိုပြီး ဖြေခဲ့ကြရာက သူတို့ လက်ထက်မှာ အဲလိုတွေ မရှိတော့ဘူးတဲ့။
ပညာရေး စနစ်တစ်ခု ပြောင်းလဲတယ်ဆိုတာ နိုင်ငံ တစ်နိုင်ငံမှာ သိပ်အရေးကြီးပါတယ်။ တကယ် ကောင်းလာဖို့၊ ပိုပြီး အဆင်ပြေဖို့ အများကြီး အဖက်ဖက်က စဉ်းစားပြီးမှ ပြောင်းလဲရမှာ မလား။ ဒါပေမယ့် တကယ့်ရလဒ်က ကျွန်တော့် ညီဟာ အင်္ဂလိပ်စာ၊ သင်္ချာ အရမ်းညံ့နေတာ သွားတွေ့ရတယ်။ သူမသိဘူး။ သူ မသိသလို၊ သူ့ သူငယ်ချင်းတွေလည်း အတူတူပဲ။ စာမေးပွဲတွေတော့ အောင်ကြတယ်။ ဘာမှ မတတ်ဘူး။ ဒါဆို ပြောင်းလဲလိုက်တဲ့ ပညာရေးစနစ် အသစ်က ဘာအတွက်လဲ။ ဘွဲ့ရ အရေအတွက် မြှင့်တက်လာဖို့ပဲလား။ ပညာတကယ် တတ်တဲ့ သူတွေ နည်းသွားအောင် တမင်များ လုပ်ခဲ့လိုက်လေသလား။
ကျွန်တော် တက်ခဲ့တဲ့ ကွန်ပျူတာ တက္ကသိုလ်မှာလည်း ထိုနည်းတူပါပဲ။ ကျွန်တော် ဘွဲ့ရသွားပြီးချိန်မှာ ပညာရေးစနစ်တွေ ပြောင်းသွားပါတယ်တဲ့။ အော် .. ဘာတွေ ပြောင်းတာလဲဆိုတာ ကျွန်တော် စုံစမ်းကြည့်တော့ မဆိုးဘူးပဲ။ Java Programming သင်တယ်တဲ့။ အဆင်ပြေတာပေါ့လို့ တွေးနေတုန်း ကျောင်းသားတစ်စု ကျွန်တော့် ဆီ ရောက်လာကြတယ်။
“အစ်ကို ကူညီပါဦးဗျာ
ကျွန်တော်တို့ Project လုပ်ဖို့ အပ်ချင်လို့” တဲ့။
“ဟဲ့ … မင်းတို့ ကျောင်းမှာ Java သင်နေပြီဆို
မင်းတို့ဘာသာ လုပ်ကြလေ” ဆိုတော့ သူတို့က ၀ိုင်းရယ်ကြတယ်။
“အစ်ကိုကလည်း Java ဆိုတာ ကော်ဖီမစ်လောက်ပဲ ကျွန်တော်တို့က သိတာ” တဲ့။
အော် .. ပညာရေး။ ငယ်ငယ်ကတည်းက အတန်းတစ်ခုကို အလွယ်တကူ တတ်ခဲ့တဲ့ ကလေးတွေဟာ ပညာရေးကို ဘယ်လို နားလည်ထားကြသလဲ။ သူတို့ နားကော လည်ရဲ့လား။ ကျွန်တော် မသေချာပါဘူး။ ဒါနဲ့ သူတို့ကို ထပ်မေးကြည့်တယ်။
“မင်းတို့ ကျောင်းက java သင်တယ်ဆို
Project Assign တွေ မပေးဘူးလား
ဘယ်လို သင်နေတာလဲ
မင်းတို့က သေချာ လိုက်မသင်လို့ မတတ်တာမလား”
သူတို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြောကြတယ်။
“သင်တော့ သင်တယ်ဗျ
ရှုပ်လွန်းလို့ နားလည်း မလည်ဘူး
ပြီးတော့ စိတ်လည်း မ၀င်စားဘူးဗျ” လို့ တစ်ယောက် တစ်ပေါက် ဖြေကြတယ်။
သူတို့ စကားအရ သေချာသွားတာက ကလေးတွေဟာ တက္ကသိုလ်တစ်ခုကိုရွေးချယ်ဖို့ ပုံမှန် ၁၆ နှစ်၊ ၁၇ နှစ် ၀န်းကျင်အရွယ်တွေ။ အဲဒီ အရွယ်မှာ သူတို့ ဘာကို စိတ်ဝင်စားတယ်ဆိုတာ သူတို့ တွေးတတ်နေဖို့ လိုပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ အထူးသဖြင့် ကျွန်တော် တို့ နိုင်ငံရဲ့ ပညာရေး စနစ်ဟာ တက္ကသိုလ်တစ်ခု ရွေးချယ်လိုက်တာဟာ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင် စုတ်ထိုးရသလိုကြီး ပြန်ပြင်မရတဲ့ ပညာရေးစနစ်ဖြစ်နေတယ်။
ကလေးတွေကို လွယ်လွယ်ကူကူနဲ့ အတန်းတွေ တင်ပေးလိုက်တယ်။ ဘာမှန်းမသိ၊ အခြေခံကောင်းမရှိနဲ့ တက္ကသိုလ်တစ်ခုကို သူတို့ ဘယ်လို ရွေးချယ်ကြမှာလဲ။ အခု တွေးသမျှဟာ ကျွန်တော့် အသက် ၃၀ နီးနီးလုံး ရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးပါပဲ။ တိုးတက်မလာဘဲ ပိုမို ဆုတ်ယုတ်သွားတာ ကျွန်တော် သတိထားမိခဲ့တာကြာပါပြီ။
ခုတော့ ကျွန်တော်ဟာ ကျွန်တော် ပြန်နေကျ လမ်းပေါ်က International School အကြီးကြီးကို ကြည့်လို့ တွေးနေရပြီ။ နာမည်ကိုတော့ ထုတ်ဖေါ် မပြောတော့ပါဘူး။ အဲဒီကျောင်းကြီးကို စုံစမ်းကြည့်တော့ တစ်လကို ဒေါ်လာ ခုနှစ်ရာ၊ ရှစ်ရာလောက် ပေးရပါသတဲ့။ မြတ်စွာဘုရား။ မြန်မာငွေ ခုနှစ်သိန်းကျော်ကျော်ကို တစ်လ ပညာရေးစရိတ် အဖြစ်သုံးနိုင်သူတွေဟာ ဘယ်သူတွေ ဖြစ်မလဲ။ တစ်လကို သိန်း ၁၀၀ လောက် ၀င်ငွေ ရှိနေတဲ့ မိသားစုတွေပဲ ဖြစ်ရမယ်။ ကားတွေ၊ ကားတွေ မျိုးစုံနဲ့ ကလေးလေးတွေကို အဲဒီ ကျောင်းကြီး လာပို့ကြတယ်။ ကလေးတွေရဲ့ လက်ထဲမှာ အိုင်ဖုန်းတွေ၊ အိုင်ပက်တွေနဲ့။ ကျွန်တော် ရင်ထဲ တိတ်တိတ်လေး နာမည်ပေးမိပါတယ်။ အော်.. ဒါက ခရိုနီကျောင်းတော်ကြီးပါလားလို့။
ကျွန်တော့်မှာ သမီးတစ်ယောက်ရှိပါတယ်။ သူအသက် လေးနှစ်ခွဲကျော်ပြီဆိုတော့ သူ့ပညာရေးကို ကျွန်တော် စတင် စဉ်းစားရပြီ။ အဲဒီအချိန်မှာ အဖေနဲ့ အမေပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ပြန်သတိရပါတယ်။
“ငါတို့တွေက ဘွဲ့မရ၊ ပညာမတတ်ခဲ့ဘူး
သားသမီးတွေကိုတော့ ပညာတတ်အောင် သင်ပေးမယ်
ဘယ်နည်းနဲ့ ဖြစ်ဖြစ် သင်ပေးမယ်” တဲ့။
ကျွန်တော့်နေရာက အဲဒီစကားကို ကျွန်တော် သုံးရမှာလား။ ကျွန်တော် သုံးကြည့်ချင်တယ်။ သုံးဖို့လည်း ကြောက်ရွံ့နေတာတော့ အမှန်ပါပဲ။
“အဖေက ဘယ်နိုင်ငံကမှ အသိအမှတ်မပြုတဲ့
ဘွဲ့ပဲ ရခဲ့တာ
ငါ့သမီးကို … အင်တာနေရှင်နယ် ဘွဲ့တစ်ခုတော့ တတ်အောင် သင်ပေးမယ်” လို့ ကျွန်တော် လွယ်လွယ်လေးနဲ့ မသုံးရဲဘူး။
ရန်ကုန်လို မြို့ပြကြီးမှာနေပြီးတောင်မှ အစိုးရကျောင်းတွေဟာ သူ့မြို့နယ်နဲ့သူ အဆင့်အတန်းက ကွဲပြားနေသေးတယ်။ ကျွန်တော် ကိုယ့်သမီးကိုယ် ဘယ်လို ပညာရေးကို ပေးရမှာလဲ။
အ.ထ.က (၁) ဒဂုံမှာ သွားထားရမလား။ ကျွန်တော်နေတဲ့ မြို့နယ် မဟုတ်ဘူး။ မရပါဘူးတဲ့။ ရအောင်လုပ်လို့ ဖြစ်တဲ့ နည်းရှိတာတော့ ကျွန်တော် မပြောလည်း အားလုံး သိကြမှာပါ။ အဲဒါဟာ ရန်ကုန်ရဲ့ ပညာရေးကြီးပေါ့။ အဲဒီတော့ နောက်ထပ် အင်တာနေရှင်နယ် ကျောင်းကို ထပ်စုံစမ်းတယ်။ နောက်ကျောင်းတစ်ခုက တစ်လကို လေးသိန်းကျော်တဲ့။ နောက်ထပ် တစ်ကျောင်းကို ထပ်စုံစမ်းတော့ တစ်လကို ၁ သိန်းခွဲ၊ ဖယ်ရီခက ငါးသောင်းပါတဲ့။
သိပ်နာမည်မကြီးတဲ့ ကျောင်းတစ်ခုကတော့ ခြောက်သောင်း၊ ဖယ်ရီခက လေးသောင်း။ ဆိုတော့ကာ တစ်လကို အနည်းဆုံး ကလေး မုန့်ဖိုး၊ အ၀တ်အစားဖိုး မပါ တစ်လကို တစ်သိန်း (ခန့်မန်း) ငွေနဲ့ ပညာကို ၀ယ်ယူရတော့မယ်။
ဒါဟာ အတန်းငယ်နေသေးလို့သာဖြစ်တယ်။ အတန်းကြီးလာရင် ထပ်မံ တိုးလာမယ့် ငွေက ဘယ်လောက်ထိလဲ။ နိုင်ငံတကာ တက္ကသိုလ်ကို ပို့ဖို့ ကုန်ကျမှာက ဘယ်လောက်များမလဲ။ ကြိုတင် စဉ်းစားကြည့်တိုင်း ခေါင်းကိုက်လာတယ်။ မိဘကောင်းတစ်ယောက်ဖြစ်ဖို့ သားသမီးကို ပေးရမယ့် မေတ္တာနဲ့ စေတနာတွေကို ဖေါ်ပြဖို့တောင်မှ ငွေရှိမှ ဖြစ်မယ့် ခေတ်ကြီးပါလား။
နိုင်ငံရေးတွေ ပြောင်းလဲကြတယ်။ တိုးတက်မလာဘူး။ ဥပဒေရေးရာတွေ ပြောင်းလဲကြတယ်။ တိုးတက်မလာဘူး။ ဒီမိုကရေစီတွေ ရလာကြတယ်။ တိုးတက်မလာဘူး။ Change ပဲ Change နေတယ်။ Improve မဖြစ်လာဘူး။ ကျွန်တော်တို့ အခြေခံလူတန်းစား ဘ၀တွေကို၊ အထူးသဖြင့် အနာဂတ် မျိုးဆက်သစ်များလို့ မျက်စိမှိတ် ဆောင်ပုဒ်တပ်ထားတဲ့ လူငယ်တွေအပေါ် ဘယ်မှာလဲ ပညာရေးစနစ်ကောင်း၊ မျိုးစောင့် ဥပဒေတွေ ဆောင်ပုဒ်တပ်၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတွေ ဆောင်ပုဒ်တပ်။ ဆောင်ပုဒ်ပဲ ရှိတယ်။ ဘာမှ လည်း မထူးခြားလာဘူး။ အော်.. ခပ်ရိုင်းရိုင်း ဥပမာပေးရရင် ညစ်ပတ်နေတဲ့ ဈေးအိမ်သာထဲက “ကိစ္စပြီးက ရေလောင်းပါ” ဆိုတဲ့ ဆောင်ပုဒ်လိုမျိုးပါလားလို့ ပေးချင်မိပါတယ်။
ဘယ်သူ့ ဘယ်သူကိုမှ အပြစ်မတင်ချင်ပါဘူး။ ကိုယ့် မိသားစုရဲ့ အခက်အခဲကို ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးပြီး ဖြေရှင်းသွားရမယ်ဆိုတာ နှစ် သုံးဆယ် အတွေ့အကြုံတွေက သင်ပေးထားပြီးသားပါ။ ကျွန်တော့်အနေနဲ့တော့ နေ့စဉ် ဘ၀ဖြတ်သန်းမှုမှာ အရေး သုံးပါးကို သတိထား ဆောင်ရွက်ပါတယ်။
၁။ ၀မ်းရေး
၂။ နှလုံးသားရေး
၃။ ဦးနှောက်ရေး ပါ။
အဲဒီ အရေးသုံးပါးရဲ့ ကိုးဆယ့်ကိုး ရာခိုင်နှုန်းဟာ ငွေနဲ့ ၀ယ်ယူရပါတယ်။ ငွေနဲ့ ပြန်ရောင်းချရပါတယ်။ တစ်ခါက ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ကို သတိရသွားတယ်။ Selling the invisible တဲ့။ ဟုတ်တယ်။ လူတွေဟာ မမြင်ရတဲ့ အရာတွေ၊ ထိတွေ့ မရတဲ့ အရာတွေကို ရောင်းချနေကြတယ်။ ဒါပေမယ့် ဈေးကြီးလွန်းပါတယ်။
အစိုးရက ပြဌာန်းထားတဲ့ ပေါပေါလောလော ပညာရေးကို ပဲ ၀ယ်ယူမလား။ မဟုတ်ရင်တော့ သင့်အနေနဲ့ ဈေးကြီးပေးပြီး ၀ယ်ရမယ့် ကျောင်းတွေ ရွေးချယ်ရပါလိမ့်မယ်။ ကျွန်တော်ကရော၊ သမီးလေးကို ကိုယ်လို သူလို တွေ့တဲ့ အစိုးရကျောင်း ထားလိုက်ရမလား။ ပိုကောင်းတဲ့ ဈေးကြီးပေးရမယ့် ကျောင်းကို ထားလိုက်ရမလား။ မမြင်ရတဲ့ အရာတွေကို ၀ယ်ယူပြီး မြင်ရတဲ့ စိတ်တိုင်းကျ ရလဒ်တွေကို ရရော ရပါ့မလားလို့ တွေးတောနေရင်းပေါ့။
ရင်နင့်အောင်

0 comments:
Post a Comment