ကိုယ်တိုင်ကြုံဖူးခဲ့ အဖြေမသိသေးတဲ့ အဖြစ်
ဘဝမှာ ကိုယ်တိုင်ကြုံဖူးခဲ့တဲ့ အဖြစ်တွေထဲက ခုထိ အဖြေမသိသေးတဲ့ အဖြစ်တစ်ချို့ကို သတိရနေမိတယ်။
ကျနော် နောက်ဆုံးနှစ်ရောက်တော့ ကျနော်တို့ရဲ့ ကျောင်းတော်ကြီးကို ကြို့ကုန်းကနေ ရှုခင်းပိုကောင်းတဲ့ လှိုင်သာယာဘက် ပို့တယ်။
ကျနော်တို့က နယ်လိပ်စာနဲ့ဆိုတော့ ပြည်ကျောင်းကို အပို့ခံရတယ်။
ရန်ကုန်မှာက အလုပ်တဖက်နဲ့ဆိုတော့ ကျောင်းဖွင့်ဖွင့်ခြင်း ပြည်ကျောင်းကို သွားမတက်ဖြစ်ဘူး။
ကျောင်းသွားမတက်ဖြစ်ပေမယ့် အဆောင်အခန်းတော့ ငှားထားရတယ်လေ။
အခန်းဖော် သူငယ်ချင်းက သော်ဇင်တဲ့
သူကတော့ ကျောင်းဖွင့်ကတည်းက သွားတက်နေတာ။
စာမေးပွဲဖြေခါနီး ၂လလောက်လိုတော့ ကျောင်းလည်း ရောက်ဖူးအောင်ဆိုပြီး သွားခဲ့မိတယ်။
ည ၈ နာရီလောက်မှ အဆောင်ကိုရောက်တယ်။
ဖြစ်ချင်တော့... ...
သူငယ်ချင်း သော်ဇင်က ရန်ကုန်ကို ခဏပြန်သွားတယ်။
အခန်းသော့က သူနဲ့ပါသွားတာ
... ဆိုတော့ ငှားထားတဲ့ အခန်းက ဝင်လို့မရဘူး ဖြစ်နေတယ်။
အဲဒီတော့ အဆောင်မှူးက ပြောတယ်... ...
"အခန်းအမှတ် xxx ကတော့ လူမရှိဘူး၊ အဲဒီမှာ ခဏနေရဲရင်နေပေါ့"... တဲ့။
သူပြောတဲ့ ... "နေရဲရင် နေ" ဆိုတဲ့ စကားကို အဲဒီတုန်းက သတိမထားမိဘူး။
လူကလည်း ခရီးပန်းလာတော့ ဘာတွေညာတွေ တွေးမနေပါဘူး... ..
"နေမယ်..." ဆိုပြီး ဝင်နေလိုက်တယ်။
အဆောင်ခန်းတွေရဲ့ တည်ဆောက်ပုံ၊ ဖွဲ့စည်းပုံကို ပြောပြချင်သေးတယ်။
၁၂ ပေ ပတ်လည်လောက်ရှိတဲ့ အဆောင်လေးတွေကို ထရံကာ ကဒ်မိုးနဲ့ ဆောက်ထားတာ။
တစ်ဆောင်စီ သီခြားပေါ့။
တစ်ဆောင်နဲ့ တစ်ဆောင်က ကြားမှ ရှေ့နောက် ဘေးဘယ်ညာ ၅ ပေလောက်ခြားထားတယ်။
တစ်ဆောင် (တစ်ခန်းမှာ) ကျောင်းသား ၂ယောက်နေရတယ်။
အဆောင်ရဲ့ ပုံစံကို အနီးစပ်ဆုံး ပြောရရင် အာဖရိကက ရွာလေးလိုပဲ။
အဲ...
ခုနက စကားကို ပြန်ဆက်ရရင် အဲဒီအခန်းအမှတ် xxx မှာ ဟိုအကောင် သော်ဇင် ပြန်မလာခင် ၂ရက် ၃ရက်တော့ နေဖို့ ဆုံးဖြတ်လိုက်တယ်။
ခရီးကလည်း ပန်းလာတော့ ပါလာတဲ့ အိတ်တွေချ၊ အိပ်ယာလိပ်ကိုခင်း၊ ခြင်ထောင်ထောင်ပြီး အိပ်ဖို့ပြင်တယ်။
မှေးမှေး မှေးမှေးနဲ့ အိပ်ပျော်လုလု အချိန်မှာ တစ်ယောက်ယောက် ခြေထောက်ကို လာဆွဲတယ်လို့ စိတ်ထဲထင်ပြီး လန့်နိုးတယ်။
အင်း....
အခန်းတံခါးကလည်း ဂျက်ထိုးထားတာပါ။
တစ်ယောက်ယောက်က င့ါကို လာနောက်ရအောင်လည်း ခင်တဲ့မင်တဲ့ သူငယ်ချင်းလည်း ရှိတာ မဟုတ်။
အင်းလေ... ခရီးပန်းလာလို့ နေမှာပါဆိုပြီး ပြန်အိပ်ဖို့ ကျိုးစားတယ်။
တခါ ...မှေးမှေး မှေးမှေးနဲ့ အိပ်ပျော်လုလု အချိန်မှာပဲ ခြေထောက်ကို လာဆွဲတယ်လို့ စိတ်ထဲထင်ပြန်ပြီး လန့်နိုးပြန်တယ်တယ်။
ဒီတခါမှာ လာဆွဲတဲ့လူကို မထင်မရှားပါ မြင်လိုက်ရတယ်။
မိန်းကလေး...
အရွယ်ကောင်းလေး...
ထူးခြားတာက ဆံပင်က ဂုတ်ဝဲလေးနဲ့
မြင်တယ်ဆိုတာက အသိစိတ်ကပ်နေတဲ့ နိုးလာတဲ့အခါမှာ မြင်ရတာ မဟုတ်ဘူး။
အဲဒီ အိပ်ပျော်နေတာနဲ့ နိုးလာတဲ့ စပ်ကြားအချိန်လောက် ဖြစ်မယ်။
သေချာပြောမပြတတ်ဘူး။
ဆိုလိုတာက အိပ်ပျော်နေချိန် မက်တဲ့ အိပ်မက်ထဲမှာလည်း မဟုတ်ဘူး။
နိုးလာလို့ အသိစိတ် လူမှာရှိနေတဲ့ အခါမှာလည်း မဟုတ်ဘူး။
ဘယ်လိုပြောမလဲ... နိုးတဝက်လို့ ပြောရမလား မသိဘူး။
သေချာတာကတော့ ခြေထောက်ကို လာဆွဲတာ၊ ခြေထောက်ကို လာကိုင်ပြီး လှုပ်နိုးတာကို ခံစားမိတယ် ဆိုတာပဲ
နိုးလာလို့ မီးဖွင့်ကြည့် ဘာမှ မတွေ့ဘူး
ခက်တော့ ခက်နေပြီ...
၆ နာရီလောက် ခရီးကို ကားထိုင်စီးလာတော့ ခြေထောက်တွေ သွေးကျပြီး ညောင်းညာကိုက်ခဲလို့ ဖြစ်တာများလား...
အိပ်ရေးတွေပျက်တာများပြီး စိတ်ဂယောက်ဂယက်ဖြစ်တာများလား...
ဘာလား ညားလား နဲ့ တွေးနေမိတယ်... ....
ဒါနဲ့...
တတ်သမျှ မှတ်သမျှ ဘုရားစာတွေရွတ်၊ မေတ္တာပို့ အမျှဝေပြီး ပြန်အိပ်တယ်။
အိပ်ပျော်သွားပါတယ်။
နောက်ရက် တနေ့လုံးကျောင်းတက်ပြီး ညနေရောက်တော့ အဆောင်ထဲက ကင်တင်းမှာ ညစာစားနေတုန်း... ...
အဆောင်မှူးရောက်လာပြီး စကားလာပြောတယ်... ...
"ကောင်လေး... ညက အိပ်ရပြုရတာ အဆင်ပြေလားဟ"
"ဟုတ်ကဲ့.. ပြေပါတယ်ဆရာ"
"အေးကွာ... အဲဒီ အခန်းပဲ အားနေလို့ အဲဒီမှာ ထားရတာပါ၊ စိတ်တော့ မရှိပါနဲ့"
"စိတ်မရှိပါဘူးဆရာ၊ ဘာစိတ်ရှိစရာ ရှိလို့လဲ"
အဲ...
အဲဒီမှာ တွေ့ကြတာပဲ
ကျနော်နဲ့ အဆောင်မှူးပြောနေတာကို ဘေးကနားထောင်နေတဲ့ ကင်တင်းဆိုင်ပိုင်ရှင် အစ်မကြီးက ဝင်ပြောလာတယ်... ...
"ဆရာက စိတ်မရှိပါနဲ့ ပြောဆို အဲဒီအခန်းက ရာဇဝင်နဲ့ကိုးကွဲ့ ကောင်လေးရဲ့"
"ဂျာ... ဘာ... ဘာရာဇဝင်လဲဗျ"
"ဒီလိုကွဲ့........"
သူပြောပြတာက... ...
အရင်က အဲဒီအခန်းမှာ ဂျင်ကလိလို့ခေါ်တဲ့ ကျောင်းသားတစ်ယောက်နေတယ်။
သူ့နာမည်အရင်းကတော့ ဂျင်ကလိမဟုတ်ဘူး နာမည်ပြောင်ခေါ်ကြတာပါ။
အဲဒီ ကိုဂျင်ဂလိက အရက်တော့ အမြဲတမ်းသောက်တယ်။
ည ည သန်းကောင်ကျော် ၁ ချက်ထိုး ၂ ချက်ထိုးလောက်ကျရင် သူ့အခန်းဆီက အော်သံကြားကြားနေရသတဲ့... ...
"အား... ဘာလဲ၊ အာ ဒီကောင်မ မလာနဲ့၊ သွား... သေချင်လို့လား ဂျင်ကလိနော်၊ မကြောက်လို့ တယောက်ထဲနေတာ"
လူတွေကတော့ ထင်တာပေါ့...
'ဒီကောင် ဂျင်ကလိ အရက်ကြောင် ကြောင်ပြီး ည ည ထ ထအော်နေတယ်' ...လို့
တရက်ကျတော့...
ညနက်သန်းကောင် အဲဒီဂျင်ကလိအခန်းက အသံနက်ကြီးနဲ့ အော်သံကို အားလုံးကြားလိုက်ရသတဲ့... ...
"အား.... .အား....င့ါကို င့ါကို ဒီကောင်မ လည်ပင်းညှစ်နေတယ် ညှစ်နေတယ် ကယ်ကြပါအုံး ဂိ ဂီ .. ဂီ"
အဲလို အော်သံကြားတော့ နီးစပ်ရာ အခန်းနီးခြင်းတွေက ပြေးသွားပြီး သူ့အခန်းတံခါးကို ဆောင့်ကန်ပြီး ဖွင့်လိုက်ကြတယ်
ကိုယ့်လည်ပင်းကို ကိုယ်ပြန်ကိုင်ရင်း မျက်လုံးကြီးပြူးထွက်နေတဲ့ ဂျင်ကလိကို တွေ့လိုက်ကြရသတဲ့
လူတွေဝင်လာတော့မှာ ဂျင်ကလိခမျာ အသက်ကို မောကြီးပန်းကြီး ပြန်ရှုနေရရှာတယ်။
"ဟေ့ရောင်... ဘာဖြစ်တာတုန်းဟ မူးလည်း အေးဆေး မအိပ်ဘူး "
"ငါ မူးလို့ အော်တာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကောင်မတစ်ကောင် င့ါကို လည်ပင်းညှစ်တယ် လည်ပင်းညှစ်တယ် အီး ဟီး... ငါ့ကို အခန်းပြောင်းပေး အခန်းပြောင်းပေး ဒီမှာ နေတော့ဘူး"
ညတွင်းချင်း အခန်းပြောင်းပေးလိုက်ရတယ်။
နောက်ရက်တွေလည်း ဂျင်ကလိ အရက်မူးတာပဲ
ဒါပေမယ့် ည ည ဘာအော်သံမှာ မကြားရဘူးတဲ့။
သူ့ဟာသူ မူးပြီး တရှုးရှုးနဲ့ အိပ်တော့တာတဲ့။
အဲဒီကတည်းက အဲဒီအခန်းကို အကြောင်းသိတဲ့ လူတွေက မနေကြဘူး။
အနော့်ကျမှ ရက်ရက်စက်စက်ဂျာ... အဆောင်မှူးနှယ် လုပ်ရက်ပ့ါ
ကျနော်က ငယ်ငယ်ကတည်း သရဲအရမ်းကြောက်တဲ့ကောင်
ညအိပ်ရင် အမတွေကြားထဲ ဝင်အိပ်တာ
ဒီလိုကောင်ကိုမှ ရာဇဝင်နဲ့ အခန်းမှာ ထားတယ်။
ကျနော်လည်း အဲဒီအခန်းအကြောင်းကို သိတော့ ဘယ်နေမှာလဲ...
ရွာထဲက အိမ်တစ်အိမ်မှာ ညတွင်းခြင်း ပြောင်းနေလိုက်တော့တယ်။
နောက်ရက် ရွာဘုန်းကြီးကျောင်းကို သွားပြီး ဆရာတော်ဆီ ဦးခိုက်ရင်း အဲဒီအကြောင်းအရာတွေ လျှောက်ထား မေးမြန်းဖြစ်တယ်... ....
ဆရာတော် ပြောတာက... ...
"အင်း... ပြောရမှာလည်း ခက်တယ် ဒကာ၊ အဲဒီနေရာတွေက သိုက်မြေတွေလား၊ ကြတ်မြေတွေလား၊ ဘာလား မသိ၊ အစိုးရက လုပ်လုပ်ဆိုလို့သာ ကျောင်းတွေဆောက် အဆောင်တွေဆောက်၊ သူတို့ခမျာလည်း မင်းမိန့်မိုလို့ မလွန်ဆန်နိုင်လို့သာ ကျူးကျော်ခံလိုက်ရတာ၊ ဘယ် ကျေနပ်မှာတုန်း၊ ကံနိမ့်တဲ့သူကျတော့ အရိပ်အယောင်ပြတာ ခြောက်လှန့်တာ ခံရတာပေါ့၊ မေတ္တာပို့ပါ ဒကာ၊ ကောင်းမှုလုပ်ပြီး အမျှဝေပေးပါ"
တကယ်တော့လည်း...
အဲဒီ ကျောင်းကြီးက ဟိုး ရာဇဝင်ထဲက... ပျူ၊၊ သရေခေတ္တရာ မြို့ဟောင်းနဲ့ တစ်ဆက်တည်းလေ...
ခု ချိန်ထိ အဆောင်ဘေးက တောစပ်လေးနားမှာ ရှေးဟောင်းစေတီလေးတစ်ဆူ ရှိနေသေးတယ်
ကျနော်တောင် ညနေ ညနေ အဲဒီစေတီလေး သွားပြီး ဆီးမီးကပ် ပန်းကပ် ပုတီးစိတ် လုပ်ခဲ့ရင်း အမျှဝေ မေတ္တာပို့ခဲ့ပါသေးတယ်... ...
မန္တလေး၊ ကြာနီကန်ရွာ အရှေ့ဘက်က သချှုင်္ိင်းမြေထဲမှာ ကျနော် မီးသင်္ဂြိုလ်စက် သွားဆောက်ပေးတုန်းက ကြုံခဲ့ရတဲ့ နာနာဘာဝတွေအကြောင်းလည်း ပြောပြချင်ပါသေးတယ်... ...
ဂမ္ဘီရ-သန်၎ကို

0 comments:
Post a Comment