စာရေးခြင်းအနုပညာ
(Written by: ညီအောင်ညီ)
ကျောင်းဆရာသည် စာသင်သားတပည့် လူငယ်များ၏ အသိပညာ ဖွံ့ဖြိုးရေးကို တာဝန်ယူဘိသကဲ့သို့ စာရေးဆရာဆိုသည်မှာလည်း လူထုတစ်ရပ်လုံး၏ အသိပညာ ဖွံ့ဖြိုးရေးကို တာဝန်ယူရပါလိမ့်မည်။
ဆိုခဲ့ပါ စကားရပ်များသည် ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလထုတ် မိတ္ထီလာမဂ္ဂဇင်းတွင် စာရေးဆရာများ၏ အခန်းကဏ္ဍကို ဆရာမောင်ထင်က ပြတ်ပြတ်သားသား ရေးသားဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဆရာကြီးမောင်ထင် ဆိုသည်မှာ စာပေလောကသားများ၊ စာဖတ်ပရိသတ်များ၏ လေးစားအားကျ အတုယူရသော စာရေးဆရာကြီးတစ်ဦး ဖြစ်ပါသည်။
ကျွန်တော်တို့ ဘ၀တစ်လျှောက် တွေ့ကြုံဖတ်ရှုခဲ့ရသော စာရေးဆရာ၊ ဆရာမများ၏ စာအုပ်စာပေ အများစုသည် လူထုတစ်ရပ်လုံး၏ အသိပညာ ဖွံ့ဖြိုးရေးအတွက် ဦးစားပေးရေးသား ဖော်ပြခဲ့သည်ကိုသာ တွေ့ရှိခဲ့ပါသည်။ လက်လှမ်းမီခဲ့သော ရှေးခေတ်စာရေးဆရာကြီးများ၏ စာအုပ်စာပေများသည်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ အသိဉာဏ်ဖွံ့ဖြိုးရေး၊ ဇာတိစိတ်၊ ဇာတိမာန်ရှိရေး စသောကောင်းမွန်သော အချက်အလက်များကို ရေးသားဖော်ပြခဲ့သည်ကို ထင်ထင်ရှားရှား တွေ့ခဲ့ရပါသည်။ ဖတ်ခဲ့ရပါသည်။ စာအုပ်စာပေများ၏ နောက်ကွယ်တွင် ကြီးမားသောစေတနာ၊ မေတ္တာတို့ကို ထင်ထင်ရှားရှား မြင်တွေ့ရပါသည်။
ဆရာမောင်ထင်၏ အဆိုအမိန့်ကြောင့် စာရေးဆရာတစ်ယောက်၏ အခန်းကဏ္ဍကို ပိုပြီးအလေးထားမိသည်။ သတိပြုမိခဲ့သည်။ မိမိတို့ စာရေးဆရာများ အနေဖြင့် ပြည်သူလူထု တစ်ရပ်လုံး၏ အသိပညာ ဖွံ့ဖြိုးရေးအတွက် ဦးတည်ရေးသားသင့်သည်။ ပြည်သူလူထုအတွက် အဆိပ်အတောက်ဖြစ်စေသော အရေးသားများကို ရှောင်ကြဉ်သင့်သည်ဟု မှတ်ချက်ချမိပါသည်။
ယနေ့လို အချိန်အခါတွင်လည်း မီဒီယာဖွံ့ဖြိုးမှုက မြန်မာနိုင်ငံထဲတွင် ရှေးကာလများနှင့် မတူတော့ဘဲ အတော်အတန် ဖွံ့ဖြိုးလာပြီဖြစ်သောကြောင့် အပတ်စဉ်ထုတ် ဂျာနယ်များ၊ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာများ၊ အခြားအခြားသော မီဒီယာကဏ္ဍများမှတစ်ဆင့် ပြည်သူလူထု တစ်ရပ်လုံးအတွက် အသိဉာဏ်ဖွံ့ဖြိုးရေးအား ဦးတည်နေသည်ကို မြင်တွေ့ရပါ၏။ လူထုတစ်ရပ်လုံး၏ အသိဉာဏ်ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းရှိ မီဒီယာများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာအရေးပါ အရာရောက်သည်ကို မြင်တွေ့ရပါသည်။
စာရေးသားခြင်းအကြောင်း၊ စာရေးဆရာများ အကြောင်းကို ထပ်၍ဆက်ရမည်ဆိုလျှင် ရှေးစာရေးဆရာကြီးများကလည်း ပြည်သူလူထုအတွက် အသိဉာဏ်ဖွံ့ဖြိုးရေး၊ အဆိပ်အတောက် မဖြစ်စေရေးအတွက် ဦးတည်ရေးသားနိုင်ရန် ညွှန်ကြားမှုကိုယ်စီ ထားရှိခဲ့ပါသည်။
မှော်ဘီဆရာသိန်းက ‘ငန်းဆေးကြောင့် အဖျားတက်သည်။ ကျမ်းရေးတော့ အသွားခက်သည်’ ဟု မိန့်ဆိုခဲ့သလို ဆရာကြီး ဟံသာဝတီဦးဘရင်ကလည်း ‘အခံရှိမှ အမှန်သိမည်’ စာရေးဆရာတစ်ယောက် အနေဖြင့် စာကောင်းပေမွန်များ ဖတ်ရှုလေ့လာခြင်း အခြေခံသဘောတရားများနှင့် ပညာရှိများကို ဆည်းကပ်လေ့လာခဲ့မှုများ ရှိရမည်ဟု ညွှန်းဆိုခဲ့ပါသည်။
ဆရာဇော်ဂျီကလည်း ‘စာရေးသားခြင်းနှင့် စကားပြောခြင်းသည် အတူတူဖြစ်သည်’ တစ်ဖက်သား ‘နားနှင့်စိတ်’ တို့ကို ရောက်အောင်ပို့ဆောင်ဖို့ လိုသည်ဟု ညွှန်ပြခဲ့သလို ဆရာဇေယျကလည်း ‘စာရေးဆရာ စာဖတ်သလား၊ နာနာတွေး၊ နာနာရေး၊ နာနာဖတ်’ ဟု ညွှန်းဆိုခဲ့ပါသည်။
ဆရာသိန်းဖေမြင့်ကလည်း ‘အတွေးသက်သက်ဖြင့် မရှာနှင့်၊ လူထုကြီးထံ ချဉ်းကပ်ရှာဖွေဖို့ လိုသည်ဟု ပြည်သူကြားတွင် အမှန်ရှာနိုင်ရန် ညွှန်ပြခဲ့သလို ဆရာမြဇင်ကလည်း တတ်သိရမည့် အကြောင်းအရာများကို ပိုင်နိုင်ရမည်။ အနုပညာအဆင့်အတန်း မြင့်မားစေရန် ဦးတည်ရမည်။ အမြင်ကျယ်ဖို့ ညွှန်ပြရမည်။ လူကို ပဓာနပြု ဦးတည်ရမည်ဟု ညွှန်ပြခဲ့ပါသည်။
ရှေးဆရာကြီးများ၏ ဆုံးမညွှန်ပြမှုများကား တန်ဖိုးအလွန်ရှိပါသည်။ စာရေးသားခြင်း အနုပညာဆိုသည်မှာ လွန်စွာကျယ်ပြန့်ပါလားဟု သတိပြုမိခဲ့သည်။ ‘စာကောင်းရေးချင်လျှင် သို့မဟုတ် စာကောင်းထွက်ချင်လျင် စိတ်ကောင်းမွေး၊ စိတ်ကောင်းထားရမည်’ ဟု ဆရာ့ဆရာတို့ ဆုံးမခဲ့သော အသိတရားများက ကလောင်တစ်ချောင်းကိုင်၍ လူရမ်းကားမဖြစ်စေရေးအတွက် ပါလားဟု သတိပြုမိခဲ့ပါသည်။
ဆရာမောင်စိုးထိုက် (သုံးဆယ်) ၏ စာရေးသားခြင်းနှင့် ပတ်သက်သော ကဗျာလေးကလည်း အတုယူစရာဖြစ်ပါသည်။ ‘စုတုပြုတွေး၊ ကိုယ်တိုင်ရေး ကိုယ်ပိုင်လေးမှ ကြည်နူးရ။ မြင်သိကြားလျှင် တန်ဆာဆင်၊ ပညာပေးဖို့ ရေးကြစို့။ ခင်ပွန်းဆယ်ပါး မပြစ်မှား ရေးသားပါမှ စာချောရ။ ကောင်းဆိုးနှစ်တန် ချင့်ချိန်ရန် စံနမူပြရေးခြယ်သ။ မသေမချာ မရေရာ ရေးချင်ရာရေး ရှောင်ဖို့တွေး စသည်ဖြင့် စာရေးခြင်း အနုပညာနှင့် ပတ်သက်၍ သတိပြုစရာ အကြောင်းအရာတို့ကို ကဗျာလေးဖြင့် ဖွဲ့ဆိုထားသည်ကို ဖတ်ခဲ့ရပါသည်။
သမုဒ္ဒရာရေသည် တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်သလို စာရေးခြင်း အနုပညာသည်လည်း ပြန့်ပြောကျယ်ဝန်းသောကြောင့် စာပေပင်လယ်၊ စာပေသမုဒ္ဒရာဟု တင်စား၍ရပါသည်။ စာပေသမုဒ္ဒရာ၊ စာပေပင်လယ်ပြင်ကြီးထဲတွင် စာဖတ်သူပြည်သူများ အသိဉာဏ်ဖွံ့ဖြိုးစေရန် စာပေဗဟုသုတ ရရှိစေရန်၊ စာပေကြောင့် ရရှိသော အဆိပ်အတောက်များ မရှိစေရန် စာရေးဆရာများတွင် အပြည့်အ၀ တာဝန်ရှိသည်ဟု ထင်မြင်မိပါသည်။
စာရေးခြင်း အနုပညာသည် စာဖတ်သူများအတွက် အမှန်ကိုပြသခြင်း၊ သံသယကို ပယ်ဖျက်ပေးခြင်း၊ စိတ်ဓာတ်မြှင့်တင်ပေးခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်စေခြင်း၊ ကောင်းမှုကိုပြုရန် အားပေးခြင်း၊ သမိုင်းကို အဆက်မပြတ်စေခြင်း၊ ယဉ်ကျေးမှုကို ဖော်ပြပေးခြင်းများကြောင့် စာရေးခြင်းအနုပညာ ဆိုသည်မှာ ‘ကုသိုလ်ရသော’ အလုပ်တစ်ခုဟု ဆိုချင်မိပါသည်။
ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်ကတည်းက စာပေများကို သယ်ဆောင်ခဲ့၊ လက်ဆင့်ကမ်းပေးခဲ့ကြသော ပြည်သူပြည်သားများ၏ အသိဉာဏ်ကို ဖွင့်ပေးခဲ့သော ဆရာကြီးများ၏ ဂုဏ်ကျေးဇူးများကား ကြီးမားလေစွဟု ခံယူခဲ့မိပါသည်။ စာရေးခြင်း အနုပညာဖြင့် ပြည်သူလူထု၏ ဉာဏ်ပညာဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးနေကြသော သက်ရှိထင်ရှား ရှိနေသေးသော ဆရာကြီးများ၏ ကျေးဇူးဂုဏ်များသည်လည်း လွန်စွာကြီးမားပါသည်။
ထို့ကြောင့်ပင် စာရေးခြင်း အနုပညာဖြင့် ပြည်သူ့အကျိုးကို တစ်တပ်တစ်အား ပါဝင်ထမ်းဆောင်ပါမည်ဟု သန္နိဋ္ဌာန် ချခဲ့မိပါသည်။ စာရေးခြင်း အနုပညာဖြင့် ပြည်သူကို ရှေ့ဆောင်လမ်းပြပေးနေသော စာရေးဆရာများ များစွာပေါ်ထွန်းလာပါစေဟု ဆန္ဒပြုမိပါသည်။

0 comments:
Post a Comment