Friday, May 17, 2013

“ ဆရာ ဆေးထိုးမယ် သုံးယောက်ထိုးမယ်”

“ ဆရာ ဆေးထိုးမယ် သုံးယောက်ထိုးမယ်”

ဇိုးကနဲ ဇတ်ကနဲ အာသွက် လျှာသွက် မိန်းမနှင့် နောက်နှစ်ဦး ဆေးခန်းထဲ ၀င်ဝင်လာချင်း ပြောချလိုက်သော စကား။ အော် သူတို့ တားဆေးလာထိုးတာနေမယ် ဟုတွေးကာ
“ရက်က ပြည့်ပြီလားဗျ”

“ ပြည့်ပြီလေ လကုန်ရင် ပြန်တော့မှာ”

“ အွန် ဘယ်ပြန်မှာတုန်း”

“ အိမ်ကိုပေါ့ အလုပ်က ခဏ နားတုန်း ပြန်ရမှာလေ”

ဒါဆိုရင်တော့ တားဆေး မဟုတ်လောက်။

“ ဒါနဲ့ ဘာဆေးထိုးမှာလဲ ဘာဖြစ်လို့လဲ”

“ ပူရှိန်းဆေး ပြင်းပြင်းလေးသာဆော်”

“ အစ်မကြီး ကျွန်တော် ပူရှိန်း မရောင်းဘူးဗျ အရှေ့က ကွမ်းယာဆိုင်မှာ ရတယ် အဟီး”

“ ဘယ်လို ဆရာကြီးလဲ ကျွန်မတို့ တောမှာ ဆေးမှူး ထိုးပေးတဲ့ ပူရှိန်းဆေးလေ သူထိုးပြီးရင် လူကို ပူရှိန်းသွားတာပဲ အဲ့ဆေး အဲ့ဆေး”

ဘုရား ဘာဆေးပါလိမ့်။ ပရုတ်တွေ များ အရည်ဖျော်ထိုးထည့်ပေးနေတာ များလား။ ဒါမှ မဟုတ် Calcium gluconate ဆေးကို ပြောတာလားမသိ။ ထိုဆေးတော့ မထိုးရဲ။
ထိုးထိုးပြီးချင်း နှလုံးပရမ်းပတာ ခုန်တတ်သောကြောင့်ပင်။ ပြီးတော့ ပုံစံတွေက မာမာချာချာတွေ။ မတတ်နိုင် ကြည့်ပြောရသည်။

“ အဟဲ အဲ့ဆေးက ကုန်သွားပြီ နေအုံး ဘာဖြစ်လို့ ဆေးထိုးချင်တာတုန်း”

“ ဦးနှောက် ကိုက်လို့”

“ အဟင့် “

တောသာ တစ်ခါထဲ ပရိက္ခရာ အစုံအလင် နှင့် ပြေးထွက်လိုက်ချင်သည်။ ဦးနှောက်ကိုက်တယ်တဲ့။ စကားဆန်းကြီး။ ခေါင်းကိုက်တာ ပြောတာ ဖြစ်ရမည်။

“ ဟိုဟာလေ ခေါင်းကိုက်တာ ကို ပြောတာလားအင်”

သိပ်လည်း မမေးရဲ။ မိန်းမ ပုံစံက ဒေါသ အချိန်ပြည့်ထွက်နေသည့်ပုံ။

“ အေး ဟုတ်တယ်”

မဆိုးပါဘူး။ ဒီလောက် ယဉ်ယဉ်ကျေးကျေး ထွက်လာတာပဲ ကျေးဇူးတင်ရသေးသည်။

“ ဒါဆိုရင်တော့ အာရုံကြော အားဆေးလေး သောက်လေ ဆေးထိုးစရာ မလိုပါဘူးလေ ပြီးရင် မျက်စိ ဆရာဝန်ဆီသွား မျက်လုံးလေးစမ်း”

“ အကြောဆေးပဲ ထိုးချင်တာ”

ပြတ်ကရော။ အတော် အကြောတင်းမည့် အမျိုး။ ဒါကြောင့်လဲ အကြော အားနည်းတာနေမည်။ အရင်စိတ်နဲ့ဆို ဒီမိန်းမ မိုးဗြဲ ဒယ်ထဲ ထည့်လှော်ပြီးပြီ။ သို့နှင့် အကြောဆေးလေး ထိုးပေးရန် ပြင်ခိုက်

“ သုံးယောက်တောင် ထိုးမှာ လျှော့ပေးအုံးနော်”

“ မကိုက်လို့ပါဗျာ အဲလေ မရလို့ပါဗျာ ဒါလဲ မဟုတ်သေးဘူး ဆေးတွေက ဈေးကြီးနေလို့ပါ”

“ ဟင်း မကိုက်ရအောင် ဆရာ့ဟာက ပုပ်ကုန် သိုးကုန်လည်း မဟုတ်”

စိတ်ထဲတွင် တင့်ကားအမြှောက်နဲ့ ဒီမိန်းမ ကို ဆော်ပြီး မီးခိုးဗုံးနဲ့ပါ တစ်ခါထဲ လှမ်းထု လိုက်သည်။ အပြင်မှာတော့

“ အော် ဒီလိုလည်း မဟုတ်ဘူးလေ ပညာကြေးလေးကလည်း ယူရသေးသကိုး”

“ ဆရာ့ ပညာကလည်း ဈေးကြီးလိုက်တာ”

တယ် ဒီဂန်းတာမ ပြောလေ ဆိုးလေ လေးခွနှင့် ပစ်သည်။ တင်းပုတ်နဲ့ ရိုက်သည်။ နေလှန်း ကြပ်ကင်သည်။ နားရွက်ဆွဲကာ ထိုင်ထ လုပ်ခိုင်းသည်။ခေါင်းခေါက်သည်။ ဖင်ဝတွင် စက်ဘီးလေပိုက်တပ်ကာ ဖောင်းကားလာအောင် လေထိုးသည်။ဖောင်းလာလျှင် အပ်နှင့် ဖောက်သည်။ ဒီလောက်တောင် ရှိလှတာ။

“ ကဲ ပြီးပါပြီဗျာ သုံးယောက် ၆၀၀၀ ကျပါတယ်”

“ အင့် “

ဆိုပြီး ထောင်တန် ခြောက်ရွက်ထုတ်ပေးသည်။ ဒေါက်တာပွလည်း လက်လှမ်းလိုက်၏။ လမ်းတစ်ဝက်ရောက်မှ

“ အဲ မဟုတ်သေးဘူး အကြွေတွေ မသုံးဖြစ်မဲ့ အတူတူ ဆရာ့ကိုပေးလိုက်မှ”
ဟုဆိုကာ လက်ပြန်ရုတ်သွားသည်။ ဒေါက်တာပွလည်း လက်ကမ်းနေရာမှ ကြောင်နန ဖြစ်ကာ ခေါင်းကုတ်ကုတ် ဖင်ကုတ်ကုတ်လုပ်နေလိုက်ရတော့သည်။ ကတောက် ငါ့များ အကြွေ လိုတဲ့ ကွမ်းယာဆိုင်များ မှတ်နေလား မသိ။

“ အင့်”

ဆိုကာ ထပ်ပေးပြန်သည်။ ဒေါက်တာပွလည်း လက်ထပ်လှမ်းလိုက်သည်။

“ အဲ ဒီ ၂၀၀ တန်က ပြဲနေတယ်”

ဟုဆိုကာ ပြန်ရုတ်သွားပြန်သည်။ အတွေ့အကြုံရပြီးသား ဒေါက်တာပွ ခေါင်းမကုတ်တော့။ မျက်ချီး လှမ်းကလော် လိုက်ရသည်။ ပေးတဲ့ပိုက်ဆံတွေလဲ ကြည့်အုံး။ ၁၀၀၀ တန် ရော ၅၀၀ တန်ရော ၂၀၀ တန်ရော ဒီကြားထဲ ၅၀ တန် ပါ ပါလိုက်သေး။

“ ပြည့်လား ဆရာ ရေကြည့်လိုက်အုံး”

ကတောက် လုပ်ပြန်ပြီ။ မတတ်နိုင် ရီရတော့သည်။

“ ၁၀၀၀ ၁၂၀၀ ၁၄၀၀ ၁၉၀၀ ၁၉၅၀ ၂၀၀၀”

အတော် အလိုက်ကမ်းဆိုး မသိတဲ့မိန်းမ။ လက်ထဲတွင် အကြွေ တစ်ထပ်ကြီးနဲ့ မျက်ရည်တောင် ၀ိုင်းချင်ချင်။ ပြန်တော့ ပြောသွားသေးသည်။

“ ဆရာ ဟို အရက်ပြန် စိမ်ထားတဲ့ ဂွမ်းလေး နဲနဲလောက် လည်းသည်းနီ ဖျက်ချင်လို့”

( ၂၈. ၅. ၂၀၁၂) ဒိုင်ယာရီ မှတ်တမ်းမှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...