စာပျင်းသူ
by မင်းလူ၏ ၀တ္တုတိုများ (Notes) on Thursday, March 14, 2013 at 2:47pm
ကျွန်တော်ငယ်ငယ်က ကျောင်းတက်အလွန်ပျင်းသူဖြစ်၏။
ဒါ သိပ်တော့မဆန်းလှ။ ကလေးငယ်အတော်များများသည် ကျောင်းတက်ရမှာ ပျင်းကြသည်ချည်း ပင်ဖြစ်၏။ ကိုယ်နှင့် စိမ်းသောပတ်ဝန်းကျင်အသစ်တစ်ခုကို ရုတ်တရက်ဆုံတွေ့ရသောကြောင့်ဖြစ်၏။
အိမ်ကို ခင်တွယ်တတ်သော၊ မိခင်ကို ခင်တွယ်တတ်သောကလေးမျိုးဆိုလျှင် ပိုဆိုးသည်။ ပြီးတော့ ကျောင်းဆိုတာ အိမ်မှာလို နေချင်တိုင်းနေ၊ ဆော့ချင်တိုင်းဆော့၊ စားချင်တိုင်းစားလို့ရတာမဟုတ်။ အထိုက်အလျောက် စည်းကမ်းတင်းကျပ်မှုတော့ရှိသည်။ ဆရာမဆိုတာကလည်း အမေတို့၊ အဒေါ်တို့၊ အစ်မတို့လို ဆိုးချင်တိုင်းဆိုးလို့ရတာမဟုတ်။ အရင်က တစ်ခါမျှတောင် မမြင်ဖူးခဲ့သောအဒေါ်ကြီးဆိုတော့ နည်းနည်းတော့ လန့်စရာကောင်းတာပေါ့။ စာတွေ အော်ဆိုရတာ၊ စာရေးရတာ၊ စာကျက်ရတာကလည်း ကစားရတာလောက်တော့ ဘယ်မှာ ပျော်စရာကောင်းပါ့မလဲ။
ဘာပဲဖြစ်ဖြစ် ကလေးအများစုသည် ကျောင်းတက်ပြီး မကြာခင်မှာပင် ကျောင်းမှာ နေသားကျသွားတတ်ကြသည်။တချို့ဆို အိမ်မှာထက်တောင် ပိုပျော်သွားတတ်ကြသေးသည်။ ဆရာမ ဆိုတာလည်း အမေတို့၊ အဒေါ်တို့လိုပါပဲဟု ယူဆလိုက်ကြတော့သည်။
အနည်းငယ်သောကလေးငယ်တို့သာ ကျောင်းတက်ပျင်းမှုအချိန် ပို၍ကြာရှည်တတ်သည်။ ဒီအထဲမှာ ကျွန်တော်က ဗိုလ်စွဲသူဖြစ်၏။ တခြားကလေးတွေက ကျောင်းမတက်ချင်လျှင် မျက်ရည်ဝဲရုံ၊ ရှုံ့မဲ့ရှုံ့မဲ့လုပ်ရုံ၊ ကြိတ်ငိုရုံသာ ရှိသည်။ ကျွန်တော်က ဟောခန်းကြီးတစ်ခုလုံးကြားအောင် အော်ကြီးဟစ်ကျယ်ငိုခြင်းဖြစ်၏။ ပြီးတော့ တခြားကလေးများမှာ ဆရာမ ချော့လိုက်လျှင် ဒါမှမဟုတ် ငေါက်လိုက်လျှင် ငြိမ်သွားတတ်သည်။ ကျွန်တော်က ချော့လို့လည်းမရ၊ ငေါက်လို့လည်း မရဘဲ ပြဿနာရှာတတ်သည်။
ကျွန်တော် ပြဿနာရှာပုံမှာ အိမ်က စထွက်ကတည်းကဖြစ်၏။ မနက် အိပ်ရာမှထတဲ့အချိန်ကစပြီး အိမ်ဖော်အစ်မကြီး နှစ်ယောက် ညှပ်ပြီး ကျွန်တော့်ကို မျက်နှာသစ်၊ သွားတိုက်၊ ကော်ဖီနှင့်မုန့်ကျွေး၊ အ၀တ်အစားလဲ၊ ခေါင်းဖြီးပေးကြရသည်။ ကျောင်းသွားဖို့အချိန်ရောက်ပြီ ဆိုလျှင် အဖေ့တပည့်တွေထဲက အတောင့်တင်း အသန်မာဆုံးတစ်ယောက်က ကျွန်တော့်ကို ချုပ်ကိုင်ပွေ့ချီပြီး ကားပေါ်တင်ရသည်။
ဇာတ်လမ်းက ဒီမှာပဲ စတင်လေသည်။ ကျွန်တော်က တွန်းထိုးကန်ကျောက် ရုန်းကန်အော်ဟစ်လေသည်။ ကျောင်းအတူသွားကြမည့် အစ်ကိုများနှင့် ကျောင်းပို့ရင်း ဈေးဝယ်သွားမည့် ကြီးတော်ကြီးတို့မှာ ကားပေါ်မှာ အဆင်သင့် စောင့်နေရသည်။ ကျွန်တော့်ကို ပစ်ကပ်ကားနောက်ခန်းပေါ်တင်ပြီးတာနဲ့ စက်နှိုးဂီယာသွင်းထားနှင့်ပြီးသောကားကို အမြန် မောင်းထွက်ရသည်။ ကျွန်တော်က ကားပေါ်မှ ပြန်ခုန်ချတတ်သောကြောင့်ဖြစ်၏။ ကျောင်းသွားရာလမ်းတစ်လျှောက်မှာလည်း အဖေ့တပည့်ကို လက်သီးနှင့် တစွတ်စွတ်ထိုးလာခဲ့၏။
ကျောင်းရှေ့ ကားရပ်သောအခါမှာလည်း စနစ်တကျအကွက်ချစီစဉ်ကြရလေသည်။ ကျွန်တော့်အထက်က အစ်ကို ဖြစ်သူ ကိုရူပ ကားပေါ်ကအရင်ဆင်းပြီး ဟောခန်းထဲမှ ဆရာမကို ပြေး၍ ကျွန်တော်လာပြီဖြစ်ကြောင်း သတင်းပို့ရသည်။ ဆရာမလည်း အသင့်အနေအထားဖြင့် စောင့်နေရလေသည်။ အဖေ့တပည့်က ကျွန်တော့်ကို ဖမ်းချုပ်ပွေ့ချီပြီး ဟောခန်းထဲ ၀င်လာတာနဲ့ သန့်ရှင်းရေးအလုပ်သမား ကုလားကြီးက "လာပြီ လာပြီ"ဟု အော်၍ အချက်ပေးရသည်။ တကယ်တော့ သူ့အချက် ပေးစရာတောင် မလို။ ကျွန်တော်၏အော်ဟစ်ငိုယိုသောအသံက ဟောခန်းထဲ မ၀င်ခင်ကပင် ကျယ်လောင်စွာ ကြားနေရပြီ။
ဆရာမလည်း လက်နှစ်ဖက်ကို ဆန့်တန်း၍ စောင့်နေသည်။ အဖေ့တပည့်က ကျွန်တော့်ကို ဆရာမလက်ထဲ ထည့်သည်။ ဆရာမက ကျွန်တော့်ကို အတင်းဖက်ထားချိန်တွင် အဖေ့တပည့်လည်း ကားဆီ အမြန်ပြေးရသည်။ ဒါတောင် တစ်ခါတစ်ခါ ဆရာမလက်ထဲက လွတ်အောင်ရုန်းပြီး ထွက်ပြေးသေးသည်။ ထိုအခါ တခြားအတန်းက ဆရာမတွေရော သန့်ရှင်းရေးအလုပ်သမားတွေရော တစ်ခါတလေ ကာယဆရာပါ ၀ိုင်းပတ်ပိတ်ဆို့ပြီး ဖမ်းရ၏။ ခုလို ရုတ်ရုတ်သဲသဲ ဆူဆူညံညံဖြစ်နေတာ နေ့တိုင်းပါပဲ။
ကျွန်တော်ကား ကျောင်းမှာ နာမည်ကြီးနေလေပြီ။ ဆရာတွေရော တခြားကျောင်းသားမိဘတွေပါ "အငိုသန်တဲ့ ကလေး"ဆိုပြီး မသိသူမရှိအောင် ကျော်ကြားလှသည်။
ကျွန်တော် ငယ်ငယ်ကတက်ခဲ့ရသည့်ကျောင်းမှာ နာမည်ကျော်စိန်ပေါလ်ကျောင်းဖြစ်၏ (ယခု အထက-၆ဗိုလ်တထောင်)။ ထိုစဉ်က ပြည်သူပိုင်မသိမ်းရသေး။ ခရစ်ယာန်သာသနာပြုကျောင်းဖြစ်သောကြောင့် ဘရာသာကြီးတွေက အုပ်ချုပ်သည်။ ခရစ်ယာန်ဘာသာဝင် ကျောင်းသားများတွေကို အေတန်းအဖြစ် သီးသန့်ခွဲထားပြီး ဘာသာရေးဆိုင်ရာတွေပါ သင်ပေးသည်။ ကျွန်တော်တို့လို ဗုဒ္ဓဘာသာဝင်ကျောင်းသားများနှင့် အခြားဘာသာဝင်ကျောင်းသားများကို ဘီတန်း၊ စီတန်းတွေမှာ ထားသည်။
သူငယ်တန်းကိုပင် သူငယ်တန်းလေး (L.K.G) ၊ သူငယ်တန်းလတ် (M.K.G) ၊ သူငယ်တန်းကြီး(H.K.G)ဟူ၍ သုံးဆင့် ခွဲထားပြီး သုံးနှစ်တက်ရသည်။ ပြီးမှ ပထမတန်းတက်ရသည်။ (ထိုစဉ်က အစိုးရကျောင်းသားများမှာ သူငယ်တန်းလေးနှင့် သူငယ်တန်းကြီးဟူ၍ ၂ဆင့်သာရှိ၏)။
ကျွန်တော်တို့ အတန်းငယ်လေးတွေတက်ရသော အဆောက်အဦးမှာ အနော်ရထာလမ်းနှင့် ကပ်လျက်မှာရှိသည့် အုတ်တိုက်နီနီကြီးဖြစ်၏။ အောက်ဆုံးထပ်က ဟောခန်းကြီးဖြစ်ပြီး အပေါ်ထပ်က စာသင်ခန်းများဖြစ်၏။
ကျောင်းတက်ခေါင်းလောင်းထိုးလျှင် ဟောခန်းကြီးထဲမှာ ကိုယ့်အတန်းလိုက် နှစ်ယောက်တစ်တွဲ တန်းစီကြရသည်။ ထိုနောက် နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြရသည်။ ပြီးမှ စာသင်ခန်းများဆီသို့ အတန်းလိုက် ညီညာစွာ သွားကြရသည်။
ကျွန်တော်တို့ အငယ်တန်းတွေကို အုပ်ချုပ်ရသော ဘရာသာကြီး၏ရုံးခန်းသည် ဟောခန်း၏ထောင့်နားက အခန်းကျဉ်းကလေးဖြစ်၏။ သူ့နာမည်မှာ ချားလ်စ်ဖြစ်ပြီး ကျောင်းသားတွေက လွယ်လွယ်ကူကူ ဘရာသာချတ်ဟု ခေါ်ကြသည်။ သူသည် ကျောင်းမှာနာမည်ကျော်ကြားနေသော ကျွန်တော့်အကြောင်း သိသွားပုံရလေသည်။
တစ်ရက်မှာ ဆရာမ၏လက်တွင်းမှ ရုန်းကန်အော်ဟစ်ငိုယိုနေစဉ် သူ ရောက်လာသည်။ ပြီးတော့ ကျွန်တော့်လက်ကို ဆွဲပြီး သူ့ရုံးခန်းထဲခေါ်သွားသည်။ နည်းနည်းတော့လန့်သွား၏။ ရိုက်များရိုက်မလားဟု စိုးရိမ်သွားသည်။
ရုံးခန်းထဲရောက်တော့ ကျွန်တော့်ကို ကုလားထိုင်မှာ ထိုင်ခိုင်းသည်။ ဘီရိုကြီးကိုဖွင့်သည်။ ပုလင်းကြီးတစ်လုံးကို ထုတ်သည်။ သကြားလုံး လေးငါးလုံးယူပြီး ကျွန်တော့်ရှပ်အင်္ကျီအိတ်ထဲ ထည့်ပေးသည်။ စာအုပ်ဘီရိုထဲမှ ကာတွန်းစာအုပ် တစ်ထပ်ယူလာပြီး ကျွန်တော့်ရှေ့မှာ ချပေးသည်။ ပြီးတော့ အပြင်ပြန်ထွက်သွားသည်။
ကျွန်တော်လည်း သကြားလုံးစားလိုက်၊ ကာတွန်းကြည့်လိုက် ဇိမ်ကျနေတော့သည်။ သို့ရာတွင် ကာတွန်းစာအုပ်တွေက အင်္ဂလိပ်လိုရေးထားခြင်းဖြစ်၏။ ဘာမှနားမလည်။ အရုပ်တွေသာ လျှောက်ကြည့်နေရ၏။ ကြာတော့ ပျင်းလာသည်။ ရုံးခန်းထဲမှာ နေနေရတာကိုလည်း စိတ်ကျဉ်းကျပ်လာသည်။
ထိုစဉ်မှာ ဘရာသာကြီးပြန်ဝင်လာ၏။ သူက မြန်မာစကား နည်းနည်းပါးပါးတတ်သည်။
"ပျင်းနေသလား"ဟု မေးသည်။ ကျွန်တော် ခေါင်းညိတ်ပြသည်။ သူက ပြုံးလိုက်ပြီး သန့်ရှင်းရေးအလုပ်သမားကို လှမ်းခေါ်သည်။ ကျွန်တော့်ကို စာသင်ခန်းဆီ ပြန်ပို့ခိုင်းသည်။ ဘရာသာချတ်သည် သူ၏နည်းဗျူဟာ အောင်မြင်သွားသောကြောင့် ကျေနပ်သွားပုံရ၏။
သို့ရာတွင် သူ့အကြံက ဒါအကုန်ပဲဖြစ်၏။ နောက်နေ့တွေကျတော့လည်း ဒုံရင်းအတိုင်း ပြန်ဖြစ်သွားလေသည်။ ဒီလိုနဲ့ ကျွန်တော်သည် တစ်ပတ်မှာ နှစ်ခါလောက် သူ့ရုံးခန်းထဲလိုက်သွား၊ သကြားလုံးစား၊ ကာတွန်းစာအုပ်တွေကြည့် ပျင်းလာတော့မှ အတန်းထဲသွား၊ ထိုကိစ္စအတွက် ဘရာသာချတ်မှာ ၀တ္တရားတစ်ခုလို ဆောင်ရွက်နေရတော့သည်။
တစ်ရက်မှာတော့ သူသည် ကျွန်တော့်ကို ထုံးစံအတိုင်း ရုံးခန်းထဲခေါ်သွားပြီး ထိုင်ခိုင်းသည်။ သကြားလုံး ပုလင်းကြီးကို ကျွန်တော့်ရှေ့မှာချသည်။ ပုလင်းထဲမှာတော့ သကြားလုံးတစ်လုံးမှမရှိ။ သူသည် အင်္ဂလိပ်လိုတစ်ဝက်၊ မြန်မာလို တစ်ဝက်ပြောရင်း သကြားလုံးပုလင်းကို ကိုင်ပြလိုက်၊ စာအုပ်ဗီရိုဆီ လက်ညှိုးထိုးလိုက်၊ သူ့နားထင်ကို ထောက်ပြလိုက်၊ လက်မြှောက်လိုက် လုပ်နေ၏။ သူပြောတာကို လုံးစေ့ပတ်စေ့ နားမလည်သော်လည်း သူ့ဟန်အမူအရာကိုကြည့်၍ ဆိုလိုရင်းကို သဘောပေါက်သည်။
"ငါ့သကြားလုံးပုလင်းလည်း ပြောင်ပြီ။ ကာတွန်းစာအုပ်တွေလည်း ပေးဖတ်စရာမကျန်တော့ဘူး။ မင်းကတော့ ခုထိ ကျောင်းလာရင်း ငိုတုန်းပဲ။ မင်းကို ငါ လက်မြှောက်လိုက်ပြီ"ဟု ဆိုလိုခြင်းဖြစ်၏။
ဘရာသာကြီးတောင် နောက်ကောက်ကျသွားပြီဆိုတော့ ကျွန်တော်လည်း ထင်တိုင်းကြဲနိုင်ပြီပေါ့။
ဒီလိုနဲ့ တစ်ရက်မှာတော့-
ကျောင်းသွားကာနီး ကျွန်တော့်ကို ကားပေါ်အတင်းချုပ်ပြီးတင်ရသည့်တာဝန်ကျသော အဖေ့တပည့်မှာ အပြင်းဖျားနေသည်။ တခြားတစ်ယောက်က အစားဝင်လုပ်ရသည်။ ထိုသူသည် အရင်လူလောက် တောင့်တင်းသန်မာခြင်းလည်း မရှိ။ လုပ်နေကျမဟုတ်သဖြင့် ကျွမ်းကျင်မှုလည်းမရှိ။ ထို့ကြောင့် အိမ်ကထွက်ကာနီ ကားပေါ်တွန်းတင်ရာမှာ အခက်အခဲဖြစ်နေ၏။ သူက တွန်းတင်လိုက်၊ ကျွန်တော်က ပြန်ခုန်ချလိုက်၊ သူတစ်ပြန် ကိုယ်တစ်ပြန်ဖြစ်နေစဉ်
ကြီးတော်ကြီးရောက်လာပြီး ကားနောက်တည့်တည့်မှာ ပိတ်ရပ်လိုက်သည်။ သူက တူတွေကို တုန်နေအောင် ချစ်သော်လည်း အဆဲတော့အလွန်သန်သည်။ ထို့ကြောင့်
"သေနာလေး ဆင်းရဲရင်ဆင်းကြည့်စမ်း၊ ငါနဲ့တွေ့မယ်"
ပြောပြီး နှစ်ခွန်းသုံးခွန်း ထပ်ဆဲသေးသည်။ ကျွန်တော်လည်း စိတ်ဆိုးသွားပြီး စီးထားသည့်ပန့်ရှူးဖိနပ်ကိုချွတ်၍ လှမ်းပေါက်ထည့်လိုက်၏။ ကြီးတော်ကြီး၏ ရင်ဘတ်တည့်တည့်ကို ဖိနပ်အောက်ခံဆိုးပြားဘက်နှင့် အံကျသွားမှန်သည်။ မီးပူ ကျကျနနတိုက်ထားသော ဖြူဖွေးနေသည့်ပဒုမ္မာအင်္ကျီမှာ ဖိနပ်ရာကြီးထင်သွား၏။
ကြီးတော်ကြီးမှာ ဆွေ့ဆွေ့ခုန်အောင် ဒေါသဖြစ်သွားသည်။ ဖိနပ်ရာထင်နေသောအင်္ကျီကို သက်သေခံပစ္စည်းအဖြစ် တင်ပြပြီး အဖေ့ကိုတိုင်မှာ ကြိမ်းသေသည်။
အဖေသည် သားတွေကို ရိုက်လေ့မရှိ။ များသောအားဖြင့် အလိုလိုက်တတ်သည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ဆော့ကစားခြင်းနှင့်ပတ်သက်၍ ဘယ်အဖေနှင့်မှမတူအောင် အလိုလိုက်တတ်သည်။ ဒါဖြင့် ပညာရေးမှာကျတော့ အရမ်း စည်းကမ်းတင်းကျပ်သလားဆိုတော့မဟုတ်။ စာကျက်တော့လေဟု သတိပေးတာမျိုးမရှိ။ စာမေးပွဲကျရင်တော့ ငါနဲ့အတွေ့ပဲ ဆိုပြီး ခြိမ်းခြောက်တာမျိုးမရှိ။ အဆင့်ကျသွားလို့ ဆူတယ်ဆိုတာမျိုးလည်းမရှိ။ အမှတ်ကောင်းလျှင်၊ အဆင့်ကောင်းလျှင် ဆုပေးတာမျိုးသာရှိ၏။
ကျွန်တော် ကျောင်းသွားခါနီး ပြဿနာရှာတတ်တာကိုလည်း အဖေမသိဘဲနေမှာမဟုတ်။ အဖေက တစ်ညလုံး အလုပ်လုပ်ပြီး နေမြင့်မှ အိပ်ရာထတတ်သူဖြစ်သောကြောင့် ကျောင်းသွားချိန်မှာ လက်တွေ့မျက်မြင်မဟုတ်သော်လည်း ကြီးတော်ကြီးက သတင်းပို့တိုင်ကြားခဲ့မှာ ကြိမ်းသေသည်။
အဖေကတော့ ကလေးဆိုတာ အိမ်မှာဆော့ကစားရတာကို သဘောကျပြီး ကျောင်းတက်ရတာကို မနှစ်သက်ခြင်းမှာ သဘာဝကျသည်။ နောက်တော့ အသားကျသွားလိမ့်မည်ဟု ယူဆခဲ့သလားမသိ။ ဘာမှ အရေးမယူဘဲ မသိသလိုနေခဲ့သည်။
ခုကိစ္စကျတော့ တစ်မျိုးဖြစ်၏။ ကျောင်းမတက်ချင်သည့်ကိစ္စအပြင် ကြီးတော်ကြီးကို ဖိနပ်နှင့်ပေါက်သည့်ကိစ္စ ပါရှိနေသည်။ ကလေးတစ်ယောက်အနေနှင့် အလွန်ရိုင်းပျသော၊ ခွင့်လွှတ်ဖွယ်မရှိသော ပြစ်မှုကြီးဖြစ်၏။ လူသက်သေ၊ ပစ္စည်း သက်သေတွေလည်း စုံနေပြီဆိုတော့ အဖေ့အနေဖြင့်လည်း ထိရောက်စွာ အရေးယူအပြစ်ပေးရပေတော့မည်။
ကျွန်တော်ကလည်း ဒါကို သဘောပေါက်သည်။ ထို့ကြောင့် ကျောင်းက ပြန်ရောက်ပြီးကတည်းက အိမ်မကပ်ဘဲ လျှောက်ဆက်ဆော့နေလိုက်သည်။ အဖေကလည်း ကျွန်တော့်ကို တကူးတကနဲ့ ရှာခိုင်းတာ၊ ခေါ်ခိုင်းတာမရှိသဖြင့် စိတ်အေးသွားရ၏။ ကြီးတော်ကြီး၏ တိုင်ကြားချက်ကို အဖေက ပယ်ချလိုက်ပြီထင်တယ်ဆိုပြီးတော့လည်း ၀မ်းသာသွားလေ၏။
နောက်တစ်နေ့မနက် ကျောင်းသွားခါနီးကျတော့ ထုံးစံအတိုင်း ကျွန်တော် ဇာတိပြသည်။ အဖေတပည့်က ချုပ်ကိုင်ပြီး ကားပေါ်တွန်းတင်၊ ကျွန်တော်က ပြန်ခုန်ချမည်ပြု၊ သူက ကာထား၊ ကျွန်တော်က လက်သီးနှင့်ထိုး...။
ထိုစဉ် အိမ်ပေါက်ဝမှ မားမားကြီးရပ်ပြီးကြည့်နေသော အဖေ့ကို လှမ်းမြင်လိုက်သဖြင့် ကိုယ်ရှိန်သတ်လိုက်ရသည်။ အဖေသည် နေမြင့်မှ အိပ်ရာထတတ်သူဖြစ်သဖြင့် ကျွန်တော်က လွတ်လွတ်လပ်လပ် စိတ်ထင်တိုင်း သောင်းကျန်းနေခဲ့ခြင်း ဖြစ်၏။ ခုတော့ အဖေက ဘာကြောင့် အစောကြီးနိုးနေရတာလဲ။ ကျွန်တော့်ကို လက်ပူးလက်ကြပ်ဖမ်းချင်လို့လား၊ ဒါဆိုရင်တော့ သွားပြီ။
အဖေသည် ကားရှိရာသို့လျှောက်လာသည်။ ကျွန်တော်လည်း ရင်တထိတ်ထိတ် စောင့်နေရ၏။ အဖေ့မျက်နှာကို မကြည့်ရဲသဖြင့် ခြေထောက်တွေကိုသာ မျက်ခြေမပြတ် လိုက်ကြည့်နေမိသည်။ အဖေသည် ကားနောက်ဘက်ကို လျှောက်လာပြီးမှ ဘာမှမပြော။ ဘာမှလည်း မလုပ်ဘဲ ဆက်လျှောက်သွားပြီး ကားရှေ့ခန်းတံခါးကိုဖွင့်၍ ၀င်ထိုင်လိုက်သည်။
ဒီတော့မှ အဖေစောစောထတာ ကျွန်တော့်ကြောင့်မဟုတ်ဘဲ သူ့ဘာသာ တခြားကိစ္စရှိလို့သာဖြစ်ကြောင်း သိလိုက်ရပြီး စိတ်သက်သာရာရသွားသည်။
ကျောင်းသို့သွားရာလမ်းတစ်လျှောက်မှာတော့ အရင်နေ့တွေကလောက် ပြဿနာမရှာသည့်တိုင် အဖေ့တပည့်၏ လက်မောင်းကိုတော့ လက်သီးနှင့်ကြိတ်ပြီးထိုးနေခဲ့၏။
ကန်တော်ကြီးစောင်းရှိ ဓာတ်ဆီဆိုင်မှာ မော်တော်ကား ဆီဝင်ထည့်သည်။ ဓာတ်ဆီထည့်ပြီးသောအချိန်မှာ အဖေ ကားပေါ်ကဆင်းပြီး နောက်ဘက်ကို လျှောက်လာသည်။ ကားနောက်ဘက် အစွန်ဆုံးမှာထိုင်နေသော ကျွန်တော့်ရှေ့မှာ လာရပ်ပြီး
"သားက ကျောင်းမသွားချင်ဘူးဆို"
ဟု မေးသည်။ ရုတ်တရက်ဆိုတော့ ကြောင်ပြီး ခေါင်းညိတ်လိုက်မိသည်။ အဖေက ခေါင်းတစ်ချက်ဆတ်ပြီးနောက် ကျွန်တော့်ကို ချိုင်းကနေ စွေ့ခနဲချီမြောက်ပြီး အောက်ကိုချလိုက်သည်။ ထို့နောက်
"အေး... ကျောင်းမသွားချင်လည်း ဒီမှာပဲနေခဲ့ပေါ့ကွာ"
ဟု ပြောပြီး ကားနောက်ခန်းပေါ် ခုန်တက်လိုက်သည်။ ဒရိုင်ဘာလည်း ကြိုတင်မှာထားသည့်အတိုင်း အဖေ ကားပေါ်တက်လိုက်ချိန်မှာပင် ၀ူးခနဲ မောင်းထွက်သွားသည်။
ဓာတ်ဆီဆိုင်ရှေ့က လမ်းပေါ်မှာ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ အကြီးအကျယ် ထိတ်လန့် တုန်လှုပ်သွားရ၏။ စိုးရိမ်အားငယ်သွားလိုက်ပုံကလည်း ပြောဖွယ်ရာမရှိ။
"မထားခဲ့ပါနဲ့....လိုက်မယ်၊ လိုက်မယ်"
အော်ဟစ်ငိုယိုပြီး ကားနောက်ကို ပြေးလိုက်သည်။ ကားက ရပ်မပေးဘဲ ဆက်မောင်းသွားသည်။ တစ်ဖာလုံလောက်ရှိမှ ရပ်စောင့်နေသည်။ ကျွန်တော်လည်း ပန်းဝင်ကာနီး တာတိုအပြေးသမားတစ်ယောက်လို အားကုန်ညှစ်ပြီး ပြေးသည်။ ပြီးတော့ ကားပေါ်ကို အလျင်အမြန် ကုပ်တွယ်တက်လိုက်လေသည်။
နောက်တစ်နေ့ကစပြီး ကျောင်းသွားလျှင် ပြဿနာမရှာတော့ပါ။ ကားပေါ်ကို ကိုယ့်ဘာသာ အသာတကြည် တက်သည်။ လုံးဝမှတ်လောက်သားလောက်ဖြစ်သွားတာမျိုးတော့မဟုတ်ပါ။ အခြေအနေအရ ခဏငြိမ်နေခြင်းသာဖြစ်၏။ နောက်ပိုင်းကျတော့ ကျောင်းမတက်ရအောင် ပညာသားပါပါ လုပ်လာသည်။
ကျောင်းသွားခါနီးမှ ကပ်၍ ဗိုက်နာတယ်ဆိုပြီး အိမ်သာထဲ ၀င်ထိုင်နေသည်။ မျက်နှာသစ်ရာမှာ၊ အ၀တ်အစား လဲရာမှာ၊ အစားအသောက်စားရာမှာ နှောင့်နှေးအောင်လုပ်သည်။ တမင်တကာ ကျောင်းနောက်ကျအောင်လုပ်ခြင်းဖြစ်၏။
ဒီလိုနေ့မျိုးတွင် သိမ်ဖြူကုန်းတံတားကျော်ပြီး အနော်ရထာလမ်းဘက် ကွေ့လိုက်သည့်အချိန်မှာပင် ရင်တထိတ်ထိတ် ခုန်ရသည်။ ကျောင်းရှေ့ရောက်လို့ ၀င်းတံခါးပိတ်ထားတာမြင်လျှင် ထခုန်မိမတတ် ၀မ်းသာသည်။ တံခါးပွင့်နေတာကို မြင်ရလျှင်တော့ ထိုင်ငိုချင်လောက်အောင် စိတ်ဓာတ်ကျရလေသည်။
တချို့နေ့တွေကျတော့ ဗျူဟာတစ်မျိုးပြောင်းသည်။ ကျောင်းသွားရာမှာ နှောင့်နှေးကြန့်ကြာအောင် ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး လိုက်သွားသည်။ ကျောင်းရှေ့ရောက်မှ ၀ှက်ဖဲကို ထုတ်ခင်းသည်။
"ဟင်...အိမ်မှာ လွယ်အိတ်မေ့ကျန်ခဲ့ပြီ"
ထို့ကြောင့် နောက်ရက်တွေကျတော့ အိမ်ဖော်မကြီးတစ်ယောက်က လွယ်အိတ်မမေ့ရအောင် သတိပေးဖို့ တာဝန်ယူရသည်။
ကျွန်တော်တို့များ ကျောင်းတက်ရမှာ ဘယ်လောက်ထိ ပျင်းသလဲဆိုတာ သာဓကတစ်ခု ပြဦးမည်။
မနက် ကျောင်းသွားဖို့ ကားထွက်လာပြီဆိုရင် အိမ်မှာမွေးထားသည့်ခွေးတွေထဲက မီကီဆိုသော ခွေးကြီးတစ်ကောင်သည် ခြံဝအထိ နောက်က ပြေးလိုက်လာတတ်သည်။ တစ်ချက်နှစ်ချက်ဟောင်၍ နှုတ်ဆက်ပြီးမှ ပြန်လှည့်ပြေးသွားတတ်သည်။ မီကီကိုကြည့်၍ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။
"ငါသာ မီကီဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။ ခွေးဆိုရင် ကျောင်းတက်ရမှာမဟုတ်တော့ဘူး"
ဆိုသောဆန္ဒ ဖြစ်ပေါ်လာခဲ့ခြင်းပင်ဖြစ်လေ၏။
* * * * *
ကြီးလာသောအခါ ခွေးဖြစ်ချင်စိတ်မရှိတော့ပါ။ တစ်မျိုးပြောင်းပြီး ငှက်ဖြစ်ချင်စိတ်ဖြစ်ပေါ်လာသည်။ ငှက်က ခွေးထက်ပိုပြီးလွတ်လပ်သည်။ သူ့မှာ သခင်လည်းမရှိ၊ ဘယ်ကိုပျံပျံ၊ ဘယ်မှာနားနား ကြိုက်သလိုနေနိုင်သည်။ ပြီးတော့ ကောင်းကင်မှာပျံဝဲပြီး လောကကြီးကို အပေါ်စီးမှကြည့်မြင်နိုင်သည်။
တကယ်တော့ ကျွန်တော်သည် ခွေးမဖြစ်ခဲ့သောကြောင့် ကျောင်းတွေတက်ခဲ့ရပြီး ငှက်လည်း မဖြစ်သောကြောင့် ကောင်းကင်ပေါ် ပျံဝဲခွင့်လည်းမရဘဲ စာရေးဆရာတစ်ယောက်သာဖြစ်လာသောကြောင့် စားပွဲမှာထိုင်ပြီး စာတွေ တကုပ်ကုပ် ရေးနေရရှာလေသည်။
ငယ်ငယ်က ကျောင်းတက်ရမှာပျင်းသော ရောဂါတစ်မျိုး အသွင်ပြောင်းပြီး စာရေးရမှာပျင်းသောအကျင့် ၀င်ရောက်လာသည်။ ကျွန်တော်က ဘောလုံးကန်ခြင်း၊ ဘောလုံးပွဲကြည့်ခြင်း၊ စာဖတ်ခြင်း၊ တွေးတောခြင်း၊ လက်ဖက်ရည်ဆိုင် ထိုင်ခြင်းနှင့် အိပ်စက်ခြင်းတို့ဘက်မှာသာ ဇွဲရှိသူဖြစ်၏။ စာရေးဖို့ကျတော့ လုံ့လ ၀ီရိယ အင်မတန်ခေါင်းပါးသည်။
စာတစ်ပုဒ်စရေးဖို့အရေး အမျိုးမျိုးအကြောင်းရှာပြီး နှောင့်နှေးအောင် လုပ်တတ်သည်။ ငယ်ငယ်က ကျောင်းသွားခါနီး လုပ်သလိုမျိုးပေါ့။ စာရေးကာနီးကျမှ ကပ်ပြီး အိမ်သာတက်တာမျိုး၊ စာရေးစားပွဲမှာ ထိုင်ပြီးကာမှ သတင်းစာရောက်လာလို့ ယူဖတ်နေလိုက်တာမျိုး၊ မီးပျက်တာကို အခွင့်ကောင်း ယူလိုက်တာမျိုး၊ အိမ်ဗာဟီရကိစ္စ၊ လူမှုရေးကိစ္စတွေကို အကြောင်းပြလိုက်တာမျိုး။
ငယ်ငယ်က ကျောင်းသွားခါနီး လွယ်အိတ်မေ့ကျန်ချင်ယောင်ဆောင်သလို ဘောလ်ပင်ကို ၀ှက်ထားတာတို့၊ ရေးလက်စ စာမူရှာမတွေ့ချင်ယောင်ဆောင်တာတို့ လုပ်ခွင့်မသာတာတော့ တစ်ပန်းရှုံးသည်။
ရေးပြီ ဆိုတော့လည်း စာတစ်ပိုဒ်လောက်ရေးပြီး ပက်လက်ကုလားထိုင်မှာသွားထိုင်၍ ဆက်ရေးဖို့စဉ်းစားသည်။ ရေးလက်စအကြောင်းစဉ်းစားရင်းက မဆိုင်တာတွေပါ လျှောက်တွေးနေမိပြီး စာရေးစားပွဲဆီ တော်တော်နဲ့ ပြန်မရောက်ဖြစ်တော့။ စားပွဲမှာထိုင်နေတိုင်းလည်း စာရေးတာလို့ ပြောလို့မရ။ လက်တစ်ကမ်းမှာရှိသော မဂ္ဂဇင်းတစ်စောင်ကို ကောက်လှန်ရင်း မျောပါသွားတာ အကြိမ်ကြိမ်။
ခုလို စာရေးပျင်းသောကြောင့် မဂ္ဂဇင်း၊ ဂျာနယ်များ၏ စာမူလိုအပ်ချက်ကို အလျင်မီအောင် မဖြည့်ဆည်းပေးနိုင်သဖြင့် အားနာရ၊ မျက်နှာပူရ၊ တောင်းပန်ရ၊ အထေ့အငေါ့ခံရ၊ စိတ်ကောက်ခံရ၊ ဆူပူကြိမ်းမောင်းခံရပေါင်းလည်း မနည်းတော့ပါ။ (ကလျာမဂ္ဂဇင်းအတွက် ရေးမပေးနိုင်တာ တစ်နှစ်ခွဲလောက်ကြာခဲ့ပြီဖြစ်ကြောင်းကိုသာ ကြည့်ပါတော့။ ဆရာမကလျာကြီးက သဘောကောင်းလို့ တော်သေးသည်။ သူ့ခမျာ "စာမူလေးများရနိုင်ရင်တော့ လိုချင်သားကွယ်"ဟူ၍သာ လေအေးကလေးနှင့် သတိပေးရှာသည်)။
မနှစ်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် တာဝန်ဝတ္တရားနှင့် အပိုင်ချည်မှရေးဖြစ်တော့မှာပဲဆိုပြီး သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းနှင့် အစီအစဉ်တစ်ခုလုပ်သည်။ တစ်လ ၀တ္ထုရှည်တစ်ပုဒ်နှုန်းဖြင့် ဆယ်လဆက်တိုက်ရေးရန်၊ ပြီးလျှင် စာအုပ်အဖြစ် ပြန်ထုတ်ရန် သဘောတူပြီး ကတိပေးလိုက်၏။ သူတို့ကလည်း ဒီအကြောင်း မဂ္ဂဇင်းထဲမှာ လူသိရှင်ကြား ကြေညာလိုက်သည်။
ပရိသတ်ကိုပါ ကတိပေးပြီးပြီဆိုတော့ မရေးလို့မဖြစ်တော့။ လစဉ်အဆက်မပြတ်လို့လည်း မဖြစ်တော့။ အစပိုင်းတုန်းကတော့ တော်တော်အဆင်ပြေသည်။ လစဉ် ဆယ့်ငါးရက်နေ့မှာ စာမူအချိန်မီပေးနိုင်သည်။ ကြာလာတော့ လက်ပန်းကျချင်လာသည်။ အပျင်းရောဂါလေးကလည်း ခေါင်းထောင်ချင်လာသည်။ ဒီလိုနဲ့ တချို့လတွေမှာ တစ်ရက် နှစ်ရက် နောက်ကျချင်လာသည်။
တစ်လကျတော့ နှစ်ဆယ်ရက်နေ့ရောက်သည်အထိ စာမူက မပြီးသေး။ ၀တ္ထုအဆုံးပိုင်းမှာ အခက်အခဲတွေ့နေရခြင်း ဖြစ်၏။ ဇာတ်သိမ်းခန်းမှာ အရင်ကစဉ်းစားထားတာကို အားမရဘဲဖြစ်နေ၏။ ဘယ်လိုပြင်ရေးရမလဲ ဆိုတာကိုလည်း စဉ်းစားလို့မရ။ ထို့ကြောင့် မဆက်နိုင်ဘဲတစ်နေခြင်းဖြစ်၏။
ဒီကြားထဲမှာ တာဝန်ခံအယ်ဒီတာကောက်နွယ်ကနောင်က ဖုန်းတကျိကျိဆက်ပြီး "မပြီးသေးဘူးလား၊ ဖောင်ပိတ်တော့မယ်။ ခင်ဗျားစာမူတစ်ခုပဲ လိုတော့တယ်။ မဂ္ဂဇင်းထွက်ရက် နောက်ကျရင်တော့ ခင်ဗျားတာဝန်ပဲ"
ဟု ငှက်ဆိုးထိုးသံဖြင့် လှမ်းလှမ်းကြိမ်းနေသည်။ လစဉ်ပုံမှန်ရေးပါမည်ဟု ပရိသတ်ကို ကတိပေးထားတာ ဖျက်လို့မဖြစ်။ ထို့ကြောင့် နက်ဖြန်မနက် လာယူဗျာဟု ချိန်းဆိုလိုက်၏။ ဒီတော့ ညတွင်းချင်း ပြီးအောင်ရေးရတော့မည်။ တစ်ညလုံးမအိပ်ဘဲ ရေးသင့်လျှင် ရေးရတော့မည်။
ဇာတ်သိမ်းခန်းကို ညနေလက်ဖက်ရည်ဆိုင်ထိုင်ရင်း စဉ်းစားသည်။ မရ။ ညဦးပိုင်းမှာလည်း ခေါင်းထဲပေါ်မလာ။ ညဉ့်နက်လေလေ လူက ကျလာလေလေဖြစ်၏။ အိပ်ချင်ပြေအောင် ကော်ဖီဖျော်သောက်သည်။ စားပွဲမှာထိုင်ပြီး ဇာတ်သိမ်းခန်းကို အမျိုးမျိုးစဉ်းစားကြည့်သည်။ မကြိုက်သေး။
အကျင့်ကလည်းမကောင်း။ ကော်ဖီသောက်ပြီးကာမှ မျက်လုံးကျယ်ပြီး လန်းဆန်းလာရမည့်အစား ပိုတောင် အိပ်ချင်လာသလိုပဲ။ အမှန်တော့ အပြင်းအထန်စဉ်းစားရသောကြောင့် ဦးနှောက်က ပင်ပန်းပြီးအနားယူချင်လာခြင်းဖြစ်၏။
အာရုံပြောင်းပြီး စိတ်ကြည်လင်လန်းဆန်းသွားအောင်လုပ်မှဖြစ်မယ်ဆိုပြီး ပြတင်းပေါက်မှာသွားရပ်၍ အပြင်က ညရှုခင်းကို ငေးကြည့်နေလိုက်သည်။ အပြင်မှ လကတော်တော်သာနေသည်။ ကျွန်တော်ကလွဲလျှင် ပတ်ဝန်းကျင်တစ်ခုလုံး လရောင်အောက်မှာ လန်းဆန်းနေကြသည်။ သစ်ပင်တွေက ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာ ဟန်ရေးပြနေကြသည်ဟု ထင်ရ၏။
အိမ်ဘေးက လမ်းသွယ်သွယ်လေးပေါ်မှာတော့ အိမ်မှာမွေးထားသော ခွေးသားအမိသုံးကောင် ဆော့ကစားနေကြသည်။ တစ်ကောင်နှင့်တစ်ကောင် ကလူကျီစယ်ရင်း လိုက်တမ်းပြေးတမ်းကစားလိုက်၊ နပမ်း လုံးလိုက် ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်နေကြ၏။
ထိုအခိုက်မှာ ငယ်ငယ်က ခွေးဖြစ်ချင်စိတ် ပေါ်ခဲ့မိတာကို သတိရလိုက်မိ၏။ အခုလည်း ငါသာ ခွေးဖြစ်ရင် ဒီလို အပင်ပန်းခံ ဦးနှောက်ခြောက်ခံပြီး စာတွေရေးနေရမှာမဟုတ်ဘူး ဆိုသောဆန္ဒမျိုး ၀င်ချင်လာမိသည်။
တော်ပြီ။ ဒီည ၀တ္ထုဆက်မရေးတော့ဘူး။ ဖြစ်ချင်တာဖြစ်၊ နက်ဖြန် မဂ္ဂဇင်းတိုက်က စာမူလာယူရင်လည်း မပြီးသေးဘူး၊ နောက်နေ့မှ လာလို့ပြောလိုက်မယ်။ သူတို့မစောင့်နိုင်လို့ ငါ့ဝတ္ထုမပါဘဲ မဂ္ဂဇင်းထွက်ချင်လည်း ထွက်ပစေတော့ဟု ရုတ်တရက်ဆုံးဖြတ်ပြီး အိပ်ရာထဲ ထိုးဝင်အိပ်ပစ်လိုက်သည်။
* * * * *
ကျွန်တော်သည် ပစ်ကပ်ကားတစ်စီး၏နောက်ခန်းမှာ ထိုင်လိုက်လာသည်။ ကားက မြို့ထဲဘက်သို့ ဦးတည်သွားနေ၏။ ကန်တော်ကြီးစောင်းအရောက်တွင် ကားရပ်လိုက်သည်။ ကားရှေ့ခန်းမှ လူကြီးတစ်ယောက်ဆင်းလာပြီး ကျွန်တော့်ရှေ့မှာ ရပ်သည်။ ကျွန်တော် အရမ်းအံ့သြသွား၏။ ဟင် အဖေပါလား။ အဖေက ဆုံးပြီပဲ ၊ ခုဘာလို့ ပြန်လာတာလဲ။
အဖေက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး
"မင်းက စာရေးဆရာဖြစ်ပြီး စာမရေးချင်ဘူး ဟုတ်လား"
ပြောပြောဆိုဆို ကျွန်တော့်ကို ချိုင်းမှကိုင်၍ စွေ့ခနဲမြှောက်ပြီး လမ်းပေါ်ချလိုက်သည်။ ပြီးတော့
"အေး...စာမရေးချင်တဲ့ကောင် အဲဒီမှာပဲ နေခဲ့ပေတော့"
အဖေ ကားပေါ်ခုန်တက်လိုက်စဉ် ကားက ၀ူးခနဲ မောင်းထွက်သွား၏။ လမ်းပေါ်မှာ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့သည်။ ကျွန်တော် အရမ်းထိတ်လန့်သွားပြီး ကားနောက်ကို အမောတကော ပြေးလိုက်သည်။ ကားက တဖြည်းဖြည်း ဝေးသွားသည်။ ထိုနောက် လေထဲပျံတက်ပြီး တိမ်တွေကြားထဲ တိုးဝင် ပျောက်ကွယ်သွားသည်။
"အဖေရေ"ဟု သံကုန် အော်လိုက်စဉ် -
ကျွန်တော် အိပ်ရာမှ လန့်နိုးလာသည်။ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်နေ၏။ မောလည်း မောနေသည်။ အိပ်မက်မှန်း သိသော်လည်း တကယ်ဖြစ်ခဲ့သလို ခံစားရသည်။ ရေထသောက်ပြီး နာရီကိုကြည့်တော့ မနက် ငါးနာရီ။
ကျွန်တော်သည် အိပ်ရာထဲ ပြန်မသွားတော့ဘဲ စာရေးစားပွဲ ၀င်ထိုင်လိုက်၏။
မင်းလူ
----------------
ကလျာမဂ္ဂဇင်း၊
၂၀၀၁၊ သြဂုတ်
0 comments:
Post a Comment