Saturday, May 18, 2013

ဝတ္ထုတို မတိုရသည့် အကြောင်း

Written by မြင့်သန်း  
စင်စစ် ၀တ္ထုတိုဟူသော အရေးအသားတွင် “တို” ဟု ၀ိသေသ ပြုထားခြင်းမှာ ၀တ္ထုရှည် မဟုတ်သည်ကို သက်သေခံ
ထားသော အချက်တစ်ခုမျှ သာဖြစ်ပါသည်။ စာလုံး အရေအတွက် နည်းသဖြင့် သို့မဟုတ် စာကြောင်း အရေအတွက် နည်းသဖြင့် သို့တည်း မဟုတ် အသုံးပြု ရေးသား၊ ဖော် ထုတ် ရေးသား ထားသော ဘာသာ စကား၏ အတိုင်းအတာ အရေအတွက်မှာ ၀တ္ထုရှည်ဟု သတ်မှတ် ခေါ်ဆိုပြီး လက်ခံ ထားသော အရေး အသား အရေအတွက် ထက် နည်းသဖြင့် ထိုထိုသော အရေး အသားမျိုးကို ၀တ္ထုတိုဟု ခေါ်ဆို သတ်မှတ် ထားခြင်း မဟုတ် ပါ။


“တို” ခြင်းမှာ ၀တ္ထုတို၏ ဂုဏ်ရည် တစ်ခုဟု ဆိုလိုသော် (တစ်နည်း အားဖြင့်) ဆိုနိုင်မည် ဖြစ်သော်လည်း “လိုအပ်မှု” တစ်ခု မဟုတ်ပါ။ မရှိမဖြစ် ဟူသော ဂုဏ်ရည် တစ်ရပ် မဟုတ်ပါ။ မြန်မာဘာသာ စကား အခြေခံဖြင့် ၀တ္ထုတို ရေးသား ဖော်ထုတ်မှု ပရိဝုဏ် အတွင်း ထိုအချက်ကို အနက် ယူလွဲမှား စွာဖြင့် လက်ခံခဲ့ ကြခြင်းများ ရှိခဲ့ဖူး ပါသည်။

“၀တ္ထုတို ဆိုတိုရမယ်” ဟူသော အမြင်၊ အယူအဆ၊ မှတ်ယူ လက်ခံထား မှုတို့မှာ စင်စစ်လူသည် ခြေနှစ် ချောင်းရှိပြီး တိရစ္ဆာန် တို့မှာ ခြေလေး ချောင်းရှိကြ သည်ဟု အနက် ပေးပုံမျိုး ဖြစ်သည်။ အထူး သဖြင့် ပို့စ်မော်ဒန် ကာလနှင့် မော်ဒန် ကာလ၏ အရေးအသား များကို ထည့်သွင်း စဉ်းစား လာလျှင် ဤသို့သာ ဖြစ်ရမည် ဟူသော အမြင်၊ အယူ အဆ၊ လက်ခံ မှတ်ယူမှု စသည် များမှာ မရှိသင့် တော့ပေ။ ၀တ္ထုတို ရေးသားခြင်းမှာ ဖန်တီးမှု သို့မဟုတ် ဖန်တီး သောအပြု အမူတစ် ရပ်ဖြစ် လေရာ ဖန်တီးမှု တိုင်းသည် ကန့်သတ် ထားသော ဘောင်တစ် ခုတည်း၏ အတွင်း၌ ရပ်တန့်၍ မနေနိုင်။

မြန်မာ နိုင်ငံတွင် စာပေကို ပညာ တစ်ရပ်အဖြစ် လေ့လာသော အလေ့ အကျင့် နည်းပါး ခဲ့ပါသည်။ ထိုအလေ့ အကျင့်၊ အလေ့ အထကြောင့် စာရေး သမား အချို့တို့၏ ပြောစကား ရပ်တွင် အခြေ တည်ထား သည့် ပုဂိ္ဂုလ်က နားလည်နိုင် မှုအတိုင်း အတာတွင် တည်ထားသော (စာပေနှင့် ပတ်သက်သော သို့မဟုတ် စပ်လျဉ်း နေသော) အမြင်တင် ပြချက်များ (သာမန် အမြင်များ)ကို ပညာရပ် ဆိုင်ရာ စနစ်တစ်စုံ တစ်ရာတွင် အခြေခံကာ ရှုမြင်ထား ခြင်းဟု မြင်မှတ် ထားတတ် ကြသည်။ ထို့ပြင် ပညာရပ် အဖြစ်လေ့ လာပြီး နိဂုံးရ ယူထားသော အဆိုများ၊ အဆိုတစ်ရပ် အဖြစ်(ကဲ့သို့) လက်ခံ လိုက်မိခဲ့ ခြင်းများ ရှိခဲ့လေသည်။

စင်စစ် စာရေး သမားများ၊ စာရေး သူများ အများစုမှာ စာရေး သမားများ၊ စာရေးသူများ သာဖြစ်ကြ ပါသည်။ စာအရေး အသားကို အခြေခံကာ“ရေးသား ဖော်ထုတ် တင်ပြမှု” ကို ပညာရပ် တစ်ခု (သို့မဟုတ် ပညာရပ်များ) အဖြစ် လေ့လာ သောပညာရှင် နည်းပါးခဲ့ ပါသည်။ ပညာ ရပ်ဆိုင်ရာ အဆောက် အအုံများ တွင်လည်း ထိုသို့သော လေ့လာ မှုမျိုးကို အားပေး အားမြှောက် ပြုခြင်း နည်းခဲ့ ပါသည်။ ထိုအချက် တွင်တည်ကာ စာရေး သမားများ၊ စာရေးသူ များအနက် နာမည် တစ်လုံး ရလာသူ အချို့က သူတို့၏ ဥာဏ်ရည် ဥာဏ်သွေး ရှိသမျှသော အတိုင်း အတာ ကလေးဖြင့် သူတို့၏ အထင်၊ သူတို့၏ အမြင်ကို စကြ၀ဠာ လုံးဆိုင်ရာ ယေဘုယျ စံသဖွယ် ပြုကာ ပြောဆိုရေး သားခဲ့ကြ လေတော့သည်။

စာဖတ်သူ အများစု ကိုယ်တိုင်မှာ လည်း ပြန်လည် စိစစ်လေ့ လာကြည့် လောက်သော အချိန်၊ အကြောင်း အရာ၊ အသိပညာ မရှိခဲ့ လေရာ မြစ်ထဲက ကိုင်းနှင့် ကျွန်းမှာ မြေပေါ်က ကိုင်းပင် ကြီးနှင့် ကျွန်းပင်ကြီး ဘ၀သို့ ရောက်သွား သည်ကဲ့သို့ ဖြစ်သွားကြရ ပါတော့ သည်။ ၀တ္ထုတို ကိစ္စကို မဆက်မီ အကြောင်း ဆိုက်နေ သဖြင့် ဆိုခဲ့သော အချက် ( လွဲမှားစွာ နားလည် လက်ခံ ထားသော ပုဂ္ဂလိက အမြင်များ ) နှင့် ဆက်စပ် နေသည့် အချက် တစ်ခုနှစ် ခုကို နမူနာ ပြပါရစေ။ စာပေဝေ ဖန်ရေးနှင့် ဆိုင်သော အချက်တချို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆိုရှယ်လစ် ခေတ်ကာလ အတွင်းက သော် ယောင်ယောင် မာ့စ် ၀ါဒီများ အလွန့် အလွန် ထွန်းကား ခဲ့ပါ သည်။ ထိုကာလတွင် မြန်မာစာပေ လောက အတွင်း၌ ဆိုရှယ်လစ် ယောင်ယောင်များ ပေါ်လာ ပါတော့သည်။ ဆိုရှယ်လစ် စာတိုပေစ များဖတ်ဖူး သော စာရေး ဆရာတို့က မာ့စ်ဝါဒကို ကိုယ့် အထင်နှင့် ပေးစားကာ သွေးသား တော်စပ်လိုက် ကြသူများ လာ သကဲ့သို့ “ပြည်သူ” ဟူသော စာလုံး၊ စကားလုံးကို တွင်တွင် သုံးကာ တိုက်ခန်း ရရန်ကြိုးပမ်း သော စာရေးဆရာ၊ ကဗျာဆရာ များလည်း ပေါ်ခဲ့ပါသည်။ ဤကိစ္စမှာ တိုက်ရိုက် မသက်ဆိုင် သဖြင့် ထားရစ်ခဲ့ ပါရစေ။ ဤတွင် တင်ပြလို သည်မှာ မြန်မာ ဘာသာစာ အခြေခံကာ စာပေအဖြစ် ရေးသား ဖော်ထုတ် တင်ပြမှု အတွင်း စာပေဝေဖန် ရေးနှင့် ပတ်သက်သော မှန်းဆ အယူ အဆများတွင် အခြေခံသည့် အမြင်အချို့ အကြောင်း ဖြစ်သည်။ ရှေးဦးစွာ စာပေတွင် နိုင်ငံရေး စံရှိရမည် ဟူသော အယူအဆ ကိုကြည့်စေ ချင်သည်။

ပြဿနာမှာ မည်သူ၏ နိုင်ငံရေးစံ ဖြစ်ပါသနည်း ဟူသော မေးခွန်း ဖြစ်သည်။ ထို့ပြင် မည်သည်ကို နိုင်ငံရေး စံဟု ခေါ်ပါသနည်း ဆိုသည်ကို ထည့်သွင်း စဉ်းစား ရန်ရှိ နေပြန်သည်။ ဥက္ကဋ္ဌကြီး မော်ပြောသော ပန်းပေါင်း တစ်ရာ ပွင့်ဖို့ ကိစ္စလော၊ သို့မဟုတ် (ထိုစဉ်က) ပုဂံစာအုပ် တိုက်၏ ဆောင်ပုဒ် ဖြစ်သော “အလုပ်သမား၊ လယ်သမားနဲ့ နိုင်ငံတော်” ဆိုသည်ကို ဆိုလိုပါ သလော။

သို့တည်း မဟုတ် အင်္ဂလန်တွင် ဒိန်ခဲစားပြီး လုပ်လုပ် စားစား အလုပ်သမား ဘ၀ကို နားလည် ကြည့်သော ကားလ်မာ့စ်၏ အမြင်လော။ စဉ်းစား ကြည့်စရာ များ ဖြစ်ပါသည်။ စင်စစ် တစ်စိတ် တစ်ပိုင်းမှာ ဆိုဗီယက် ပြည်ထောင် စုတွင် နိုင်ငံရေး အခြေခံဖြင့် သုံးနှုန်းသော Partynost, Ideynost နှင့် Narodonost ကို ဥက္ကဋ္ဌကြီး မော်၏ ယန်အန် ဆွေးနွေးပွဲ တွင် ပြောကြား ခဲ့သော အချက် များကို ရောချကာ ကိုယ်ထင် သလို ( ပုဂ္ဂလိက သိမှတ် နားလည်မှု အတိုင်းအတာ တစ်ခုတည်းဖြင့်) နားလည် ထားလိုက်ခြင်းသာ ဖြစ်သည်။ သို့ဖြစ်လေရာ အဓိက ပြဿနာ မှာကာလ၊ ဒေသနှင့် ပယောဂ တို့ကို တစ်ပြေး ညီလက်ခံ မှတ်ယူ ထားလိုက်ခြင်း ဖြစ်သည်။

သိမှုအခြေ ခံကာ ဆက်လက် ပြုမူလုပ် ကိုင်ခြင်းများ တွင် အနည်းဆုံး ကာလနှင့် ဒေသကို ထည့်သွင်း မစဉ်းစားဘဲ မဖြစ်နိုင်။ ထိုသို့ ထည့်သွင်း မစဉ်းစားခြင်းမှာ ခေတ်အဆက် ဆက် (ယနေ့ တိုင်ဟု ဆိုကောင်း ဆိုရမည်) လွဲမှားစွာ လက်ခံ ထားသော မြန်မာ လူ့အဖွဲ့ အစည်း အတွင်းမှ အမြင် ဖြစ်သည်။ ဥက္ကဋ္ဌ ကြီးမော်က ယန်အန် ဆွေးနွေး ပွဲတွင် ပြောကြား ခဲ့ သောကြောင့် မြန်မာစာ ပေတွင် ဥက္ကဋ္ဌကြီး မော်ပြော သော နိုင်ငံရေးစံ လိုသည်ဟု အကြောင်း ပြ၍မရ။ ဥက္ကဋ္ဌကြီး မော်ပြောသော အချိန်နှင့် အနေ အထားမှာ ကျွန်တော် တို့နှင့်မတူ။

ဥက္ကဋ္ဌကြီး မော်က ပဒေသရာဇ် စနစ်၊ အရှင်းရှင် စနစ်နှင့် ကူမင် တန်တို့ကို တိုက်ခဲ့ ရသည်။ ကျွန်တော် တို့၏ ဆိုရှယ်လစ် စနစ်ထူ ထောင်ရေးတွင် တိုက်စရာ များများ စားစား ရှိလှသည် မဟုတ်။ လူးဝစ် လမ်း (ယနေ့အခေါ် ဆိပ်ကမ်း သာလမ်း)ထိပ်မှ ကွမ်းယာ ကုလား မောင်မြကို အရှင်းရှင် စာရင်း သွင်းကာ ကွမ်းယာ ဆိုင်ကို ပြည်သူပိုင် သိမ်းသော ခေတ်သာ ဖြစ်သည်။ အရင်းရှင် ဟုပြောပ လောက်အောင် မရှိသော အရပ်၊ အာဏာ သိမ်းပြီးသား စော်ဘွားများ အပေါ်ထပ်ကာ အာဏာ သိမ်းလိုက် ခြင်းမျှသာ ဖြစ်သည်။

ပဒေသရာဇ် ဆိုသည်မှာ မရှိတော့ သည့်ကာလ သန်းပေါင်း များစွာသော တရုတ် ပြည်သူတို့၏ အကျိုး စီးပွားကို ရည်၍ “မော်” ကဲ့သို့ ခရီးရှည် ချီတက်ခဲ့ ကြသည် မဟုတ်။ ခေါင်းဆောင် ပိုင်းက အချိန်မှန်မှန် ဂေါက်သီးရိုက် နေကြစဉ်၊ သဲယား ၀ဲယားနှင့် ပြောသော နယ်ဘက် ကျေးဘက်မှ ကျောင်းဆရာ ကလေး များကို လက်ပူတိုက် ပေးပြီး မြို့ကြီး ပြကြီးက တက္ကသိုလ် များတွင် “သဘောတရား ရေးရာ” လက်ချာ ပေးခိုင်း ထားသော ကာလ (ထို ဆရာ ကလေး များကလည်း ဘရောက်ဒါ ဆိုသည်မှာ ဘယ်ကမှန်း မသိ။) မော်တို့၊ ကျိုတို့၊ ကျူတေး တို့ ကြိုးပမ်းမှုနှင့် အနေ အထားချင်း မတူ။ လူတို့၏ ဖြစ်နေခြင်း တည်းဟူသော သိနားလည်မှု မတူညီမှု တွင် ခိုင်မာသော ဆင်ခြေ တစ်စုံတစ်ရာ မရှိဘဲ နိုင်ငံရေး စံရှိရမည်ဟု အတင်း အဓမ္မပြော ဆိုခဲ့သည်မှာ ဘေးလူ အထင်ကြီး အောင် ဖြီးပြ နေကြ ခြင်း သက်သက်သာ ဖြစ်ခဲ့လေသည်။

ဒဂုန် တာရာကို ချဲ၊ ဗန်း မော်တင် အောင်ကို ဆဲသည်ကို စာပေဝေ ဖန်ရေးဟု ထင်ထားသည့် အနေအထား သာဖြစ်သည်။ မပို။ စာမတတ်လို့ အရပ်ကို လင်တော် ရသည်ဆိုသော သူများ လောက်သာ လက်ခံ နိုင်မည့် ဖြီးလုံးမျိုး ဖောင်းပွ ခဲ့သော ကာလသာ ဖြစ်သည်။

စပ်လျဉ်း နေ၍ အခြားအချက် တစ်ခုကိုလည်း ထောက်ပြ ပါရစေ။ (ဤအချက်မှာ ဆောင်းပါး တစ်ခုတွင် ရေးခဲ့ ဖူး သေးသည်။)။ Theme ကို ဝေဖန်သည် ဟူသော အမြင် ဖြစ်သည်။ ထိုအမြင်ကို တခုတ် တရပြောခဲ့၊ ရေးခဲ့ကြ သေးသည်။ သို့ရာတွင် မည်သူ ကမျှ၊ မည်သို့၊ မည်သို့ဖြင့် Theme ကို ဝေဖန်ရ သည်ဟု မရှင်းခဲ့။ မရှင်းခဲ့ ကြသည်မှာ စင်စစ်Theme ကို မကြိုက်သဖြင့် ဖန်တီးရေး သားဖော် ထုတ်တင် ပြထားခြင်း တစ်စုံ တစ်ရာကို အဆုံးအဖြတ် မပြုနိုင် သောကြောင့် ဖြစ်သည်။

Theme ကို မကြိုက်ရန်မှာ ကျောထောက် နောက်ခံ “မူ” တစ်ခုခု ရှိနေနှင့် ရန်လိုသည်။ ထိုမူမှာ ဖန်တီးစာ အရေး အသား၏ နယ်နိမိတ် အပြင်မှသာ ဖြစ်ပေမည်။ အကြောင်းမှာ Theme ဆိုသည်မှာ Subject of the work မဟုတ်ချေ။ Story ကို ဆိုလိုသည် မဟုတ်။ ၀တ္ထုတစ်ပုဒ် တွင် ဒုက္ခ အကြောင်း (အဆိုး ဝေဒနာ၏ ဆက်လက် တည်ရှိနေမှု အကြောင်း) ရေးထား သည် ဆိုပါစို့။ ထိုရေးသား ထားခြင်းမှာ “အကြောင်း” ဖြစ်သည်။ ရေးသားထား ခြင်း၏ အကြောင်း၊ အရေး အသား အတွင်းက အကြောင်း၊ စာရေးသူက အရေး အသားအားဖြင့် ဖော်ထုတ် တင်ပြသော အကြောင်းသာ ဖြစ်သည်။

စာရေးသူက ရေးလိုသည့် အကြောင်းမှာ ထိုထိုသော ဒုက္ခများကို ရင်ဆိုင်ရန်၊ ခံနိုင်ရည် ရှိရန်၊ ကျော်လွှား နိုင်ရန် ဖြစ်သည်။ ထိုအမြင်ကို ပေါ်အောင် ရေးထားသော အရေး အသားမှာTheme ဖြစ်သည်။ ခပ်လွယ်လွယ် ဆိုသော် အကြောင်း တစ်စုံတစ်ရာ အကြောင်း ရေးသား ထားခြင်းသည် Theme မဟုတ်။ အကြောင်း အရာကို ဖော်ထားသော အရေး အသား ကသာTheme ဖြစ်နေသည်။ Theme ကို အခြေခံကာ စာပေ ဝေဖန် ရေးပြုနိုင် ပါသည်။ သို့ရာတွင် ပညာရပ် ဆိုင်ရာ စည်းကမ်း နည်းလမ်း များကို အခြေခံရ ပါလိမ့် မည်။ ပညာရပ် အခြေခံ အဆိုများ အများကြီး ကိုးရပါ လိမ့်မည်။

ကဇော် ဆိုင်တွင်၊ ဈေးရပ် ကွက်ထဲတွင် လက်တန်း ငြင်းသကဲ့ သို့ ပြောဆို ရေးသားရန်မှာ မဖြစ်နိုင်။ လွယ်လွယ် ဆိုရသော် အနည်းဆုံးTheme ကို Motif နှင့် ခွဲပြတတ် ဖို့လိုနေပေ သေးသည်။ သို့တိုင် Motif တိုင်းမှာ Lead Motif မဖြစ်နိုင် သည်ကိုလည်း နားလည်ဖို့ လိုနေပေ ဦးမည်။ ဆိုရှယ်လစ် ခေတ်ကာလ အတွင်းကသော် ပြည်သူ့ ဘ၀ကို ထင်ဟပ် မပြနိုင်သဖြင့် Theme ကို မကြိုက် ဟူသော လေကို ဖမ်း၍ ၀ါးတန်း ချည်ပြသော ဖြီးသံများ ကြားခဲ့ဖူး သေးသည်။ Theme သည်ပြည်သူ့ ဘ၀ကို ထင်ဟပ် ပြနိုင်ခြင်း၊ မပြနိုင်ခြင်း နှင့်မဆိုင်။Theme ကို အခြေခံထားပြီး ဝေဖန်တိ ကပြုသော် အရေး အသားအတွင်းမှာ ဆီလျော် အပ်စပ်မှုရှိခြင်း၊ မရှိခြင်း၌ တည်လို ကတည်နိုင်သည်။

သို့ရာတွင် Theme ကို မကြိုက်ဘူး ဟူသော ဝေဖန်ချက် မျိုးကို မပြုနိုင်။ မပြုနိုင် ရသည်မှာ စာရေးသူက သူ၏ လုပ်ပိုင်ခွင့် အရ လုပ်ဆောင် ထားသော အပြုအမူ အတွင်းမှ ပေါ်ပေါက် လာခဲ့သော ထုတ်ကုန် (ပစ္စည်း တစ်စုံတစ်ရာ) သာ ဖြစ်နေသော ကြောင့်ပင်။ ဝေဖန်ရေး သမား၏ ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ သဘောတူခြင်း၊ မတူခြင်းတို့မှာ ဖန်တီးတည် ဆောက်ပြီးသား လက်ရာ တစ်စုံတစ်ရာ အပေါ် အဆုံးအဖြတ် မပေးနိုင်။ သို့ရာတွင် မြန်မာ စာပေရေးသား ဖော်ထုတ်မှု နယ်ပယ် အတွင်း ထိုထိုသော အဖြီး ဝေဖန် ရေးများ ရှိခဲ့သည်။ အဖြီး အတိုင်း ဆက်လက် လက်ခံခဲ့ ကြသူများ လည်း ရှိခဲ့လေ သည်။

ဤတွင် ၀တ္ထုတို အကြောင်း ဆီသို့ ပြန်သွား ပါရစေ။
ဝတ္ထုတိုဆို တိုမှဟူသော အမြင်ကို မြန်မာ နိုင်ငံ၏ စာပေ ဖန်တီးမှု နယ်ပယ် အတွင်း ၆၀ ခုနှစ်ကာလ များ၏ နှောင်းပိုင်း နှင့် ၇၀ ခုနှစ်ကာလ များအတွင်း ကြားလာ ခဲ့ရသည်။ ထိုအမြင်မှာ အလွန်တိမ်သော အမြင်သာ ဖြစ်ပါသည်။ စား၍ ရသည့် အကြွင်းကို ၉ နုတ်လိုက်ရာမှ သုညချည်း ကျန်သော နိဂုံး မျိုးဆွဲ ယူထား ခြင်းသာ ဖြစ်ပါသည်။ အကယ်၍ “တိုခြင်း” သည် ၀တ္ထုတို၏ ဂုဏ်ရည် တစ်ရပ်ဟု လက်ခံ လိုသော် ၀တ္ထုတို၏ ဂုဏ်ရည် များစွာအနက် တစ်ခုဟူ၍ကား လက်ခံနိုင် ပေမည်။ ဆိုလိုသည်မှာ တိုခြင်းသည် ၀တ္ထုတို ဖြစ်ခြင်း အတွက် တစ်ခုတည်း သို့မဟုတ် အလုံးစုံသော သဘောဖြင့် လက်ခံ ထားရမည့် ဂုဏ်ရည် မဟုတ်ပါ။

တိုခြင်းတည်း ဟူသော ၀ိသေသ ပြုထားမှု၊ ပြုထားခြင်း ကို ခေတ္တမျှ အသာဘေး ဖယ်ထားပြီး “၀တ္ထု” ဆိုသည်ကို လေ့လာကြည့် ကြစေချင် သည်။ ၀တ္ထုဆို သည်မှာ ဘာလဲဟု မေးသော် အလွယ်ဆုံး အဖြေတစ်ခုမှာ “အသံ” သာ ဖြစ်ပါသည်။ ထွက်ပေါ် လာသော ထီးထီးကျန် အသံတစ်ခုသာ ဖြစ်ပါသည်။ ထိုအမြင်၊ အယူအဆ၊ သဘော ထားမှာ ခေတ်ကာလ အမျိုးမျိုး ပြောင်းလဲ လာခြင်းအတွင်း ၀တ္ထု ဟူသော အကြောင်း အရာကို ဆွေးနွေးကြ လေတိုင်း မငြင်းဆိုနိုင် သေးသော အချက် တစ်ခုသာ ဖြစ်နေပါ သည်။ ပါးစပ်ပြော မဟုတ်ဘဲ၊ ဘာသာ စကား တစ်စုံ တစ်ခုကို သုံးစွဲကာ ရေးသားကြ ခြင်းတွင်ပင် ရေးသူ၏ ဖန်တီးထား မှုက ထွက်လာ သောအသံ တစ်ခုသာ ဖြစ်ပါသည်။

ထိုအသံမှာ ရေးသား သူ၏ အသံသာ ဖြစ်သည်ဟု မဆိုလို။ ရေးသားသူ၏ အသံဖြစ် နိုင်သကဲ့သို့ ရေးသားသူက ဖန်တီးထား သူတို့၏ အသံများလည်း ဖြစ်နိုင် ပါသည်။ သို့ဖြစ်ရကား ၀တ္ထုသည် ဘာသာ စကားတစ်စုံ တစ်ခုတွင် အခြေခံကာ သီကုံး ပြောဆို ရေးသားခြင်း စနစ် အတွင်းမှ အမြင့်ဆုံး စနစ် တစ်ခုဟူ၍ပင် ဆိုနိုင်ပါသည်။ ၀တ္ထုသည် ပုံပြောသော အလေ့မှ ထွက်ပေါ် လာခြင်းဖြစ် သည်ဟု ပညာရှင် များက ဆိုကြပါသည်။ သို့သော် ၀တ္ထုရေး သားခြင်း သည် ပုံပြော ခြင်းကဲ့သို့ စီကာပတ် ကုံးပြော ဆိုရေးသား ရမည် ဟူ၍ကား နားလည် လက်ခံကြခြင်း မရှိစေချင်ပါ။

ရှေးက သော် ပုံနား ထောင်ချင်လို့ ၀တ္ထုဖတ် သည်ဟူသော အယူအဆ မျိုးရှိခဲ့ကြသည်။ ( ဤတွင် စပ်လျဉ်း၍ ရေးသား ရသော် ဒေါက်တာ ထင်အောင်ကဲ့ သို့သော ပုဂိ္ဂုလ် ကြီး၌ပင် ထိုအမြင် မျိုးရှိခဲ့ ပါသည်။  အထောက် အထား ပြရန် ကား ကျွန်တော့် ထံတွင် မရှိပါ။ ရှာဖွေနိုင်ရင် ၁၉၄၉  ခုနှစ်ထုတ် မြန်မာ့အလင်း သတင်းစာ များတွင်  ရှာဖွေ ကြည့်စေ ချင်သည်။ အဖေရှိ စဉ်က သူသိမ်း ထားသော မြန်မာ့ အလင်း သတင်းစာ ဖိုင်တွဲကြီး များထဲမှ ဖတ်ရ ခြင်းဖြစ် သည်။ ၁၉၄၉ ကိုသာ မှတ်မိ နေရခြင်းမှာ ကျွန်တော့်ကို မွေးသော နှစ်ဖြစ်သော ကြောင့်ဖြစ် ပါ၏)။

သို့ရာတွင် ထိုစဉ် ထိုအခါက ဒေါက်တာ ထင်အောင်က “ပုံ”ကို အင်္ဂလိပ်လို “ပလော့” ဟူ၍ ယူသည်ကို လည်းမှတ်သား မိပါသည်။ ထိုအယူ အဆမှာ လက်ခံရန် မလွယ်လှပါ။ သို့ရာတွင် ကျွန်တော့် အနေဖြင့် မငြင်းရဲပါ။ (မငြင်းရဲ သည်မှာ မြန်မာ လူမျိုးများသည် အမှန် တရားထက် လူပုဂိ္ဂုလ် ကိုးကွယ်မှု များသော ကြောင့် ဖြစ်ပါသည်။ ဥပမာ ဒေါက်တာ ထင် အောင်အပါအ၀င် ဒဂုန်တာရာ၊ ဒေါက်တာ သန်းထွန်း၊ အောင်ဆန်း စုကြည် စသည် စသည် ပုဂိ္ဂုလ် များမှာ မှားနိုင်ခွင့် ရှိသော လူသား များပင် ဖြစ်လင့်ကစား အမှား မရှိသူ များဟု နောက်လိုက် နောက်ပါ တပည့် လက်သားများ နှင့်အတူ လူအတော် များများ လက်ခံ ထားသည်ကို သတိထားမိ ပါသည်။

ထို့ပြင် အမှန်တရား အကြောင်း ပြောဆို ရေးသား ခြင်းမှာ (အထူးသဖြင့် မြန်မာပြည် တွင်) လူမုန်း များသော ကိစ္စတစ်ရပ်သာ ဖြစ်ပါသည်။ အယ်ရစ် စတော်တလ်ကို ဂရိတွင် မွေးခဲ့သည်မှာ ကောင်းလှသည်၊ သြ။)ပလော့ ဆိုသည်မှာ Plot ကို ရည်ညွှန်း ဆိုလိုသည် မှန်သော် ကျွန်တော့် အနေဖြင့် စာဖတ်သူများ သဘောပေါက် စေရန် အင်္ဂလိပ်လို စာတစ်ကြောင်း ရေးပြရ ပါစေ။ Story is the raw material from which plot is constructed ဖြစ်ပါသည်။ ကျွန်တော့် အထင် မဟုတ်ပါ။ ပညာရှင်များ လက်ကိုင် ထားကြရသောThe Bedford Glossary of Critical and Literary Terms စာမျက်နှာ ၂၈၆ တွင် ရေးထား သည့်အတိုင်း  ဖြစ်ပါသည်။

ဝတ္ထုတိုတွင် သုံးနှုန်း ထားသော “တို”မှာ အကန့် အသတ် တစ်ခုကို ၀ိသေသ ပြုထားသော စာလုံး၊ စကားလုံး တစ်ခုဖြစ် သည်မှာ မှန်ပါသည်။ ထိုကြောင့် ၀တ္ထုတို ထက်ရှည်သော ၀တ္ထု မျိုးတွင် “ရှည်” ဟူသော စာလုံး၊ စကားလုံးကို တွဲစပ်ကာ ၀တ္ထု ရှည်ဟု ခေါ်ကြပါသည်။ အချို့က Nouvelle ကို ၀တ္ထုလတ် ဟုအဆန်း ထွင်ကာခေါ် သည်ကို တွေ့ခဲ့ရ ဖူးပါသည်။ သို့ရာတွင် အတိုနှင့် အရှည် အကြားတွင် မတိုမရှည် ဟူသော အသုံး အနှုန်း ရှိပါသည်။ “အလတ်”ဟူသော အသုံးအနှုန်း ကိုအတို၊ အရှည်ကို ဖော်ပြနိုင် စွမ်းသော အသုံးအနှုန်း တစ်ရပ် အဖြစ် မသုံးနှုန်းကြပါ။

ဤတွင်သော် ၀တ္ထုတို အကြောင်းကို သာ ဦးတည် ဆွေးနွေးလို သဖြင့် အလတ်ဖြစ် နေသော ၀တ္ထု အကြောင်း ကို ချန်လှပ် ထားခဲ့ပါမည်။ အတို ဆိုသည်မှာ မရှည်သော ကြောင့် မရှည်သော ၀တ္ထုကို ၀တ္ထုတိုဟု ခေါ်ဆို သည်မှာ တရား ပါသည်။ ဘာသာ စကား ၌တည်သော ယုတိ္တ စနစ်အရ စိစစ်လျှင်လည်း မှန်ကန် သောနိဂုံး တစ်ခု ဖြစ်ပါသည်။ သို့ရာတွင် ၀တ္ထုတိုဟု မျိုးတူစု ပြုကာ ကန့်သတ် သတ်မှတ် ခေါ်ဆို ထားသော အရေးအသား များမှာ တိုသော ကြောင့် ၀တ္ထုတို ဟုခေါ်ကြသည် မဟုတ်ပါ။

အကြောင်း တစ်ရပ်မှာ တိုသည်ဟု စာမျက်နှာ သို့မဟုတ် စာလုံး အရေအတွက် တွင် တည်ကာ သတ်မှတ် ထားသော ၀တ္ထုတိုများ ထက်တိုသော ၀တ္ထု အရေး အသားများနှင့် သာမန် အားဖြင့် ၀တ္ထုရှည် ဟု သတ်မှတ် ခေါ်ဝေါ်သော ၀တ္ထုရှည် ထက်တိုသော သို့မဟုတ် ပိုမို ရှည်လျားသော (အခြား တစ်နည်း စာလုံး အရေ အတွက် နည်းသော၊ များသော) ၀တ္ထုအရေး အသားများ ရှိနေကြပါသည် ၄င်းတို့ကို မည်သို့ သတ်မှတ်မည် ဆိုသည်မှာ ပြဿနာ တစ်ရပ်ဖြစ် လာပါလိမ့်မည်။ သို့ဖြစ်ရကား ထည့်သွင်းစဉ်း စားရမည့် အချက်များစွာ ရှိနေပါသည် (ဤတွင် ၀တ္ထုတိုကို “ပညာရပ် တစ်ခုအဖြစ် လေ့လာမှု အတွင်းမှ”ဟု ကန့်သတ် ပြောဆိုခြင်း ဟူ၍လည်း သဘောပေါက် ထားကြစေ ချင်ပါသည်။)။

သို့ဖြစ်ရာ အင်္ဂလိပ် ဘာသာ စကားအဖြစ် ပြောဆိုသော A short Story is a story that is short ဟူသော စကားမှာ ပညာရပ်ဆိုင်ရာ နယ်ပယ် အတွင်း လက်မခံနိုင် သောစကားသာ ဖြစ်ပါသည်။ အပြောင် အပြက်ပြုကာ ပြောဆိုကြခြင်း သာဖြစ်ပါသည်။ ထိုစကားမှာ ရှေးက စာရေးဆရာ ကြီးပိုး (Edgar Allen Poe) ပြောခဲ့သော စကားတွင် အခြေခံကာ  ပြောဆိုခဲ့ ကြခြင်းဖြစ် မည်ဟု အချို့က ဆိုသည်။ အကြောင်းမှာ ပိုးက ၀တ္ထုတို ဆိုသည်မှာ တစ်ထိုင်တည်း နှင့် အပြီးဖတ် နိုင်သော အရေးအသား မျိုးဟု ပြောခဲ့ သောကြောင့် ဖြစ်သည်။ သို့ရာတွင် သတင်းစာထဲမှ သတင်းတစ်ပုဒ်၊ မင်္ဂလာဆောင် ဖိတ်စာ၊ လက်ကမ်း ကြော်ငြာ၊ သာမန် ကဗျာတစ်ပုဒ်...စသည် တို့ကိုလည်း တစ်ထိုင် တည်းနှင့် အပြီးဖတ်နိုင် ကြပါသည်။ ၄င်းတို့မှာ ၀တ္ထုတို တစ်ပုဒ် မဖြစ်လာကြ။

ဝတ္ထုတိုကို ပညာရပ် တစ်ခုအဖြစ် လေ့လာ ခဲ့ကြသော ပညာရှင် များအနက် မေ (Charles May) ဆိုသူ တစ်ဦး ၏ အမြင်ကို အကျဉ်းမျှ ရှင်းပြချင် ပါသည်။ မေ၏ လေ့လာမှုမှာ ဆယ်စုနှစ် တစ်ခုမျှမက ကြာခဲ့ပါသည်။ သူ၏ လေ့လာချက်မှာ အခြားသော ပညာရှင်များ နှင့်ယှဉ်သော် သဘောထား ကြီးကြီးဖြင့် လေ့လာ မှုပြုခဲ့သူဟု ကျွန်တော် မြင်ပါသည်။

ပြောင်မြောက် လှသည် ဟူ၍ကား ကျွန်တော် မဆိုလို။ သူ့အမြင်မှာ ၀တ္ထုတို၏ သီးခြား သဘောဆောင် နေသော တည်ဆောက် ထားပုံနှင့် ထူးခြား နေသောTheme  (ဤတွင် Theme ဟူ၍သာ သုံးစွဲလိုက် ရသည်မှာ မြန်မာ ပြန်ရာတွင် အနက်လွှဲ နိုင်သော ကြောင့် ဖြစ်ပါသည်။) တို့ကို ဆက်နွှယ်ကာ လေ့လာ ခဲ့ခြင်းဖြင့် ရရှိလာ သောအမြင် ဖြစ်သည်။

သူ၏ အမြင် အရသော် ၀တ္ထုတို တိုရသည်မှာ အခိုက် အတန့် အတွင်း (အဖြစ်) ရယူခဲ့သော အတွေ့ အကြုံ၌ တည်သော ကြောင့်ဖြစ်သည်။ ထိုအတွေ့ အကြုံသည် ၀တ္ထုတို တစ်ပုဒ် ဖန်တီးရန် အတွက် သင့်လျော် သည်ဟူ၍ ဖြစ်လေသည်။ သူက ညွှန်းဆို လိုသည်မှာ အခိုက် အတန့်အတွင်း အလျင် အမြန် ပေါ်ပေါက် ခဲ့သော ဒဏ္ဍာရီ ဆန်လှသော အမြင်မျိုး ဖြစ်သည်။

ဒဏ္ဍာရီ ဆန်လှသော အမြင်ဟု ဆိုသဖြင့် ဒဏ္ဍာရီ ဆန်ဆန် အမြင်ဟု နားလည် မလွဲကြ စေချင်ပါ။ စိတ်ကူးထဲ ကသက်သက် ပေါ်ပေါက် လာခြင်းများဟု မမြင်ကြ စေချင်ပါ။ သူဆိုလိုသော ဒဏ္ဍာရီ ဆန်လှသော အမြင်များမှာ နေ့စဉ်ဘ၀၏ တကယ့်အဖြစ် အပျက်များကို အမှုမဲ့ အမှတ်မဲ့ ရှုမြင် သိရှိထားရ ခြင်းအတွင်း ၌ ဘ၀၏ ဆန်းပြား လှသော ဖြစ်ပျက် နေမှုများ ကြောင့် သိမြင် လက်ခံလိုက် ရမိသည့် တစ်စုံတစ်ရာ (များ)သာ ဖြစ်ပေသည် (ဂျိုက်(စ) (James Joyce)၏ စကားအရ ပြောရလျှင် အက်ပီ ဖနီ(Epiphany) သာ ဖြစ်ပေ တော့သည်)။ နားမရှုပ် ကြစေ ချင်ပါ။

ကျွန်တော် တို့၏ နေ့စဉ်ဘ၀ အတွင်း၌ သာမန် အနေအထား များအတွင်း တွေ့ကြုံ မြင်ကြား သိရှိထားခြင်း များအတွင်းက ပေါ်ထွက် လာသော အကြောင်း ကလေး များ။ ဥပမာ ၀တ္ထုရေးဖို့ ကောင်းသကွာ ဟု မိမိဘာသာ လက်ခံ ရယူလာခြင်း အကြောင်းများ ဖြစ်သည်။ ၈၀ ခုနှစ် ကာလများ အတွင်းက ခင်မြဇင် ရေးသော “နှင်း၏နိဂုံး” ဟု နာမည် ပေးထားသည့် ၀တ္ထု တိုကို ဖတ်ကြည့်ကြ စေချင်သည်။

ပထမအပိုဒ် နှင့် နောက်ဆုံး အပိုဒ်မှာ နောက်ဆုံး စာနှစ်ကြောင်းမှာ အတူတူ ပင်ဖြစ်သည်။ ထိုအပိုဒ် နှစ်ခုက ဇာတ်ကောင် “၀င်း” ၏ တကယ့် ဘ၀၏ တစ်နေရာ မှဖြစ်ပြီး ကျန်အပိုဒ် များမှာ ပြန်ပေါ် လာသော အကြောင်းများ ဖြစ်လေသည်။ ထို့ထက် ပို၍သော် ထိုအပိုဒ် နှစ်ခုသည် ၀တ္ထုတို များတွင် တွေ့ရ တတ်သောTheme သဘောကို ပြသထားသော အပြဖြစ် နေခြင်းပင်။ ၀တ္ထုတို များသည် ၀တ္ထုရှည်များ တွင်ကဲ့သို့ Theme ကို သယ်မသွား။ ရှေ့သို့ချီတက် မသွားစေခဲ့။ တွန်းမပို့။ “ပြ” ထားတတ် ကြသည်။

မေ၏ အမြင်အရ ၀တ္ထုတို များကို တည်ဆောက် ထားပုံမှာ နော်ဗလ် Novel (မြန်မာ ပြည်တွင် ၀တ္ထုရှည်ဟု ခပ်လွယ်လွယ် သတ်မှတ် ခေါ်ဆိုထား သည်များ။) ကဲ့သို့ တကယ် ဖြစ်ပျက်နေ သောနေ့စဉ် ဘ၀ကို သာမန်ရှုမြင် လက်ခံကာ ဖန်တီးရေးသား ထားပုံမျိုး မဟုတ်ဟူ သော သဘော သက်ရောက် နေပေတော့ သည်။ သို့ရာတွင် မေ၏ အမြင်၌ ဘ၀င် မကျစရာ ရှိနေသော အချက်မှာ ၀တ္ထုရှည်များ အားလုံးသည် တကယ့် နေ့စဉ် ဘ၀နှင့် တစ်သားတည်း ကျသော ( မြန်မာ စကားတွင် သရုပ်မှန် သည်ဟု အချို့က ခေါ်ဆိုကြသော) အရေးအသား များချည်းသာ မဟုတ်ခြင်း ဖြစ်သည်။

တစ်ချိန် တည်းမှာပင် လက်ခံနိုင် သောအချက်မှာ ၀တ္ထုတို ဆိုသည်မှာ တိုသော ကြောင့်ဟု အနက် မယူခြင်းပင် ဖြစ်သည်။ ပညာရှင် ဘာဂဲ(စ) (Anthony Burgess) ၏ အမြင်၌လည်း ၀တ္ထုတို၏ စရိုက် လက္ခဏာမှာ တိုခြင်း၊ ရှည်ခြင်း ကြောင့်ဟု မမြင်။ ၀တ္ထုတို၏ စရိုက် လက္ခဏာမှာ “ဖော်ထုတ် တင်ပြခြင်း” ဟု ဆိုသည်။ ၀တ္ထုရှည် များတွင် ကဲ့သို့ ပြဿနာ တစ်စုံ တစ်ရာကို ရှင်းနေခြင်း မဟုတ်။ ဤတွင်လည်း အားလုံးဟု ယေဘုယျ ပြုရန် မလွယ်လှ သော်လည်း အများစုမှာ ထိုသဘော နှင်နှင်ဖြစ် သည်ဟု ကျွန်တော် မြင်သည်။

မြန်မာ စာပေတွင် သော် ( စိတ်ဝင်စား သူများ ယှဉ်တွဲ ဖတ်ရှုကြည့် နိုင်ရန် အတွက် နမူနာ ပေးရသော်) မောင်ထင်၏ ကိုဒေါင်း ၀တ္ထုတို များနှင့် ကျော်အောင်၏ အရေးကြီးပြီ သွေးစည်း ကြစို့ကို ယှဉ်တွဲ ဖတ်ကြည့် ကြစေချင် ပါသည်။ သဘောပေါက် လောက်ပါ သည်။ တစ်ချိန် တည်းမှာပင် ခင်မြဇင်၏ “နှင်း၏ နိဂုံး”ကို လည်း ပြန်လည် ကြည့်စေ ချင်သည်။ “၀တ္ထုတို ၏ စရိုက် လက္ခဏာမှာ “ဖော်ထုတ် တင်ပြခြင်း” ဟု ဆိုသည်”ကိုလည်း သဘော ပေါက်လာ ပါလိမ့်မည်။

ဝတ္ထုတို မှာ ပုံပြောခြင်း အလေ့မှ ဆင်းသက် လာသည် ဆိုသော အမြင်မှာ ငြင်းဆိုရန် ခက်သည်မှာ မှန်၏။ သို့ရာတွင် ပုံ-၀တ္ထုဟု ခေါ်ဆိုသည့် မျိုးတူစု (အမျိုးအစား) အောက်တွင် ထည့်ထား ရန်မှာ မဖြစ်နိုင် တော့ချေ။ ရှေးကသော် ၀တ္ထုတိုသည် ပုံပြင်များ ကဲ့သို့ ပုံမှန်အပိတ်၊ အဖွင့် ရှိခဲ့ကြ သည်။ စာစီစာကုံး ရေးသည်ကို ကျောင်းတွင် ဆရာက ညွှန်ကြား သည့်အတိုင်း အစ-အလယ်-အဆုံး သုံးပါးသော ဖြစ်စဉ် အတွင်း ဆီလျော် အပ်စပ် မှုများ လိုအပ် သည်။ မော်ဒန်နှင့် ပို့စ်မော်ဒန် ကာလများသို့ ရောက်လာ သည်တွင် ကန့်သတ်မှု အများစုမှာ ကျိုးပေါက် သွားခဲ့ ကြရသည်။

သို့ဖြစ်ရကား ၀တ္ထုတိုကို ဤသို့ ရေးပြီး၊ ဤသို့အဆုံး သတ်ရမည် ဆိုသော ကိစ္စ (ဤသို့ဖွင့်ကာ ဤသို့ ပိတ်ရမည် ဆိုသော “စံ” တစ်စုံတစ်ရာ) မှာ ထည့်သွင်း စဉ်းစားရန် မလိုသော အကြောင်း တစ်ရပ်သာ ဖြစ်သွား တော့သည်။ အပိတ်ချည်း သာ မဟုတ်။ အပိတ်သည် “ဤသို့...” ဖြစ်ရ မည်ဟူသော အနေအထားတွင် မရှိတော့လျှင် အဖွင့်သည်လည်း “ဤသို့...” ဖြစ်ရမည် ဟူသော ကန့်သတ်ချက် အောက်တွင် ရပ်တည်ကာ မနေနိုင်တော့။

တစ်နည်း စဉ်းစားကြည့် မည်ဆိုသော် ၀တ္ထုတိုဟု သတ်မှတ် ခေါ်ဆိုထား သော အရေးအသား တစ်စုံ တစ်ရာသည် အဖွင့်-အပိတ်၌ တည်ထားသော အတိုင်း အတာ အရှည်အကျယ် တွင်တည်၍ သတ်မှတ် ခေါ်ဆိုရန် မဖြစ်နိုင်တော့။ သို့တိုင် ၀တ္ထုတို အများစု၏ အပိတ် (အဆုံးသတ်) များမှာ အဖွင့်(အစ) ကို ထိန်းထား နိုင်ကြောင်း တွေ့ရသည်ဟု ပညာရှင် များက မြင်ကြသည်။

ထိန်းထားနိုင် သည်ဟုဆိုခြင်းမှာ ၀တ္ထုတို၏ အဆုံးများသည် အစများကို လက်ခံခြင်း၊ ငြင်းဆို ခြင်းပြုနိုင် သည်သာမက မသိကျိုး ကျွန်ပြုခြင်း များကိုလည်း ပြုနိုင်သည် ဟူသော သဘောဖြစ်သည် (ရှေ့တွင် ညွှန်းခဲ့သော ခင်မြဇင်၏ ၀တ္ထုတိုကိုပင် ဖတ်ရှုကြည့် စေချင်သည်။)။ ထိုအမြင်ကြောင့် ၀တ္ထုတို ဆိုသည်မှာ တိုချင်တိုင်း တို၍ မဖြစ်နိုင်သော သဘောကို ဆောင်နေပြန် ပေသည်။ ရံဖန်ရံခါ အလွန်တို သောဝတ္ထု တိုဆိုသည် များကို တွေ့ရတတ် သည် (ပုံနှိပ်စာ မျက်နှာတစ် မျက်နှာမှ ငါးမျက်နှာ အကြားရှိသော ၀တ္ထုတို များ။)။

ထိုဝတ္ထုတို တို့၏ ပြဿနာမှာ ခရီးဆုံးဘူတာ မရောက်မီ မလှမ်း မကမ်းတွင် ရပ်နေသော ရထား တစ်စီးကဲ့သို့ ဖြစ်နေ တတ်ခြင်းပင် ဖြစ်သည်။ ရထားကို မြင်နေရ သော်လည်း မည်သည့် ဆီသို့မျှ မဆက်ဘဲ ရပ်နေသော ရထားသာ ဖြစ်နေ တတ်သည်။ ဘူတာကို မြင်နေရ သော်လည်း ဘူတာဆီ သို့မရောက်။ တစ်နည်း ဆိုရသော် ဖန်တီး မှုအခြေခံ ၀တ္ထုအရေး အသားများ သည် ရထားကဲ့သို့ ဘူတာဆီ သို့ရောက်ရန် လည်း လိုပေ သေးသည်။ တိုခြင်း၊ ရှည်ခြင်းထက် ဘူတာကို ရောက်ရန် လိုသည်။ မော်ဒန်၊ ပို့စ်မော်ဒန် ကာလတွင် အဓိပ္ပာယ် မရှိသော ဖန်တီးမှု အခြေခံ ၀တ္ထုတိုများ ပေါ်လာခဲ့သည်။ ထိုဝတ္ထုတို များသည်ပင် ဘူတာသို့ ရောက်ရန်ကား လိုအပ် နေသေးသည်။ တိုချင်တိုင်း တို၍မရ။

ဤနေရာ တွင်လည်း သတိထား သင့်သော အချက် တစ်ခုရှိ ပါသည်။ အနောက်တိုင်း စာပေတွင် ရှိသော Parable အမျိုးအစား အရေးအသား မျိုးကို ၀တ္ထုတိုနှင့် တစ်မျိုး တစ်စား တည်းဟု မမြင်မိကြရန် ဖြစ်သည်။ Parable တို့မှာ (လွယ်လွယ် ရှင်းရသော်) ဆုံးမစကား သဘောမျိုး ဖြစ်သည်။ ၀တ္ထုတို တစ်ပုဒ်သဖွယ် ရေးသား ထားသော်လည်း ရည်ရွယ်ရင်းမှာ ကိုယ်ကျင့် တရားပိုင်း ဆိုင်ရာ၊ ဘာသာရေး ဆိုင်ရာများကို အခြေခံ ထားသော ဆုံးမ (ပညာပေး) ထားချက်များ ဖြစ်သည်။ ၀တ္ထုတို သည် ဆုံးမစာ မဟုတ်။ နိဗ္ဗာန် ရောက်ရာ ရောက်ကြောင်း သို့မဟုတ် ပြည်သူ့ နီတိတစ်ပုဒ် မဟုတ်ချေ။ ကာ(ဖ)ကာ (Franz Kafka) ၏ ၀တ္ထုတိုနှင့် အခြားသော အရေး အသားများတွင် Parable များကို ဖတ်ခဲ့ ရဖူးသည်။

ဝတ္ထုတို ဆိုလျှင် “တို” ရမည်ဟူသော အယူအဆမှာ မြန်မာနိုင်ငံ၏ ဖန်တီးစာ ရေးသားဖော်ထုတ် မှုအတွင်း “ရှိ” ခဲ့ရသည် မှာ ရှေးက ရှိခဲ့သော မဂ္ဂဇင်းများမှ အယ်ဒီတာ များ၏ ပုဂ္ဂလိက ဆန္ဒ၌ တည်သော မျိုးတူစုပြုမှု သည်လည်း အကြောင်း တစ်ခု ဖြစ်သည်။ ၄င်းတို့က မဂ္ဂဇင်း အတိုင်းအတာ (စာရွက်ရေ) တွင်တည်ကာ မျိုးတူစု ပြုခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုချင်သည်။ ထိုစဉ်ကသော် မဂ္ဂဇင်းများ တွင် ၀တ္ထုတို သုံးလေးပုဒ်နှင့် ၀တ္ထုရှည် တစ်ပုဒ် သို့မဟုတ် အခန်းဆက် (လဆက်) ၀တ္ထုရှည် တစ်ပုဒ် ထည့်သွင်း ဖော်ပြလေ့ ရှိကြသည်။ တိုသော (စာလုံးရေ နည်းသော၊ စာမျက်နှာ အရေအတွက် နည်းသော) အရေး အသားမှာ ၀တ္ထုတို ဖြစ်သွားပြီး ရှည်သော (စာလုံးရေ များသော၊ စာမျက်နှာ အရေအတွက် များသော) အရေး အသားမှာ ၀တ္ထုရှည် ဖြစ်သွားရ တော့သည်။

အယ်ဒီတာ ချုပ်တို့က သူတို့၏ လုပ်ပိုင် ခွင့်များ အတွင်းမှ သူတို့၏ သဘော ဆန္ဒအတိုင်း ဤသည်မှာ ၀တ္ထုတို ဖြစ်ပြီး ဤသည်မှာ ၀တ္ထုရှည် ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြ သည်။ အရေးအသား ၏ ပုံစံဟန်၊ ၀ါကျ တည်ဆောက်ပုံ၊ ဖော်ထုတ် တင်ပြပုံ... စသည် စသည်များကို အခြေခံကာ ဆုံးဖြတ်ခဲ့ကြ သည်မဟုတ်။ ထိုစဉ်ကသော် ဖတ်သူဘက် ကိုထည့်ကာ စဉ်းစားလေ့ လည်းမရှိ။ အနောက်တိုင်း စာပေတွင် သော် ၀တ္ထုတိုဟု သတ်မှတ် ခေါ်ဆိုထားသော အရေး အသားများတွင် စာမျက် နှာ ၅၀ မှ ၈၀ ခန့် အထိရှိ သော အရေးအသား များကိုလည်း တွေ့ရ တတ်သည်။ ပုံနှိပ်စာ မျက်နှာ ဆယ်မျက်နှာ ၀န်းကျင် ရှိသော ၀တ္ထုတိုဆို သည်များမှာ ပုံမှန်ကဲ့သို့ ဖြစ်နေသည်။

သို့ဖြစ်ရကား ၀တ္ထု တိုဆိုသည်မှာ စာလုံးအရေ အတွက် နည်းခြင်း၊ စာမျက်နှာ အရေအတွက် နည်းခြင်း စသည့် အကြောင်း အချက်တွင် အခြေခံ ထားကာ သတ်မှတ် ခေါ်ဆိုကြခြင်း မဟုတ်သည် မှာ သေချာသည်။ ထိုအမြင်မှာ တစ်ခေတ် တစ်ခါက မြန်မာစာပေ ရေးသား ဖော်ထုတ် မှုနယ်ပယ် အတွင်း ပညာအရာ နွမ်းနယ် စွာဖြင့် အနက်ယူ လွဲမှားကာ နားလည် လက်ခံခဲ့ သောအမြင်သာ ဖြစ်ပေသည်။ ထိုစဉ်က လွဲမှားစွာ မြင်ခဲ့ ကြသော အမြင် များတွင် “စာရေးတတ် ဖတ်တတ်ရင် စာပေဝေ ဖန်ရေးလုပ် လို့ရတယ်” ဟု ထင်ရာကြိတ် ဘရိတ် မပါ ဆိုခဲ့သော အမြင် မျိုးလည်း ပါခဲ့သည်။
(ဆက်လက် ဆွေးနွေး ပါဦးမည်)

မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း မေလ ၂၀၁၃)
http://www.shweamyutay.com/index.php?option=com_content&view=ar...{%22300169716784211%22%3A369668163154074}&action_type_map={%22300169716784211%22%3A%22og.likes%22}&action_ref_map=[]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...