Saturday, July 20, 2013

ဘုရင်ကြီးလို...

July 20, 2013 at 7:52am


ဒီကနေ့ ဇူလိုင် ၂၀ မှာ ဒုတိယမြောက် အိမ်အပြင် ထွက်ဖြစ်တယ်။ အပြင်ထွက်တာနဲ့ အင်တာနက် သုံးလို့ ရတဲ့ နေရာကို ရောက်တာပါပဲ။ တကယ်တော့ မြန်မာပြည်ကို ပြန်ရောက်တာ မေ ၁၇ ထဲကပါ၊ ရောက်ပြီး တပတ်၊ ၁၀ ရက် အမေ့နား နေပြီးနောက်မှာ ထူးခြားတဲ့ အလုပ်တခု လုပ်ချင်တာနဲ့ ကန်တော်ကြီးစောင်းက မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကို ရောက်သွားပြီး ၁၀ ရက်တပတ် တရားစခန်း ၀င်တာမှာ ၀င်ရင်းနဲ့ စိတ်ပါလာတာကြောင့် သုံးပတ်ဆက်တိုက် ရက် ၃၀ ၀င် ဖြစ်သွားပါတယ်။

စခန်းတခုနဲ့တခုကြားမှာ ငါးရက်ကွာသေးတာမို့ ရက်ပေါင်း ၄၀ ကျော်လောက် ကုန်သွားပါတယ်။ ရှေ့ပိုင်း အမေနဲ့ နေတာရော၊ စခန်းသုံးခုပြီးနောက် တပတ်လောက် အိမ်မှာ နေတာရောပါ ပေါင်းရင် နှစ်လတိတိ အချိန်ကုန်သွားပါတယ်။ ရန်ကုန်ပြန်ရောက်ပြီး နှစ်လကြာမှ အပြင်ကို ပထမဆုံး ထွက်ဖြစ်ပါတယ်။ ပထမဆုံး ရောက်သွားတာက ပို့ဆောင်ရေးဂျာနယ်ပါ၊
အဲဒီမှာ မိတ်ဆွေတယောက်က အကြီးအကဲ ဖြစ်နေတာမို့ သွားနှုတ်ဆက်ရင်း အပြင်ထွက်ဖြစ်တာပါ။ နောက်တော့ မိတ်ဆွေရင်းတွေ ဖြစ်တဲ့ ဗိုလ်စောတို့၊ ဆရာကျော်တို့နဲ့ တွေ့ဖြစ်ခဲ့ပါတယ်။

ဒုတိယအကြိမ် ထွက်ဖြစ်တာကတော့ ဒီကနေ့ ဇူလိုင် ၂၀ မှာ ဖြစ်ပါတယ်။ လန်ဒန်က ရန်ကုန် ပြန်ရောက်ကထဲက သုံးလတော့ ဘာအလုပ်မှ မလုပ်ဘဲ အေးအေးဆေးဆေး နားရင်း အနာဂတ်မှာ ဘာဆက်လုပ်မလဲ ဆိုတာကို ဆုံးဖြတ်မယ်လို့ စဉ်းစားခဲ့ပါတယ်။ တကယ်တမ်းမှာလည်း အဲဒီအတိုင်းကို အေးအေးဆေးဆေး အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။ ဒီကြားထဲမှာလည်း သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ဆရာသမားတွေက သူတို့နဲ့ အလုပ်အတူ တွဲလုပ်ပါမယ့်အကြောင်းတွေကို ဖိတ်ခေါ်ပါတယ်။

ကျွန်တော်က မူလကထဲက စဉ်းစားချက် နှစ်ချက်ရှိပါတယ်။ တခုက ပြည်ပမှာ အလုပ် လုပ်နေရင်းကနေ မြန်မာပြည် ပြန်သင့်တဲ့ အချိန်မို့ ပြန်လာပါတယ်။ အရင် ပြည်ပ အခြေစိုက် လုပ်ခဲ့တဲ့ ရုံးဘက်က မလိုအပ်တာကလည်း တကြောင်း ဖြစ်ပါတယ်။ ဒုတိယ တချက်က မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်နေတာကို ကိုယ်တိုင် ခံစား ယုံကြည်ချက်ကြောင့် ကိုယ်တိုင် မျက်မြင် ခံစားလိုတာကြောင့် ဖြစ်ပါတယ်။ အခုတော့ ကိုယ်တိုင် မျက်မြင် ခံစားနေပါပြီ။

ထင်ရှားတဲ့ ထူးခြားချက် တချို့ ပြောရရင် တရားစခန်းမှာဆို ယောဂီတွေ ကိုယ်တိုင်က ယောဂီပုံစံ မဟုတ်ဘဲ နောက်တီးနောက်ချာ တွေ့ခဲ့ရသလို၊ အပြင်မှာဆိုလည်း ပုထုဇဉ်တွေရဲ့ စိတ်ထင်တိုင်း လုပ်ဆောင်ချက်တွေက စိတ်ပျက်စရာ အံ့မခန်းတွေ့နေရပါတယ်။ ဘတ်စ်ကားစီးရင် ဒရိုင်ဘာနဲ့ စပယ်ယာတွေက ဆေးလိပ်မသောက်ရ စာတမ်း ကပ်ထားပေမယ့် သောက်ကြပါတယ်။ ကားစီးသူတွေက ပါးစပ်ပိတ်ပြီး ခံနေကြပါတယ်။ ကျွန်တော်ကိုယ်တိုင် ညံ့ဖျင်းချက်က သူတို့ကို ဆေးလိပ် မသောက်ဖို့ကို မပြောရဲပါ၊ ကားဒရိုင်ဘာနဲ့ စပယ်ယာက ရိုက်နှက်မှာကို ကြောက်ရွံ့တဲ့အတွက် ဖြစ်ပါတယ်။ စိတ်ထဲမှာ ပြောချင်ပေမယ့် ကြောက်တဲ့စိတ်က လွှမ်းမိုးတာကြောင့် မပြောရဲခဲ့ပါ။ ကိုယ့်ကိုယ်ကိုယ် အားမရပေမယ့် လက်လျော့ထားခဲ့ရပါတယ်။

ဘယ်လိုလုပ်ကြမလဲ၊ အခြေခံအဆင့်က ပြည်သူတွေကိုယ်တိုင်က ထင်သလို လုပ်နေကြပြီးတော့ အစိုးရဆီက ဘာတွေများ ထူးထူးထွေထွေ တောင်းဆိုနေကြမှာလဲလို့ တွေးမိပါတယ်။ မြန်မာပြည်သူတွေ အဓိက လိုနေတာက ဒီမိုကရေစီ မဟုတ်ဘဲ သူများကို မထိခိုက်စေဘဲ ကိုယ့်အခွင့်အရေး ကိုယ်တောင်းဆိုနည်း ဆိုတာလို့ ကောက်ချက်ချမိပါတယ်။ ကိုယ့်အခွင့်အရေး လိုချင်ရင် သူများရဲ့ အခွင့်အရေးကို မပိတ်ပင်ဖို့ လိုပါတယ်။ ဒီမိုကရေစီဆိုတာ အားကြီးသူတွေက လုပ်ချင်တိုင်း လုပ်တာမျိုး မဟုတ်ပါဘူး။ ကျန်သူတွေရဲ့ အခွင့်အရေးကို စဉ်းစားတာမျိုးလည်း ပါပါတယ်။

နှစ်လလောက် တရားစခန်းဝင်၊ အမေ့နား နေပြီးနောက်မှာ အိမ်တွင်းပုန်းနေရတာကို ပျင်းလာပါတယ်။ အပြင်ထွက်ချင်လာပါတယ်။ ဒါကြောင့် ဒီကနေ့မှာ ဒုတိယမြောက်နေ့အဖြစ် အပြင်ထွက်ပါတယ်။ ဗိုလ်စောရဲ့ ဖိတ်ခေါ်ချက်နဲ့ သူ့ရုံးခန်းကို အင်တာနက် သုံးဖို့ ရောက်လာပြီး အင်တာနက် သုံးဖြစ်ပါတယ်။ မြန်မာ့ရုပ်သံကို ချီးကျူးတဲ့ မတ်ဆေ့ခ်ျတခု အများသိအောင် ပေးပါတယ်။ အခု စာလေးတပုဒ်ကို ရေးပါတယ်။

အမေကတော့ အဝေးရောက်နေတဲ့ သားကြီး သူ့နား ပြန်နေတာကို အလွန် ကျေနပ်နေပါတယ်၊ ဘာအလုပ်မှ မလုပ်ဖို့ကို နေ့တိုင်း ပြောနေပါတယ်။ သားကြီးရေ... အခွင့်ရတုန်း ဘုရင်ကြီးလို နေပါလို့ ပြောပါတယ်။ ကျွန်တော့်မှာ ကြောင်တောင်တောင် ဖြစ်လို့ နေပါတယ်။ ဗျာ... ဘုရင်ကြီးလို.... ဘုရင်ကြီးက ဘယ်လိုနေပါသလဲလို့ တွေးရင်း အမေ့ကို မေးမိပါတယ်။

ဘုရင်ဆိုတာ သက်ဦးဆံပိုင်ခေတ်က အကြီးအကျယ် လောကီစည်းစိမ်တွေကို ခံစားသူ ဖြစ်ပါတယ်။ လိုချင်သမျှ စိတ်ထဲရှိတဲ့အတိုင်း ရယူ ခံစားနိုင်သူ ဖြစ်ပါတယ်။ စားချင်တာကို စား၊ အိပ်ချင်တဲ့ အချိန် အိပ်၊ လုပ်ချင်တာတွေ လုပ်၊ လောကီရဲ့ အမြင့်ဆုံး စည်းစိမ်တွေကို ခံစားနိုင်သူ ဖြစ်ပါတယ်။ အမေက ကျွန်တော့်ကို အဲဒီလို ဘုရင်ကြီး စည်းစိမ်တွေ ခံစားစေချင်သူ ဖြစ်ပါတယ်။

ကျွန်တော်က ဘုရင့်စည်းစိမ်ကို မခံစားတတ်သူပါ။ စာရေး စာဖတ်၊ ဆွေးနွေး ဝေဖန် ငြင်းခုံတာကို ကြိုက်နှစ်သက်သူပါ။ အပေါင်းအသင်းတွေနဲ့ စကားပြောဆို ဆွေးနွေးချင်သူ၊ ကြားနာရမှုတွေကို နှစ်သက်သူပါ။ ပြည်တွင်းပြည်ပ သတင်းတွေကို စောကြောလေ့လာပြီး ဝေဖန်ချက် ပေးရတာကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်က အလုပ် လုပ်လိုသူ ဖြစ်နေပါတယ်။ တရားစခန်း သုံးကြိမ် ၀င်ပြီးနောက်မှာ တရားနဲ့ချည်း တသက်လုံး နေဖို့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ တွေးထင်မိပါတယ်။

ဒီကနေ့ညမှာတော့ မိတ်ဆွေတွေ၊ ဆရာသမားတွေနဲ့ တွေ့ခဲ့ရပါတယ်။ သူတို့တွေရဲ့ ပြောဆိုတဲ့ စကားတွေကို ကြားရတာ၊ နာရတာကလည်း ကျေနပ်စရာပါ။ ဝေဖန် အကြံပေးမှုတွေကို ပြုသလို အလုပ်အကိုင်တွေ ရယူ လုပ်ကိုင် နိုင်အောင်လည်း အကြံပေးကြပါတယ်။ ကျွန်တော့် အမေက ဘုရင်ကြီးလို နေခိုင်းပါတယ်၊ သူငယ်ချင်းတွေက အမတ်ကြီး ဒါမှမဟုတ် ဌာနကြီးမှူး လုပ်ဖို့ အကြံပေးပါတယ်။ ကျွန်တော်က အလုပ် လုပ်လိုသူ၊ ပြည်သူ့အတွက် အလုပ်အကျွေး ပြုလိုသူ၊ ဒါပေမဲ့ လွယ်လွယ်တော့ မဟုတ်၊ တင့်တောင်းတင့်တယ် အလုပ်အကျွေး ပြုလိုသူ ဖြစ်ပါတယ်။

ကျွန်တော် ဘာလုပ်ရမှာလဲ၊ ဘာလုပ်သင့်သလဲ။ အမေ့စကား နားထောင်ရင်တော့ ဘုရင်ကြီးလို... နေထိုင်ရပါမယ်၊ ကျွန်တော့် မိတ်ဆွေများကတော့ ၀န်ကြီး ဒါမှမဟုတ် အမတ်ကြီးလို... နေရတခု ရယူ စေချင်ကြပါတယ်၊ ကျွန်တော်ကတော့ အလုပ်သမား လုပ်ချင်သူ။ ဒီစာဖတ်သူတွေမှာ ကျွန်တော့်ကို ချစ်တဲ့စိတ်နဲ့ အကြံပေးလိုတဲ့စိတ်များရှိလို့ တခုခု ပြောချင်ရင် ပြောပြပေးပါလား၊ ကျွန်တော် ဘာလုပ်သင့်သလဲလို့...။

ရန်ကုန်။
၂၀၁၃ ဇူလိုင် ၂၀။ ည ၉ နာရီ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...