Sunday, July 28, 2013

ဒုလ္လဘထဲက ဒုပ္ပညနှင့် ဒုဗ္ဗစများ


“ သမီးအဖေပြောနေရင် တစ်ခွန်းနဲ့ရ။ မရရင်တော့ ရိုက်မှာနှော် ”
သူက ကိုင်နေတဲ့ဖုန်းကို မချချင် ချချင်ဖြင့် ချထားလိုက်သည်။
သမီးက ငယ်သေးသည်။ ခေတ်ကာလအလျှောက် တိုးတက်လာမှုကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဖုန်းကိုဖွင့်တတ်သည်။ ဂိမ်းကစားသည်။ ကျွန်တော်က မျက်လုံးပျက်မှာဆိုးတာကြောင့် မဆော့ဖို့ပြောခြင်း ဖြစ်သည်။
ကလေးက နည်းနည်းခေါင်းမာသည်။ တစ်ခါတစ်ခါပြောရင် ပေတေတေလုပ်ချင်လုပ်နေတတ်သည်။ ဒါကြောင့် တစ်ခါတစ်လေ သူ့ကို တုတ်ဖြင့်ချိန်းခြောက်မိသည်
ပြောရခက်လို့ ဆုံးမရခက်လို့ လွှတ်ထားလိုက်ရင်ပိုဆိုးသွားနိုင်သည်မဟုတ်လား။ တုတ်မကိုင်ချင် သော်လည်း တုတ်နဲ့မှ ကြောက်လို့ခြောက်ရသည်။ ဒါတောင် တစ်ခါတစ်လေ ဖုန်းကိုလက်ကမချ။ ခဏလေးပါ ဆိုပြီး ဆော့ဖြစ်အောင်ဆော့နေသေးသည်။
…………..
ကျွန်တော်တို့ မြန်မာလူမျိုးများ ခဏခဏ သင်္ကန်းဝတ်ကြသည်။ သင်္ကန်းဝတ်တာဖြင့် ကောင်းသော အလုပ်ဖြစ်ပေမယ့် ၀င်လိုက်ထွက်လိုက်လုပ်ပြီး ရဟန်းဝတ်နေချိန်မှာ အနေအထိုင်မတတ်ရင် ပို၍ အကုသိုလ် ကြီးနိုင်ပါသည်။ အဲ ဒီလိုခဏခဏ သင်္ကန်းဝတ်ခြင်းကိုပဲ ဒုလ္လဘလို့ ထင်နေကြသေးသည်။
နောင်လား နောင်သားတွေက ဒုလ္လဘဆိုတာ ခဏခဏ သင်္ကန်းဝတ်ခြင်းလို့ မြင်သွားမှဖြင့် ဒုက္ခပါပဲ။
ဒု-လဘ။ ဒု-ခဲယဉ်းသော၊ လဘ-ရခြင်း။
ဒုလ္လဘဆိုတာရခဲခြင်းပါ။ ဘာကို ရခဲသလဲ။ လူ့ဘ၀ဆိုတာ အင်မတန်ရခဲလှပါတယ်။ လူဆိုတာ စကြ၀ဠာမှာအမြင့်ဆုံးသော အသိဥာဏ်ရှိသူတွေပါ။ ဒီလိုရခဲတဲ့ လူ့ဘ၀တွေကို ရရှိပိုင်ဆိုင်နေကြတဲ့ လူသား တွေက လူ့အနှစ်သာရကို တကယ်အကျိုးရှိစွာအသုံးချနေပြီလား။
လူ့တန်ဖိုးတွေကို မြှင့်တင်နေကြပြီလား။
………….
ကမ္ဘာကြီးပေါ်က အသိဥာဏ်ရှိလူသားတွေက ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် ဆိုပြီး စစ်ပွဲတွေ ဆင်နွှဲ တယ်။ ဒီမတိုင်မီကလည်း စစ်ဖြစ်ကြတယ်။ ဒါတွေပြီးတော့လည်း ဆက်ဖြစ်နေကြတယ်။
လူသားတွေကို တစ်လုံးတစ်ခဲတည်းသေစေနိုင်တဲ့ လက်နက်တွေကလည်း တစ်နေ့တစ်ခြား တိုးတက် လာတယ်။ လူသားအချင်းချင်း လည်လှီးတယ်၊ အဓမ္မကျင့်တယ်၊ မီးရှို့သတ်တယ်၊ တဖြည်းဖြည်းနဲ့ လူသားတွေ ဟာလူနဲ့ တဖြည်းဖြည်း မတူတော့သလိုပါပဲ။
အီစွတ်ပုံပြင်လေးတစ်ပုဒ်ဖတ်ဖူးတယ်။
နတ်ဘုရားဇီးယတ်၏ အမိန်ဖြင့် ပရိုမီသီယတ်စ်နတ်သားက လူနှင့် တိရစ္ဆာန်တွေကို ဖန်းဆင်းသတဲ့။ နတ်ဘုရားက သားရဲတိရစ္ဆာန်အချို့ကို လူအဖြစ်ပြောင်းလဲဖို့ နတ်သားထပ်မံ စေခိုင်းပါတယ်။
နတ်သားက နတ်ဘုရားပြောတဲ့အတိုင်း ပြောင်းလဲလိုက်ပါတယ်။ ဒါပေမယ့် သားရဲတိရစ္ဆာန်ကနေ လူ ပုံသဏ္ဍာန်ဖြစ်လာတဲ့ လူတစ်ချို့ဟာ သားရဲတိရစ္ဆာန်စိတ်တော့ မပျောက်ဘူးတဲ့။
သားရဲတိရစ္ဆာန်ထက် လူသွားတွေက ညစ်ပတ်လာတယ်။ အကျင့်ပျက်လာတယ်။ ယုတ်မာ လာကြတယ်။ ပညာရှိတွေ၊ လူသူတော်ကောင်းတွေက များလှစွာသော လူမိုက်မဲတွေကို ထိန်းသိမ်းဖို့ ခဲယဉ်းနေကြတယ်။
ဒါကြောင့်လည်း ကမ္ဘာကြီးပေါ်က နိုင်ငံတိုင်းလိုလိုမှာ အကြမ်းဖက်မှုတွေ ဖြစ်နေကြရတယ်။
…………….
လျင်မြန်စွာတိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမျာ ပညာရပ်တွေက ပိုပိုတိုးလာတယ်။ ဒါတွေကို သိဖို့၊ တတ်ဖို့ လူငယ်တွေ၊ လူကြီးတွေ အမြန်လိုက်နေကြတယ်။ သင်ယူနေကြတယ်။
ပညာတတ်ပါတယ်ဆိုတဲ့ ဆိုင်းဘုတ်နဲ့ လူတွေလည်း အများကြီးတွေ့ရတယ်။
ထို့အတူ “ ဒုပ္ပည ” တွေကလည်း အပြိုင်အဆိုင်ဖြစ်လာနေတယ်။
ဒု-ပည၊ ဒု-မရှိ၊ ပည-ပညာ။ ဒုပ္ပည- ပညာမဲ့တဲ့။
ပညာမဲ့သူတွေက နေရာတကာမှာ အစွန်းရောက်၊ အကြမ်းဖက်၊ အသေခံဆိုပြီး အကျိုးမဲ့ အမျိုးမျိုးကို စုပေါင်းလုပ်ဆောင်နေကြတယ်။
သိပ္ပံပညာရပ်တွေဟာ ပညာရှိတွေအတွက် ဖြစ်ရင် အကျိုးကောင်းတွေပိုရရှိနိုင်မယ်။ ပညာမဲ့တွေက သိပံ္ပပညာရပ်တွေ ပိုတတ်လာပြီဆိုရင်တော့ လှပတယ်ဆိုတဲ့ ကမ္ဘာဂြိုလ်ပြာပြာလေးက ပြာတွေဖြစ်သွားမယ်။
ဒုပ္ပညတွေ ဆိတ်သုဉ်းလာဖို့ လိုတယ်။
……………..
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ဃောတိတာရုံကျောင်းမှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီ အချိန်မှာ ဓမ္မကတိက သုတ္တန်ဆောင်ရဟန်းတော်တစ်ပါးက ကုဋီတက်ပြီး သန့်သက်ရေကြွင်းကျန်ခဲ့ပါတယ်။ (ဆေးကြောဖို့ခပ်တဲ့ရေဟာ ရေခွက်ထဲမှာကျန်နေတာပါ)။
အဲသည်နောက် ၀ိနည်းဓိုရ်ရဟန်းတစ်ပါးက ကုဋီတက်တဲ့အခါ ရေကျန်ခွက်ငယ်ကို သွားတွေ့ပါတယ်။ ဒါနဲ့ သုတ္တန်ဆောင်ရဟန်းကို “ အာပတ်သင့်ပြီ”လို ပြောဆိုပါတယ်။
သုတ္တန်ဆောင်ရဟန်းက “ အဲသည်လို ခွက်ထဲရေကျန်ခဲ့တာဟာ အပြစ်ရှိသလား၊ အာပတ်သင့် သလား” ဆိုပြီး ပြန်လည်ပြောဆိုပါတယ်။
ဒီတော့ “ သေးငယ်သော အာပတ်တော့ဖြစ်တယ်။ ခပ်ဆေးတဲ့ရေခွက်ထဲမှာ ရေကျန်မထားခဲ့ရဘူး” လို့ ၀ိနည်းဓိုရ်ရဟန်းက ပြန်လည်ပြောဆိုရာကနေ စလိုက်တဲ့ပြဿနာဟာ သူတို့ရဲ့ တပည့်တွေ ကွဲလာကြတယ်။ နောက် တစ်ဖက်စီကို ကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေလည်း နှစ်ဖက်ကွဲသွားကြတော့တယ်။
အဲဒီမှာ ဘုရားရှင်က ဆိုဆုံးမ မရတော့လို့ ပါလိလေယျတောကို ထွက်ကြွသွားတော့တယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ပြဿနာသေးသေးလေးက စလိုက်တဲ့ အဖြစ်တွေဟာ တစ်မြို့နယ် လုံး၊ တစ်နိုင်ငံလုံးအထိ ပျံ့ပျံ့သွားတယ်။ တစ်ဖက်နဲ့တစ်ဖက် ဦးသူတွယ်တယ်။ စောင်းမြောင်းပြောဆို ကြတယ်။ အပုတ်ချကြတယ်။
ပူးပေါင်းစုစည်းပြီး ချီတက်ကြတာရှားတယ်။ အဖွဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့ စုံလို့ အတူတကွ လျှောက်တဲ့ဆီ မရောက်တော့ဘူး။ ရန်ဖြစ်နေတာနဲ့ပဲ အချိန်တွေကုန်နေကြတယ်။
ဒါတွေကို ထိန်းကျောင်းဖို့ ရဟန်းပညာရှိ၊ လူပညာရှိများက ၀င်ထိန်းသော်လည်း သူ့ဘက်ပါတယ် ငါ့ဘက်ပါတယ်နဲ့ ပြန်ပြီးတော့တောင် ရန်ရှာတတ်ကြသေးတယ်။
တစ်ခါက ဘုရားရှင်နဲ့ နာဂသမာလရဟန်းတို့ ခရီးသွားကြရင် လမ်းဆုံတစ်ခုအရောက်မှာ မြတ်စွာ ဘုရားက လက်ယာလမ်းကို ကြွလိုတယ်။ နာဂသမာလက လက်ဝဲလမ်းကို သွားလိုတယ်။ မြတ်စွာဘုရားရှင်က နာဂသမာလရွေးတဲ့လမ်းဟာ သွားဖို့မသင့်တဲ့လမ်းဖြစ်ကြောင်း ဆိုဆုံးမတယ်။
ဒါပေမယ့် နာဂမသမာလ က ဘုရားရှင်ရဲ့ သပိတ်ကိုချခဲ့ပြီး တစ်ပါးတည်း ထွက်သွားတော့တယ်။
မြတ်စွာဘုရားရှင်က ဆိုဆုံးမခက်သောသူတွေကို ဥပေက္ခာတရားဖြင့် ပြောဆိုချင်း၊ ဆက်ဆံခြင်း မပြုဘဲ ဆုံးမတော်မူတယ်။
တစ်နေ့ထက်တစ်နေ့ မရိုးရအောင် ဖြစ်နေတဲ့ပြဿနာတွေ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ပဲ ရန်ဖြစ်နေတာ တွေ၊ ငါသိငါတတ်ဆိုပြီး စွာကျယ်စွာကျယ်လုပ်နေတာတွေ၊ ရာထူးဂုဏ်ရှိန်၊ စီးပွားဥစ္စာတွေနဲ့ မောက်မာပြီး မာန်ပြနေသူတွေကို သူတော်ကောင်းများက ဆိုဆုံးမခက်လို့ ဥပေက္ခာရှုလိုက်ရင်ဖြင့် ကျွန်တော်တို့ တိုင်းပြည်ကြီးက တိုးတက်ဖို့ ပိုခက်သွားမယ်။ တည်ငြိမ်အေးချမ်းဖို့ဆိုတာ ပိုလို့ ခက်သွားပါလိမ့်မယ်။
…………..
မေတ္တာသုတ်ပါဠိတော်မှာ သုဝစောစ- ဆိုဆုံးမလွယ်သူလည်း၊ အဿ-ဖြစ်ရ၏တဲ့။
မိမိထက် အသက်၊ ပညာ၊ ၀ါ၊ သိက္ခာကြီးသူက ဆုံးမတာကို လက်ခံလွယ်ကြပေမယ့် မိမိနဲ့ တန်းတူ၊ ငယ်သူတွေက ပြောဆိုဆုံးမရင်တော့ လိုက်နာဖို့ ခဲယဉ်းကြပါတယ်။ ကိုယ့်ထက်ကြီးသူဖြစ်စေ၊ တန်းတူဖြစ်စေ၊ ငယ်သူဖြစ်စေ အကျိုးရှိမယ့်စကား၊ မှန်သောစကားဆိုရင်တော့ လိုက်နာကြရမှာပါ။
ထို့အတူ “ သောဝစဿတာ ဧတံမင်္ဂလမုတ္တမံ ” “ ပြောဆိုဆုံးမလွယ်ကူခြင်းသည် မြတ်သောမင်္ဂလာ ဖြစ်၏” လို့ မင်္ဂလာတရားတော်မှာလည်း ဟောကြားတော်မူခဲ့ပါတယ်။
ကမ္ဘာကြီးပေါ်က ဒုလ္လဘတွေ၊ ဒုပ္ပည(ပညာမဲ့)တွေရဲ့ အကျင့်စရိုက်ဖြစ်တဲ့ ငါဆိုတဲ့ မာန်လေးတွေ ချလိုက်ကျရင် ဆိုဆုံးမခက်သူ(ဒုဗ္ဗစ)တွေ မဖြစ်တော့ပါဘူး။
ဒုဗ္ဗစ၊ ဒု-၀စ၊ ဒု-ခက်သော၊ ၀စဆိုခြင်း။
ဒုဗ္ဗစဆိုတဲ့ ဆိုဆုံးမခက်သူတွေနည်းပါးလာပါမှ အေးချမ်းပျော်ရွှင်နေကြရမှာပါ။
…………..
“ အမေ..သမီးကို အဖေရိုက်တယ်.အီး..ဟီး..”
သမီးက သူ့အမေကိုတိုင်လိုက်တယ်။ ကျွန်တော်လည်းပြောရတာ ခဏခဏဆိုတော့ ဒေါသလေး ထွက်လာလို့ တုတ်လေးနဲ့ ခတ်ဆတ်ဆတ်လေးရိုက်လိုက်တာပါ
“ အဖေကြီး..ဘာလို့ ကလေးကိုရိုက်တာလည်း ပါးစပ်နဲ့ပြောတာမဟုတ်ဘူး။ သမီးလေး ဘယ်နာ သွားလဲ၊ ဥုံဖွ၊ ဥုံဖွ ”
မိန်းမဖြစ်သူက သမီးကိုကြည့်ပြီး ကျွန်တော်ကို လှမ်းပြောပါတယ်။
ကျွန်တော်လည်း မရိုက်ချင်ပေမယ့် ဒေါသလေးထွက်လာလို့ ရိုက်လိုက်မိတာပါ။ ကျွန်တော် တစ်ခုဖြတ်ခနဲ သတိရလိုက်မိပါတယ်။
“ အတ္တာနမေ၀ ပထမံ၊ ပတိရူပေ နိဝေသယေ။
အထည မနုသာသေယျ၊ ”
မိမိကိုယ်သာလျှင် ပထမဦးစွာ သင့်တင့်လျှောက်ပတ်သောအကျင့်ကို ကျင့်ပြီးမှသာ သူတစ်ပါးကို ဆုံးမရာ၏တဲ့။
ကျွန်တော် ဒေါသဖြစ် လက်ကထွက်ဆိုတဲ့ ကိုယ့်စိတ်ကိုယ်တောင် မနိုင်သေးပါလားနှော်။ ကိုယ့်ကိုယ်ကို အရင်ဆုံးမရပါဦးမယ်။
မိမိကအစ ဒုလ္လဘထဲက ဒုပ္ပည(ပညာမဲ့)နဲ့ ဒုဗ္ဗစ(ဆိုးဆုံးမခက်သူ)မဖြစ်စေဖို့ ပထမဆုံး ဆုံးမရဦးမှာ ပါလား။

၂၅-၇-၂၀၁၃။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...