Thursday, July 25, 2013

“တစ္ဆေညည်းသံ”


http://waieco.blogspot.com/2011/11/blog-post.html


ဘယ်ရောက်နေမှန်း ရုတ်တရက် ဝေခွဲမရနိုင်လောက်အောင် အခြေအနေက မှောင်မိုက်တိတ်ဆိတ်နေ၏။
အလေးလံဆုံးမျက်ခွံတွေကို အားစိုက်ပင့်တင်လိုက်နိုင်ပြန်တော့လည်း အနက်ရှိုင်းဆုံးအမှောင်မိုက်ကြီးက အဆုံးမဲ့ ကျယ်ပြောနေပြန်သည်။ အေးစိမ့်စိမ့်ခံစားမှုက ကြီးစိုးနေ၍ ရင်ထဲမှာလည်းဟာနေ၏။
စိတ်ထဲမှာ ဘာကိုမှ ဖမ်းဆုပ်၍မရဘဲ မှီတွယ်ရာမဲ့ မျောလွင့်နေသလိုလို...။
' ဟော လာပြန်ပြီတစ်ကောင်။ ကျွတ်တယ်လွတ်တယ်ရယ်လို့ မရှိဘဲ ထပ်ထပ်တိုးလာတာ၊ တို့အဖွဲ့လည်း ကြီးကြီးလာပြီ...'
လှိုက်လှဲခြင်းအလျဉ်းကင်းသည့် အက်ကွဲကွဲအသံကြီးကြောင့် ကျောထဲစိမ့်သွားကာ သိလိုဇောများ လျှံကျလာရသည်။
သူရောက်နေတာ ဘယ်နေရာလဲ။ ခုပြောနေတာ ဘယ်သူတွေလဲ။
အမှောင်မိုက်မိုက်ထဲသို့ အားစိုက်ကြည့်လိုက်တော့ မည်းမည်းရှည်ရှည်၊ တွန့်တွန့်လိန်လိန်နှင့် ပုံပန်းမကျသဏ္ဍာန်များက အနှံ့အပြား...။ မသတီစဖွယ်အနံ့ကလည်း ညှီစို့စို့...။
မြင်ရသမျှ ပုံသဏ္ဍာန်မမှန်သလို၊ ခံစားချက်ကလည်း မဟန်လှသည်မို့ ကြည့်ခဲ့ဖူးသည့် နိုင်ငံခြားကား တချို့ကို ဖြတ်ကနဲ သတိအရ။ စိုးရိမ်စိတ်က ငယ်ထိပ်မှခြေဖျားတိုင် ထိတ်ကနဲ။
' ကားမှောက်လာတာကွ။ တစ်ကားလုံးမှာ သူတစ်ယောက်တည်း သေချင်းဆိုးနဲ့ ပွဲချင်းပြီးလာတဲ့ကောင်။
ကျန်တဲ့သူတွေက ဆေးရုံမှာ၊ သေမလားရှင်မလား မသေချာသေးဘူး။ ရှုပ်လိုက်တာကွာ။ ကိုယ့်ဟာ ကိုယ်တောင်နေရာကျပ်ရတဲ့ကြားထဲ ဘယ်နှလောင်းရောက်လာဦးမလဲ မသိဘူး...'
သွားပြီ။ သူ နာနာဘာဝကို ရောက်နေသည်မှာ သေချာသွားလေပြီ။
ကံဆိုးသူ သွားရာနေရာများမှာတော့ ပြိတ္တာဘုံမှာပင် ကြိုဆိုလက်ခံချင်သူ မရှိသည့်အဖြစ်။
xxxxxx
သူ့ဘဝက သေလျှင်တောင် ငိုမည့်သူမရှိသည့် မလွမ်းလောက်သော တစ်ကောင်ကြွက်ဖြစ်လေသည်။
သို့ပေမယ့် တွယ်တာစရာ ဘယ်လောက်ပဲမရှိဘူးဆိုဆို ဒီလိုတွယ်ရာမဲ့ မျောလွင့်နေရသည့်ဘဝကိုတော့ဖြင့် သူ မလိုချင်ပါ။
သည်လိုဘဝကို ဘယ်လိုအကြောင်းကြောင့် ရောက်လာရသည်တော့ သူမသိ။ ကံ၊ကံ၏အကျိုးဆိုသည် ကိုတော့ မသေလွန်မီဘဝက ဗုဒ္ပဘာသာဝင်တစ်ယောက်မို့ သူနားရည်ဝခဲ့ဖူးသည်။ ဘဝကူးခါနီး စွဲလန်းစိတ်များကြောင့် အပါယ်လေးဘုံကို ကျရောက်နိုင်သလို၊ ဥပစ္ဆေဒကံကြောင့်လည်း နာနာဘာဝ၊ ပေတဘုံကို ရောက်ရတတ်ကြောင်း သူကြားဖူးနားဝရှိခဲ့သည်။
သူကတော့ စွဲလန်းလောက်စရာ မိဘဆွေမျိုး၊ ပစ္ပည်းဥစ္ပာလည်း မရှိခဲ့သလို ချစ်သူရည်းစားလေးပင် တစ်ယောက်တစ်လေမျှမရှိခဲ့ပါ။ စိတ်ကူးမိသမျှ မိန်းကလေးတိုင်းကလည်း သူ့လိုလက်မဲ့တစ်ယောက်က ကြံစည်ခံရမည်ကိုပင် မသတီသလို ဝေးဝေးကရှောင်ကြ၏။
သူကလည်း လက်မဲ့မှ ငွေ၊ ဂုဏ်၊ ပကာသန၊ ဥပဓိ၊ ဘာတစ်ခုမှမရှိ။ အမေမွေးကတည်းက တံတောင် ဆစ်အောက်မှ လက်တစ်ဖက် က ပါမလာခဲ့သည်ကြောင့် လူစဉ်ကလည်းမမီ။
လူတန်းစေ့ နေနိုင်စားနိုင်လောက်အောင် ကြိုးစားလုပ်ကိုင်ရန်လည်း အရင်းအနှီးကမရှိ။ လူရာ ဝင် တွေးခေါ်ကြံဆနိုင်သည့် ပညာကလည်း မသင်ခဲ့ရတော့ လူဟုသာဆိုပေမယ့် လူကြားထဲမဝင်ဆန့်ခဲ့ပါ။ လူ့ဘဝမှာ မပျော်ပိုက်ခဲ့ပါ။
' သေချင်လိုက်တာ ' ဟု အားငယ်စွာ ညီးညူမိသောအကြိမ်က မရေမတွက်နိုင်အောင်များခဲ့သည်။
သို့သော် သေလွန်သည်၏အခြားမဲ့၌ ဘာရှိသည်ကိုတော့ ရေရေရာရာ သူမသိခဲ့ပါ။
xxxxxx
နောက်တစ်နေ့တွင် သူနှင့်တစ်ကားတည်းစီးလာသော ခရီးသည်ထဲမှ ယောကျာ်းနှစ်ယောက်နှင့် မိန်းမတစ်ယောက်ထပ်ရောက်လာကြ၏။ ယောကျာ်းနှင့်မိန်းမက ကြွယ်ဝချမ်းသာသော ပွဲစားလင်မယား စုံတွဲဖြစ်၍ သားသမီးများကျန်ခဲ့သလို နောက်ယောကျာ်းတစ်ယောက်က အသက်ငယ်ငယ်ချောချော၊ ပညာတတ်ကလေး။ ချစ်သူနှင့်လက်ထပ်ခါနီးဟုဆိုသည်
ဥပစ္ဆေဒကံကြောင့် မဟုတ်လျှင်တောင် စွဲလန်းစိတ်ကြောင့် တော်တော်နှင့်ကျွတ်နိုင်မည့်သူများ မဟုတ်။
သူတို့ရောက်လာသည်နှင့် ဗြောင်းဆန်အောင်သောင်းကျန်းပါတော့သည်။ တစ်ချက်မှ ဂဏာ မငြိမ်၊ ရှေ့နောက်တောင်မြောက် လေပွေမွှေ့သလို ယခင်လူ့ဘဝကအိမ်များနှင့် ယခုဘဝဌာနေအကြား လူးလာခေါက်ပြန် ဇောက်ထိုးလှန်နေတော့၏။
သူတို့ရုပ်ကလာပ် အဟောင်းတွေနားမှာလည်း တဝဲလည်လည်။ မစွန့်လိုသေးသလို မခွာချင်ကြသေးဘဲ တွယ်ငြိနေကြ၏။
သူကတော့ ရောက်စကတည်းက နောက်ဆံတင်းစရာမရှိသူပီပီ သည်ဘဝကို မနှစ်သက်သော်လည်း သူ့ရုပ်ကလာပ်ဟောင်းကြီး
ကတော့ ပိုင်ရှင်မဲ့အသုဘအဖြစ် မီးသဂြိုင်္လ်စက်ဝန်ထမ်းတွေက ကိစ္ပပြီးမြောက်စေခဲ့ပြီ။
ကိုယ့်ကိုကိုယ်တွယ်တာသူရော၊ မတွယ်တာသူရော၊ သံယောဇဉ်ကြိုး ရစ်ဖွဲ့သူရော၊ မရစ်ဖွဲ့သူရော၊ ဂုဏ်ပကာသနရှိသူရော၊
မရှိသူရော၊ နောက်ဆုံးတော့ မီးသဂြိုင်္လ်စက်ထဲမှာ လောင်ကျွမ်းပြာကျခဲ့ရသည်သာ။
' ဟေ့ကောင်တွေ ငိုယိုဆူပူမနေကြနဲ့စမ်း။ ဒီနေရာကို ဘယ်သူမှ ကြိုက်လို့ရောက်လာကြတာမဟုတ်ဘူးကွ။ ဒီမှာ အရင်လိုကျယ်ကျယ်လွင့်လွင့်လည်း ရှိတာမဟုတ်တော့ဘူး။ ဦးရေထူထပ် ကျပ်ညပ်နေတာ မမြင်ဘူးလား။
အားလုံးက ရေစက်ချသံကို သာဓုခေါ်ဖို့ မျှော်လင့်တကြီး စောင့်နေကြတဲ့သူတွေချည်းပဲ။
' ငါ့ထက်ရှေ့ကျတဲ့ကောင်တွေတုန်းက ဒီအဖွဲ့အစည်းက ဒီလောက်မကြီးဘူးတဲ့။ ကံကောင်းရင် တစ်နှစ်၊နှစ်နှစ် အလွန်ဆုံးပဲ။
ကျွတ်ကြလွတ်ကြတယ်။
' ငါ ဒီရောက်နေတာ ကြာ..ကြာလှပြီ။ ခုထိ မကျွတ်လွတ်သေးတာ မြင်တဲ့အတိုင်းပဲ။
အေး မင်းတို့လည်း ဒီဘဝကလွတ်ချင်ရင် ရေစက်ချသံကိုသာ စောင့်မျှော်ကြ။ ယောက်ယက်ခတ်မနေကြနဲ့။ '
အက်ကွဲကွဲခြောက်ကပ်ကပ် အသံကြီးနှင့် ပုံပန်းမကျသဏ္ဍာန်ကြီးတစ်ခုက သည်လိုဆိုလိုက်မှ လင်မယားစုံတွဲနှင့် ပညာတတ်လူငယ်က သူ့အနားမှာ ခပ်ကုတ်ကုတ် တိုးဝှေ့ငြိမ်သက်သွားတော့၏။
xxxxxx
' ခင်ဗျားက ငြိမ်လှချည်လားဗျ။ ကျူပ်တို့လို မခွဲနိုင်မခွာရက်ကိစ္ဖတွေ မရှိဘူးလား...'
ပညာတတ်ပုဂ္ဂိုလ်က ခုမှ သူ့ကိုသတိထားမိသလို တအံ့တသြမေးလာသည်။
' ကျုပ်ကတော့ ကျုပ်အရင်ဘဝကို နှမြောတသစရာရယ်လို့ မမြင်ပါဘူးဗျာ။ ရုပ်ဆင်းခန္ပာက ခင်ဗျားတို့လို တွယ်ငြိချင်စရာမှမရှိပဲ။
ပိုင်ဆိုင်မှုကလည်း ဟိုစုံတွဲလို ဘာမှ မမက်မောလောက်ပါဘူး။ '
' ဒါဖြင့် ခင်ဗျားက ဒီဘဝမျိုးကို ပိုကြိုက်နေတာလား...'
' ဟာ ဒီဘဝမျိုးတော့ ဘယ်ကောင်ကရချင်မလဲ။ ကျူပ်မှာက ဆွမ်းသွတ်အမျှဝေမယ့် ဆွေမျိုးတောင်မရှိလို့ ဘယ်တော့မှကျွတ်ပါ့မလဲ စိတ်ညစ်နေတာ။ နေပါဦး။ ခင်ဗျားတို့ကရော။ ခင်ဗျားတို့အိမ်တွေက ဆွမ်းသွတ်အမျှဝေရဲ့သားနဲ့မကျွတ်ဘူးလား...'
' ကျုပ်က ကျူပ်ချစ်သူပူဆွေးနေတာကို သွားသွားကြည့်ပြီး ယူကျုံးမရဖြစ်လွန်းလို့ သူနဲ့ ဘယ်လိုအဆက်အသွယ်လုပ်နိုင်မလဲဆိုပြီး အမျိုးမျိုးကြိုးစားရှာဖွေနေရတာနဲ့ပဲ ကျုပ်မိဘတွေ အမျှဝေတဲ့အချိန် မရောက်လိုက်ဘူးဗျာ။ ဟိုနှစ်ကောင်ကတော့ သူ့အမျိုးတွေ အမျှဝေတာ၊ သွားပြီးသာဓုခေါ်ရဲ့သားနဲ့ မကျွတ်ဘဲ ဒီပြန်ရောက်လာတာ၊ ဘာကြောင့်မှန်းမသိဘူး။
' ဘာပဲဖြစ်ဖြစ်ဗျာ။ အလှူတစ်ခုခုရှိတယ်လို့ကြားရင် အချင်းချင်းလက်တို့ကြပေါ့။ ဒါမှ လူနေရပ်ကွက်နား သွားပြီးသာဓုခေါ်နိုင်မှာ...'
သူက လူ့ဘဝမှာ ပညာနည်းသူမို့ များများစားစားမသိလှသော် လည်း ကောင်းမှု ကုသိုလ်လုပ်သူများ ပေးသည့်အမျှဝေသံကြားလျှင်နာနာဘာဝတွေ သာဓုခေါ်နိုင်ပါက ကျွတ် လွတ်နိုင်ကြောင်းတော့ ကြားဖူး နားဝရှိခဲ့သည်။ ထို့ကြောင့်အမျှဝေသံကို သူနားစွင့်၏။
အလှူအတန်းတွေကို သူမျှော်မိ၏။
တခြား ဘယ်ဘဝရောက်ရောက် သည်လိုဘဝထက်စာလျှင်တော့ တော်ပေလိမ့်ဦးမလားဟု သူကထင် သည်လေ။
xxxxxx
သူတို့တစ်အုပ်စုလုံး ငြိမ်ငြိမ်သက်သက် အာရုံစူးစိုက်နေသည်မှာ အချိန်အတော်ကြာသွားပြီဖြစ်၏။
အလှူမဏ္ဍပ်တစ်ခု၏ လေးဖက်လေးတန်နေရာများမှာ တိုးဝှေ့နေရာယူထားကြသည်မှာ အကြားအလပ် မရှိလောက်အောင်ပင်။
မကျွတ်မလွတ်သည့် နာနာဘာဝမှာ အကြောင်းကြောင်းကြောင့်သာ ရောက်နေကြရပေမယ့် ကျွတ်လွတ်ခွင့်ကို သူ့လိုစောင့်မျှော်နေကြသူချည်းသာ ဖြစ်သည်ကို ကိုယ်ချင်းစာစဖွယ် တွေ့ရသည်။
သူ့ထက်စောပြီး သည်ဘဝကိုရောက်နေတာကြာပြီး အမျှဝေသံကို စောင့်စားနားစွင့် နေကြသူများ ဖြစ်သော်လည်း အကြောင်း မတိုက်ဆိုင်သေး၍ သာဓုမခေါ်နိုင်ကြသေးသူတွေ ဖြစ်လိမ့်မည်။
သည်နေ့တော့ မြို့မျက်နှာဖုံး သူဌေးကြီး၏ ကြီးကျယ်ခမ်းနားသော အလှူတော်မင်္ဂလာ။
သူတို့ဘဝတူတွေအားလုံး တစ်ကောင်နှင့်တစ်ကောင် လက်တို့အချက်ပေးရင်း စုဝေးရောက်ရှိနေသည်မှာ နံနက်စောစောကတည်းကဖြစ်၏။
မျက်နှာကြီးအလှူတော် ခြိမ့်ခြိမ့်သဲဆိုတော့ ဒါနနှင့်ပကာသနကလည်း မလိုလားအပ် ဘဲ ရောထွေးနေ သည်လေ။
လူရောင်စုံ၊ အဆင်တန်ဆာရောင်စုံကြားမှာ ဂုဏ်တုဂုဏ်ပြိုင်များရော၊ လက်ဝတ်လက်စား အဆောင်အယောင်အပြိုင်များရော၊ သူ့ပင့်ကိုယ့်ပင့် ကြွားဝါမှုများရော...။ အကျွေးအမွေးအလှူဒါနပြုသူနှင့် အလှူလာပရိသတ်ပါ ကုသိုလ်စိတ်၊ မုဒိတာစိတ်တွေကြားထဲ အကုသိုလ်စိတ်လေးတွေ သိသိသာသာ ရောယှက်နေကြ၏။
တန်ဆောင်းအလှူ၊ ကျောင်းအလှူ၊ သိမ်အလှူတွေကို ကဗ္ဗည်းမှတ်တမ်းတင်၊ မော်ကွန်း လက်မှတ်ချီးမြှင့် နေတာကိုက အချိန်အတော်ကြာ၏။ သာဓုခေါ်ချင်လွန်း၍ တရွရွဖြစ်နေသော သူတို့ကလည်း ရေစက်ချ သံကိုသာ စောင့်မျှော်နေကြပြီ။
မင်္ဂလာဆိုင်းက အလှူဗြောနှင့်ကောင်းချီးပေး မင်္ဂလာယူနေသည်ကိုလည်း သူတို့အုပ်စုကတော့ စိတ်မရှည်စွာ၊ စိတ်စောစွာ...။
အလှူရှင်၏ နှစ်ရှည်လများ ကောင်းမှုအစုစုကို စာရင်းပြုစုကြေငြာပေးနေသည်ကလည်းတနံတလျား...။
အတင်းဝါသနာအိုးတချို့၏ ' သူတို့က လှူနိုင်မှာပေါ့အေ။ ငွေကသဲ့ယူသလို မတရားဝင်နေတာကိုး..' ဟု ပြောသံကိုလည်းကြားနေရ၏။
သူကတော့ သည်ဘဝမှ ကျွတ်လွတ်ချင်လှပြီမို့ ကုသိုလ်အစုစုကိုသာ အာရုံပြုနားစိုက်ထားရပြီး မလိုတမာအတင်းစကားများကိုတော့ မကြားသယောင် ဖယ်ရှားရလေသည်။
သူ သာဓုခေါ်မျှဝေယူချင်သည်က သူဌေးကြီး၏ကုသိုလ်များသာ မဟုတ်လား။ အကုသိုလ်များကတော့ သူဌေးကြီးဘာလုပ်လုပ် သူမသိချင်ပါ။ မမျှယူချင်ပါ။
သည်လောက်ချမ်းသာသည့်လူ၊ ကျောင်းဒကာ၊ သိမ်ဒကာကြီးလှူထားသည့် မြို့မျက်နှာဖုံးအလှူကြီးကတော့ ထမင်းရေချောင်းစီးအကျွေးအမွေးရော၊ ခြိမ့်ခြိမ့်သဲအခမ်းအနားရော၊ မြို့မိမြို့ဖဂုဏ်သရေရှိလူကြီးများ အစုံ အလင်နှင့် ကဗ္ဗည်းမော်ကွန်းတွေရော...။
ဒါလောက်ကြီးမားသည့် အလှူကြီးကမှ ကုသိုလ်အမျှမရလျှင် ဘယ်ကရတော့မည်နည်း။
သူတို့အုပ်စုကလည်း အလှူမဏ္ဍပ်ထဲကလူတွေနား မကပ်သာပေမယ့် မဏ္ဍပ်ပတ်လည်မှာတိုးဝှေ့၍ ကုသိုလ်အမျှယူရန် စိတ်ဇောထက်သန်နေကြလေသည်။
xxxxxx
မျှော်လင့်စောင့်စားနေခဲ့သော အလှူမင်္ဂလာကတော့ ပြီးဆုံးသွားလေပြီ။
မဏ္ဍပ်ထဲမှ ဖိတ်စင်ကျနေသော စားကြွင်းစားကျန်များနှင့် လူတို့စွန့်ပစ်ထားသော သူတို့အတွက်စားစရာ များကို စိတ်ဝင်စားသူတစ်ယောက်မှ သူတို့ထဲတွင်ရှိမနေပါ။ အားလုံးခြေပစ် လက်ပစ် ပျော့ခွေ ညည်းညူနေကြ၏။
' သွားပြီကွာ။ အနှစ်နှစ်အလလမျှော်လင့်ခဲ့ရတဲ့ အမျှဝေသံ...။ ဘာလို့ ဒီလိုဖြစ်ရတာလဲ...'
' ကျုပ်လည်း သေသေချာချာ အကျယ်ကြီး သာဓုခေါ်လိုက်တာပါ။ ဘာကြောင့်မထူးခြားတာပါလိမ့်...'
သူ စိတ်ဓါတ်တော်တော်ကျသွားရလေသည်။ သူဌေးကြီး၏ အမျှဝေသံကို ပီပီသသ၊ ကြည်ကြည်မြမြကြီး ကြားလိုက်ရသည်မှာ သေချာ၏။
သူလည်း နောက်ကျကျန်ခဲ့မည်ကိုစိုးစွာ အလုအယက်ပင် သာဓုသုံးကြိမ်ခေါ်ချလိုက်၏။ သို့သော်...
' အံ့သြမနေပါနဲ့တော့ကွာ။ ငါက ဒါမျိုးတွေ ခဏခဏကြုံရလို့ ရိုးနေပါပြီ။ ငါဒီရောက်နေတာတောင် တော်တော်ကြာပါပြီဆို။ ဒါကြောင့်လည်း တို့အဖွဲ့အစည်း ကြီးကြီးလာတယ် လို့ပြောတာပေါ့။
' ငါ့အထင်တော့ကွာ...၊ ရေစက်ချသံတွေက မသန့်တော့ဘူးထင်ပါရဲ့...'
ခြောက်ကပ်ကပ် အက်ကွဲသံကြီး၏ စကားအဆုံးမှာတော့ ' သည်ဘဝက ဘယ်တော့မှကျွတ်ပါ့မလဲ..' ဟု သူထိတ်လန့်တကြား ပူပန်သွားရ၏။ မြို့မှာရေမသန့်ရင် တောမှာရော...။
တောမှာကလည်း ပိုးသတ်ဆေးတွေအသုံးများနေတာကြောင့် ပါဏာတိပါတာကံထိုက်ကာ အလှူလုပ်မည့် ကုသိုလ်တွေက ရေသန့်ပါတော့မည်လား။ ရေစက်ချသံသန့်သန့်လေးကြားရဖို့ သူတို့အတွက် ကာလံဒေသံကိုက်ညီမည့်နေရာ ဘယ်မှာရှာရပါ့။
ရေသန့်စက်ရုံတွေ အမြို့မြို့အနယ်နယ်တိုင်းမှာ အလျှိုလျှိုပေါ်လာနေသောခေတ်၊ အိမ်တွင်းသုံး ရေသန့်စက်ကလေးတွေနှင့် တစ်ပိုင်တစ်နိုင် ရေသန့်စင်အောင် လုပ်နိုင်နေပြီဖြစ်သော ခေတ်ကြီးထဲမှာ ရေစက်ချဖို့ရေသန့်က ဘာလို့ဒီလောက်ရှားနေရတာပါလိမ့်..ဟု
စဉ်းစားရင်း..စဉ်းစားရင်း သူ ဥာဏ်မမီသောကြောင့် စိတ်ပျက်အားငယ်စွာ အော်ဟစ်ညည်းညူ လိုက်မိလေတော့ သည်။
xxxxxx


ဝေ (စီးပွားရေးတက္ကသိုလ်)
သြဂုတ်လ ၂ဝ၁၁...မဟေသီမဂ္ဂဇင်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...