Saturday, July 27, 2013

အနုပညာရှင်နှင့် တတ်တူးဖက်ရှင်


By Popular News | Saturday, July 27, 2013

၂၁ ရာစု လူငယ်တွေရဲ့ ဖက်ရှင် အစိတ်အပိုင်းတွေထဲက တစ်ခုအဖြစ် ပါဝင်လာတဲ့ တက်တူးဖက်ရှင်က ၂ဝ၁၂၊ ၂ဝ၁၃ ဝန်းကျင်မှာတော့ ပိုမို ကျယ်ပြန့်စွာတွေ့ရှိလာရပါတယ်။ ခန္ဓာကိုယ်ပေါ်က အနုပညာ တစ်ခုဖြစ်တဲ့ တက်တူးဟာ ရှေးမြန်မာမင်းများလက်ထက် ထိုးကွင်းမင်ကြောင်များ ရေးဆွဲခြင်းမှ အစပြုခဲ့တယ် ဆိုရပါမယ်။
တိုးတက်လာတဲ့ ခေတ်နဲ့အညီတက်တူး ဒီဇိုင်းဆန်းများကိုလည်း ၂၁ ရာစု အတွင်းမှာတွေ့ရှိ လာရပါတယ်။ လူကြီး၊ လူငယ် အရွယ်စုံနှစ်သက် လာကြတဲ့ တက်တူး ဖက်ရှင်များနဲ့ပတ်သက်ပြီး အနုပညာရှင်များထဲက တက်တူးခရေဇီအချို့ရဲ့ စကားသံများကိုမေးမြန်းဖော်ပြလိုက်ပါတယ်။

ထူးအယ်လင်း

"တက်တူးတော့ ကြိုက်တယ်။ ညီတော်မောင်တွေ ကလည်းမြှောက်ပေးတာနဲ့ ၂ဝဝ၇ လောက်မှာ ထိုးဖြစ်တယ်။ တက်တူးကို ကနုတ်တွေပဲ ကြိုက်တယ်။ အကောင်တွေ ဘာတွေ သိပ်မကြိုက်ဘူး။ ခုလတ်တလော ထိုးနေတဲ့ Bio တက်တူးတို့၊ ဘာတို့ထက် ကနုတ်သီးသန့်ကို ပိုကြိုက်တယ်။ အဆိုတော် တစ်ယောက်အနေနဲ့ ပိုပြီးစွဲဆောင်မှု ရှိတာ၊ မရှိတာထက် ကြိုက်လို့ ထိုးတာပါ။ တက်တူးကလည်း အနုပညာတစ်ခုပါပဲ။ လူတိုင်းထိုးနိုင်တယ် ဆိုပေမယ့် ကိုယ်နဲ့ လိုက်ဖက်တာမျိုးကို ရွေးထိုးတာကောင်းတယ်"

အောင်လ

"တက်တူးဆိုတာလူတစ်ယောက်ရဲ့ Art ပဲ။ ဟိုးအရင်လူကြီးတွေခေတ်ကတည်းကလည်း ရှိတယ်။ တက်တူးက ကြိုက်တဲ့သူ ရှိတယ်။ မကြိုက်တဲ့သူ ရှိတယ်။ ကျွန်တော်က သရဲပုံတွေ ဘာတွေလည်း ကြိုက်တော့ အဲဒီလိုပုံစံထိုးထားတယ်။ ဆက်ပြီးလည်း တစ်ကိုယ်လုံးမှာ ထိုးသွားဖို့ရှိတယ်"

ဂျောက်ဂျက်

"တက်တူးနဲ့ပတ်သက်ပြီးတော့ သေရာပါဖြစ်နေတဲ့အတွက် မထိုးရင် မထိုးနဲ့။ ထိုးနိုင်တဲ့အချိန်ကျမှ ထိုး။ သေရာပါမှာဖြစ်တဲ့အတွက် စိတ်ချရမယ့် နေရာမျိုးမှာပဲ ထိုးစေချင်တယ်။ ကျွန်တော့် ခံယူချက်ကို ပြောရမယ်ဆိုရင် လူကြီးတွေအကုန်လုံး မုန်းသွားလိမ့်မယ်။ တစ်ကိုယ်လုံးကို တက်တူးတွေ မွနေအောင် ထိုးစရာမလိုဘူး။ ကိုယ့်ရဲ့ အထိမ်းအမှတ်တစ်ခု၊ အမှတ်တရ တစ်ခုခုပေါ့။
ကျွန်တော်ဆိုရင် အဆိုတော်ဖြစ်လာခဲ့တဲ့ အဖွဲ့နာမည်ကို ထိုးချင်ထိုးမယ်။ ခန္ဓာကိုယ်မှာ တကယ့်ကို ရှိသင့်တာမျိုးဆိုရင်တော့ ထိုးသင့်တယ်။ အဲဒါကိုမှ လူကြီးတွေက တစ်ပုံထိုးလည်း ဘာဖြစ်တယ်။ နှစ်ပုံထိုးလည်း ဘာဖြစ်တယ် ဆိုရင်တော့အမြင် ကျဉ်းတာပေါ့။ တကယ်ထိုးချင်တဲ့ ပုံတစ်ခုတော့ရှိတယ်။ ကျွန်တော့်ကျောကုန်းမှာ ရန်ကုန်မြို့ရဲ့ မြေပုံပေါ့။ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေ၊ ရွှေတိဂုံစေတီတော်တို့ လိုမျိုးပေါ့။ အဲဒီပုံစံကို ထိုးဖို့ စိတ်ကူးရှိတယ်။ အခုတော့ မထိုးဖြစ်သေးဘူး"

Snare

"တက်တူးနဲ့ပတ်သက်ပြီး Hip-II နဲ့ သီချင်းတောင်ဆိုထားသေးတယ်။ အဲဒီသီချင်းက Hip-II အခွေထဲမှာ နောက်ဆုံးဆိုထားတဲ့ သီချင်းပေါ့။ နားထောင်လိုက်ရင်တော့ တက်တူးအကြောင်း သိသွားမှာပါ။ တက်တူးကို အတင်းထိုးပါလို့တော့ မတိုက်တွန်းပါဘူး။ ကိုယ့်စိတ်နဲ့ ကိုယ်ပဲပေါ့။ ကုမ္ပဏီ အလုပ်တို့၊ လူကြီးတို့ လုပ်မယ့်သူတွေကတော့ မထိုးနဲ့ပေါ့။ ကျွန်တော်တို့ကတော့ သီချင်းဆိုတဲ့ အဆိုတော်တွေဆိုတော့ ကိစ္စသိပ်မရှိပါဘူး"

ခင်လှိုင်

"တက်တူး အမှတ်တရကတော့ ကိုရန်လေး (ရန်အောင်) က စတာပဲ။ သူ အမေရိက က ပြန်လာတော့ တက်တူး စတစ်ကာတွေ ပါလာတယ်။ ကျွန်တော်က ညပွဲမှာကပ်ဖို့ အဲဒီ စတစ်ကာလေး တောင်းတော့ ကိုရန်လေးက ထိုးလိုက်ပေါ့၊ ယောက်ျားမဟုတ်တဲ့ အတိုင်းပဲတဲ့။ အဲဒါနဲ့ ကျွန်တော်လည်း မခံချင်စိတ်နဲ့ ညတွင်းချင်း လက်ကောက်ဝတ်မှာ သွားထိုးရော။ နောက်နေ့ ကိုရန်လေးနဲ့တွေ့တော့ အစ်ကို ကျွန်တော်ထိုးပြီးသွားပြီလို့ ပြလိုက်ရော ကိုရန်လေးက ဟာဟေ့လူ ကျွန်တော်က နောက်တာတဲ့။ အဲဒါက အမှတ်တရပဲ။ ကျွန်တော်ကတော့ တက်တူးဆိုတာ လူရဲ့ ခန္ဓာကိုယ် အရေပြားမှာရေးဆွဲရတဲ့ ကိုယ်ပိုင်ပန်းချီကား ပါပဲ။ တစ်သက်လုံး ပါမှာဖြစ်တဲ့အတွက်ကြောင့်လေ။ ပြန်ဖျက်ဖို့ ဆိုတာ အဆင်မှမပြေတာ"

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...