Wednesday, July 31, 2013

လင်ခန်း၊ မယားခန်း (ဖြစ်ခြင်း)

July 17, 2013 at 3:17am

ပြည်ထောင်စုမြန်မာနိုင်ငံ ဗုဒ္ဓဘာသာသာသနာသည် နိုင်ငံသားအများဆုံးကိုးကွယ်ရာ ဘာသာသာသနာ ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ၏ လက်ထပ်ထိမ်းမြားရေး၊ အမွေခွဲဝေရေး၊ သားသမီးမွေးစားရေး စသည့် မိသားစုကိစ္စ၊ အိမ်ထောင်မှုကိစ္စများကို မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဆုံးဖြတ်ရသည်။
အလားတူပင် အမှုသည်များသည် မိုဟာမေဒင်ဘာသာဝင် ဖြစ်လျှင် မိုဟာမေဒင်တရားဥပဒေအရ လည်းကောင်း၊ ဟိန္ဒူဘာသာဝင်ဖြစ်လျှင် ဟိန္ဒူတရားဥပဒေအရလည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်ဖြစ်လျှင် ခရစ်ယာန်တရားဥပဒေ အရလည်းကောင်း၊ ဆုံးဖြတ်ကြရသည်။ အမှုသည်များ၏ ယုံကြည်ကိုးကွယ်ရာဘာသာကိုလိုက် ဆုံးဖြတ်ရသော ကြောင့် ၄င်းဥပဒေကို ပုဂ္ဂလိကဆိုင်ရာ ဥပဒေဟုခေါ်သည်။


မြန်မာဓလေ့ထုံးတမ်းဥပဒေသည် နိုင်ငံတော်က ပုဒ်ထီးပုဒ်မများဖြင့် ပြဋ္ဌာန်းထားသော ဥပဒေမျိုးမဟုတ်ချေ၊ ပြည်သူအချင်းချင်းကြားတွင် နှစ်ရှည်လများစွဲမြဲစွာ အမြစ်တွယ်လာခဲ့သော ဓလေ့ထုံးတမ်းအစဉ်အလာများ၊ သဘောတူညီ ချက်များ၊ လူမှုရေးစည်းကမ်းများ၊ ကျင့်ဝတ်များဖြစ်သည်။ ၄င်းတို့ကို ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲပြုပြင် လိုက်နာ ကြရသည့် ဥပဒေမျိုးဖြစ်သည်။

မည်သူမဆို အသက်အရွယ်အလျောက် ဘ၀မျိုးစုံကို ဖြတ်သန်းခဲ့ကြရသည်။ သားငယ်၊ သမီးငယ်ဘ၀၊ ကျောင်းသားဘ၀၊ သတို့သမီးဘ၀၊ အိမ်ထောင်သည် လင်နှင့်မယားဘ၀၊ အမွေစားအမွေခံဘ၀၊ မိဘဘ၀၊ ဘိုးဘွားဘ၀၊ အမွေရှင်ဘ၀တို့ကို မလွဲမသွေဖြတ်သန်းကြရသည်။ ထို့ကြောင့် မိမိဘ၀ မိမိပါဝင်ကပြရမည့် အခန်းကဏ္ဍနှင့် သက်ဆိုင် သော မြန်မာဓလေ့ထုံးတမ်းဥပဒေပါ မူသဘောတရားများကို ရှင်းရှင်းလင်းလင်း သိထားသင့်သည်။
ဥပမာ- သားသမီး အမျိုးမျိုးအကြောင်း၊ ၄င်းတို့၏ အဆင့်အတန်းနှင့်အခွင့်အရေးများ ထိမ်းမြားလက်ထပ်ရန် ကတိပြုခြင်း၊ လက်ထပ်ခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ သားသမီးများထွန်းကားခြင်း၊ အမွေဆက်ခံခြင်း၊ မိမိပစ္စည်းများကို ပေးကမ်းခြင်း၊ လှူဒါန်းခြင်း၊ မိသားစုစီမံခန့်ခွဲခြင်းတို့ကို သိထားသင့်ပါသည်။

မိမိတို့၏ ဓလေ့ထုံးတမ်းဥပဒေကို မသိနားလည်သဖြင့်လည်းကောင်း၊ သူပြောလူပြော၊ ကြားဖူးနားဝ၊ ယောင်းဝါးဝါး အဆင့်မျှသာ သိကြသဖြင့်လည်းကောင်း၊ မြန်မာလူမျိုးများသည် တရားရုံးများ၌ အမွေမှု စွဲဆိုမှုများ တစ်နေ့ထက်တစ်နေ့ များပြားလာနေသည်။ ထိုအခါ ရှေ့နေကြီးများသည် ထိုအမွေမှုအဆီတုံးကြီးကို မြိန်ယှက်စွာ စားသုံးကာ မိမိတို့၏ သားသမီး များကို အင်္ဂလန်သို့ ရှေ့နေ၀တ်လုံဘွဲ့ယူရန် စေလွှတ်ကြလိမ့်မည်။ ထို့ကြောင့် မြန်မာလူမျိုးတိုင်း မိမိတို့၏ မိသားစု ဥပဒေပါပြဋ္ဌာန်းချက် အရှိတရား၊ ပကတိတရားတို့ကို နားလည်ကြပြီးလျှင် မဖြစ်သင့်သောအမှုကိစ္စများကို ရှောင်နိုင်ရှားနိုင် ကြပါမည်။

ဥပဒေ၏ အရင်းအမြစ်များ

မြန်မာဓလေ့ထုံးတမ်းဥပဒေ၏ အရင်းအမြစ်(၄)ခုရှိသည်။ ၄င်းတို့မှာ -

(က) ဓမ္မသတ်များ
ဥပမာ - မနုကျယ်ဓမ္မသတ်၊ ကင်းဝန်မင်းကြီးဦးကောင်း၏ အမွေမှုခန်းဓမ္မသတ်

( ခ) စီရင်ထုံးများ
နိုင်ငံ၏ အမြင့်ဆုံးတရားရုံးများဖြစ်သော၊ တရားလွှတ်တော်၊ တရားရုံးချုပ်၊ ဗဟိုတရားရုံး တရား လွှတ်တော်ချုပ်က ဆုံးဖြတ် ထုံးဖွဲ့ထားသည့် စီရင်ထုံးများ။

( ဂ) ဓလေ့ထုံးတမ်းများ
ပြည်သူတို့၏ ရှင်သန်နုပျိုပြောင်းလဲတိုးတက်နေသော ဓလေ့ထုံးတမ်းများ။

(ဃ) ပြဋ္ဌာန်းဥပဒေများ
တစ်ခါတစ်ရံ နိုင်ငံတော်က ၀င်ရောက် ဥပဒေများ ပြဋ္ဌာန်းပေးခြင်းသည်လည်း အရင်းအမြစ်တစ်ခုဖြစ် သည်။
ဥပမာ - ၁၉၃၉ ခုနှစ် ကိတ္တိမသားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေ၊ ၁၉၅၄ ခုနှစ်၊ ဗုဒ္မဘာသာမိန်းမ များ အထူးထိမ်းမြားရေးနှင့် အမွေဆက်ခံရေးအက်ဥပဒေ စသည်တို့ဖြစ်ပါသည်။

ဥပဒေနှင့်သက်ဆိုင်သူများ

မြန်မာဓလေ့ထုံးတမ်းဥပဒေသည် အောက်ပါပုဂ္ဖိုလ်များနှင့် သက်ဆိုင်သည်။

(က) မြန်မာနိုင်ငံတွင်နေထိုင်ပြီး ဗုဒ္မဘာသာကိုးကွယ်သူ တိုင်းရင်းသား (ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည်)အားလုံး။

( ခ) ဤနိုင်ငံရှိ မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့်------------ဖြစ်စေ၊ ဗုဒ္ဓဘာသာကိုးကွယ်သူ လူမျိုးခြား အားလုံး။

( ဂ) မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်မိန်းမအား မယားအဖြစ်ပေါင်းဖက်ထားသော ဗုဒ္ဓဘာသာဝင်မဟုတ်သူ (ခရစ်ယာန်၊ မဟာမေဒင်၊ ဟိန္ဒူ) ဘာသာခြား ယောက်ျားအားလုံး။

ထို့ကြောင့် ဗုဒ္မဘာသာဝင်မိန်းမအား မယားအဖြစ်ပေါင်းဖက်ထားသော ဘာသာခြားယောက်ျားများသည် ၄င်းတို့၏ ဘာသာတရားဥပဒေ ဘုရားကျမ်းစာများ၌ မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ ဤနိုင်ငံ၌ ၄င်းတို့ ဥပဒေအကျိုး မသက် ရောက်ချေ။ ၄င်းတို့၏ ဥပဒေအရ အဆုံးအဖြတ်မပေးရချေ။ ဤနိုင်ငံ၏ ဓလေ့ထုံးတမ်းဥပဒေအရသာ ဆုံးဖြတ်ရသည်။ ဤဥပဒေပြဋ္ဌာန်းချက်ကို မြန်မာအမျိုးသမီးများ မသိကြသဖြင့် လင်၏ဘာသာသို့ ကူးပြောင်းကိုးကွယ်မှသာ လင်မယား အဖြစ် တရားဝင်မည်ဟု ထင်ခဲ့ကြသည်။ ထို့ကြောင့် မိမိတို့၏ မိရိုးဖလာ ဗုဒ္မဘာသာကို စွန့်ကာ ဘာသာခြားသို့ကူးပြောင်း ကိုးကွယ်မှုများရှိလာခဲ့သည်။
ထိုဖြစ်စဉ်များကြောင့် စာဆို “ဒဂုံဆရာတင်” က အောက်ပါစာပိုဒ်ကို ရေးစပ်၍ သတိပေးဟန့်တားခဲ့ဖူးသည်။

“ငွေကိုယူသည် ရွှေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည် အမျိုးပျောက်မှ စိုးကြောက်လှသည်” (ဒဂုံဆရာတင်)

ဥပဒေကို သိနားလည်လျှင် ဥပဒေပြဋ္ဌာန်းချက်သည် ဤအတိုင်းမဟုတ်ပါ။ ဗုဒ္မဘာသာဝင်မိန်းမများသည် ဘာသာ ခြားလင်ကို လက်ထပ်သောအခါ၌ မိမိတို့ဘာသာကို စွန့်ရန်လည်းမလိုပါ။ လင်၏ ဘာသာခြားသို့ ကူးပြောင်းကိုးကွယ် ရန်လည်း မလိုပါ။ မိမိနှင့် ဘာသာခြားလင်တို့သည် မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်သူများဖြစ်ကြသဖြင့် နှစ်ဦး စလုံး ဗုဒ္မဘာသာဝင်များ ဖြစ်ကြသကဲ့သို့ တရားဝင်ပါသည်။ အကျိုးခံစားခွင့်ရှိပါသည်။

ထိမ်းမြားလက်ထပ်ခြင်း (လင်မယားဖြစ်ခြင်း)

“အိမ်ထောင်မှု ဘုရားတည်
ဆေးမင်ရည်စုတ်ထိုး
ဤသုံးမျိုး ချက်မပိုင်လျှင်
နောင်ပြင်နိုင် ခဲသည့်အမျိုး။” (မြ၀တီမင်းကြီးဦးစ)

၁။ မြန်မာတို့၏ ထိမ်းမြားလက်ထပ်ခြင်းသည် ဘာသာရေးနှင့် လုံးဝမပတ်သက်ချေ။ လောကီရေး၊ လူမှုရေး၊ မြန်မာမှုသက်သက် ဖြစ်သည်။

၂။ ထိမ်းမြားခြင်းတရားဝင်စေရန် ဘာသာရေး အခမ်းအနားမလို၊ လူမှုရေးအခမ်းအနားလည်းမလို၊ အခမ်း အနားမလုပ်လျှင်လည်း တရားဝင်သည်။ သို့သော် မြန်မာတို့သည် ဧည့်ခံကျွေးမွေးခြင်း၊ အလှူအတန်း ပြုခြင်းစသော ဓလေ့ထုံးစံများ ပြုလုပ်လေ့ရှိသည်။ (ဟိန္နူခရစ်ယာန်တို့၌ လက်ထပ်စဉ်က ဘာသာရေး အခမ်းအနား မပြုလုပ်ခဲ့လျှင် ရှစ်နှစ်၊ ၁၀ နှစ်ကြာ ပေါင်းသင်းကာ ကလေးခြောက်ယောက်၊ ရှစ်ယောက် ရသော်လည်း ၄င်းတို့သည် တရားဝင်လင်မယား မမြောက်ချေ။)

၃။ ယောက်ျား၏အသက်
လက်ထပ်မည့် ယောကျာ်းလေး၏ အသက်ကို ကန့်သတ်ထားခြင်းမရှိချေ။ ထို့ပြင် မိဘ၏ သဘောတူညီချက်လည်း မလိုချေ။ သို့သော် မိန်းမယူနိုင်သည့် လူပျိုဖော်ဝင်ရန်၊ ကျန်းမာသန်စွမ်း၊ အားကောင်းမောင်းသန် ဖြစ်ရန်လိုသည်။

၎။ မိန်းမ၏အသက်
  • (က) မိန်းမသည် (၁၄)နှစ်ထက် မငယ်ရ၊ ကလေးသူငယ်များ ထိမ်းမြားမှုတားမြစ်ရေး အက်ဥပဒေက တားမြစ်ထားခြင်းဖြစ်သည်။
  • ( ခ) (၁၄-၂၀)နှစ်အကြားဖြစ်လျှင် မိဘသဘောတူညီချက်လိုသည်။ အကြောင်းမှာ - ကင်းဝန်မင်းကြီး ဦးကောင်း၏ (၃၄)စောင်တွဲ အိမ်မှုခန်းဓမ္မသတ်၌ သားသမီးကျေးကျွန်တို့ကို (၁၅)နှစ်၊ (၁၆)နှစ် အရွယ်ရောက်လျှင် အိမ်ထောင်ချပေးရမည်။ အကယ်၍ ထိုအရွယ်တွင် အိမ်ထောင်ချမပေး သောကြောင့် သားသမီးများက မသင့်လျော်သည့် အမူပြုမိသော် သားသမီးတို့၏ အပြစ်မဟုတ်၊ မိဘတို့၏ အပြစ်ဖြစ်သည်  ဟု ရေးသားထားသည်။
  • ( ဂ) အသက်(၂၀)ကျော်လျှင် မိဘသဘောတူညီချက် ယူရန်မလိုတော့ချေ။ အကြောင်းမှာ ရာဇဗလ ဓမ္ဇသတ်၌ မိန်းမအရွယ်နှစ်ဆယ်၊ အသက်လွန်မှုကား၊ စောင့်ထိန်းအုပ်ချုပ်သူ အလိုမတူသော်လည်း ကြိုက်သော ယောက်ျားနှင့် အိမ်ထောင်သင့်နေပိုင်၏။ အဘယ်ကြောင့်ဟူမှုကား အချိန်အရွယ်ရှိခိုက် စောင့်ထိန်းအုပ်ချုပ်သူတို့ အိမ်ထောင်မချပေးသောကြောင့်တည်း ဟု ပါရှိ သောကြောင့် ဖြစ်သည်။
  • (ဃ) မုဆိုးမ၊ တစ်လင်ကွာဖြစ်ခဲ့ပြီးလျှင် မိဘ၏ ခွင့်ပြုချက် ထပ်ယူရန်မလို၊ 
ဥပမာ ပုစ္စာ။ ။ (၁၆)နှစ် မမိအေးသည် မိဘသဘောတူညီချက်အရ မောင်တုတ်နှင့်လက်ထပ်ခဲ့သည် (၁၇)နှစ်အရွယ်၌ မောင်တုတ်နှင့် ကွာရှင်းသည်။ (၁၈)နှစ်အရွယ်၌ မိအေး မောင်ထွားနှင့်ထပ်ယူသည်။ မိဘများ က သဘောမတူဟုဆိုကာ ကန့်ကွက်ကြသည်။ မိအေးသည် မိဘခွင့်ပြုချက် ထပ်ယူရန် မလိုချေ။ အကြောင်းမူ - မိအေးသည် မိဘထံမှ ယခင်က လက်ထပ်ခွင့်(လိုင်စင်)ရရှိခဲ့ပြီး ဖြစ်သည်။ နောက်ထပ်လိုင်စင်အသစ် ထပ်ယူရန်မလို။

၅။ မိန်းမ၌ မပြတ်စဲသေးသော လင်မရှိရ
ဤနိုင်ငံ၌ မိန်းမများအား လင်အများအပြားယူခွင့် ပြုမထားချေ။ မိန်းမ၌ ယခင်လင်ရှိနေပါက နောက်လင်အား တရားဝင်ထိမ်းမြားခြင်းမပြုနိုင်ပါ။ ထိမ်းမြားလျှင် ထိုသူနှစ်ဦးစလုံးသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၉၄-၄၉၇ အရ အပြစ် ပေးခံရမည်။ မိန်းမ၌ တည်ဆဲလင်မရှိမှသာ နောက်လူက ရှင်းရှင်းလင်းလင်း လက်ထပ်နိုင်မည်ဖြစ်သည်။ မီးပွိုင့်များ၌ မီးစိမ်းပြမှသာ အန္တရာယ်ကင်းပါသည်။ ယခင်လင်ကြီးငုတ်တုတ်ရှိနေပါက လမ်းမရှင်း အန္တရာယ်မကင်းပါ။ မီးနီပြထားသလို ဖြစ်ပါသည်။ မီးနီကို ဇွတ်ဖြတ်၍  မောင်းနှင်ပါက မောင်းသူသည် လူမိုက်ဖြစ်စေ၊ အာဏာရှင်ဖြစ်စေ၊ ကွန်မြူနစ်ဖြစ်စေ၊ ဥပဒေက ပြစ်ဒဏ်ချမည်။ ငုတ်တုတ်လင်ကြီးက ရိုက်လိမ့်မည်။ ထို့ကြောင့် မိန်းမ၌ လင်မရှိမှ၊ မီးစိမ်းပြမှ ထိမ်းမြားနိုင်ပါ သည်။ အမှုတစ်ခုတွင် ဒေါ်နန်းက ဦးခွန်အား လင်မယားအဖြစ် ပေါင်းသင်းလိုမှု(လင်ခေါ်လိုမှု) စွဲဆိုသည်။ အမှု၌ ဒေါ်နန်းတွင် တည်ဆဲလင် ဦးစန်းရှိနေကြောင်း ပေါ်ပေါက်ရာ ဒေါ်နန်း၏အမှုကို အရှုံးပေးခဲ့သည်။ အကြောင်းမှာ မိန်းမ တစ်ယောက်၌ တည်ဆဲလင်ရှိနေပါက နောက်ထပ်လင်ထပ်ယူနိုင်သည့် ဓလေ့ထုံးတမ်း ဤနိုင်ငံ၌ လုံးဝမရှိသောကြောင့် တည်း။
သို့သော် ယောက်ျားနှင့် မပြတ်စဲသေးသော မယား၊ တည်ဆဲမယားမရှိရဟု ပြဋ္ဌာန်းချက်မရှိချေ။ အထက်ပါ မိန်းမ အတွက် ပြဋ္ဌာန်းချက်သည် ယောက်ျားများနှင့်မသက်ဆိုင်ချေ။ အကြောင်းမှာ ရှေးဓမ္မသတ်များ၌ ယောက်ျားအား မယား အများယူသည်ကို ခွင့်ပြုထားသောကြောင့် ဖြစ်သည်။ (ယောက်ျားကောင်း မောင်းမတစ်ထောင်)။ ထို့ကြောင့် ရှေးဘုရင် များ၊ လူဂုဏ်တန်များ၊ ချမ်းသာသူများသည် မယားအများအပြား ယူခဲ့ကြောင်းတွေ့ရသည်။
သို့သော် သာမန်ပြည်သူပြည်သားများသည် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးသည့် ဓလေ့ထုံးတမ်းတွေ့ ရသည်။ မယားအများယူခြင်းကို လူ့အသိုက်အ၀န်း (ပြည်သူ့သဘောထား)က လက်မခံချေ။

ယောက်ျားတစ်ဦး တရားဝင် ယူနိုင်သည့် မယားအရေတွက် နှိုင်းယှဉ်ချက်ကို အောက်တွင် ဖော်ပြထားသည်။
  • ဟိန္နူယောက်ျား - ဘာသာတူ၊ ဇာတ်တူ မိန်းမ(၁)ဦး၊ 
  • ခရစ်ယာန်ယောက်ျား - ဘာသာတူ မိန်းမ(၁)ဦး၊ 
  • မဟာမေဒင်ယောက်ျား- ဘာသာတူ မိန်းမ(၄)ဦး၊ 
  • ဗုဒ္မဘာသာယောကျာ်း- လူမျိုးမရွေး၊ ဘာသာမရွေး၊ မိန်းမအကန့်အသတ်မရှိ ယူနိုင်သည်။

၆။ လက်ထပ်ပေါင်းသင်းမည့် ပုဂ္ဖိုလ်(ယောက်ျား၊ မိန်းမ)တစ်ဦးဦးဖြစ်စေ၊ နှစ်ဦးစလုံးဖြစ်စေ ရူးသွပ်သူ မဖြစ်စေရ။ အကြောင်းမှာ ရူးသွပ်သူများသည် တရားဝင်သဘောတူညီချက် မပေးနိုင်သောကြောင့် ဖြစ်သည် (အရူးမယားနှင့် အရူးမလင် - တရားမ၀င်)

၇။ လင်မယားအဖြစ် ပေါင်းသင်းရန် ကာယကံရှင် ယောက်ျားနှင့်မိန်းမတို့၏ လွတ်လပ်သော သဘောတူညီ ချက် ရှိရမည်။ အောက်ပါအချက်များ ကင်းရှင်းစွာဖြင့် သဘောတူညီမှသာ လွတ်လပ်သော သဘောတူညီချက်ဟု ခေါ်သည်။
(က) အနိုင်အထက်ပြုခြင်း၊ (ခ) မတရားသြဇာသုံးခြင်း၊ (ဂ) လိမ်လည်ခြင်း၊ (ဃ) အလွဲပြောဆိုခြင်း၊ (င) မှားယွင်းခြင်း

၈။ မိန်းကလေး၏ မိဘများက သဘောတူညီသော်လည်း ကာယကံရှင်မိန်းကလေးက သဘောမတူညီလျှင် ထိုထိမ်းမြားခြင်းသည် တရားမ၀င်၊ ထိမ်းမြားမည့် မိန်းကလေး၏ သဘောဆန္ဒ အရေးပါမှုအပေါ် ရှေးဓမ္ဇသတ်များ၊ စီရင် ထုံးများ၊ ဓလေ့ထုံးတမ်းများ၊ အစဉ်တစိုက် ပြောင်းလဲလာပုံကို ခေတ်သုံးခေတ်¸ အောက်ပါအတိုင်းတွေ့ရသည်။

  • (က) ပထမခေတ်(ပုဂံခေတ်) = မိဘသဘော သမီးလိုက်ရသောခေတ်၊ သမီးများသည် မိဘပေးစားသော ယောက်ျားကို ငြင်းဆိုခွင့်မရှိဘဲ ထိမ်းမြားလက်ထပ်ကြရသည်။ ထိုခေတ်¸ သမီး၏ သဘောဆန္ဒကိုလုံးဝ မစဉ်းစား လစ်လျူရှုခဲ့ကြသည်။ (မိဘသဘောခေတ်)
  • ( ခ) ဒုတိယခေတ် (ကုန်းဘောင်ခေတ်) = မိဘအစီအစဉ်ကို သမီးက ငြင်းဆိုခွင့်ရလာသောခေတ်၊ (သမီး ငယ်ပါသေးတယ်၊ မိဘကို လုပ်ကျွေးချင်ပါသေးတယ်၊ အဲဒီအဘိုးကြီးကို ကြောက်လွန်းလို့ပါ - စသည့်)
  • ( ဂ) တတိယခေတ် (ယနေ့ခေတ်) = သမီး နှစ်သက်သူကို မိဘက ပေးစားရသောခေတ်(သမီးသဘောခေတ်) (အမေ သမီးကို ရန်အောင်နဲ့ ပေးစားပါ၊ မပေးစားရင်လိုက်ပြေးမှာပဲ) (အိုသမီးရယ် ၀ါကျွတ်တဲအထိ ခဏအောင့်ထား ပါဦးနော်)
အထက်ပါ ခေတ်သုံးခေတ်၌ ပြည်သူများ၏ အတွေးအခေါ် ဓလေ့ထုံးတမ်းတို့သည် အစဉ်အမြဲ တိုးတက်ပြောင်းလဲ နေကြောင်း တွေ့ရသည်။ ထို့ပြင် ပြည်သူများ၏ ဆန္ဒအရ ရှေးဓမ္ဇသတ်များ၊ စီရင်ထုံးများ၊ ရှေးဓလေ့ထုံးတမ်းများနှင့် ပြဋ္ဌာန်းဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အစားထိုးခြင်းတို့ အစဉ်တစိုက် ပြုလေ့ရှိကြောင်း တွေ့ရသည်။

၉။ လင်မယားမြောက်ရန် ပေါင်းသင်းစပ်ယှက် လို-မလို ပြဿနာ
  • ၁၉၃၀ ခုနှစ်¸ ဖြစ်ပွားသော မလှမယ်နှင့် မောင်လှဘော်အမှုတွင် ၄င်းတို့နှစ်ဦး သဘောတူ၍ ထိမ်းမြားမင်္ဂလာ ပြုသည်။ မင်္ဂလာအခမ်းအနားအပြီး၌ လက်ဖွဲ့ငွေကိစ္စအငြင်းပွားရာမှ တစ်ညမှမပေါင်းလိုက်ရဘဲ ကွဲကွာသွားသည်။ နောင် မောင်လှဘော် က မလှမယ်အား မယားခေါ်လိုမှုစွဲဆိုရာ တရားလွှတ်တော်တရားဝန်ကြီး ”ဘဂ္ဖုလေ“ က ဓမ္ဇသတ် (၃)စောင်ပါမှု (အုံးအိပ်ရာစက်-ကာမဂုဏ်ဆက်ဆံ-ကာမစပ်မိ)ကို ကိုးကား၍ လင်မယားမြောက်ရန်ဖြစ်သည့် (စပ်ယှက်မှု) လိုသည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုမှုအတိုင်း နောင်နှစ်ပေါင်းများစွာ လိုက်နာခဲ့ရသည်။
  • ၁၉၇၂ ခုနှစ်¸ ဖြစ်ပွားသော ဒေါ်ခင်မြမာ (ခ)၊ မာမာနှင့် ဦးညွန့်လှိုင်အမှုတွင် ၄င်းတို့ထိမ်းမြားလက်ထပ်ပြီး (၅)ရက်ခန့် အတူနေကြသည်။ နောင် ဒေါ်ခင်မြမာ က ၄င်း၏ ဆွေမျိုးများအိမ် ဆင်းသွားသဖြင့် ဦးညွှန့်လှိုင်က “မယား ခေါ်လိုမှု” စွဲဆိုရာ ဒေါ်ခင်မြက ၄င်းတို့ပေါင်းသင်းစပ်ယှက်မှုမရှိသေး၍ လင်မယားမမြောက်ကြောင်း၊ ၄င်း၏ ဆေး သက်သေခံချက်နှင့် ဆရာဝန်မကြီး နှစ်ဦးတင်ပြ၍ အခိုင်အမာထုချေသည်။ ဦးညွှန့်လှိုင်က ဟိုဟာပြုပြီးကြောင်း ပြောသော်လည်း သက်သေမရှိ၊ တရားရုံးချုပ်က သဘောတူလက်ထပ်ပြီးလျှင် စပ်ယှက်မှုမရှိသော်လည်း လင်မယား မြောက်သည်။ ထို့ပြင် မလှမယ်နှင့် မောင်လှဘော် စီရင်ထုံးကို ပယ်ဖျက်လိုက်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ယခုအခါ လက်ထပ်ပြီး ဟိုဟာမပြုသေးသော်လည်း လင်မယားမြောက်ကြောင်း တွေ့ရသည်။ (အကြောင်းမှာ မင်္ဂလာဦး ည၌ှ၎င်းတို့ ဟိုဟာပြု-မပြု ပြည်သူများမသိနိုင်၊ သန်းခေါင်ကျော်၌ သတို့သားက (အောင်ပြီ)(အောင်ပြီ)ဟု ထ၍ အော်လျှင် သိနိုင်ပေမည်။)

စာဖတ်သူအတွက် ပုစ္စာ။ ။ မောင်ကံဆိုးနှင့် မဖြူတို့တရားရုံး၌ လက်ထပ်ကြသည်။ တရားရုံးမှ ပြန်အလာလမ်းတွင် ကားတိုက်၍ မောက်ကံဆိုး သေသည်။ မဖြူနှင့် မောင်ကံဆိုးတို့ လင်မယား မြောက် မမြောက်၊ မောင်ကံဆိုး၏ အမွေကို မဖြူရနိုင်၊ မရနိုင် စီရင်ထုံးကိုးကား၍ ဖြေဆိုပါ။

(လင်ခန်း မယားခန်း ပြတ်ခြင်းကို ဆက်လက်ဖော်ပြပါမည်)

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
ဥပဒေ ဒိုင်ယာရီ

လင်ခန်း မယားခန်း ပြန်စဲခြင်း
https://www.facebook.com/notes/u-tun-kyi/%E1%80%9C%E1%80%84%E1%80%B9%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%9A%E1%80%AC%E1%80%B8%E1%80%81%E1%80%94%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%90%E1%80%B9%E1%80%85%E1%80%B2%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8/220128148138002?comment_id=752043&offset=0&total_comments=1&ref=notif&notif_t=note_comment

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...