Saturday, July 27, 2013

မီးခြစ်ဆံတစ်ချောင်း ခြစ်မိတဲ့ နေ့

July 27, 2013 at 8:51pm
 
သူမီးခြစ်ဆံတစ်ချောင်း ဖြစ်သွားတဲ့ညက မိုးအကြီးကြီး ရွာတယ်။ ပန်းချီကားထဲမှာ အစိမ်းရောင်ဟာ သူ့အတွက် မီးကို စတင်တွေ့ရှိသူ ဖြစ်ခဲ့တယ်။ သူ့ ခြေထောက်တစ်ချောင်း ပျောက်သွားကတည်းက သူပန်းချီတွေပဲ ထိုင်ဆွဲနေခဲ့တာ ကြာခဲ့ပြီ။ အဲဒီခြေထောက် တစ်ချောင်းဟာ ပင်လယ်ကမ်းစပ်ဆီက လှိုင်းတွေ ခိုးသွားတာ။
အဲဒါဟာ တကယ်ရော ဟုတ်ရဲ့လားလို့တော့ သူ သံသယလည်း ဖြစ်ခဲ့ပါလိမ့်မယ်။ တကယ်လို့များပေါ့ ။ ခင်ဗျား မီးခြစ်ဆံဖူးထဲမှာ ယမ်းလွန်ကဲနေတဲ့ မီးခြစ်ဆံကို တွေ့ခဲ့ရင် အဲဒါကို ခင်ဗျား ရှောင်ပါ။ အဲဒီ မီးခြစ်ဆံဟာ သူပဲ သေချာလိမ့်မယ်။ သူဟာ လိုအပ်သည်ထက် ခင်ဗျားကို လောင်ကျွမ်းခြင်းပြုလိမ့်မယ်။ ခင်ဗျားကိုယ် ခင်ဗျားပါ လောင်ကျွမ်းခြင်းခံရတဲ့ အထိပေါ့။

ဒီစကားတွေကို ဒီမှာတင် ကျွန်တော် ရပ်လိုက်ဖို့သင့်ပြီ။ ဒါဟာ ကျွန်တော်ရဲ့ လီဆယ်မှုတွေကို စကားလုံး အတတ်ပညာတွေလား၊ ၀ါကျ အထားအသိုတွေလား၊ နာမ်စား အသုံးအနှုန်းတွေကြောင့်လား မသိ။ ထပ်ပြောရရင် ကျွန်တော့် လီဆယ်မှုတွေကို စနစ်တကျ တပ်ဆင်ထားတာ။ ဒီစကားတွေကို ဒီမှာ ကျွန်တော် ရပ်သင့်ပြီ။ ဒီဝါကျတွေဟာ ပင်လယ်တောင်ပံခတ်သံတွေ နဲ့ တည်ဆောက်ခဲ့တယ်။ ဒီဝါကျတွေဟာ ကောင်းကင်လှေလှော်သံတွေနဲ့ ခင်ဗျားဆီ ပျံဝဲလာလိမ့်မယ်။ အတိတ်တွေ ဖြစ်စေ၊ အနာဂတ်တွေ ဖြစ်စေ။ ခင်ဗျားအနေနဲ့ နားကို အချိန်ကာလနဲ့ တပြေးညီ မလွတ်တမ်း ထောင်ထားရလိမ့်မယ်။
ခင်ဗျား လမ်းလျှောက်ပါ။ စနစ်တကျ လမ်းလျှောက်နည်းကို သင်ယူပါ။ လမ်းလျှောက်ရင် လက်တွေကို လှုပ်ခါပါ။ ရင်ကို ကော့ထားပါ။ ခေါင်းကို မော့ထားပါ။ ပြီးတော့ မျက်လုံးတွေ ဖွင့်၊ နားတွေ စွင့်ထားပါ။ ဒါဆို သေချာပြီ။ လူတွေဟာ ခင်ဗျား အ၀တ်ဗလာနဲ့ လမ်းလျှောက်လာတာ ဘယ်သူမှ မရိပ်မိတော့ဘူး။ ခင်ဗျားမှာ နာရီတစ်လုံးပါသလား။ ခင်ဗျားမှာ အချိန်မပြတဲ့ နာရီတစ်လုံး ရှိနေသလား။ ခုမှ ကြောင်တောင်တောင်နဲ့ လက်ကို ငုံမကြည့်ပါနဲ့။ ခင်ဗျားလက်တွေဟာ နာရီတစ်လုံးတင်စာ နေရာအလွတ်မရှိတော့ဘူး။ ခင်ဗျားလက်တွေမှာ ဒဏ်ရာတွေချည်းပါလား။ မိဘက ပေး၊ ချစ်သူကပေး၊ အပေါင်းအသင်းတွေကပေး၊ နောက်ဆုံး တိုင်းပြည်ကပေးတဲ့ ဒဏ်ရာတွေချည်းပေါ့။

(လာပါ .. ကျွန်တော်တို့  ဒဏ်ရာချင်း လက်ဆွဲ နှုတ်ဆက်ရအောင်)
(ပြောစရာရှိတာ ပြောပါ။ လုပ်စရာရှိတာ လုပ်ပြီးတဲ့ အချိန်မှ)

တိတ်တဆိတ်ပဲ သူဗူးတွေကို လိုက်လံရှာဖွေနေတယ်။ သူ့လို မီးခြစ်ဆံတစ်ချောင်းအနေနဲ့ ကျန်တဲ့ မီးခြစ်ဆံရောရော၊ ယမ်းရောရော တွေနဲ့ မပူးပေါင်းနိုင်တာ သေချာနေပြီ။ ဒီတော့ ဘာလုပ်မလဲ။ သူ ဗူးတွေ၊ မီးခြစ်ဆံထည့်တဲ့ ဗူးတွေကို လိုက်ရှာနေတုန်းပဲ။ ခက်တာဟာ သူခြေထောက် တစ်ချောင်းတည်းနဲ့ ခုန်ဆွဆွ ဖြစ်နေတယ်။ မီးခြစ်ဆံဗူးများ။ အနီရောင်ရှိတဲ့ မီးခြစ်ဆံ ဗူးတွေကို သူတွေ့ပေါင်း များပြီ။ ပြီးတော့ အညိုရောင်ပေါ့။ သူမုန်းတဲ့ အရောင်။ မီးခြစ်ဆံဗူးဟာ ဘယ်လို အရောင်ရှိသင့်လဲ။ သူမသိဘူး။ သူလိုချင်တာ ခရမ်းရင့်ရောင် မီးခြစ်ဆံဗူးပဲ။ သူမတွေ့ဘူး။ သူမတွေ့တာလား။ သူ့ပန်းချီကားထဲက အရောင်တွေ မတွေ့တာလား။ ပျောက်သွားတဲ့ ခြေထောက် တစ်ချောင်းက မတွေ့တာလား။ သူမသေချာပြန်ဘူး။ ခက်နေပြီ။
ကျွန်တော် ရေသန့်ဗူးခွံတစ်ခုကို တက်နင်းလိုက်တဲ့အခါ ထွက်ရှိလာတဲ့ အသံမျိုးနဲ့ ပါဒ တစ်ပိုဒ်ကို ရုံတင်သွင်းချင်တာ လောဘကြီးလွန်းနေမလား။ ခင်ဗျားဘက်က လိုက်လျောဖို့တော့ လိုအပ်မယ်။ ဟုတ်တယ်မလား။ ခင်ဗျား ခု ခေါင်းတစ်လုံးတည်းနဲ့ မလုံလောက်ရင် နောက်ထပ် ခေါင်းတစ်လုံး ထပ်ပေးမယ်။ နှစ်လုံးပေါင်းပြီး စဉ်းစားလေ။ တွေးခေါ်လေ။ သုံးသပ်လေဗျာ။

(ကဲ .. ရော့)
(ဒါက ဘာလုပ်ဖို့လဲ)
(ဒါက ခွေးတစ်ကောင်ရဲ့ ခေါင်း
ခင်ဗျား လည်ပင်းပေါ် နောက်တစ်လုံး တပ်ထားလိုက်)
(ဘာ!!!!!)

ခင်ဗျား စိတ်မဆိုးနဲ့။ ကျွန်တော် ၀ါကျတွေဟာ မြှားပစ်သလို သွားချင်မှ သွားမယ်။ ခင်ဗျား လိုက်ဖမ်းဖို့တော့ လိုမယ်။ ခဏတာပါပဲ။ ဟုတ်တယ်။ လူ့ဘ၀ဆိုတာ စေတန်တွေ စိတ်မဆိုးခင် ခင်ဗျား မြန်မြန်သာ သေလိုက်ပါ။ အဲဒါဟာလည်း အနိုင်ယူနည်း တစ်မျိုးပါပဲ။ ခုပဲ ကြည့်စမ်း။ ပြောရင်း ဆိုရင်း ခင်ဗျား အမြီးပေါက်လာပြီပဲ။ ငုံ့မကြည့်နဲ့ ခင်ဗျား။ ခင်ဗျားအရင်လို မဟုတ်တော့ဘူး။ ငုံကြည့်လိုက်ရင် ကိုယ့်အမြီးကိုယ် အားမလိုအားမရ ဖြစ်လာစိတ်တွေ ပေါက်လာတော့မယ်။

(လာပါ .. ကျွန်တော်တို့ အမြီးချင်း လက်ဆွဲ နှုတ်ဆက်ရအောင်)
(ပြောစရာရှိတာ ပြောပါ လုပ်စရာရှိတာ လုပ်ပြီးတဲ့ အချိန်မှ)

သူ ခရမ်းရင့်ရောင် မီးခြစ်ဆံဖူးကို တွေ့သွားပြီ။ သူအထဲကို ခေါင်းလွတ်ရုံ ငုံ့ပြီး လျှောခနဲ ၀င်သွားတယ်။ အထဲမှာ သူတစ်ယောက်တည်း။ တခြား မီးခြစ်ဆံတွေ မပါကြဘူး။ ဒါဘယ်လို ဖြစ်ရတာလဲ။ ဒါမဖြစ်သင့်ဘူးလို့ သူထင်သွားတယ်။ မီးခြစ်ဆံဖူးတွေမှာ မီးခြစ်ဆံ ဘယ်နှစ်ချောင်းပါလဲ။ အတိအကျ သူမသိပေမယ့် သူတစ်ချောင်းတည်း ပါနေတာတော့ ဒါ မီးခြစ်ဆံလောကကို စော်ကားတာပဲ။ သူ သိပ်ကို ဒေါသ ထွက်သွားတယ်။ တခြားမီးခြစ်ဆံတွေက အနီရောင်မီးခြစ်ဆံဗူးတွေကိုပဲ ရွေးချယ်ထားကြလို့များလား။ သူရွေးမိတဲ့ အရောင်ဟာ ခရမ်းရင့်ရောင်။ ခရမ်းရင့်ရောင် မီးခြစ်ဆံဗူးဆိုတာ ဒီကမ္ဘာပေါ်မှာ ရှိရော ရှိရဲ့လား။ သူတွေဝေလာ။ သူခေါင်းကို လွတ်ရုံလေးနဲ့ အပြင်ကို ပြန်ထွက် ကြည့်လိုက်တယ်။

(ဒါဟာ မီးခြစ်ဆံဗူး မဟုတ်ဘူး)
(ဒါဟာ ခရမ်းရင့်ရောင် ညနေခင်းတစ်ခုပဲ)

သူဟာ ငြိမ်ငြိမ်လေး၊ ၀ပ်ဝပ်လေးနဲ့ ခေါင်းလေးပုပြီး အဲဒီ ညနေခင်းထဲ ပြန်ဝင်နေလိုက်တယ်။

(ခင်ဗျား ယုံပါ)
(ခင်ဗျား အမြီး နှံ့မနေပါနဲ့)
(ခင်ဗျား……..)
(ခ)(င်)(ဗ)(ျ) (ာ)(း)
(ခင်)
(ဗျား)
(ခေါင်းမှာ)
(ခွေးခေါင်းဟာ)
(လူ)(လို)
(လူလို)
မစဉ်းစားပါနဲ့။ ကျွန်တော်တို့ ခွေးတစ်ကောင်လို စဉ်းစားရမယ့် ဖြစ်ရပ်တွေ ရှိတယ်။ ကျွန်တော်တို့ အမြီးတွေနဲ့ ကျွန်တော်တို့ မြေပြင်ကြီးကို ပုတ်ခတ်လှုပ်နိုးရမယ့် အချိန်တွေ ရှိတယ်။ လိုအပ်ရင် ခြေထောက်တစ်ချောင်းကို ဖြတ်ပြီး ခုန်ဆွဆွနဲ့ ရူးချင်ယောင်ဆောင်ရမယ့် နေ့စွဲတွေ ရှိလိမ့်ဦးမယ်။ ဒီကမ္ဘာဟာ
(ခင်ဗျား ထင်သလောက်)
(မရိုးသားဘူး)
(။)


ရင်နင့်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...