Tuesday, July 30, 2013

ဝင်လေ ထွက်လေ တစ်ခုတည်းသာ စူးစိုက်မှတ်ရတာမဟုတ် (Not only Breathing)

(ဆရာတော် ဒေါက်တာ ဦးဓမ္မသာမိ၏ "Different Aspects of Mindfulness (1999)" မှ ဘာသာပြန်ထားပါသည်။)

ဒီနေရာမှာ ဆွေးနွေးချင်တာက တရားမှတ်ရာမှာ ထွက်သက်ဝင်သက်သာ အရှုခံအာရုံမှန်ဖြစ်တယ်၊ အခြားအာရုံသို့ စိတ်ရောက်နေလျှင် မမှန်ဆိုတာ အတွေးအမြင်ပေါ်တတ်ပုံနှင့် ယင်းအတွေးအမြင်က သတိတရားအစစ်အမှန် တည်ဆောက်ရာမှာ အနှောင့်အယှက်ဖြစ်တတ်ပုံတို့ဖြစ်ပါတယ်။

တရားမှတ်ရာမှာ ရှုမှတ်နိုင်တဲ့ အရှုခံအာရုံတွေ အများကြီးရှိပါတယ်။ ဥပမာ…ထွက်လေ၀င်လေ၊ ၀မ်းဗိုက်ဖောင်းပိန်၊ ဓါတ်ကြီး ၄ပါး(ရေ၊မြေ၊လေ၊မီး)၊ အရောင်(သို့) ဗုဒ္ဓမြတ်စွာဘုရားကို စိတ်ထဲမှပုံဖေါ်ခြင်း စသည်တို့ဖြစ်ပါတယ်။ ထိုရှုမှတ်စရာအဖြာဖြာတို့ဟာ ရုပ်တရားတွေဖြစ်ပြီး အများအားဖြင့် တရားထိုင်ခါစ အသစ်သမားတွေကို ပေးလေ့ရှိပါတယ်။ ဒီရှုမှတ်စရာအာရုံတွေထဲက တစ်ခုခုကို အသုံးပြုပြီး သမာဓိထူထောင်ဖို့  ကြိုးစားခြင်းဖြစ်ပါတယ်။ ဘယ်အာရုံ စတင်ရှုမှတ်ရမယ်ဆိုတာ တရားပြဆရာအပေါ်မှာ မူတည်တယ်။ များသောအားဖြင့် ထွက်လေ၀င်လေကို ပထမဆုံးပေးလေ့ရှိပါတယ်။ တရားကျင့်သူက ဒီထွက်လေ၀င်လေကို တဆက်တည်း ရှုသိမှတ်နေမယ်ဆိုရင် အာရုံစူးစိုက်မှု သမာဓိအားပိုကောင်းလာမယ်။

ဒါ့ကြောင့် သူက တရားထိုင်တယ်ဆိုတာ ထွက်လေ၀င်လေကို မှတ်တာပါလားလို့ အတွေးဝင်လာတတ်တယ်။ ဒီထင်မြင်ချက်က မမှားပေမဲ့ လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝကြောင့် ထိုသူက တရားထိုင်တာကို ထွက်လေ၀င်လေ မှတ်တာတစ်ခုတည်းနဲ့ပဲ ဆက်စပ်လာတယ်။ ထွက်လေ၀င်လေမှအပ အခြားအရှုခံအာရုံတွေကို ရှုမှတ်နိုင်ကောင်းမှန်းလည်း မစဉ်းစားတော့ဘူး။ ဒါ့ကြောင့် အခြားခံစားမှုအာရုံတွေ အထူးသဖြင့် နာကျင်မှုဖြစ်ပေါ်လာလျှင် စိတ်မသက်မသာ ဖြစ်လာမယ်။ ဒေါသရင်လည်းဖြစ်မယ်။ 

အဲဒီလိုပဲ အခြားစိတ်အာရုံများဖြစ်တဲ့ အတွေးများ၊ စိတ်ခံစားမှုများနှင့် စိတ်မတည်ငြိမ်မှုဆိုတဲ့ အရှုခံအာရုံများနဲ့လည်း သူ့ရဲ့စိတ်က သက်တောင့်သက်သာရှိမှာ မဟုတ်တော့ဘူး။ ထွက်လေ၀င်လေမှအပ အခြားအာရုံပေါ် စိတ်စူးစိုက်ရှုကြည့်တာကို တရားမှတ်နေတယ်လို့ မယူဆတော့ဘူး။ ဒီလိုနဲ့ နာကျင်မှုများ၊ စိတ်ခံစားမှုများနဲ့ အတွေးများကို တွန်းကန်ဖယ်ရှားလိုတဲ့စိတ် တိုးသထက်တိုးပြီး ပြင်းထန်လာနိုင်တယ်။ အဲဒီတွန်းကန်တဲ့စိတ်က အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့အတွက် စိတ်လေ့ကျင့်မှုကို နှောင့်နှေးစေပါတယ်။ လက်ခံမည့်အစား တွန်းကန်နေလိမ့်မည်။ 

ဒီနေရာမှာ အသိစိတ်ကို ဖုံးအုပ်ထားတာက တရားထိုင်တာ ထွက်လေ၀င်လေ တစ်ခုတည်းကို ရှုမှတ်မှသာ ဖြစ်နိုင်မယ်ဆိုတဲ့အတွေးပဲ။ ဒီအတွေးအမြင်ဟာ သမာဓိရအောင် ရိုးရိုးသားသားကြိုးစားရာကနေ ဖြစ်ပေါ်လာတာ။ ဒီလိုထင်မြင်ချက်မျိုးဟာ အင်မတန်သိမ့်မွေ့တဲ့ စွဲလန်းမှုတမျိုးပါ။ ဒီလိုစွဲလန်းမှုမျိုး ဖုံးလွှမ်းထားတဲ့စိတ်ဟာ ပျော့ပျောင်းမှုမရှိပါဘူး။ တွန်းကန်ခြင်းသာရှိမယ်။ ဒီစိတ်မျိုးက ကောင်းတယ် မကောင်းဘူးဆိုတဲ့ အတွေးအမြင်မျိုးဖန်တီးပြီး အဲဒီအတွေးအမြင်ထောင်ထဲမှာပဲ ပိတ်လှောင်မိနေမယ်။ ဒီလိုဖြစ်နေရင် သတိနှင့်သမာဓိကို တည်ဆောက်ရန် လုံးပန်းမှုရဲ့ အဟန့်အတားဖြစ်နိုင်တယ်။ 

တချို့လူတွေက တရားထိုင်ချိန်မှာ အချိန်တော်တော်ကြာ ထွက်လေ၀င်လေကို ရှုမှတ်နိုင်ပေမဲ့ တရားမထိုင်တဲ့အချိန်တွေမှာဆို သူတို့ရဲ့စိတ်ခံစားမှုကို ထိန်းနိုင်ဖို့တော့ အတော့်ကိုခက်ခဲတယ်။ အဲဒါကြောင့် သူတို့ရဲ့စိတ်ခံစားမှုနောက်ကို လွယ်လွယ်ကူကူ မျောပါသွားတတ်ကြတယ်။ သူတို့ရဲ့စိတ်ခံစားမှုကို သူတို့မထိန်းနိုင်ဘူး။ သူတို့ရဲ့ကျင့်ကြံမှုထဲမှာ ပုံသေဆန်ပြီး ပျော့ပြောင်းမှုမရှိတဲ့ အရာတွေကြောင့်ပေါ့။ ပြဿနာကတော့ သူတို့တွေက သတိထက်သမာဓိကို ပိုအလေးပေးကြလို့ပါပဲ။ ဒီလိုပုဂ္ဂိုလ်မျိုးအတွက် ၀ိပဿနာတရားထိုင်မှုဆိုတာ သူတို့ဖီလင်ကောင်း ရဖို့လောက်သာ ဖြစ်လာတော့တယ်။ နေ့စဉ်ဘ၀ကို တက်ကြွတဲ့အမြင်နဲ့ ရင်ဆိုင်နိုင်ဖို့ စိတ်ကိုလေ့ကျင့် သွန်သင်တဲ့ အလုပ်မဟုတ်တော့။ ၀င်လေထွက်လေ ရှုမှတ်ရာကနေ ရရှိလာတဲ့ သမာဓိက ရံခါစိတ်ကို ငြိမ်းချမ်းစေပြီး ရံခါမှာတော့ စိတ်ကိုတင်းမာစေတယ်။ အဲဒီလို အခြေအနေမျိုးတွေ့ခဲ့ရင် လုပ်ရမှာက အရှုခံအာရုံ တစ်ခုထက်ပိုပြီး စူးစိုက်ရှုမှတ်ပေးဖို့ လိုအပ်တယ်။ ပစ္စုပ္ပန်တဲ့တဲ့မှာဖြစ်ပေါ်လာတဲ့ ဝေဒနာနဲ့ အတွေးများကို ပိုဂရုစိုက်ပြီး ရှုမှတ်ပေးရမယ်။ အဲဒီ ဝေဒနာနှင့် အတွေးများကိုလည်း အနှောင့်အယှက်ပေးတဲ့ အရာတွေလို့ မမြင်ပါနဲ့။ ထွက်လေ၀င်လေလိုပဲ တရားရှုမှတ်ရာမှာ အသုံးဝင်တဲ့ အရှုခံအာရုံတွေအဖြစ် သဘောထားပါ။ 

ထွက်လေ၀င်လေ၊ ၀မ်းဗိုက်အဖောင်းအပိန်၊ ဓါတ်ကြီး ၄ပါး(ရေ၊ မြေ၊ လေ၊ မီး)၊ အရောင်(သို့) ဗုဒ္ဓမြတ်စွာဘုရားကို စိတ်မှာပုံဖေါ်ခြင်း ဆိုတဲ့အရာတွေကသာ တရားရှုမှတ်လို့ရနိုင်တာမဟုတ်ဘူး။ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊စိတ်) ဆိုတဲ့ တံခါးခြောက်ပေါက်ကနေ ၀င်လာတဲ့ အခြားအတွေးများ၊ စိတ်ခံစားမှုများနှင့် အသံတို့ကလည်း တရားရှုမှတ်လို့ကောင်းတဲ့ အာရုံတွေပါပဲ။ ထိုအာရုံတွေကို ရှုမှတ်ဖို့ ခက်ခဲနေရင် တရားစမထိုင်ခင်ကတည်းက ကိုယ့်ကိုယ်ကို ဒီလိုသတိပေးဖို့လိုအပ်တယ်။" ထွက်လေ၀င်လေ တစ်ခုတည်းနှင့်သာ တရားမှတ်လို့ရတာမဟုတ်၊ ထွက်သက်ဝင်သက်ကိုမှတ်မှ တရားမှတ်တာမဟုတ်ဘူး" ဆိုတာလေ။ ၀ိပဿနာဆိုတာ ထွက်သက်ဝင်သက်ကို မှတ်တာထက် အများကြီးပိုပါတယ်။ ၀ိပဿနာတရား မှတ်တယ်ဆိုတာ ပထမဆုံး သတိကိုတည်ထောင်ဖို့၊ ပြီးတော့ အဲဒီသတိနဲ့ နေ့တဓူဝ ဘ၀အတွေ့အကြုံတွေကို အရင်ကမကြည့်ဖူးတဲ့ ရှု့ဒေါင့်ကနေ ကြည့်နိုင်ဖို့ဖြစ်ပါတယ်။ အဲဒီအမြင်သစ်က ဘာလဲဆိုတော့ နေ့စဉ်ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့ နှင့် မငြင်းပယ်ဖို့ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို သူဖြစ်တဲ့အတိုင်း မြင်ဖို့နဲ့ ကိုယ်လိုချင်ရာဘက်ကို စိတ်ကူးပြီး မကြည့်ဖို့ဖြစ်ပါတယ်။ 

ဝိပဿနာလုပ်ငန်းက ထွက်လေ၀င်လေမျှသာ မဟုတ်ပါဘူး။ ၀ိပဿနာရဲ့ ရည်ရွယ်ချက်က နေ့စဉ်ဘ၀ရဲ့ သဘာဝအစစ်အမှန်အထိ ထိုးဖေါက်ကြည့်နိုင်ဖို့ပါပဲ။ ၀ိပဿနာစိတ်လေ့ကျင့်ခန်းရဲ့ သဘောက လူတွေကို သူတို့ရဲ့နေ့စဉ်လုပ်ငန်းနဲ့ ခွဲပစ်ဖို့မဟုတ်ဘူး။ တကယ်တော့ သူတို့ရဲ့နေ့စဉ်လုပ်ငန်းတွေကို ပိုပြီး စိတ်ချမ်းသာစွာ ဆောင်ရွက်နိုင်တဲ့အရည်အသွေး မြှင့်တင်ဖို့သာ ဖြစ်တယ်။ ၀ိပဿနာကို ထွက်လေ၀င်လေ တစ်ခုတည်းအပေါ်မှာသာ အာရုံစူးစိုက်ရမယ့် စိတ်လေ့ကျင့်ခန်းတစ်ခုလို့ မသတ်မှတ်ပါနဲ့။  

(ဆက်လက်မျှဝေပါအုံးမည်။)      

စစ်မှန်သော ဓမ္မများကို မိမိရဲ့အစ္ဇျတ္တအထိ ဆောင်ယူကျင့်သုံးနိုင်ကြပါစေ။

နီနီဝင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...