ထမင်းတစ်လုပ်
ဆိုင်ကယ်နှစ်စီး ကယ်ရီ
တောင်းနှစ်တောင်းစီ ဘေးမှာချိပ်
ကုန်စိမ်းနဲ့ငါးအမှီ
ဥာဉ့်နှစ်ချက် အရောက်သွား...။
အမှောင်လွှမ်းတဲ့ မြို့တော်
မင်းနေပြည် ခစားခဲ့
လမ်းမီးတိုင်နဲ့ လမ်းဘေးခွေး
လူ မလေးကြတော့ဘူး...။
ဘက္ကဒက်ကို ဗုံးကျဲမဲ့အစ္စရေး
ဒီအချိန် မအိပ်သေး
မြို့ပေါ်မှာ နှစ်မိနစ်သာအချိန်ရ
ပြာကျမှကောင်းကင်ယံ
အလံထူလွှင့်ခဲ့...။
ဖတ်ဖတ်မောနေရှာတဲ့
တို့တိုင်းပြည်
စားဝတ်နေရေးထက်
အသိအတွေးကို
အချိန်မပေးခဲ့တာ ကြာပေါ့...။
“ ယ္ခင် ”
ဥသြသံကြား အာဇာနည်နေ့လားဟဲ့
အလံသည်အဖွဲ့လေ့ကျင့်ရေးပြင်ဆင်
လမ်းတွင်ပိတ်ဆို့မှ
ဘာလဲဟ ဒီလူတွေ ဘေးလူကိုမေးမြန်း
လွတ်လပ်ရေးအကြို
အလံတော်လက်ဆင့်ကမ်းမှ
သြော်....မနက်ဖြန်
လွတ်လပ်ရေးနေ့တဲ့လား?....။
“ ယ္ခု ”
မသိပေါင်ကွယ် တို့များ
မော်တော်ပီကယ် ခဏခဏတား
လူကြီးလာမှာမို့ ကွင်းရှောင်ခိုင်း
သွားရမဲ့လမ်းတောင်
မမှတ်မိတော့....။
ဘယ်လူကြီး ဘယ်နိုင်ငံ
တို့မသိနိုင်
ဆေးရုံကား အရေးပေါ်
ဥသြဆော် မီးသတ်ကား
တလွှားလွှား ခြိမ်းခြောက်
ရွာရောက်မှ စိတ်အေးတော့တယ်...။
လေးဖက်ချ မြင်းလိုပ
ကဆုန်ဆိုင်းနှင်ကာ ဈေးဝယ်ရ
ရွာလဲအရောက် မိုးလဲအလင်း
အာရုဏ်ဆွမ်း ချက်ဟင်းအမှီ
လတ်ဆတ်တဲ့ အသီးအရွက်
ငါးရောင်းဖို့ ထွက်....။
သြော်.......
နေ့စဉ်မပြတ်
ထမင်းမငတ်ဖို့
ဓါတ်ဆီဖိုး ပြုတ်ပြုတ်
တာယာစုပ် လဲလဲ
မင်းတို့ မြို့ပေါ် အချိန်မတော်
လာနေရဦးမှာပါကွယ်....။...။
ကိုစိုးမိုး ( ၂၀ ဂျူလိုင် ၂၀၁၃ )
( ၄ နာရီ ၃ မိနစ် AM )
0 comments:
Post a Comment