Saturday, July 27, 2013

“အိပ်ရေးမဝသေးတဲ့ စနေနေ့” (စိမ်းခက်စိုး)

July 27, 2013 at 7:30am

မနက်က ဆွမ်းချက်ရန် ထတော်မူပါ ဘွန်တော….ဆိုပြီး ရပ်ကွက်ဆွမ်းလောင်းရုံမှ လူငယ်များ လမ်းတွင် လာအော်မှ ကျွန်တော် မအိပ်ဖြစ်ပဲ ညထဲမြောလာတာကို သတိထားမိသည်။ သိပ်မကြာပါ နယ်မှ ညကားဖြင့်ပြန်လာပြီး အစောကြီး ပြန်ရောက်လာသော သူငယ်ချင်းက တံခါးလာဖွင့်ပေးရန် ဖုန်းဆက် လာသဖြင့် တွေးလက်စများပြတ်ခါ သူ့ကိုတံခါးဖွင့်ပေး ပြီးလျှင် အိပ်မှဖြစ်မည်ဟု ဆုံးဖြတ်ချက်ချမိသည်။



သူငယ်ချင်းကိုတံခါးသွားဖွင့်ပေးတော့ သူနဲ့အတူ ဒူးရင်းသီးနံ့များကိုပါသယ်လာသည်။ နယ်မှ ဒူးရင်းသီးများဝယ်လာခြင်း ဖြစ်ပြီး ကျွန်တော်တို့အတွက်မဟုတ်ပဲ သူ့ကောင်မလေးအတွက်ဟု ပြောလာသည်။ ဒူးရင်းသီးနံ့နှင့် ကျွန်တော်တို့အတွက် မဟုတ်ဆို သည်က အိပ်ချိန်လွန်နေသော ကျွန်တော့်ကို သိပ်မဖြားယောင်းနိုင်ခဲ့ပါ။ သူ့အနေနဲ့ ဒူးရင်းသီးများဟာ ကျွန်တော် တို့အတွက်မ ဟုတ်ပဲ သူ့ကောင်မလေးအတွက်လို့ ကြိုတင်စကားခံထားသည့်တိုင် သူဝယ်လာသော ဒူးရင်းသီး ဆယ်လုံး သည် အိမ်ကို ငါးလုံး သာပါလာတော့သည်။ လမ်းမှာတည်းက နှိုက်ယူစားသုံးသွားများနှင့် သူကြုံခဲ့ရပြီးပြီ။ လိုလိုမယ်မယ် ပြောထားသည်ဆိုသော်လည်း ကျွန်တော်တို့စားချင်သည်ဆိုပါက သူ့အနေနှင့် မကျေနပ်သည့်တိုင် လက်ခံရမည်မှာလည်း သေချာပါသည်။ ဤ အခန်းသည် နယ် စည်းမခြား လု့ယက်စားသူများနေထိုင်သော အခန်းဖြစ်သည်။


ကျွန်တော့် အိပ်ယာထဲမှ ဖွင့်လျက်သားကွန်ပျူတာ၊ ဖတ်လက်စစာအုပ်များကို တွေ့တော့မှ အဝတ်အစားလဲရင် မင်းက အခုထိမ အိပ်သေးဘူးလားဟု ကျွန်တော့်ကိုမေးရင်း သူ့အိပ်ယာပေါ်အဝတ်အစားမလဲပဲ လှဲချအိပ်ပစ်သည်။ မနက်ကျရင် ကောင်မလေးနဲ့ ချိန်းထားသေးတယ်ဟု လည်း ဂါထာတစ်ပုဒ်လို ရွတ်ပြီးအိပ်ယာဝင်သွားသည်။ ကျွန်တော်က ဖတ်လက်စ သံတော်ဆင့် အဖတ် စဉ်ဂျာနယ်ထဲမှ ဦးဝီရသူကို အင်တာဗျူးထားသော ဆောင်းပါးကို နောက်တစ်ကြိမ်ထပ်ဖတ်ရင်း ပြုံးစ စဖြစ်မိသည်။ ငါ အိပ်မှဖြစ်
တော့မယ်ဟုလည်း မသိစိတ်က ကိုယ့်ကိုယ်ကိုသတိပေးနေသည်။ ကျွန်တော့်က ညသည် အိပ်ဖို့တစ်ခုတည်းသက်သက်နဲ့ ဖွဲ့တ ည်ဖြစ်ပျက်နေတာမဟုတ်ဟု လက်ခံထားသောသူများထဲက တစ်ယောက်ဖြစ်သည်။ သို့သော် ခန္ဓာဗေဒသည် အိပ်ဖို့လိုအပ်လာ တဲ့အခါ တောင်းဆိုမှုများရှိလာသည်။ ထိုအခါမျိုးတွင်တော့ ကျွန်တော့်ရဲ့ ညထဲ မှာ ရွက်တိုက်စီးမြောခြင်းကို အိပ်မက်ထဲမှာ ဆက်လုပ်နေလေ့ရှိသည်။


မနက်အိပ်ယာနိုးတော့ ဆယ်နာရီခွဲခါနီးနေပြီဖြစ်သည်။ အခန်းဖော်သူငယ်ချစ်တစ်ယောက်နဲ့ ညကပြန်လာတဲ့တစ်ယောက် က တစ်ယောက်နဲ့တစ်ယောက်စနောက်ရင်း နပန်းလုံးနေသည်။ ပြီးတော့ ဗိုက်ဆာတယ်။ လ္ဘက်ရည်ဆိုင်သွားမည် မြန်မြန် လုပ်ဟု ကျွန်တော့်ကို မီးထိုးပေးနေသည်။ ပုံမှန်ဆိုရင် ဖုန်းမှာ အင်တာနက်ရပြီးတည်းက အိပ်ယာနိုးနိုးခြင်း မေးလ်စစ်၊ သီချင်းတစ်ပုဒ် ပုဒ်ဒေါင်းပြီးမှ တစ်ခုခုထလုပ်တတ်သည်။ ကဗျာတော့ အိပ်ယာနိုးနိုးချင်းဖတ်ခဲသည်။ ဘာကြောင့်လဲဆို တော့ အိပ်ယာနိုးနိုးချင်း ကဗျာဖတ်မိလို့ အခန့်မသင့်ပဲ ကဗျာကပေးသောမုဒ်ကြောင့် လုပ်စရာရှိတာ ဆက်မလုပ်တော့ပဲ တစ်နေ ကုန် သို့မဟုတ် နာရီ အတော်ကြာ ပြန်မြောသွားတတ်သဖြင့် အလုပ်နောက်ကျ၊ ပတ်ဝန်ကျင် နဲ့လွတ် စတာမျိုးတွေ မကြာခဏဖြစ်တတ်သလို၊ ကဗျာ
ရေးချင်လာတဲ့ အခါမျိုးဆိုပိုဆိုးသည်။ အချိန်တွေကို ပြန်မေ့သွား၊ လုပ်စရာရှိတာများကို ပြန်မေ့သွားပြီး လွင့်မြောက်နေတတ်သဖြင့် မနက်စောစောကဗျာဖတ်ခြင်းအမှုကို ကိုယ့်ကိုယ်ကို ကန့်သတ်တားမြစ်ထားရသည်။


ရေမိုးချိုးပြီး လ္ဘက်ရည်ဆိုင်ထွက်လာကြရင်း လမ်းမှာ အရင်က အလုပ်အတူတူလုပ်ခဲ့ဖူးတဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ လမ်းမှာ
တွေ့တော့ သူ့ကိုပါ သူတက်မည့်သင်တန်းကို အတင်းဖျက်ခိုင်းပြီး ကျွန်တော်တို့နှင့်အတူ ဆိုင်လိုက်ထိုင်စေသည်။ မနက်စောစောက ချစ်သူကိုပါးစပ်ဖျားမှာမချသော သူငယ်ချင်းလည်း ဖုန်းကိုပင်စက်ပိတ်လိုက်သည်။ အခြေအနေကိုသုံး သပ်ရလျှင် ကျွန်တော်တို့ ဒီဆိုင်မှာ နာရီအနည်းငယ်မျှကြာတော့မည့် လက္ခဏာများဖြစ်သည်။ ဒါကြောင့် လိုလိုပိုပို ဆိုင်ထဲ လာရောင်းသော ဂျာနယ်သမားထံ မှ အပတ်စဉ်ထုတ် ဿဲဗွိုက်ဂျာနယ်တစ်စောင်ကောက်ဝယ်ထားလိုက်သည်။ ကျွန်တော့်မှာ တခါတရံစကားလုံးများများစားစား မရှိ တတ်တာကြာပြီဖြစ်သည်။ သို့ကြောင့် သူတို့ဝိုင်းထဲမှာ အချိန်ကုန်ရန်မှာ ကျွန်တော့်အတွက် သူတို့ဝိုင်းထဲကနေ သူတို့နားက မခွာပဲ အပြင်ထွက်လျောက်စရာလမ်းတစ်ခုခုရှိနေမှဖြစ်မည်။ တစ်ယောက်တည်းထပြန်လျှင်လည်း ဝိုင်းဆဲတာ၊ တားတာခံရမည်မှာသေ ချာသည်။


ကျွန်တော် သူတို့ကိုခေါ်လာသော ဆိုင်နာမည်မှ လမ်း(Street) ဆိုတဲ့ လ္ဘက်ရည်ဆိုင်အသစ်လေးဖြစ်သည်။ မှတ်မှတ်ရရ ကျွန်တော် နဲ့ မျက်နှာချင်းဆိုင် စားပွဲဝိုင်းတွင် အချိန်တော်တော်ကြာထိုင်သောကောင်မလေးသည် ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးနှင့် တော်တော်
ရုပ်ဆင်သည့်အပြင်၊ အလွန်တိုသော စကတ်လေးကို ဝတ်ထားတာ ကျွန်တော်တစ်ယောက်တည်း တင်မက ကျွန်တော်နဲ့ တစ်ခြမ်း တည်းထိုင်သော သူငယ်ချင်းပါ သတိထားမိပြီး ကျွန်တော့်ကို သူက တိုးတိုးလေးကပ်ပြော သည်။ အမှန်က သူမပြောခင်တည်းက ကျွန်တော်က သတိထားမိနေပြီးသားဖြစ်သည်။ သူပြမှ မြင်သည့်အထာနှင့် ကောင် မ လေးက မိဘများ ခွင့်ပြုချက်ဖြင့် ကားမောင်း ခွင့်ရသည့်ချာတိတ်တစ်ယောက်အထာဖြင့် သေသေချာချာ ဂရုတစိုက်ကို ကြည့် လိုက်သည်။ နံနက်ခင်းသည် အိပ်ချင်စိတ် သိပ် မပြေသေးသော်လည်း ထိုသို့လည်း အမှတ်မထင်လှနေတတ်သည်။


အိမ်ပြန်ရောက်တော့ စိတ်လိုလက်ရရှိတာရော၊ မီးလာနေတာရောကြောင့် (မီးပျက်-မီးလာဆိုတဲ့ စကားလုံးကို နောက် လူတွေ ချက်ချင်းနားမလည်တဲ့ ခေတ်ကြီး တစ်ခေတ်ကို ပိုင်ဆိုင်ကြပါစေလို့လည်း တဆက်တည်းတွေးမိသည်) မနက်ဖြန် ပွဲတစ်ခုသွားလျှင် ဝတ်မည့် အဝတ်အစားများကို မီးပူထိုးလိုက်သည်။ သူငယ်ချင်းက သူ့ကောင်မလေးအတွက် ဒူးရင်းသီး များကို ဂျာနယ်အဟောင်း များဖြင့် ထုတ်နေသည်။ ထိုဂျာနယ်အဟောင်းများကို ကျွန်တော့်စာအုပ်ပုံးပေါ်ကနေ သူတောင်း ယူသွားခြင်းဖြစ်သည်။ ကျွန်တော် ငယ်ငယ်အဝတ်အစားများ မီးပူထိုးထားပြီး ကော့တောင့်နေလျှင် မဝတ်တတ်ပေ။ အ ဝတ်အစားကို ချေပြီးမှ ပြန်ဝတ်သဖြင့် အမေ ဆူတာ ခဏခဏခံရတတ်သည်။ နောက်ပိုင်းအလုပ်ခွင်ထဲဝင်လာမှ လုပ်ဖော် ကိုင်ဖက် သူငယ်ချင်းများ(အထူးသဖြင့် မိန်းကလေး သူငယ်ချင်းများက နင်ဒီအတိုင်းဆို ဘယ်မိန်းမမှ နင့်အနားကပ်မှာ မဟုတ်ဘူး ဆိုသဖြင့်) ဆုံးမမှ မီးပူတိုက်အဝတ်ကို စတင်ဝတ်ဖြစ် ခဲ့သလို၊ ခုအခါမှာတော့ ကိုယ်တိုင် မီးပူတိုက်ကာ အဝတ်များ ဝတ်လာသည်အထိ အဆင့်တက်လာခြင်းဖြစ်သည်။ မိန်းမလေးများ အနားမကပ်မှာ ကြောက်လို့တော့မဟုတ် ပါ။ သို့သော် သူတို့နှင့် ခင်ခင်မင်မင်ဆက်ဆံရလျှင်တော့ ပုရိသတစ်ယောက်အနေနှင့်
ကျေနပ်ပျော်ရွှင်တတ်ပါသည်။ တစ် ခါတလေ ထို့ထက်ပိုပါသည်။ တစ်ခါတလေ သာမန်သာဖြစ်သည်။ မနက်ဖြန် ကျွန်တော်သွား မည့် ပွဲတော်မှာ ငြိမ်းချမ်းရေး ပွဲတော်ဖြစ်ပြီး သုဝဏ္ဏမိုးလုံလေလုံကွင်းတွင် နှစ်ရက်တာကျင်းပနေခြင်းဖြစ်ပါသည်။


ပြီးခဲ့သည့် တပတ်က ဒုက္ခသည်စခန်းတစ်ခုတွင် မှီခိုနေသော သူတစ်ယောက်ဆေးကြောင်ပြီး စခန်းတာဝန်ခံကို ရန်ပြုသည့် အ တွက် စခန်းတာဝန်ခံ ခြေလက်များပြတ်ပြီး ဆေးရုံကိုအရေးပေါ်တင်ထားလိုက်ရကြောင်း သတင်းကို အစည်းအဝေးတစ် ခုလုပ်နေ စဉ် အတွင်း ကျွန်တော်တို့ဆီသတင်းဝင်လာသည်။ စစ်၏ ဘေးထွက်ဆိုးကျိုးများကား ဆက်တိုက်လာနေစဲဖြစ် သည်။ ဆွေးနွေးပွဲ များပြီးသွားတိုင်း ဆွေးနွေးကြသူလူကြီးများထိုင်သွားသော စားပွဲခုံများကို မည်သို့ဆေးကြောကြသည်၊ မည်သည့်ဆပ်ပြာဖြင့် ဆေး
ကြောသည်ကို သိချင်မိသည်။ ငြိမ်းချမ်းရေးဆွေးနွေးသော အပြုံးများ၊ စကားလုံးများပိုင်ရှင်များ သည်ပင် အရင်က သေနတ်မောင်း
ဖြုတ်ဖို့ စခန်းသိမ်းဖို့ ဗျူဟာများချမှန်ခဲ့ကြသည်မဟုတ်ပါလား။ သို့ရာတွင် သူတို့ရဲ့ လိုလိုချင်ချင် ပြောဆိုဆွေးနွေးမှုကိုတော့ လျော့ ရဲမသွားအောင် ဝိုင်းဝန်းပေးဖို့ အထူးလိုအပ်လှပြန်သည်။


ယနေ့နဲ့ မနက်ဖြန်မှာ လုပ်နေသော၊ လုပ်နေကြသော ငြိမ်းချမ်းရေးပွဲနှင့် ငြိမ်းချမ်းရေးပွဲမှာပါဝင်သူများကတော့ စစ်ကိုမုန်း တီးလက် မခံနိုင်သူ လူငယ်၊ လူလတ်များ၊ အသိဥာဏ်မြင့်သူများ၊ နှလုံးသားကြီးသူများဖြစ်သည်။ တချို့ကတော့ သာမန်ပဲ ပွဲပျော်လို့ လာမည့် သူများ၊ စတိတ်ရှိုးကြိုက်လို့ ဝင်နွှဲမည့်သူများလည်း ရှိမည်ထင်ပါသည်။ လူဆိုတာ ကိုယ့်အသိဥာဏ်နဲ့ ကိုယ့်နှလုံးသား လက်ခံမှု အပေါ်မှာပဲ အသက်ရှုပုံမှန်ဖြစ်ကြသူများဖြစ်သည်။ လူ့လွတ်လပ်ခွင့်အရလည်း မိမိခံစားမှု၊ ယုံ ကြည်မှုအတိုင်း နေထိုင်ခွင့်ရှိနေ သည် မဟုတ်လား။ သို့သော် အမှားလုပ်သူများကို ဖျက်သိမ်းဖို့၊ နောက်ဆုတ်စေဖို့ ထိုသို့ သောပွဲများ များများ လိုသည်တော့အမှန် ပင်ဖြစ်သည်။ တစ်ချိန်က လမ်းတကာတွင် တင်ထားသော သုံးကြောင်းသာပါသည့် ဆိုင်းဘုတ်များသည် ကျွန်တော်တို့ မသိစိတ် တွင် စွဲခိုနေသလိုမျိုး ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ပွဲတော်များ မှတ်ဥာဏ်နှိုးမှုများ၊ သတိပေးမှုများ အကြိမ်ကြိမ်အ ထပ်ထပ်လုပ်ပါမှ ကျွန်တော်တို့နောင်မျိုးဆက်မှာ ရှက်တတ်သူများပေါ် လာပြီး၊ အကျိုးတရားလည်း ပီပြင်လာမည်ဖြစ်သည်။


ဒါတွေကို စာချစီနေရင်း လက်ညောင်းလာတဲ့အခါ အွန်လိုင်းပေါ်လည်း တက်ပြီးကဗျာတွေလိုက်ဖတ်တော့ ကဗျာဆရာမ အယ်နီရဲ့ ဒီကဗျာလေးကိုဖတ်မိတယ်။ အဲဒါနဲ့ ကူးပြီး ကိုယ့်မှတ်စုထဲကောက်ထည့်လိုက်တယ်။ သူလည်း ကိုယ့်လိုပဲ စာလုံး ပေါင်းအလွဲတွေနဲ့ ကဗျာကောင်းတွေ ခပ်တည်တည်ရေးတတ်တာသတိထားမိတယ်။ ကဗျာလေးက ချစ်စရာလေးမို့ ကိုယ့် စနေနေ့မှတ်စုထဲမှာ ထည့်ဖြစ်အောင်ထည့်ပလိုက်တယ်။ ကဗျာနာမည်က “အလွမ်းတဆစ်ချိုး”တဲ့ ( ကျွန်တော့် စနေနေ့အတွက် လှလွန်းသော ကဗျာ
လေးဖြစ်နေသည်။)


အိပ်ယာကနိုးတော့
စံပယ်ရောင်တွေတောင်လင်းနေပြန်ပေါ့
အရပ်ကြိုးပြတ် စနေဟာ
အလွမ်းတဆစ်ချိုးရဲ့ နောက်ဆုံးတရက်လဲဖြစ်တယ်။

မပျံသန်းဖြစ်တာကြာပြီဆိုတော့
ဒီတောင်ပံကို ဘယ်ဘက်ကစပြီး ခပ်ရမလဲ
ဘယ်ညာစီးချက်တွေ မညီခဲ့ရင်တောင် ပျံသန်းခြင်းမှာ ပျော်နေမိမှာပါ။

တောင်တန်းရယ် ပင်လယ်ရယ် သစ်တောအုပ်စိမ်းစိမ်းလေးရယ်ကို ဖြတ်ကျော်မယ်။

အဲ့ဒိအရပ်မှာ
သစ်ရွက်ကလေး၂၉ခုနဲ့  ချစ်သူ့ နာမည်ပုံဖော်ရေးမယ်။
ကိုယ့်နာမည်ရေးထားတဲ့ ကိတ်မုန့် လေးတစ်လုံးကို အစိတ်စိတ်ခွဲမယ်။
မတော်တဆတိုက်ခိုက်မိတဲ့ စကားလုံးတိုင်းကို ဆေးထည့်ပေးခဲ့မယ်။

အဲ့ဒိအရပ်ကပြန်ရင်
အသစ်စက်စက်အလွမ်းတွေ နားထောင်ပေးဖို့ 
လက်ဆောင်ရမဲ့ ဝက်ဝံရုပ်ကလေးကို
အရပ်ကြိုးပြတ် စနေနေ့ တွေ ထံပြန်ခေါ်လာခဲ့မယ်။

အယ်နီ


တကယ်တော့ ဘာမှမဟုတ်ပါ။ ဒီနေ့အခန်းမှာ လူစုံသဖြင့် ကျွန်တော် အိပ်ရေးဝဝ မအိပ်ရပါ။ စာလည်းရေးချင်နေသည်။ ဘာရေး ချင်မှန်းလည်းမသိသဖြင့် ကျွန်တော့်တစ်နေ့တာကို စာချစီကြည့်ခြင်းလည်းဖြစ်သည်။ စနေ၊ တနင်္ဂနွေနေ့တွေဟာ အလုပ်ပိတ်ရက်
ဖြစ်တဲ့အတွက် အဲလိုယောင်တိယောင်နဖြင့် တခါတလေကုန်ဆုံးသွားတတ်သည်။ စိတ်ကူးတွေ လျှောက်လွှတ် ထားတတ်သူ တစ်
ယောက်ရဲ့ စနေနေ့တစ်နေသာဖြစ်သည်။ အမှန်တော့ ဘာမှမဟုတ်ပါ။



စိမ်းခက်စိုး
(စနေနေ့) ဇူလိုင်လ ၂၇၊ ၂၀၁၃
ည - ၀၈း ၄၆ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...