Monday, July 15, 2013

ဗိုလ်ချုပ်ပြောတဲ့ ကွန်မြူနစ်ပါတီအကြောင်း

ဗိုလ်ချုပ်ပြောတဲ့ ကွန်မြူနစ်ပါတီအကြောင်း (၁)

July 10, 2013 at 7:55pm


ယနေ့ အစည်းအဝေးကတော့ အများသိတဲ့အတိုင်းပဲ ဖဆပလက ကွန်မြူနစ်တွေကို ဘာပြုလို့
ထုတ်ပစ်ရတယ် ဆိုတဲ့အကြောင်း ရှင်းပြဖို့ပါပဲ။ ဒီအကြောင်းတွေ ပြောရမယ်ဆိုရင် အများကြီးပဲ။
ကျုပ်လဲ စီကာစဉ်ကာ ပြောနေဖို့ အချိန်မရဘူး။ ခင်ဗျားတို့လည်း နေပူမှာ သိပ်ကြာကြာ နေနိုင်မှာ
မဟုတ်ဘူး။ နောက်ကြောင်းတွေကိုပဲ ပြန်ပြောသင့်သလောက် ပြောရမယ်။


ဖဆပလ အဖွဲ့ချုပ်ဟာ အားလုံးသိပြီး ဖြစ်ကြမှာပဲ။ ဂျပန်ခေတ်မှာ တိတ်တိတ်ပုန်း ပေါ်လာတယ်။
ဒီအဖွဲ့ချုပ်ကြီးရဲ့ ဝါဒလုပ်ငန်းစဉ် အရပ်ရပ်ကို ကျွန်တော်ပဲ စတင်စီမံပြီး ကျွန်တော်နဲ့ တပ်မတော်ရဲ့
ကောင်းမှုကြောင့် ဂျပန်တွေပြန်ချဖို့ဆိုတဲ့ လုပ်ငန်းဟာ အဲဒီကျမှပဲ ကျကျနန ဖြစ်လာတော့တယ်။

အစတုန်းကဆိုရင် ကွန်မြူနစ်တွေဆိုတာလဲ မပြောပလောက်ပါဘူး။ အလုပ်လဲပဲ တကယ်မရှိပါဘူး။
ပြီးတော့ သူတို့ဝါဒကလည်း အင်္ဂလိပ်လာရင် လက်နက်ချလိုက်ဆိုတဲ့ ဝါဒလောက်ပဲ ရှိတယ်။

အဲဒါနဲ့ ကျုပ်တို့နဲ့ တွဲမိမှ ဒီလိုမဖြစ်နိုင်ဘူး။ ဂျပန်ကိုတော်လှန်ဖို့ အပြင်းအထန် စီစဉ်ရမယ်။ လူထု
လုပ်ငန်းတွေလည်း ထက်ကြပ်လုပ်နိုင်အောင် စီစဉ်ရမယ်။ ဗမာလူထုတွေ ဖွဲ့စည်းနိုင်သလောက်
ဖွဲ့စည်းပြီး လက်နက်ရနိုင်သလောက် လက်နက်စွဲကိုင်ခိုင်းပြီး လုပ်ထားမှ ဂျပန်ကို ချပြီးတဲ့နောက်
လွတ်လပ်ရေးအင်အားစု ဖြစ်လာနိုင်မယ်။ ဒီလိုမဟုတ်ရင် ပခုံးပြောင်းတဲ့ အလုပ်လောက်သာ
ဖြစ်မယ်လို့ ကျုပ်တို့ ပြောခဲ့တယ်။

အဲဒီတော့ သူတို့လုပ်ငန်းစဉ် နည်းမှန်လာတယ်။ ဒါတောင် တကယ့်တကယ် လုပ်ကြတမ်းဆိုတဲ့
အရေးကြတော့ ဆန့်ငင်ဆန့်ငင်နဲ့ မလုပ်ရဲ၊ မကိုင်ရဲဖြစ်ပြီး လက်နက်နဲ့ ထကြွပုန်ကန်ဖို့ အပြင်း
အထန် စီစဉ်ရမယ်လို့ ကျုပ်ပြောတာကို သခင်သန်းထွန်းနဲ့ ကွန်မြူနစ် ခေါင်းဆောင်တချို့က
ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ အနုပဋိလောမ ဝါဒနည်းနဲ့က မကိုက်ဘူးလို့ ပြောကြသေးတယ်။

ဒါနဲ့ ကျုပ်တို့နဲ့ လုပ်ကြတော့မှ ကျုပ်တို့ရဲ့ လူအင်အား၊ ငွေအင်အား၊ လက်နက်အင်အား၊
ဉာဏ်အားတွေနဲ့ ဂျပန်ချမယ့် လုပ်ငန်းအစီအစဉ်များ တွင်ကျယ်လာတယ်။ ဒီလို ဖြစ်လာတယ်
ဆိုရင်ပဲ နားတောင်းရောင်ကြောင့် ပါးပြောင်ဆိုတာလို ကွန်မြူနစ်တွေလည်း တက်လာတာပဲ။
ကျွန်တော်တို့ကလဲ ကွန်မြူနစ်ဝါဒကို မပစ်ပယ်တော့ သူတို့ ဒီလိုတက်လာတာကိုလဲ ဘာမှ မနာလို
မရှိပါဘူး။ သူတို့ချည်း ဟိုဟာဒီဟာတွေကို လုပ်သလို အသားယူသွားတာတွေကိုလဲ ဘာမှ
မချေပပါဘူး။ သူတို့ ညစ်တာတွေ ခြေထိုးတာတွေ ကလိမ်ကျတာတွေကို အများကြီး မကျေနပ်
ပေမယ့် အချင်းချင်းသာ အတွင်းရေးလောက်ပဲ ပြောကြတယ်။

အပြင်ကို မထုတ်ပါဘူး။ သူတို့ကတော့ ဒီလိုမဟုတ်ဘူး။ ပေးထားတဲ့ ကတိတွေဖျက်၊ အတူတူ
ဆုံးဖြတ်တော့ တစ်မျိုး၊ လုပ်တော့တစ်မျိုး၊ ဒါတင်မကဘူး။ မဟာမိတ်တွေဆီကို လူလွှတ်လို့ပဲ
ဖြစ်ဖြစ်၊ မဟာမိတ်တွေဆီက ရတဲ့လက်နက်နဲ့ ရွှေငွေ အကူအညီတွေကို သူတို့ချည်းပဲ
ကျိတ်လုပ်ကြတယ်။ အဲဒါနဲ့ မပြီးသေးပဲနဲ့ ကျွန်တော်တို့ကိုပဲ မျက်ကန်းမျိုးချစ်တွေ၊ သွေဖည်ရေး
သမားတွေ၊ ဖက်ဆစ်သမားတွေ အစရှိသဖြင့် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ကျုပ်တို့
ကွယ်ရာလဲ ဆဲသေးတယ်။

အထူးသဖြင့် အင်္ဂလိပ် စစ်တပ်တွေ ပြန်ဝင်လာတဲ့အခါ ဆိုရှယ်လစ်တွေက လက်နက်စုတယ်။
တပ်မတော်က ဘာတွေလုပ်နေတယ်။ အင်္ဂလိပ်ကိုပြန်ချဖို့ လုပ်နေတယ်လို့ စာရေးဝေလိုဝေ၊
စစ်အုပ်ချုပ်ရေးနဲ့ ပင်းလိုပင်း လုပ်ကြတယ်။ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ ဗမာ့တပ်မတော် ဆိုလို့ရှိရင်
ဖျက်ဖို့ တိုက်တွန်းကြတယ်။ ကျုပ်ဆီမှာ သခင်စိုးကရေးပြီး သခင်သန်းထွန်း လက်မှတ်ထိုးထားတဲ့
စာတစ်စောင် ရှိသေးတယ်။ အဲဒါတွေလဲ ကျုပ်တို့ အင်မတန် သည်းခံရတယ်။ သူတို့အလိုလိုက်ပြီး
လက်နက်ချရမယ်ဆိုလို့ လက်နက်တွေ ချလိုက်ရတယ်။

ကျုပ်တို့ ကန္ဒီသွားတုန်းကဆိုရင် ကိုသိန်းဖေက တပ်မတော်ကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားတို့
လက်နက်အားကိုး မလုပ်စေချင်ဘူး။ အေးအေးချမ်းချမ်း ပြုပြင် ပြန်လည်ထူထောင်ရေး
လုပ်ငန်းတွေကို လုပ်ဖို့လိုတယ်။ လွတ်လပ်ရေးကို အေးချမ်းသာယာစွာပဲ အရယူဖို့ ပြောသေးတယ်။
အဲဒီလို သူတို့က ဗမာတိုင်းပြည်ကို သစ္စာဖောက်ခဲ့တဲ့ အင်္ဂလိပ်အလိုတော်ရိ လမ်းတွေကိုလိုက်ခဲ့လို့
ခုထိ ကျုပ်တို့လိုက်ပြီး ဗမာပြည်နိုင်ငံရေးကို ဆယ်နေရတုန်းပဲ။ အင်္ဂလိပ်တွေ ဝင်လာကာစက
ကျုပ်သာ လက်နက်ကိုင်ပြီး သူပုန်ထချင်ရင် မခက်ခဲပါဘူးလို့ ဘုရင်ခံဟောင်း ဆာဒေါ်မန်စမစ်က
လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ဘိလပ်မှာ ပြောခဲ့တယ်။ ကျုပ်ရဲ့ အကြံအစည်တွေဟာလဲ ဒီတုန်းက
ဘယ်လိုရှိတယ် ဆိုတာဟာ စာရွက်စာတမ်းတွေ ရှိတန်သလောက် ရှိပါသေးတယ်။ အခု
ဒေါ်မန်စမစ် ပြောသလို လက်နက်နဲ့ ထချဖို့ မခဲယဉ်းဘဲနဲ့ ကျုပ်တို့ ဘာလို့ မလုပ်သလဲ
ဆိုတာကိုသာ ဒေါ်မန်စမစ် သိခဲ့ရင် သူ့မိန့်ခွန်းထဲမှာ ဗြိတိသျှအင်ပါယာကြီးက သခင်စိုး၊
သခင်သန်းထွန်း၊ ကိုသိန်းဖေတို့ကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ဦးမှာပဲ။

ဒီလို သစ္စာဖောက် လုပ်ငန်းတွေကတစ်ဖက်၊ ကျုပ်တို့ အလုပ်လုပ်တဲ့ အချင်းချင်းတွေကို
ခြေထိုးတာတွေ၊ ကလိမ်ကျတာတွေက တစ်ဖက်၊ အဲဒီဟာမျိုးတွေလုပ်ပြီး သူတို့ပါတီ ကြီးပွားအောင်
လက်ဦးရင် ပြီးရောဆိုပြီး ဟိုဆိုင်းဘုတ်တင်၊ ဒီဆိုင်းဘုတ်တွေတင်၊ သူတို့လူတွေက နေရာတကာမှာ
ဝင်ပြီး ကြိုးကိုင်ထား၊ ဒီပြင်လူတွေကို ကန်ထုတ်သလိုလုပ်။ ဖဆပလတို့ ကျုပ်နာမည်တို့ကို
ရောင်တော်ပြန် သုံးစွဲပြီး သူတို့အားစုတာနဲ့ လူထုအစည်းအရုံး စင်ပြိုင်တွေပေါ်၊ လူထုထဲမှာလဲ
ရှုပ်ရှုပ်ထွေးထွေးဖြစ်၊ ပါတီတွေကလဲ ဟိုကပေါ်၊ ဒီကပေါ်၊ ဖဆပလ လုပ်ငန်းဆိုလဲပဲ ဖဆပလထဲမှာ
သူတို့တစ်တွေ အများအပြား ရာထူးယူထားပေမယ့် ဘာမှ မလုပ်ဘူး။ ပစ်ထားတယ်။ သူတို့ပါတီ
လုပ်ငန်းတွေကိုပဲ လုပ်ကြတယ်။

အဲဒါနဲ့ ဖဆပလ လုပ်ငန်းတွေဟာ မတွင်ကျယ်ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့သာ မှန်တယ်။ ဒိပြင်
လူတွေက မမှန်ဘူးဆိုပြီး နေရာတကာမှာ တင်စီးတင်စား လုပ်တယ်။ အဲဒါနဲ့ ကျုပ် သူတို့ကို
မေတ္တာနဲ့ပဲ အကြိမ်ကြိမ်အခါခါ သတိပေးတယ်။ ခင်ဗျားတို့ ဒါမျိုးလုပ်ရင် ဖဆပလကြီးကွဲလို့
ခင်ဗျားတို့တက်မယ် ထင်လို့လား။ ခင်ဗျားတို့ကို အင်္ဂလိပ်က စစ်တိုက်တုန်း သုံးပေမယ့်
စစ်ပြီးတဲ့အခါ ဆော်လိမ့်မယ်။ ကျုပ်တို့အချင်းချင်း မညီညွတ်မယ့် အလုပ်တွေ မလုပ်ပါနဲ့လို့
ကျုပ်အကြိမ်ကြိမ် ပြောခဲ့တယ်။ မရဘူး။ လုပ်မြဲလုပ်တာပဲ။ ဆိုရှယ်လစ်တွေကို ကြံဖန် အပြစ်ရှာ၊
ပြော၊ ရေး၊ လက်ဝဲညီညွတ်ရေးကို လုပ်ပြီး ပြန်ဖျက်။ ဖဆပလကြီးကို ကွန်မြူနစ်ပါတီအတွက်
အလွဲသုံးစားလုပ်။ တရားသဖြင့် သူတို့ အလုပ်လုပ်လို့ ဖဆပလထဲမှာ ကွန်မြူနစ်တွေ
တွင်ကျယ်လာတယ် ဆိုရင်လဲ ဟုတ်ပါရဲ့။ ကျုပ်တို့ကလဲ ကြည်ဖြူပါတယ်။

အခုတော့ ဒီလိုမဟုတ်ဘူး။ ဖဆပလ ရာထူးတွေကိုတော့ လက်ခံထားတယ်။ ဖဆပလ အလုပ်
ကိုတော့ ကောင်းကောင်း မလုပ်ဘူး။ နာမည်ရစရာ ရှိပြီဆိုရင် ကွန်မြူနစ်ပါတီ နာမည်နဲ့ပါတယ်။
လုပ်လို့မရဘူးဆိုရင် ဖဆပလကိုသာ ထိုးအပ်ပြီ။ အဲဒါမျိုးတွေချည်းပဲ။ ကျုပ်တို့ကလဲ ခံနိုင်
သလောက် သည်းခံပြီး လုပ်ပေးတာပဲ။ ပဲခူးဘက်မှာ အငတ် ပြဿနာတွေ ဖြေရှင်းကြတယ်။
ပထမ သူတို့ အသာရမယ်ထင်တုန်းက သူတို့ပါတီနာမည်နဲ့ လုပ်တယ်။ ကိုးရိုးကားရား ဖြစ်တော့မှ
ဖဆပလကို လာအပ်တယ်။

ဖဆပလ ဆုံးဖြတ်ပြီး အလုပ်တွေကို ဖဆပလ နာမည်နဲ့သာ လုပ်ရမယ်လို့ သူတို့ရော၊ ကျုပ်တို့ရော
သဘောတူစည်းကမ်း သတ်မှတ်ထားတယ်။ ဒါတွေဖောက်ဖျက်ပြီး သူတို့လုပ်တာပဲ။ ဒါနဲ့ သူတို့
တစ်တွေ လုပ်ပုံတွေဟာကိုက မူမမှန်တော့ မှားပြီးယင်း မှားယင်း ဖြစ်လာတယ်။ သူတို့တစ်တွေ
အမှားဖြစ်တာနဲ့ပဲ ကျုပ်တို့ ဖဆပလမှာလဲပဲ ခဏ ခဏ ဂယက်ရိုက်တယ်။ သူတို့ဟာက ခုတစ်မျိုး
ခုတစ်မျိုးပဲ။ ဘကြီးဘဘေဆိုလဲ သူတို့ပဲ။ အင်္ဂလိပ်သူလျှိုဘဘေဆိုလဲ သူတို့ပဲ။ ငြိမ်းချမ်းသာယာစွာ
လွတ်လပ်ရေး ရယူရန်ဆိုတာလဲ သူတို့ပဲ။ လုပ်တော့မလုပ်ပါဘူး။ လက်ဖဝါးလို မှောက်ချည်
လှန်ချည် သိပ်နိုင်တဲ့ သူတွေပဲ။ သူတို့ဒီလို ပြောင်းလဲတာဟာ ဘာမှ ခြေခြေမြစ်မြစ် မရှိပါဘူး။
တကယ် ချကြဖို့ဆိုလို့ စဉ်းစားတဲ့အခါ တော်၏ လျော်၏ လုပ်သွားတယ်။

ပြီးတော့ ဘေးကျတော့ ကျုပ်တို့တစ်တွေကပဲ စေ့စပ်ရေးသမားတွေ ဖြစ်သလို သူတို့ကတော့
မဟုတ်သလို အတူတူသဘောတူ ဆုံးဖြတ်ပြီးလုပ်ကြတာကို သူတို့သဘောမတူလေဟန် သူတို့ပဲ
သတ္တိရှိလေဟန် မဟုတ်မမှန် ပြောကြသေးတယ်။ ဥပမာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ ကိစ္စတွေနဲ့
ပတ်သက်ပြီး စီတန်း လမ်းလျှောက်ပွဲ လုပ်တုန်းက အမိန့်ယူဖို့ ဘာယူဖို့ ဆိုတာတွေဟာ
ကွန်မြူနစ်တွေကပဲ အဆိုသွင်းတာပဲ။ တခြားလူတွေက ထောက်ခံတယ်။

ကျုပ်တို့ကတော့ အတွင်းသိ အစဉ်းသိတွေဖြစ်တော့ သခင်စိုး ဘယ်လောက် သတ္တိရှိတယ်။
ကိုသိန်းဖေ ဘယ်လောက် သတ္တိရှိတယ်။ သခင်သန်းထွန်း ဘယ်လောက် သတ္တိရှိတယ်။
ဒိပြင်လူတွေ ဘယ်လိုဆိုတာတွေ သိလို့ မလွမ်းပါဘူး။ ဗမာပြည်ရဲ့ လွတ်လပ်ရေး လုပ်ငန်းတွေလဲ
မပြီးသေးဘူး။ ဘယ်စခန်းအထိ လုပ်ရမယ်ဆိုတာလဲ မသိသေးပါဘူး။ ဗမာ့လွတ်လပ်ရေး
လုပ်ငန်းကို ဆက်လက်ပြီး အပြီးတိုင် လုပ်ကြတဲ့နေရာမယ် ဘယ်သူ ဘယ်လို သတ္တိရှိလို့
ဘယ်သူက ဘယ်လို ခြေသာတယ် ဆိုတာတွေ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကရော၊ နောင်လာတဲ့
အဖြစ်အပျက်တွေကရော သက်သေခံပါလိမ့်မယ်။ ကျုပ် ရဲရဲကြီး ပြောရဲပါတယ်။

သတ္တိချင်း စမ်းမယ်ဆိုရင်တော့ ဗမာ့လွတ်လပ်ရေးအတွက် တကယ်တမ်း လုပ်တမ်းဆိုရင်
ထွက်ခဲ့ပါ။ မဟိန်းတမ်း၊ မဟောက်တမ်း၊ တကယ်တမ်း ပြိုင်ရဲပါတယ်။ ကျုပ်အကြောင်းတွေလဲ
ခင်ဗျားတို့ သိတန်သလောက် သိကြမှာပဲ။ ဒါပေမယ့် အကုန်တော့ ဘယ်သူမှ သိကြမှာမဟုတ်ဘူး။
ကျုပ် နိုင်ငံရေးလုပ်တာဟာ ကြွားချင်လို့ လုပ်နေတာမဟုတ်ဘူး။ ဗမာပြည် လွတ်လပ်ရေး
ရစေချင်လို့၊ ဗမာတွေ ကောင်းစားစေချင်လို့ လုပ်တာပါ။ ကျုပ်က နိုင်ငံရေးမလုပ်ရလို့ ထမင်း
ငတ်သွားမယ့် လူမျိုး မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်တာ ကျုပ်အဖို့မယ် မြတ်တယ်လို့ကို မထင်ဘူး။
အရှုံးကြီးနဲ့ချည်း လုပ်နေရတာပဲ။

အခု ဝန်ကြီးဖြစ်ရပေမယ့် ကျွန်တော့်မှာ ဘာမှ ထူးခြားခြင်း မရှိဘူး။ ဂျပန်ခေတ် တစ်ခေတ်
တုန်းကလဲ စစ်ဝန်ကြီးဆိုပြီး ကျွန်တော့်မှာ အဝတ်နှစ်ထည် သုံးထည်ကလွဲပြီး အပိုမရှိခဲ့ပါဘူး။
အခုခေတ် ရောက်ပြန်တော့ ဒါတွေကို ဝတ်နေတာပဲ။ အခုဝတ်နေတဲ့ ဘောင်းဘီနဲ့ အင်္ကျီတောင်
အခုဝန်ကြီး ရာထူးကို ဝင်ယူပြီးမှ မိတ်ဆွေတွေက ကြည့်မကောင်းလို့ အတင်းအချုပ်ခိုင်းတာနဲ့
ကြံဖန်ပြီး ချုပ်လိုက်ရတယ်။ အခု ဝန်ကြီးအဖြစ်နဲ့ လခ ဘယ်လောက် ယူမယ်ဆိုတာ ဖဆပလက
ဆုံးဖြတ် မပေးသေးဘူး။ ဘယ်လောက်ပဲ ဆုံးဖြတ်ဆုံးဖြတ် ကျုပ်မှာ စားလောက်ရုံက ပိုမှာ
မဟုတ်ပါဘူး။

ပိုက်ဆံရလို့ ဂုဏ်ဆိုတာကတော့ ဝန်ကြီးဖြစ်ရတဲ့အတွက် ဘယ်လောက် တက်သွားမလဲလို့
မေးကြစမ်းပါ။ အခုလို မီးတောင်ကြီးပေါ်မှာ တက်ထိုင်နေရတာနဲ့ တူတဲ့ ဝန်ကြီးရာထူးဆိုတာ
ခုနေအခါ ကျုပ်တို့ ယူချင်တာမဟုတ်ဘူး။ တိုင်းပြည်ရဲ့အကြောင်းတွေ ထောက်ပြီး မျက်စိမှိတ်ပြီး
စွန့်ယူရတာပဲ။ လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကို ဝန်ကြီးဆိုတဲ့
ဂုဏ်ထက် ကျုပ် ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုရင်
ဝန်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ ခြေဖျားမှာကပ်တဲ့ ခြေမှုန်လောက်ပဲလို့
ကျုပ် မှတ်ထားပါတယ်။

ဒါကြောင့်လဲ လွန်ခဲ့တဲ့ သပိတ်ကိစ္စကြီးတွေကို ဖြေရှင်းပြီးတာနဲ့ တစ်ပြိုင်နက် ကျန်အရေးကြီးတဲ့
အတွင်းလုပ်ငန်းတွေကို တခြားလူတွေနဲ့ လွှဲထားပြီး လူထုလုပ်ငန်းကို ထွက်လုပ်ဖို့ ကျုပ် ဝန်ကြီး
ရာထူးက ထွက်စာတင်ထားတယ်။ ဖဆပလ အလုပ်အမှုဆောင်အဖွဲ့က ဆိုင်းထားသေးတဲ့
အတွက် ကျုပ် မထွက်ခဲ့ရဘူး။

ကျုပ်တို့ အခုအစိုးရ အဖွဲ့ထဲမှာ ဝင်ပြီးသွားတာနဲ့ လူထုလိုချင်တာတွေ အကုန်လုံးကို ကျုပ်တို့
လုပ်ပေးနိုင်မယ်လို့ ကျုပ်တို့ ဘယ်တုန်းကမှ လူထုကို တစ်ပတ်မရိုက်ခဲ့ဘူး။ အကုန်လုံး
လုပ်ပေးနိုင်ဖို့ ဆိုတာလဲ လွတ်လပ်ရေးရတောင် ချက်ချင်း လုပ်ပေးနိုင်မယ် မဟုတ်ဘူး။
နေ့ချင်းညချင်းတော့ ပဒေသာပင် ပေါက်မပြနိုင်ဘူး။ ကျုပ်တို့ ဖဆပလက အစိုးရအဖွဲ့ထဲ
ဝင်တဲ့အခါ တိုင်းပြည်ကို ကြေညာချက်ကို သေသေချာချာ ပြန်ဖတ်ကြည့်ပါ။ ကျုပ်တို့
ဘာပြောထားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

ကျုပ်တို့ အစိုးရအဖွဲ့ထဲ ဝင်လာပေမယ့် ဒီအစိုးရအဖွဲ့ဟာ အမျိုးသားအစိုးရရဲ့ အရည်အချင်း
အခွင့်အရေး အလုံးစုံနဲ့ ညီညွတ်ကိုက်ညီပြီလို့ မယူဆသေးဘူး။ ပြီးတော့ ဒီအစိုးရဟာ
လွတ်လပ်တဲ့ နိုင်ငံကို တစ်ဖြောင့်တည်း ပို့ပေးမယ့် ယာယီအစိုးရလို့လဲ မဆိုနိုင်ဘူး။ ဗမာပြည်
လွတ်လပ်ရေးဟာလဲ သေချာပြီ။ မကြာခင်ရတော့မယ်လို့ မဆိုနိုင်သေးဘူး။ လက်ငင်း အစိုးရ
အမှုထမ်းများနဲ့ အခြားလူတန်းစားရဲ့ လက်ငင်းပြဿနာများကို ဖြေရှင်းနိုင်ဖို့အတွက်
တစ်ကြောင်း၊ ခြောက်လခန့်တွင် တရားသဖြင့် လွတ်လပ်စွာ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်
တစ်ကြောင်း၊ အခြားလက်ငင်း ပြဿနာတွေကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်ပြီး နေသူရိန်
ဆုံးဖြတ်ချက်အတိုင်း အမျိုးသား အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်တဲ့ အခြေအနေသို့ ထိုးတက်ပြီး
လှမ်းသွားနိုင်ကောင်း လှမ်းသွားနိုင်မယ့် အခြေခံကောင်းများ ရပြီထင်လို့သာ ဝင်လုပ်ကြည့်တာပဲ။
ဒီလို ကျုပ်တို့ တိတိလင်းလင်း ကြေညာခဲ့တယ်။ အဲဒီလို ရှင်းရှင်းပြောထားရက်နဲ့ တချို့က
နဝေတိမ်တောင် စကားတွေ ပြောကြသေးတယ်။ အဲဒါတွေတော့ အကျယ်ရှင်းလင်းနေဖို့
အချိန်မရှိဘူး။ တစ်ခုလောက်ပဲ ပြောပြမယ်။

ကျုပ်တို့ရတာတွေဟာ အိန္ဒိယလို မဟုတ်ဘူးလို့ ပြောကြတယ်။ ဘယ်လိုမဟုတ်တယ်ဆိုတာ
ဘယ်သူမှ ကျကျနန သိသေးတာ မဟုတ်ဘူး။ ဥပမာ လန်ဒန်တိုင်းလို သတင်းစာ ခေါင်းကြီးပိုင်း
ကနေပြီး အိန္ဒိယပြည်မှာလို ဗမာပြည်မှာလဲ ကြားဖြတ် အမျိုးသား အစိုးရသဘောမျိုး ဥပဒေအရ
မဟုတ်သေးသော်လဲ လက်တွေ့သဘော ဖြစ်နေပြီလို့ ဆိုတယ်။ ကိုင်း ဒီဟာကို ဘယ့်နှယ်
ပြောမလဲ။ နေရူး အစိုးရလဲ တကယ်ပြောရမယ်ဆိုရင် ဘုရင်ခံချုပ်ရဲ့ အမှုဆောင်အဖွဲ့ပဲ။
လက်တွေ့တော့ ကြားဖြတ် အမျိုးသားအစိုးရ သဘောမျိုး လုပ်စေရမယ်လို့ ဆိုထားတာပဲ။
ဘယ်လောက်အထိ ဟုတ်တယ်မဟုတ်ဘူးဆိုတာ ကျုပ်တို့ အခုမသိနိုင်သေးဘူး။

တချို့က ပြောကြတယ်။ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဌာနကို ကျုပ်ကို ပေးပေမယ့် ဘုရင်ခံ
အတိုင်ပင်ခံသာ ဖြစ်တယ်။ ဘာမှ သေသေချာချာ မသိကြဘဲ ရမ်းပြောနေကြတာပဲ။ အိန္ဒိယနဲ့
မတူဘူးလို့ ပြောကြတယ်။ အဲဒီဟာ သဘောကော လက်တွေ့ကော တူအောင် အခုနိုဝင်ဘာလမှာ
စတင်ကျင်းပမယ့် ဘိလပ် ပါလီမန်အတွင်းမှာ ဖြစ်အောင်လုပ်မယ်လို့ ကျုပ်တို့ပြောထားတာပဲ။
ကျုပ်တို့ဟာ လက်တွေ့ကို ကြည့်ပြီးတော့ ဝေဖန်ရမယ်။ အိန္ဒိယနဲ့ ဗမာပြည် အစရှိသည်အားဖြင့်
နှိုင်းယှဉ်တဲ့အခါမယ်၊ တူတဲ့ အချက်တွေ၊ မတူတဲ့ အချက်တွေ အဲဒါတွေကိုလဲ ကြည့်ဖို့လိုပါတယ်။
အိန္ဒိယပြည်က ကျုပ်တို့ထက် အဆပေါင်းများစွာ နယ်ကျယ်တယ်။ လူများတယ်။ ပစ္စည်းပေါတယ်။
ကုလားလေတပ်၊ ကုန်းတပ် အစုံအလင် ရှိတယ်။ ရွေးကောက်ပွဲတွေ လုပ်ပြီးပြီ။ ဒါတွေကိုလဲ
ကြည့်ရမယ်။

ဗိုလ်ချုပ်ပြောတဲ့ ကွန်မြူနစ်ပါတီအကြောင်း (၂)

July 11, 2013 at 2:19am
ကျုပ်တို့ကလဲ ဘယ်ဟာမှမဖုံးဘူး။ ကျုပ်တို့ရဲ့ မူလဝါဒ လုပ်ငန်းရည်ရွယ်ချက်တွေကိုလဲ ပစ်ပယ်
ထားတာ မဟုတ်ဘူး။ ဒါတွေလဲ ဆက်လုပ်မယ်လို့ ဆိုထားတယ်။ အဲဒီလို ပြောဆိုပြီး ရာထူး
ယူခဲ့တယ်။ အတူတူချင်း ရာထူးယူတာပဲ။ ကွန်မြူနစ်တွေက ငပြူးထက် တမူးဖိုး ပိုရှုလိုက်ချင်
ကြသေးတယ်။ ကျုပ်တို့ အတွင်းသိတဲ့ လူတွေကတော့ ဘာဖြစ်လို့ လုပ်တယ်ဆိုတာ ကျုပ်
သိပါတယ်။ ကျုပ် ရှင်းရှင်းပြောမယ်။ ကွန်မြူနစ်တွေက ပထမရာထူး နှစ်နေရာ လိုချင်တယ်
ပြောတယ်။ သူတို့ အဲဒီတုန်းက ဘာတွေတောင်းပါ။ အဲဒါတွေရမှ ရာထူးလက်ခံပါ။ ဒီလိုပြောတာ
မဟုတ်ဘူး။ နှစ်နေရာ မရနိုင်တော့မှ ခြေထိုးတာပဲ။ ရာထူးယူတော့ ကိုယ့်နောက်လိုက်
ငယ်သားတွေ ကျေနပ်အောင် ကျုပ်တို့ ယူချင်လို့ ယူရတာမဟုတ်ဘူး။ ဖဆပလ လူကြီးတွေက
လိုချင်လို့ သူတို့ကို ထိန်းသိမ်းဖို့ ဝင်ယူရတာပါ။ အဲဒီလို သဘောမျိုးနဲ့ သူတို့နာမည်ကြီးမှု၊
သူတို့ ခေါင်းဆောင်အဖြစ် တည်တံ့မှု၊ နောက်ရွေးကောက်ပွဲကျရင် သူတို့ အသားယူဖို့ ကျုပ်တို့
ဖဆပလ ဘာဖြစ်သွားသွားဆိုတဲ့ သဘောမျိုးနဲ့ လုပ်ကြတာပဲ။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အလံနီ ကွန်မြူနစ်တွေနဲ့ သိန်းသန်း ကွန်မြူနစ်တွေက
ပြောင်ချော်ချော် ပြောနေကြတယ်။ အမှန်စင်စစ် ရွေးကောက်ပွဲဆိုတာကို အခြား ဘယ်နည်းနဲ့မှ
မရှိနိုင်တဲ့ လမ်းမှန်ကြီးအနေနဲ့ မယူဆပါဘူး။ ဒါပေမယ့် ကွန်မြူနစ်တွေ ကြီးကြီးကျယ်ကျယ်
ပြောတာကို ကျုပ် ရယ်ချင်တယ်။ အိန္ဒိယပြည် ကွန်မြူနစ် ဂျိုရှီဟာ လွန်ခဲ့တဲ့ နှစ်လလောက်က
ဘာစာရေးလိုက်သလဲ ဆိုရင် မင်းတို့ ရွေးကောက်ပွဲဝင်ကြ၊ ရွေးကောက်ပွဲ ပြီးလို့ရှိရင် (Major
Political Development) နိုင်ငံရေး အခြေအနေ အကြီးအကျယ် ပြောင်းလွဲလာလိမ့်မယ်ဆိုပြီး
စာရေးလိုက်တယ်။ ဒါတွေ ကျုပ်သိပြီးပါပြီ။ မပြောချင်လို့ နေတာပဲ။

ကျုပ်တို့ရာထူးယူတာလဲ ဘာမှ မကြာသေးပါဘူး။ အရက် ၂၀ လောက် ရှိပါသေးတယ်။ ဒီအရက်
၂၀ လောက်ထဲက ပထမ ၅ ရက် ၆ ရက်လောက်က ဟိုတုန်းက သပိတ်ကိစ္စတွေ ဖြေရှင်းရတယ်၊
ကျုပ်တို့ သပိတ်သမား အများကျေနပ်အောင် ဖြေရှင်းခဲ့တယ်။ ဒါ ကျုပ်တို့ပြောတဲ့အတိုင်း
လုပ်ခဲ့တာပဲ။ ကွန်မြူနစ်ဝန်ကြီး (ဦးသိန်းဖေမြင့်) လဲ သဘောတူခဲ့တာပဲ။ အဲဒါကိုပဲ ကျုပ်ကို
လူညာဆိုတဲ့သဘောမျိုး ပြောသေးတယ်။ အဲဒီသပိတ်တွေနဲ့ပဲ ဗမာပြည်ကြီး တော်လှန်ရေး
လုပ်ရမလို အခု အလံနီတို့၊ သိန်းသန်းတို့ဆိုတဲ့ ကွန်မြူနစ်အမည်ခံ ခေါင်းဆောင်တွေဟာ
တော်လှန်ရေးသမားတွေ၊ ဘယ်လောက် စော်ကားတယ်ဆိုတာ တဖြည်းဖြည်းတော့ ခင်ဗျားတို့
ကိုယ်တိုင် ပိုသိလာမှာပဲ။ ကျုပ်တော့ သိပ်ပြီး မပြောလိုဘူး။ သို့ပေမယ့် နည်းနည်းပါးပါးတော့
ပြောခဲ့မယ်။

အခု သိန်းသန်းကွန်မြူနစ်တွေက အင်္ဂလိပ်စစ်တပ်တွေ ချက်ချင်း ထွက်သွားရမယ်၊ ဘာရမယ်၊
ညာရမယ်နဲ့ အသံကောင်း ဟစ်ကြတယ်။ အော်လို့ရမှာ မဟုတ်ဘူး။ လုပ်မှရမှာ။ အဲဒီတော့
ကျုပ်က သူတို့ကိုမေးချင်တယ်။ အင်္ဂလိပ်တပ်တွေ ချက်ချင်းထွက်သွားအောင် ဘယ်လိုလုပ်မလဲ
ပြောပြစမ်းပါ။ ဖဆပလကို အခု ဆဲနေကြတဲ့ အချောင်သမား၊ နိုင်ငံရေးသမားကြီးတွေနဲ့ သူတို့
တလေထဲ မှုတ်နေတာသာ တွေ့ရတယ်။ ဒီဟာမျိုးကို သူတို့ ကွန်မြူနစ် စကားမျိုးနဲ့ ပြောရမယ်
ဆိုရင် (Revolutionary Phrase Mongering) တော်လှန်ရေး ဗန်းပြ စကားလုံးတွေ သုံးပြီး
သူတို့ရဲ့ တကယ့် အချောင်သမားဝါဒ ဖုံးဖို့ ဖိဖို့ လုပ်တာပဲ။

သပိတ်တွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ အတွင်းမှာတော့ ကွန်မြူနစ်တွေက သပိတ်သမား ကြာကြာ
မခံနိုင်ဘူး။ ထမင်းထုပ် ပေးရတဲ့လူတွေလဲ ညည်းကုန်ပြီ။ အဲ့ဒီလို ပြောတဲ့လူဟာ ကွန်မြူနစ်
အမည်ခံတဲ့ သခင်ချစ်ပါပဲ။ အထဲမယ်တုန်းက ကျုပ်က မစ္စတာရာဇတ်ကို ဝန်ကြီးတစ်နေရာ
ပေးရရင် ဘယ့်နှယ့်လဲ မေးတယ်။ သူတို့ကပဲ မလိုသေးပါဘူးလို့ ပြောတယ်။ ကရင်အမျိုးသား
တွေအတွက် ကျုပ်တို့ သခင်နု လုပ်ပေးတယ်။ အဲဒါလဲ တချို့ လူတွေဆီ သွားပြီး တစ်မျိုး
ပြောလိုက်သေးတယ်။ အဲသလောက် ဗလောင်း ဗလဲ နိုင်တဲ့ လူတွေ။

အဲဒါနဲ့ ကျုပ်တို့ ပထမသပိတ်တွေမှာ ကောင်းကောင်း မလှန်ကြသေးဘူး။ အောက်တိုဘာလ
၅ ရက်နေ့မှာ ကွန်မြူနစ် ကြီးစိုးနေတဲ့ အလုပ်သမားသမဂ္ဂက ၁၁ ရက်နေ့ ကျေနပ်အောင်
အကြောင်းမပြန်နိုင်ရင် သပိတ်တွေ မှောက်မယ်ဆိုပြီး နို့တစ်တွေ ပေးခဲ့တယ်။ ခင်းဗျားတို့ပဲ
စဉ်းစားကြည့်ပါ။ တစ်ဖက်ကလဲ ကျုပ်တို့ ပြည်သူ့လွတ်လပ်ရေး ချုပ်ချယ်တဲ့ ဥပဒေတွေ ဖျက်ဖို့
လုပ်နေတယ်။ အခု ၉ ရက်၊ ၁၀ ရက် အတွင်းဆိုရင် ဗမာပြည် ကာကွယ်ရေး နည်းဥပဒေတွေ
ပယ်ဖျက်နိုင်လိမ့်မယ်။ ခုဖမ်းထားတဲ့ နိုင်ငံရေးသမားတွေကိုလဲ အခုပဲ လွှတ်ဖို့ လုပ်နေပြီး
လတ်တလော ဥပဒေတွေကိစ္စ၊ တခြားဖဆပလက ဆုံးဖြတ်ပေးလိုက်တဲ့ ပြည်သူ့ လွတ်လပ်ရေးနဲ့
ဆိုင်တဲ့ ကိစ္စ အရပ်ရပ်တွေကိုလဲ တစ်ပြိုင်နက် လုပ်နေရတယ်။ ဘဏ္ဍာရေးအာဏာ ဒင်ပြည့်
ရဖို့လဲ တောင်းထားတယ်။

အခု လာမယ့်ပါလီမန်မှာ ဗမာပြည် တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်နိုင်မယ့် ရွေးကောက်ပွဲ
ဖြစ်အောင်လဲ စီစဉ်နေတယ်။ အခု အင်္ဂလိပ်တွေကို အစိုးရအမှုထမ်းထဲ သွင်းနေတဲ့ စနစ်ကို
ရပ်ပစ်လိုက်ပြီး ပရိုဂျက် စီမံကိန်းတွေကိုလဲ တိုင်းပြည်အကျိုးကို ကြည့်ပြီး ဘယ်လို လုပ်ရ
ကောင်းမယ်ဆိုတာ စိစစ်နေလျက်ပါပဲ။ နောက် ဗမာပြည် ကာကွယ်ရေးအတွက်လဲ
အစီအစဉ်တွေ ဆွဲခိုင်းထားတုန်းပဲ။ ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီးကိုလဲ ကိုယ်စားလှယ်
လွှတ်နိုင်အောင် ကျုပ်တို့ ကြိုးစားမယ်။ အဲဒီလို ကျုပ်တို့ စီမံနေတယ်။ အလုပ်သမားတွေ
အတွက်ဆိုလဲ အလုပ်သမားတွေနဲ့ဆိုင်တဲ့ အလုပ် တွဲဖက်အဖွဲ့တွေ၊ အစိုးရ အမှုထမ်း
အရာထမ်းတွေလဲ အဲဒီလို အဖွဲ့တွေနဲ့ သူတို့ တရားသဖြင့် လုပ်ချင်တာတွေကို တတ်နိုင်သမျှ
ရအောင် ကျုပ်တို့ လုပ်ပေးမှာပဲ။ လုပ်မပေးဘူးလို့ မပြောဘူး။

အခုသူတို့ ကွန်မြူနစ်တွေ မြှောက်ပေးပြီး အလုပ်သမားသမဂ္ဂက တောင်းဆိုချက်တွေထဲမှာ
ဖဆပလ အဖွဲ့ချုပ်က မူအားဖြင့် လက်ခံထားတဲ့ အချက်တွေပါ ပါတယ်။ အဲဒါတွေကို
ကျုပ်တို့ရအောင် ကြိုးစား ပေးရမှာပဲ။ ကြိုးလဲ ကြိုးစားပေးရမှာပဲ။ မရတဲ့အခါ ဖဆပလ
အဖွဲ့ချုပ်က မကျေနပ်ဘူး။ မင်းတို့ ထွက်ခဲ့ဆိုရင်လဲ ထွက်ဖို့ အဆင်သင့်ပဲ။ တစ်တိုင်း
တစ်ပြည်လုံးရှိတဲ့ အမှုထမ်း အရာထမ်း အလုပ်သမား အစရှိသည်အားဖြင့် လူထုရဲ့ အခြေခံ
လခတွေကိုလဲ သုံးလအတွင်း ပြောင်းလဲ စီစဉ်ပေးဖို့ ကျုပ်တို့ လုပ်နေတယ်။ သို့သော် အခုရမှ
ဖြစ်မယ်ဆိုရင်တော့ ကျုပ်တို့လဲ မတတ်နိုင်ဘူး။ ခင်ဗျားတို့ မကျေနပ်ဘူးဆိုလဲ ဖဆပလ
အဖွဲ့ချုပ်ကို သွားပြီးတော့ သေသေချာချာ ပြောပြပါ။ ကျုပ်တို့ ထွက်ပေးဖို့ အဆင်သင့်
ရှိပါတယ်။

သုံးလ အတွင်းလဲ အမျိုးသားအစိုးရ အခြေအနေအမျိုးမျိုးကို ဥပဒေသဘောကော၊ ကျပ်ပြည့်
တင်းပြည့် ဖြစ်နိုင်သမျှကော ဖြစ်အောင် ကျုပ်တို့ ကြိုးစားမယ်။ ကျေကျေနပ်နပ် မရဘူးဆိုရင်
ကျုပ်တို့ ထွက်မှာပဲ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ ဝန်ကြီးအဖွဲ့က မကြာမီ ကြေညာချက်
တစ်ရပ် ထုတ်ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုင်း အဲဒီလို ကျုပ်တို့ ရှင်းရှင်းပြောထားပြီး
ကျုပ်တို့ အဲဒီလို ပြောထားတဲ့အတိုင်း လုပ်သလား၊ မလုပ်ဘူးလား ဆိုတာလဲ နည်းနည်းပါးပါး
ပြောရဦးမယ်။

ဒလဖူးကား သစ်စက် အစရှိတဲ့ သပိတ်တွေမှာ ကျုပ်တို့ ဖဆပလ ဝင်ကူခဲ့လို့ သူတို့ ဇာတ်မျော
နေရာက အတော်အတန် ဟန်ကျသွားရတယ် မဟုတ်လား။ အလုပ်သမား တာဝန်ခံ လုပ်နေကြတဲ့
သမဂ္ဂအစည်းအရုံးက အတွင်းရေးမှူး နှစ်ဦးကိုလဲ ကျုပ် ရာထူးမယူခင်ပဲ ကျုပ်ကို အစစ အရာရာ
အကြံဉာဏ်ပေးပါ။ ခင်ဗျားတို့ပေးတဲ့ အကြံဉာဏ်ကို အခြေပြုပြီး အလုပ်သမားတွေအတွက်
ကြိုးစား လုပ်ပေးမယ်။ အဲဒီလိုပြောခဲ့တယ်။ ဒါပေမယ့် ကွန်မြူနစ်တွေဘက်က မတိုင်ပင်ဘူး။

ဖဆပလ အလုပ်သမား တွဲဖက် ကော်မတီမှာလဲ သူတို့ပါတယ်။ ဒါကိုလဲ မတိုင်ပင်ဘူး။ ဗြုန်းဆို
သပိတ်မှောက်ပစ်မယ် လုပ်တာပဲ။ အဲဒါ ခင်ဗျားတို့ပဲ ဘာသဘောလဲဆိုတာ စဉ်းစားကြည့်ကြ
ပေတော့။ ပြီးတော့ သူတို့က ပရိုဂျက်တွေဖျက်ဖို့ သပိတ်မှောက်ရတာပါ ပြောတယ်။ ပရိုဂျက်တွေပဲ
ပျက်မလား၊ အလုပ်သမားတွေပဲ နာမလား၊ အဲဒါ စောင့်ကြည့်ကြပေတော့။ ကျုပ်တို့ မြင်တာ
ကတော့ ပရိုဂျက် မပျက်တဲ့အပြင် အလုပ်သမားတွေ ပိုနာမယ်၊ တိုင်းပြည်လဲ ထိမယ်။ အခုပဲ
ထိနေပြီ။ အညစ်အကြေး ကူလီတွေ အလုပ်မဆင်းရအောင် တားနေကြတာဟာ ရန်ကုန်မြို့ကြီးရဲ့
ကျန်းမာရေးကို ထိခိုက်မှာ စိုးရတယ်။

ဓနိတောဓာတ်ဆီဆိုင်ကို တားလို့ ဓာတ်ဆီမရရင် ဘတ်စ်ကားတွေ မသွားနိုင်ဘူး၊ မသွားနိုင်ရင်
ကုန်ပစ္စည်းတွေ ရှားကုန်မယ်။ ရှားကုန်ရင် ခင်ဗျားတို့ကိုပဲ ထိမှာပဲ။ ပရိုဂျက်တွေ ဘယ်မှာ ထိလို့လဲ။
မသိနားမလည်တဲ့ နောက်လိုက်တွေကို ဟိုဟာမြှောက်ပေး၊ ဒီဟာ မြှောက်ပေးတော့ လုပ်မယ်။
ကိုယ် ကိုယ်တိုင်ကတော့ အနစ်နာ ခံကြမှာ မဟုတ်ဘူး။ အဲဒီလိုဖြစ်ရက်နဲ့ ဒီ ကွန်မြူနစ်တွေ
ခွတုပ်နေတာကို ခံကြမယ် ဆိုရင်လဲ ဒါ ဆိုင်ရာလူတွေရဲ့ သဘောပဲ။ ကျုပ်တို့ကတော့
အလုပ်သမားနဲ့ တိုင်းပြည် နာမယ်ဆိုရင်တော့ ဒီတိုင်း အရေးယူရလိမ့်မယ်။ အဲဒါ တိတိလင်းလင်းပဲ
ကျုပ်ပြောတယ်။ ပုလိပ်တို့ ဘာတို့ မသုံးချင်ပေမယ့် သုံးလာရလိမ့်မယ်။

ကျုပ်တို့ အလုပ်သမားတွေရဲ့ တရားတဲ့ တောင်းဆိုချက်တွေ မပေးဘူးလို့ မဆိုဘူး၊ ပေးရအောင်
ချက်ချင်း စီစဉ်ကြစို့။ အဲဒါကို ပြောတယ်။ ဒါကို အတင်းအကျပ် ကိုင်တာဟာ ဒီဟာကို ချက်ချင်း
ပေးမှ ဖြစ်မယ်ဆိုပြီး သပိတ်မှောက်တာပဲ။ အဲဒါ ခင်ဗျားတို့သိအောင် ကျုပ် ပြောပြတာပဲ။
ကျုပ်ကတော့ ခင်းဗျားတို့ကို မလိမ်ဘူး။ ရှေးကလဲ မလိမ္ဘူး၊ အခုလဲ မလိမ္ဘူး၊ ေနာင္လဲ
မလိမ္ဘူး။ သခင်စိုးတို့လို ဘုရားငဆောင်ကျင့်နည်း၊ သူများ သားပျို သမီးပျိုတွေလဲ မဖျက်ဆီးဘူး၊
ရွှေ ငွေ စိန် ကျောက် တွေလဲ ကျုပ်တို့ ရအောင် မလုပ်ဘူး။ နိုင်ငံရေးနဲ့ စီးပွားရှာဖို့ မလုပ်ဘူး။
လုပ်ဖော်လုပ်ဖက် အချင်းချင်းကိုလဲ ရန်သူလက် ဘယ်တော့မှ မအပ်ဘူး။

အဲဒါတွေကို ကွန်မြူနစ်တွေက လုပ်တယ်။ ကွန်မြူနစ်တွေဟာ တိုင်းပြည်အပေါ် အလုပ်လုပ်တဲ့လူ
အချင်းချင်းအပေါ် ညီညွတ်ရေး ပျက်ပြားရာ ပျက်ပြားကြောင်း၊ လွတ်လပ်ရေး ကြန့်ကြာရာ
ကြန့်ကြာကြောင်း သစ္စာဖောက် လုပ်ခဲ့တယ်။ သဘောတူ ဆုံးဖြတ်ခဲ့တဲ့ အချက်တွေ ဖောက်ဖျက်ပြီး
အတွင်း ဆွေးနွေးတာတွေ အပြင်ထုတ်ပြော၊ မဟုတ် မမှန်တာတွေ လုပ်ပြော၊ အချင်းချင်းအပေါ်
ပုတ်ခတ်၊ သူတို့ ခေါင်းဆောင်ဖြစ် ပြီးရောဆိုပြီး သူတို့ပါတီ ကြီးစိုးရေးကိုသာ ပထမလုပ်တယ်။
ကျုပ်တို့က ဖဆပလဟာ ညီညွတ်ရေး အင်အားစုကြီး၊ ဒီအင်အားစုကြီး တည်တံ့မှ၊ တိုးတက်မှ
ဗမာပြည်လွတ်လပ်ရေး မြန်မြန်ရမယ်။ ကောင်းကောင်းရမယ်။ အဲဒီလို ကျုပ်တို့ ယူဆတယ်။
သူတို့ အကြိမ်ကြိမ် အဖန်ဖန် သူတို့ရဲ့ အယူအဆတွေကို မလျော့ဘူး။ ဘာဆုံးဖြတ်ချက်
ရှိတယ်လို့ပဲ သူတို့ သဘောထားထား၊ သူတို့ လုပ်ချင်ရာလုပ်တယ်။ အဲဒီတော့ ကျုပ်တို့က သူတို့ကို
ထုတ်ပစ်ရုံကလွဲလို့ တခြားဘာနည်းလမ်းမှ မရှိတော့ဘူး။

အဲ့ဒါနဲ့ ခင်းဗျားတို့ မေးချင်မေးကြမယ်။ ဒီလောက် ဆိုးနေတဲ့လူတွေကို ဘာလို့ ဒီလောက်ကြာကြာ
ထားရသလဲဆိုတာ မေးနိုင်တယ်။ ကျုပ်တို့က နယ်ချဲ့သမားတွေကို တိုက်ဖျက်ရေး အင်အားများ
နည်းသွားမလားလို့ ချိန်ဆနေတာက တစ်ကြောင်း၊ သူတို့အထဲမှာ တချို့ လူတော်တွေကို အားနာ
နေတာက တစ်ကြောင်း၊ မုဆိုးတို့မည်သည် လက်နက် လေးမြားကောင်းကို ချစ်မြတ်နိုးရမယ်
ဆိုတဲ့အတိုင်း လူကောင်းများကို ငဲ့ညှာသောအားဖြင့် သူတို့ ပါတီကို ပြုပြင်ရင် တဖြည်းဖြည်း
ရလိမ့်ဦးမယ်လို့ ငုံးကလေးများလို တစ်နေ့သော်လဲ အမြီး ပေါက်နိုးနိုးနဲ့ စောင့်ဆိုင်း မျှော်လင့်
နေခဲ့တာပဲ။ အဲဒီ အကြောင်းတွေကြောင့် ဒီလောက်ကြာအောင် သည်းခံလာတာပဲ။ ကျေနပ်
လို့တော့ မဟုတ်ဘူး။

အခုတော့ သူတို့ လုပ်တာတွေဟာ လွန်နေရုံမကဘူး။ သူတို့နဲ့ လုပ်ရင်မကိုး နောက်ပြန်ဆုတ်မှာ
စိုးရိမ်ရတဲ့အတွက် သူတို့ကို ထုတ်ပစ်ရတာပဲ။ တချို့က သူတို့ထုတ်ပစ်တာ မစောဘူးလား။
ဦးစီးအဖွဲ့အစည်းထိအောင် မစောင့်နိုင်ဘူးလား ပြောကြတယ်။ ကျုပ်တို့ အရင်တုန်းက
စောင့်ခဲ့တော့ ကျုပ်တို့ပဲ ခံရတာပဲ။ သူတို့က အင်မတန် အငြင်းသန်တဲ့ လူတွေ။ အခုတော့
ကျုပ်တို့ အရင်ဦးအောင် ချတာပဲ။ ဒီလို မချရင် ဒီလူတွေနဲ့ မဖြစ်ဘူး။ အတိုချုပ်ရရင် ကျုပ်
ဘယ်လိုလူလဲ။ မိန်းမရေးမှာ ရှုပ်ထွေးသလား။ တခြား လုပ်ဖော် ကိုင်ဖက်တွေကို ချောက်တွန်း
ခဲ့သလား အစရှိတဲ့ ဒီလိုကိစ္စတွေကို လူထုရှေ့မှာ ဘယ်အချိန်အခါမဆို အစစ်ဆေးခံရန်
အသင့်ရှိတယ်။ ကွန်မြူနစ် ခေါင်းဆောင်တွေကော တခြား ဖဆပလ အပြင်ဘက်က
ခေါင်းဆောင်တွေကော အစစ်ခံဝံ့ရဲ့လားလို့ ကျုပ် နောက်ဆုံးစကား ဆိုလိုက်တယ်။


မူရင်း - ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ (မောင်ကျော်ရင်)


မှတ်ချက်။   ။ အထက်ပါမိန့်ခွန်းဟာ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံက် ၈ နာရီခွဲ
အချိန်၊ ရွှေတိဂုံ စေတီတော်ကြီး အနောက်ဘက် ခြေတော်ရင်းမှာ ကျင်းပတဲ့ ဖဆပလ
အဖွဲ့ချုပ်ကြီးရဲ့ လူထုအစည်းအဝေးကြီးမှာ ဗိုလ်ချုပ် ပြောခဲ့တဲ့ မိန့်ခွန်းပါ။ မကျဆုံးမီ ကိုးလခန့်
အလိုပေါ့။ ပရိသတ် တစ်သိန်းကျော် တက်ရောက်ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က
ဗိုလ်ချုပ်ဟာ ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ကို ယူထားတဲ့ အချိန်လည်း ဖြစ်ပါတယ်။

တစ်ကယ်တော့ ဗမာပြည်ကွန်မြူနစ်ပါတီ ပထမဆုံးမြေအောက်ကလပ်စည်း စတင်
တည်ထောင်စဉ်က ဗိုလ်ချုပ်ဟာ အထွေထွေအတွင်းရေးမှူး အနေနဲ့ ပါဝင်ခဲ့သူပါ။
တစ်ချိန်တည်းမှာပဲ တို့ဗမာအစည်းအရုံးကြီးရဲ့ အထွေထွေအတွင်းရေးမှုး တာဝန်နဲ့
ဗမာ့ထွက်ရပ်ဂိုဏ်းရဲ့ အတွင်းရေးမှူး တာဝန်တွေကိုပါ ထမ်းဆောင်နေရတာပါ။ သို့ပေမဲ့
ဗိုလ်ချုပ်ဟာ ပါတီအရေး ဝါဒအရေးတို့ထက် တိုင်းပြည် လွတ်လပ်ရေးကိုသာ ရှေးရှုခဲ့သူ
ဖြစ်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ ပတ်သက်လို့တော့ အကျယ်မပြောလိုတော့ပါ။

ဗိုလ်ချုပ်အနေနဲ့ကတော့ နောက်ပိုင်းမှာ အတော်ကြီး စိတ်ကုန်သွားကြောင်း အဲဒီအချိန်က
မိန့်ခွန်းတွေကို ပြန်ကြည့်ရင် တွေ့ပါလိမ့်မယ်။ ဒါနဲ့ပဲ ၁၉၄၆ ခုနှစ် အောက်တိုဘာလ ၁၀
ရက်နေ့မှာ အတိအလင်း လမ်းခွဲလိုက်ကြတဲ့ အချိန်မှာတော့ ကိုသိန်းဖေ (ဦးသိန်းဖေမြင့်) က
ဗိုလ်ချုပ်ကို  “မင်းဆိုး မင်းညစ် တလိုင်းတို့လက်တွင် နေရစ်ပေတော့” ဆိုပြီး ပြောခဲ့တယ်တဲ့။
ဗိုလ်ချုပ်က ဘာမှ ခွန်းတုံ့မပြန်တော့ပေမယ့် သခင်နု (ခေါ်) ကိုကြီးနု (ဦးနု) ကတော့ထပြီး
လက်သီးလက်မောင်းတန်းကာ “ကွန်မြူနစ်ဝါဒ အောင်မြင်ပါစေ၊ ဗမာပြည် ကွန်မြူနစ်ပါတီ
ကျဆုံးပါစေ” ဆိုပြီး ကြွေးကြော်လိုက်ပါတယ်တဲ့ ခင်ဗျား။
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...