Wednesday, July 17, 2013

ငါးပါသီလနှင့် အိုင်တီလောက

ငါးပါသီလနှင့် အိုင်တီလောက

စဉ်းစားမိတာလေးပါ။ မြန်မာတွေ အိုင်တီနည်းပညာနဲ့ ပတ်သက်လာရင် ရသမျှ ခိုးသုံး၊ ဖျက်သုံး၊ ဖွက်သုံးဘို့ပဲ စဉ်းစားကြတယ်။ ခိုးနည်း၊ ဖျက်နည်း၊ ဖွက်နည်းတွေ၊ အကောင့်လုနည်းတွေ လေ့လာကြတယ်။ တည်ဆောက်နည်း၊ ချဲ့ထွင်နည်း၊ ပိုကောင်းအောင် ပြုပြင်နည်းတွေကော မလေ့လာကြတော့ဘူးလား။

"ငါးပါးသီလ"ကို ဘယ်လို ခါးကြားလိပ်ထားလဲတော့ မပြောတတ်။ ဘယ်လိုပဲ ခိုးခိုး သိရက်နဲ့ ခိုးတာနဲ့ မသိချင်ယောင်ဆောင်ပြီး ခိုးတာပဲ ကွာပါတယ်။ ပိုင်ရှင်မသိအောင် ယူရင် ခိုးတာပါပဲ။ ရောင်းသူနဲ့ ဝယ်သူကြား တန်ရာတန်ကြေး သူ့ရောင်းကုန် ကိုယ်ကြိုက်ရင် ဝယ်ပေါ့။ မဝယ်နိုင်ရင် မဝယ်နဲ့ပေါ့။ မသုံးပဲနေပေါ့။

မသုံးပဲ မနေနိုင်ရင် အလကားပေးတဲ့ (ဒါမှမဟုတ်) ပေါတဲ့ ပစ္စည်း ဝယ်သုံးပေါ့။ ဒီလိုကျလဲ မဟုတ်ပြန်ဘူး။ ကောင်းပေ့ ညွန့်ပေ့ ဆော့ဝဲမှ သုံးချင်။ မာစီးဒီးကားကို ဆင်းရဲသား တက်တက်ထိုင်နေသလိုပဲ။ ရဲက နှင်ချလိုက် (Serial expired) ကယ်ပါယူပါနဲ့ ပြန်ဆင်းရလိုက်။ လစ်တာနဲ့ ခိုးဝှက်ပြီး စတီယာရင်တက်ကိုင်လိုက်နဲ့ သူခိုးသံသရာလည်နေ။ ဒီကြားထဲ ကိုယ်ကိုယ်တိုင်က သူခိုးဂေါင်သူကြီး ဖြစ်မှန်းမသိဖြစ်။

ငါက ခိုးနည်း၊ ဖွက်နည်းမှာ ဘယ်လောက် ဆရာကြီးကျကြောင်း ငတက်ပြားနည်းတွေ မျှဝေကြနဲ့ သူခိုးတို့၏ လောကကြီးကို တည်ဆောက်နေကြ။ မြန်မာထဲက စူ့ထက်စူတွေက ပေါချောင်ကောင်းဆော့ဝဲလေးတွေ များများစားစား ကိုယ်ပိုင် ထုတ်ပေးနိုင်ရင် ကောင်းမယ်။ မသမာတဲ့ ကုတ်တွေတော့ မထည့်နဲ့ပေါ့လေ။ ဒါပေမည့် ဖြစ်ပုံက ဆော့ဝဲကြော်ငြာရင် Trial version တောင် ထည့်မပေးရဲကြ။ ကိုယ့်လူမျိုးအကြောင်း ကိုယ်အသိဆုံးမလား။

ဆော့ဝဲပိုင်းမှာ ဘယ်လောက်ခိုးခိုး၊ ရုပ်ဝတ္ထုဖြစ်တဲ့ ဟတ်ဝဲပိုင်းမှာတော့ ခိုးသုံး၊ ဖျက်သုံး၊ ဖွက်သုံး မရှိသလောက် ရှားပါတယ်။ ဘာလို့ ဟတ်ဝဲဖြစ်တဲ့ ကွန်ပျူတာ Laptop Harddisk Phone တွေကို မခိုးကြတာလဲ။ ခိုးချင်ရင် ပေါ်တင်ကြီးမို့ ဖမ်းမှာစိုးလို့လား။ ခိုးလို့ မလွယ်လို့လား။ မခိုးချင်လို့လား။ ပိုက်ဆံတတ်နိုင်လို့လား။ အလွယ်တကူ ဝယ်ယူနိုင်လို့လား။ မဝယ်မဖြစ်၊ ဝယ်သုံးမှ ရမှာမို့ ဝယ်သုံးကြရတာလား။ ခိုးလို့ရအောင် ချထားပေးရင် ခိုးမှာပဲလား။ စဉ်းစားစရာတွေ ပေါ်လာပါတယ်။

ဘယ်ဆော့ဝဲတော့ ဝယ်သုံးလိုက်နိုင်တယ်လို့ ကြွားတဲ့သူမရှိ။ ဘယ် ဟတ်ဝဲကို ဘယ်လောက်အကုန်ကျခံပြီး ဝယ်သုံးလိုက်ကြောင်းပဲ မြင်တွေ့ရ။ ဘယ်ဆော့ဝဲတော့ ဝယ်သုံးလိုက်နိုင်တယ်လို့ ကြွားရင်တောင် "မင်းကွာ ခိုးသုံးလို့ ရတဲ့ဟာကိုပဲ.. ဟိုဝက်ဆိုက်မှာ ဝင်ယူ၊ ဘယ်သူက ခိုးရှာပေးထားတယ်။ မတွေ့ရင်ပြော ငါရှာခိုးပေးမှာပေါ့" လို့  အဓိပ္ပါယ်ရတဲ့ စကားနဲ့ အပြစ်တင်မည့် လောကကြီး ဖြစ်နေပါ့။

တည်ဆောက်နည်း၊ ချဲ့ထွင်နည်း၊ ပိုကောင်းအောင် ပြုပြင်နည်းတွေနဲ့ လောကကို အကျိုးပြုတဲ့ မြန်မာအိုင်တီနည်းပညာရှင်တွေ အများကြီး ပေါ်ပေါက်လာစေချင်ပါတယ်။ အချင်းချင်း ပို၍ ယုံကြည်မှုလေး ထားဘို့ လိုပါမယ်။ တဘက်ကလည်း ယုံကြည်ခံရအောင် ငါးပါးသီလလေး မြဲကြပါ။ တရားကျစရာ မြန်မာတို့ရဲ့ အိုင်တီလောကကမ္ဘာ... ခိုးမှန်းမသိ ခိုးမိနေကြသော မြန်မာတို့အတွက် ပိုမိုကောင်းမွန်သော နေ့ရက်များ၊ ခိုးစရာ မလိုတော့မည့် နေ့ရက်များကို မျှော်လင့်ရင်း.... 

(မကျေနပ်ရင် Un-friend or ဘလော့ လုပ်နိုင်ပါတယ်။) 

  2 comments:

  1. ကျွန်တော်တို့ မြန်မာပြည်မှာက ပိုက်ဆံပေးပြီး အမှန်အကန်ဟာ သုံးချင်ရင်တောင်မှ ပိုက်ဆံပေးလို့မရ၊ ၀ယ်လို့မရနဲ့ ... ရတဲ့ဟာကိုပဲ နည်းလမ်း အမျိုးမျိုးနဲ့ သုံးနေကြရတာလေ။ ကွန်ပြူတာပေါ်တင်တဲ့ ၀င်းဒိုးကအစ မူရင်းသုံးဖို့ ရနိုင်လို့လား။ မူရင်းလိုင်စင်ဗားရှင်းကို သုံးချင်လို့ အမျိုးမျိုး ကြိုးစားပေမယ့် အခက်အခဲများစွာ ကြုံတွေ့ရင်း နောက်ဆုံးတော့ တရားမ၀င်ဗားရှင်းကိုပဲ သုံးနေရတာပါပဲ။ တကယ် အသုံးတည့်မယ့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရမယ့် နည်းပညာပိုင်း ဆော့ဖ်ဝဲတွေကြပြန်တော့လည်း ဈေးတွေက ခေါင်ခိုက်နေတော့ ၀င်ငွေနဲ့က ဘယ်လိုမှ သုံးဖို့ မဖြစ်နိုင်ပြန်ဘူး။ တိုင်းပြည် ချမ်းသာလာမှ ဒါတွေကို အမှန်အကန်ပဲ သုံးမယ်ဆိုရင်လည်း ခေတ်နောက်မှာ အပြန်နှစ်ဆယ်လောက် ပြတ်ကျန်ခဲ့လိမ့်မယ်။
    နောက်တစ်ခုက ကမ္ဘာ့ကုမ္ပဏီကြီးတွေက နည်းပညာကို လက်ဝါးကြီးအုပ်ပြီး အသုံးပြုတွေဆီက မရမက ငွေညှစ်တဲ့ ပုံစံမျိုးကလည်း သိပ်ပြီး တရားမျှတတယ်လို့ မထင်မိပါဘူး။
    ဘာပဲဖြစ်ဖြစ် သီလလုံလုံနဲ့ သုံးခွင့်ရမယ့်နေ့တွေကို မျှော်လင့်နေမိပါတယ်။ ဆောင်းပါးရေးသူလည်း မြန်မာနိုင်ငံကဆိုရင်တော့ တရားမ၀င် ၀င်းဒိုးကိုပဲ သုံးထားတာလို့ ထင်ပါတယ်။
    ကျွန်တော်တို့ အူမမတောင့်ပေမယ့် သီလစောင့်ချင်ပါတယ်။ သီလ စောင့်ဖို့ကို အခြေအနေမပေးတာကတော့ ဘာကို အပြစ်တင်ရမလဲဗျာ..

    ReplyDelete
  2. ဟုတ်ပဗျာ မြန်မာနိုင်ငံမာ ဘယ်လိုလုပ်မလဲ။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...