Wednesday, July 17, 2013

လက်ပံ ရုပ်ရှင်ဇာတ်ကားကြီးအား Funny Version ဖြင့် တင်ဆက်မှု

July 17, 2013 at 2:37pm

ယခုရေးသားချက်သည် စာရေးသူကိုယ်တိုင် သဘောကျနှစ်ခြိုက်ခဲ့ရသော လက်ပံရုပ်ရှင် ဇာတ်ကားကြီး အား ဟာသအမြင်ဖြင့် ပြန်လည်ခံစားထားခြင်း ဖြစ်ပါကြောင်းနှင့် လက်ပံရုပ်ရှင်ဇာတ်ကားကြီးနှင့် ဆက်စပ် အနုပညာရှင်များဖြစ်ကြသော ဇာတ်လမ်း-မြားစစ်သည်၊ ဒါရိုက်တာ-ဝိုင်း၊ သရုပ်ဆောင်-ပြေတီဦး၊ စိုးမြတ် သူဇာ၊ ဖွေးဖွေးတို့အား တစ်စုံတစ်ရာထိခိုက်စေလိုသည့် ဆန္ဒ အလျင်းမရှိပါကြောင်း ကြိုတင်အသိပေး ပန်ကြားအပ်ပါသည်ခင်ဗျား။

 = = = = = = = = = = = = = = = = = = = =



ဘ တ် တံ


(ဇာတ်လမ်းအစ)

ဆိုက်ကားဆရာကြီး ဦးဝဏ္ဏဇော်ဟာ အိမ်ထောင်မရှိ လူပျိုကြီးဘဝနဲ့ နေထိုင်သူဖြစ်တယ်။ သူ့မှာ သိပ်ချစ်ရတဲ့ ခွေးဝဲစားကြီးတစ်ကောင်ရှိတယ်။ အဲ့ဒီခွေးဝဲစားကြီးဟာ အဖြူရောင်တွေကို သိပ်မုန်းပြီး၊ အဖြူရောင်တွေ့ရင် လိုက်ဆွဲလေ့ရှိတယ်။ ဦးဝဏ္ဏဇော်ဟာ အဲ့ဒီခွေးဝဲစားကြီးကို သိပ်ချစ်တာပေါ့။ တစ်ရက်မှာ .. ဦးဝဏ္ဏဇော် အိမ်ရှေ့တံစက်မြိတ်အောက်မှာ ဆိုက်ကားလေထိုးနေတုန်း သူသိပ်ချစ်တဲ့ခွေးဝဲစားကြီးရဲ့ စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရတယ်။ အိမ်ရှေ့လမ်းမပေါ် ပြေးထွက်ကြည့်တော့ အဖြူရောင်ဝမ်းဆက် ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ဟာ ခွေးဝဲစားကြီးကို ကလိထိုးနေတာကို တွေ့လိုက်ရတော့တယ်။

(၁)

တစ်နေ့ ရပ်ကွက်ထဲက ခင်မင်ရင်းနှီးတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့အမေရဲ့ အသုဘရက်လည် ကြွရောက်ဖို့ ဦးဝဏ္ဏဇော်ကို ဖိတ်ကြားတယ်။ အသုဘဟေ့ဆိုရင် ကူငွေမထည့်ဘဲ မုန့်ဟင်းခါးအဝဆွဲလေ့ရှိတော့ ရောက်အောင်လာခဲ့ပါမယ် ဆိုတဲ့အကြောင်း ကတိပေးပြောကြားလိုက်တယ်။ ဒီလိုနဲ့ အသုဘအိမ်ကိုရောက်တော့ အသုဘမုန့်ဟင်းခါးကို သုံးပွဲတိတိစားလို့အပြီးမှာ အသုဘရှင်မိန်းကလေး ကြည်ပြာက သူ့သူငယ်ချင်းနဲ့ မိတ်ဆက်လာပေးတယ်။ မုန့်ဟင်းခါးတွေ ပလုတ်ပလောင်းနဲ့ မော့ကြည့်လိုက်တော့ အဖြူရောင်ဝမ်းဆက်ဝတ် မိန်းကလေး။ “ဦး .. ဒါ သမီးသူငယ်ချင်း .. နာမည်က ဘတ်တံ”။ ဦးဝဏ္ဏဇော်ရဲ့ နှာခေါင်းထဲကနေ မုန့်ဟင်းခါးဖတ်တွေ ထွက်လာတယ်။

(၂)

ဦးဝဏ္ဏဇော် ဒီနေ့ ပျင်းပျင်းရှိတာနဲ့ ဆိုက်ကားမဆွဲဘဲ အိမ်ထဲမှာ ဇေတစ်ပုလင်းထောင်ပြီး မိုးနတ်သူဇာ မရမ်းပြားကလေးနဲ့ နှပ်နေတုန်း ကြည်ပြာနဲ့ ဘတ်တံ ရောက်လာတယ်။ ကြည်ပြာက “ဦး .. သမီးတို့ကို ပိုကာဒေါင်းနည်းလေး သင်ပေးပါ .. ခေတ်ကာလမကောင်းတော့ စီးပွားကပျက် .. အဲ့ဒီတော့ သမီးတို့ ရပ်ကွက်တကာလှည့် ဖဲလည်ရိုက်ကြမလို့” ဆိုပြီး ပြောတယ်။ ဦးဝဏ္ဏဇော်က အေး .. ဟုတ်ပြီ .. သင်ပေးမယ် ပေါ့။ အဲ့ဒီမှာ ဘတ်တံက တစ်စခန်းထတယ်။ “ကျွန် မ အ လ ကား မ သင် ချင် ဘူး ။ ကျွန် မ ကို ဖဲ ရိုက် နည်း သင် ပေး တဲ့ အ တွက် ကျွန် မ ဘက် က ဘာ ပြန် ပေး ရ မ လဲ ပြော ပါ” တဲ့။ အဲ့ဒီအခါ ဦးဝဏ္ဏဇော် တင်းသွားတယ်။ “ဒီမှာ မိန်းကလေး .. မင်းက ငါ့ကို ဖဲရိုက်နည်းကို ပိုက်ဆံနဲ့ သင်စားနေတဲ့ကောင်များ မှတ်နေသလား .. မင်း မသင်ချင်ရင် ခုချက်ချင်း ထွက်သွားလို့ရတယ်” ဘာညာနဲ့ ဖြဲရော။ ဘတ်တံက “ကျွန် မ ဘယ် အ ရာ မှ အ လ ကား မ လို ချင် ဘူး” လို့ ပြောတယ်။ ဒီတော့ ဦးဝဏ္ဏဇော်က “ဟုတ်ပြီ .. ဒါဆိုရင် မင်း ငါ့ဆီမှာ ဖဲရိုက်နည်း တစ်ခါလာသင်တိုင်း .. ငါ့ဆိုက်ကားကို ငါးရာနှစ်ဆယ့်ရှစ်ချက်တိတိ လေထိုးပေးရမယ် .. ဘယ်လိုလဲ သဘောတူလား”။ ဒီလိုနဲ့ အပေးအယူတည့်သွားပြီး ဦးဝဏ္ဏဇော်ဟာ ဘတ်တံနဲ့ ကြည်ပြာကို ဖဲရိုက်နည်းသင်ပေးပါတော့တယ်။

(၃)

တစ်ညတော့ ဦးဝဏ္ဏဇော်ဟာ ဆိုက်ကားနင်းရာကအပြန် နည်းနည်းညဥ့်နက်သွားတယ်။ လေလေးတချွန်ချွန်နဲ့ ပြန်လာရာ .. လမ်းကွေ့တစ်နေရာအရောက်မှာ ဘတ်တံကို ရပ်ကွက်ထဲက အရက်သမား မင်းလုလင် နှောင့်ယှက်နေတာနဲ့ ဆုံပါတယ်။ အရက်သမား မင်းလုလင်ဟာ ဘတ်တံကို တဖက်သတ်ကြိုက်နေသူပါ။ မျက်စိရှေ့မှာ မြင်ရတော့လည်း မတတ်သာတာနဲ့ ဦးဝဏ္ဏဇော်ဟာ မင်းလုလင်ကို လက်တို့ခေါ်ပြီး အရက်ဖိုးနှစ်ရာ လက်ထဲထည့်ပေးကာ တော်ရာသွားမူးနေဖို့ ပြောလိုက်တဲ့အခါ မင်းလုလင်ဟာ လမ်းထိပ်အရက်ပုန်းဆိုင်ဆီ ထွက်သွားပါတယ်။ ဘတ်တံက “ကျေး ဇူး တင် ပါ တယ် ။ ဒီ အ တွက် ဦး ကို ကျွန် မ ဘာ ပြန် ပေး ရ မ လဲ ပြော ပါ” လို့ ဆိုပါတယ်။ ဘယ်လိုမှ ငြင်းမရတဲ့အဆုံး ဦးဝဏ္ဏဇော်က ဘတ်တံရဲ့ မိသားစုအကြောင်း ပြောပြဖို့ တောင်းဆိုလိုက်တဲ့အခါမှာတော့ . . .

(၄)

လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်လောက်က ဦးဝဏ္ဏဇော်ဟာ မောင်ဝဏ္ဏဇော်ပေါ့။ အခုလို ဆိုက်ကားဆရာကြီး မဟုတ်သေးပါဘူး။ ရပ်ကွက်ထဲက သောက်လုပ်သောက်ကိုင်မရှိ လေလွင့်လူငယ်တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ လူငယ်တို့ ဘာသာဘာဝ နန့်ကြောဆွဲပြီး ခင်ရွှေရည် ဆိုတဲ့ မိန်းကလေးနဲ့ ချစ်ကြိုက်ခဲ့ပါလေရောလား။ ခင်ရွှေရည်နဲ့ သူနဲ့ဟာ ငယ်ငယ်ကတည်းက သောက်ကမြင်းကြော ထဖော်ထဖက်တွေဆိုတော့ သံယောဇဉ်တွေကလည်း ကြီးခဲ့သကိုး။ ညညဆိုရင် နှစ်ယောက်သား ကြက်တောင်ရိုက်တမ်းကစားကြတာ ငယ်ငယ်ကနေစပြီး ခု လူလားမြောက်တဲ့အထိပဲ။ ဒီလိုနဲ့ လူလားအမြောက်လွန်သွားကြတာ .. တစ်ရက်တော့ အိမ်အနောက်ဘက် မြေကွက်လပ်ထဲ ကြက်တောင်ရိုက်ကြရင်း လူလားမြောက်သွားပါလေရောတဲ့။ (လူလားမြောက်သည်ဆိုခြင်းမှာ အဝှာပြုခြင်းဖြစ်ကြောင်း ထပ်မံရှင်းပြရန်လိုမည်မထင်။ လူလားမြောက်ဖူးသူတွေ သဘောပေါက်ကြ၊ ဒါပဲ၊ ဟိဟိ)။

(၅)

ဒီလိုနဲ့ လူလားမြောက်ပြီး သုံးလလောက်အကြာမှာ ထုံးစံအတိုင်း ကိုဝင်းကြည် ရှိလာတာပေါ့။ ကိုဝင်းကြည်ရှိလာတဲ့အကြောင်းကို ခင်ရွှေရည်က ဝဏ္ဏဇော်ကို ပြောပြတော့ တုန်လှုပ်သွားတယ်။ ဟင့်အင်း သားသားက ငယ်ငယ်လေးရှိသေးတာ .. အာ့မျိုးတွေ ဝါသနာပါဖူး .. သေရောသေချာလို့လား .. နင် အစားမှားလို့ ဗိုက်ကယ်တာနေမှာပါ .. ထမင်းစားပြီး ရေချိုးလိုက်သေးလား .. ရေဖျဉ်းစွဲတာဖြစ်မယ် .. ဘာညာနဲ့ ငြင်းတာပေါ့။ ခင်ရွှေရည်ကတော့ တပ်အပ်ကို စွပ်စွဲတာပဲ ..။ L ဆိုင်းဇီ သီချင်းလေးနဲ့ .. “သူ မလာတာ သုံးလေးငါးလ ကြာပြီရှင် .. ဒါကိုပင် ငြင်းချက်ထုတ်လို့ ညာနေရင် .. အော်အော်ကာ တုပ်ပစ်မရှင် .. တကယ်သာ ရှင် ငြင်းခဲ့ရင် .. ဆရာဝန်ဆီ လိုက်ခဲ့ အခုခဏတွင်” ဆိုပြီးတော့ကို စွပ်စွဲတာ။ ဟိုအပေအတေလေးကတော့ ဘူးဆို အဝှာမသီးဘူး ဆိုတဲ့အစားထဲကပဲ၊ ဖင်ပိတ်ပြီးတော့ကို ငြင်းတာ။ ငြင်းတဲ့အပြင် .. သူက ဘာလုပ်သေးလဲ ဆိုတော့ .. “ရော့ .. ဒီမှာ အစာကြေဆေး နှစ်လုံး .. အာ့လေး စားလိုက်ရင် နင် ဗိုက်ကယ်နေတာ သက်သာသွားမှာ .. အစားမှားတာကိုး .. ဒါမှမသက်သာသေးရင် ရော့ ဒီမှာ အကြွေငါးကျပ် .. ဦးချိန်တီ ဝယ်ပြီး ရေနွေးကြမ်းလေးနဲ့ သောက်ချလိုက် နော်” တဲ့ .. လုပ်ပုံ။

(၆)

ဒီမှာတင် ခင်ရွှေရည် တင်းသွားတယ်။ “ရတယ် ကိုကို .. နင် ငါ့ကို တာဝန်မယူချင်လည်းဖြစ်တယ် .. ဒါပေမဲ့ နင် တစ်ခုတော့ မှတ်သွားပါ။ နင်နဲ့ ငါနဲ့ ရိုက်နေကျ ကြက်တောင်တွေဟာ အဖြူရောင်တွေမဟုတ်လား။ အေး အဲ့ဒီ အဖြူရောင်တွေကိုမြင်တိုင်း၊ ဘတ်တံ ဆိုတဲ့ အသံကို ကြားလိုက်တိုင်း နင် အမြဲနောင်တရနေစေရမယ် .. အဲ့ဒါမှတ်ထားလိုက် .. ဒါပဲ .. နင့်မျက်နှာလည်း ငါမကြည့်ချင်ဘူး .. ငါ့မျက်နှာလည်း ငါမကြည့်ချင်ဘူး .. အို .. ဘယ်သူ့မျက်နှာမှ ငါမကြည့်ချင်ဘူး”။ ပြောပြောဆိုဆိုနဲ့ အစာကြေဆေး နှစ်လုံးရယ် .. အကြွေငါးကျပ်ရယ်ကို လွှင့်ပစ်လိုက်တယ်။

(၇)

ဘတ်တံက သူမရဲ့ ထမီအထက်ဆင်ထဲ လိပ်ထည့်ထားတဲ့ အစာကြေဆေး နှစ်လုံးကို ဦးဝဏ္ဏဇော်ကို ထုတ်ပြတယ်။
“ဒါ ကျွန် မ အ ဖေ ဆို တဲ့ လူ . . ကျွန် မ ကို ပေး ခဲ့ တဲ့ အ မွေ ပဲ”။
ဦးဝဏ္ဏဇော် တုန်လှုပ်သွားတယ်။
“မင်း .. မင်း အဖေရဲ့ .. မင်းအဖေရဲ့ နာ နာမည်က ဘာတဲ့လဲ ဘတ်တံ”။
ဘတ်တံက ခနဲ့တဲ့တဲ့ပြုံးရင်း ..
“အ မေ ခေါ် တာ တော့ ကို ကို .. ဒီ တော့ ဦး ကို ကို ပေါ့ .. နာ မည် က အ ရေး မ ကြီး ပါ ဘူး”
“ဒါဆို ဘာက အရေးကြီးလဲ ဘတ်တံ”
“အို .. ဘာ အ ရေး ကြီး ကြီး ရှင့် သောက် ပူ ပါ လား .. ပြော တာ ကို အေး အေး ဆေး ဆေး ဆက် နား ထောင်”

(၈)

ခင်ရွှေရည့် ဗိုက်ဟာ တဖြည်းဖြည်း ပူလာတယ်။ ရပ်ကွက်ထဲကလူတွေလည်း သိကုန်ကြတော့ ခင်ရွှေရည့်အဖေကြီးဟာ ရှက်ပြီး သူ့ကိုယ်သူ ကြိုးဆွဲချသတ်သေမယ်လို့ ကြံစည်တယ်။ အဲ့ဒီအတွက် ကြိုးထွက်ဝယ်ရာမှာ ကားတိုက်ခံရပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ ခင်ရွှေရည့်အမေလည်း အဲ့ဒီစိတ်နဲ့ပဲ မြွေကိုက်ခံရပြီး သေသွားတယ်။ လောကအလယ် ဗိုက်တလုံးနဲ့ ကျန်ခဲ့တဲ့ ခင်ရွှေရည်ဟာ တစ်ကောင်ကြွက် တစ်မျက်နှာ ဘဝနဲ့ မျက်လုံးလေးကလယ်ကလယ် (နာမည်ဆင်တူခြင်း သည်းခံပါ) ဖြစ်နေတာပေါ့။ အတန်းပညာကလည်း မတတ်၊ လုပ်ကိုင်စားသောက်ဖို့ အသက်မွေးဝမ်းကျောင်းကလည်း နုံနဲ့။ ဒီလိုနဲ့ ရပ်ကွက်ထဲ အိမ်သာကျင်းတူးတဲ့ အလုပ်လေးလုပ်ရင်း .. တစ်နေ့တော့ .. ရပ်ကွက်လူကြီး မောင်မိုးချိုရဲ့ အိမ်သာကျင်းကို တူးနေတုန်း “ဂလုပ်” ဆိုတဲ့ တစ်စုံတစ်ခုကို ပေါက်တူးနဲ့ပေါက်မိတဲ့အသံ ကြားရရော။ အဲ့ဒီမှာ ဘာလဲဟ ဆိုပြီး သေသေချာချာ ဆက်တူးကြည့်တော့ ထွက်လာတာက ..

(၉)

ချိန်ခွင်တစ်လက် . . . ။
ခင်ရွှေရည် ပျော်သွားတယ်။ သူ အိမ်သာကျင်းတူးရတဲ့ဘဝက လွတ်ပြီ။ ဒီချိန်ခွင်နဲ့ ဈေးထဲမှာ ငါးရောင်းမယ်။ မွေးလာမယ့် ရင်သွေးလေးကို ငါးရောင်းပြီး ကျွေးမွေးပြုစုလို့ရပြီ။ ခင်ရွှေရည် သိပ်ပျော်သွားတယ်။

ဒီလိုနဲ့ သမီးလေး မွေးလာတယ်။ သမီးလေးကို ခင်ရွှေရည်နဲ့ ဝဏ္ဏဇော် ကြက်တောင်ရိုက်ခဲ့တာ အစွဲပြုပြီး ဘတ်တံလို့ အမည်ပေးလိုက်တယ်။ ဘတ်တံလေးကို မိန်းမတို့တပ်အပ်တဲ့ အဌာရသဆယ့်ရှစ်ရပ် (ဟယ် မှားကုန်ပြီ) ပညာရပ်တွေ သင်ပေးတယ်။ လက်ဖက်ရည်ဆိုင်ရှေ့ ဘယ်လိုတင်ပါးလှုပ်လမ်းလျှောက်ရမယ်၊ ကိုယ်ကြိုက်တဲ့ကောင်လေးတွေ့ရင် ဘယ်လိုကြာပစ်ရမယ်၊ ကိုယ့်ကိုအတင်းပြောတဲ့ကောင်မကို ဘယ်လိုတုပ်ရမယ် စသဖြင့်ပေါ့။

ဘတ်တံလေး လင်ကောင်းသားကောင်း ရလောက်အောင် ပညာတွေစုံပြီဆိုတဲ့တစ်နေ့မှာ .. ခင်ရွှေရည်ဟာ ဒီလိုပြောတယ်။
“သမီး ဘတ်တံ။ သမီးလည်း အရွယ်ရောက်ပြီ။ ကိုယ့်ဟာကိုယ် သင့်တော်မယ့် လင်တစ်ယောက် ရှာယူတော့။ အမေလည်း တစ်ယောက်တည်း နေရတာ ပျင်းလှပြီ။ အမေ သမီးမသိနိုင်မယ့် နေရာတစ်ခုကိုသွားပြီး သူငယ်လေးတွေနဲ့ ပျော်ပါးတော့မယ်။ တာ့တာ သမီးရေ .. ဒချိ ဒချိ” ဆိုပြီး အထုပ်ကောက်ဆွဲ လစ်သွားရော။

ပြီးမှ သတိရလို့ ပြန်ဝင်လာပြီး ..
“အမေ တစ်ခုပြောဖို့ မေ့ခဲ့လို့ ဘတ်တံ။ ဒီမှာ ရော့ .. ဒီစာကို သမီးအဖေနဲ့ ပြန်မတွေ့ခင်အထိ သိမ်းထားပါ။ သမီးအဖေနဲ့ ပြန်တွေ့ပြီ ဆိုတဲ့နေ့မှာ သားအဖနှစ်ယောက် အတူတူ ဖတ်ကြပါ .. ဒါပဲ ဝှစ် ဝှစ်”

(၁၀)

“သမီး .. ဘာ့ဒန်”

ဦးဝဏ္ဏဇော် အသံတို့ တုန်လှုပ်လျက်။ ဘတ်တံကိုပင် မပီတော့၊ ဘာ့ဒန် ဖြစ်နေသည်။

“သမီး .. အဖေ့ရဲ့အပြစ်တွေပါကွယ် .. အဖေ့ကြောင့် သမီးတို့ သားအမိနှစ်ယောက်တည်း ဆင်းဆင်းရဲရဲနေခဲ့ရတယ်။ အဖေသာ သမီးအမေကို တာဝန်ယူခဲ့ရင် အဖေတို့ သားအမိသားအဖသုံးယောက်စလုံး ဆင်းဆင်းရဲရဲနေကြရမှာ ..။ ခုတော့ အဖေ့ရဲ့မိုက်ပြစ်တွေပါကွယ် .. သမီး .. ငါ့သမီးလေး .. ငှစ်”

“ဘာ … အူး အူးယေးက အမီးရဲ့ အပေရား ငင်”

ဘတ်တံလည်း အတော်တုန်လှုပ်သွားသည်။ စကားတို့ မပီတော့။

“ဟုတ်ပါတယ် သမီးရယ် .. ခုလေ တို့သားအဖ ပြန်ဆုံကြပြီဆိုတော့ .. သမီးဆီက အဖေ ဆိုတဲ့ ခေါ်သံလေး ကြားချင်လိုက်တာကွယ် … အဖေ့ကို ချစ်ရင်လေ .. အဖေ့ကို သမီးလို့ ခေါ်လိုက်ပါလား သမီးရယ် ..”

ဘတ်တံ ဆို့နင့်ကြေကွဲစွာဖြင့် ..
“သ မီးးးးးး”

ဦးဝဏ္ဏဇော် ပြန်ထူးသည်။
“အေ ဖ .. အေအေအေအေအေ”

ပြီးမှ နှစ်ယောက်သား ကြောင်သွားကြသည်။

“ဟင် .. ဟုတ်သေးပါဖူး .. ငါက အဖေ .. နင်က သမီးလေ ဂန်းနာမရဲ့”

“ဟုတ်တယ်လေ သမီးက သမီးမို့ အဖေ့ကို သမီးလို့ခေါ်ပြီး .. အဖေက အဖေမို့ သမီးကို အဖေလို့ ခေါ်ရမှာမှုတ်ဖူးလား .. အာ ရှုပ်ကုန်ဘီ .. ကတောက်စ် .. အဖေတစ်ယောက်ရတာ သောက်လုပ်သိပ်ရှုပ်တာပဲ”

“ကဲပါ ဘတ်တံရယ်။ သမီးအမေ စာတစ်စောင်ထားခဲ့တယ်ဆို။ အဖေနဲ့ဆုံရင် အတူတူဖတ်ဖို့ မှာခဲ့တယ်မဟုတ်လား။ ဘယ်မလဲ အဲ့ဒီစာ။ ပြစမ်းပါဦး”

“ဟောဒီမှာ အဖေ” ဟု ဆိုကာ ဘတ်တံက သူမ၏ ဘော်လီအင်္ကျီအတွင်း ညှပ်ထည့်ထားသော စာကို ထုတ်ပေးလိုက်သည်။

ကတောက်စ် .. စာကလည်း တညင်းသီးဆားရည်စိမ်နံ့ မွှေးနေတာပဲ .. ဗိုင်းတာမ .. ရေမချိုးတာ ဘယ်နှရက်ရှိပြီလဲမသိဘူး .. ဖအေတူ သမီး .. သောက်ရမ်းညစ်ပတ်တယ် .. ဟု ဦးဝဏ္ဏဇော် စိတ်ထဲမှ တွေးရင်း စာကို ဖွင့်ဖတ်လိုက်သည်။

စာထဲတွင်မတော့ . . .
“သေခြင်းဆိုးကိုကို
ရှင်နဲ့ ရှင့်သမီးဘတ်တံတို့ ဆုံကြပြီမဟုတ်လား .. ကျုပ်သိနေတယ်လေ .. သိမှာပေါ့ .. အဲ့စာကို ရှင်နဲ့တွေ့ရင် ပေးဖတ်လိုက်ဖို့ ကျုပ်မှာခဲ့တာပဲ .. ကျုပ်က ဂျွတ်စပွတ် ဆိုတာ ရှင်သိတယ်ဟုတ် .. ဟဲဟဲ .. အဓိက ပြောချင်တာကတော့ ကျုပ်သမီးလေးရှေ့ရေးအတွက် ကျုပ် ငရုတ်ကျည်ပွေ့တစ်ချောင်းရယ် .. အိမ်နောက်ဖေးဘက်က ခရမ်းသီးစိုက်ခင်းရယ် .. အိမ်ရှေ့ဘက်က ကြက်ဟင်းခါးသီးစိုက်ခင်းရယ် အမွေပေးထားခဲ့ဖို့ ရည်ရွယ်ထားခဲ့တယ် ..။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာပဲ ကျုပ် နှစ်လုံးထီတွေထိုးတာ အရှုံးလွန်သွားလို့ အဲ့ဒီမြေကွက်နဲ့ အိမ်ကလေးကို ချဲဒိုင်သူရဿဝါဆီ ထိုးအပ်လိုက်ရတယ် ..။ ဘတ်တံနဲ့ ရှင်နဲ့ ပြန်မတွေ့ခင်အချိန်အထိ အဲ့ဒီအိမ်ကို မသိမ်းဖို့၊ အတိုးတွေကို သူ့အဖေ ပြန်ဆပ်ပါလိမ့်မယ် လို့ ကျုပ် ချဲဒိုင်သူရဿဝါကို တောင်းပန်ထားခဲ့တယ်။ ဒီတော့ ရှင် အဲ့ကိစ္စတွေ ရှင်းလိုက်ပါ။ ကျုပ်ကတော့ ဒီအချိန်ဆို သူငယ်လေးတွေ တစ်ဖက်လေးငါးရာနဲ့ ရှူရှူးပေါက်ချိန်တောင်မရှိအောင် ပျော်ပါးနေလောက်ပြီ ဟိဟိ

တချိန်က ရှင့်ရဲ့ အချစ်တုံးကြီး
ခင်ရွှေရည်”

စာဖတ်ပြီးနောက် ဦးဝဏ္ဏဇော်နှင့် ဘတ်တံတို့ ပြိုင်တူရေရွတ်မိလိုက်ကြသည်မှာ ..

“ညင်”


ပြုံးပျော်နိုင်ကြပါစေ
ဆူး ခ က် မ င်း
ဇူလိုင် ၁၈၊ ၂၀၁၃ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...