Thursday, July 18, 2013

" မျိုးစောင့်တရားကို ဘယ်လိုမြင်သလဲ "

" ဝိသာခါ ကျောင်းအစ်မကြီးဟာ မျိုးမစောင့်ဘူး
ဘာသာခြားကိုယူခဲ့တယ်
ကလေးတွေတောင် အများကြီးမွေးလိုက်သေးတယ်
ဥတ္တရာဥပါသိကာမလေးဟာ မျိုးမစောင့်ဘူး
ဘာသာခြားကို ယူခဲ့တယ်
ရှင်သာရိပုတ္တရာအမေကြီးကလည်း ဘာသာခြားဖြစ်တယ်
မြတ်စွာဘုရားက အဲဒီလူတွေမျိုးမစောင့်တာကို
ဘာလို့မတားသလဲ မသိဘူး "

ဆိုပြီးလူတစ်ယောက် Facebook မှာ စတေးတပ်တင်ထားတာကို ကျွန်တော်ဖတ်လိုက်ရတယ်။

Like and Comment တွေလည်း ရသပေါ့လေ....
ဒီဘာသာရေးကိစ္စနဲ့ပက်သက်ပြီး မပြောဖြစ်အောင် ကျွန်တော် နေနေပါတယ်။
လက်ရှိမြန်မာပြည်ရဲ့ မြို့လုံးကျွတ်မီးလောင်မှုတွေ အကြမ်းဖက်လူသတ်မှုတွေဟာ
ဒီ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီးဖြစ်သွားတာတွေကြောင့် မပြောဖြစ်၊ မရေးဖြစ်အောင် ကျွန်တော် နေနေရခြင်းဖြစ်ပါတယ်။

အမှားကြာရင်အမှန်ဖြစ်တတ်တာ လောကနိယာမတစ်ခုပါပဲ။
အထက်က ကျွန်တော်ဖတ်ခဲ့မိတဲ့ စတေးတပ်ကို ချစ်ခြင်းမုန်းခြင်းမပါပဲ ကျွန်တော် အရင်ရှင်းပါမယ်။
အဲဒီလူတွေ ဘာသာခြားနဲ့အိမ်ထောင်ကျခဲ့ကြတာ မှန်ပါတယ်။


ဥပမာတစ်ခုအနေနဲ့ ဝိသာခါကျောင်းအစ်မကြီးဟာ ၇ နှစ်သမီးအရွယ်ကတည်းက သောတာပတ္တိမဂ်ဆိုက်ခဲ့ ပြီးသား အရိယာတစ်ယောက်ဖြစ်တယ်။

အမိအဖတွေ ပေးစားခဲ့လို့ ဘာသာခြားကို သူယူခဲ့ပေမယ့်၊ ထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို၊ သူတစ်ကြိမ် တစ်ခါမှ မပျက်ကွက်ခဲ့ဖူးတဲ့အပြင်၊ ဘုရားအမှုးပြုတဲ့ သံဃာတော်တွေကိုပါ

အမိတစ်ယောက်လို လိုလေသေးမရှိပြုစုခဲ့လို့ ဧတဒဂ်ရခဲ့တဲ့ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်ခဲ့တယ်။

သူ့ကြောင့် သူ့အမျိုးသားပါ ဗုဒ္ဓဘာသာဝင် ဖြစ်သွားခဲ့တဲ့အပြင် သူ့ယောက္ခမတွေကိုပါ ဗုဒ္ဓဘာသာရဲ့ အနှစ်တရားတွေကို သိမြင်လာအောင် ချေချွတ်နိုင်ခဲ့တာကြောင့်၊

ယောက္ခမဖြစ်သူ မိဂါရ သူဌေးကြီးက ဝိသာခါကို မိဂါရမာတာ ( မိဂါရရဲ့မိခင် ) လို့ပါခေါ်ဝေါ်ခဲ့ပါတယ်။

ဟုတ်ပြီ .... ဒီတော့ ... လက်ရှိဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ...

မိမိစိတ်ကြိုက် လက်ထပ်ပေါင်းသင်းယူမယ့် ဘာသာခြားလင်ယောင်္ကျားကို အဲဒီ ဝိသာခါကျောင်းအမကြီးလို

နိဗ္ဗာန်ပို့ဆောင်ပေးမယ့် တရားတော်တွေကို လမ်းပြဖော်ဆောင်ပေးလောက်တဲ့ ဘာသာရေးအတွေးအခေါ်တွေ ရင့်ကျက်နေကြပြီလား။

ကျွန်တော်မြင်ရသလောက်ကတော့ ..... ကိုယ်ကိုယ်တိုင်ပါ ဘာသာကူးပြောင်းသွားဖို့၊ ၉၉% လောက် သေချာနေသလိုပါပဲ။

နောက်တစ်ချက် ....

ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးရဲ့ မိခင်ဟာလည်း ဘာသာခြားပါပဲ... တဲ့။

ဟုတ်ပါတယ်... ဗုဒ္ဓဘုရားရှင်ပွင့်ကာစမို့ သာသနာမဖွံ့ဖြိုးသေးချိန်မှာ၊ ဘုရားရှင်နဲ့ ပဉ္စဝဂ္ဂီ ၅ ပါးကလွဲရင် ကျန်တာ ဘာသာခြားတွေချည်းပဲဆိုတာ၊

စဉ်းစားစရာတောင်မလိုတဲ့ ကိစ္စပေါ့။

ရှင်သာရိပုတ္တရာရော.... ရှင်မဟာမောဂ္ဂလန်တင်မဟုတ်ဘူး.... ဗုဒ္ဓဘုရားရှင်မပွင့်သေးသမျှကတော့ ...

ဗုဒ္ဓဘာသာမပေါ်ပေါက်သေးမှတော့ .... ဘာသာခြားတွေချည်းပဲပေါ့။

အဲဒီရှင်သာရိပုတ္တရာဟာ သူပရိနိဗ္ဗာန်မစံမီမှာပဲ.... သူ့မယ်တော်ကို တရားပြဖို့၊

မိခင်အိမ်မှာသီတင်းသုံးပြီး ညဦး ညလယ် မိုးသောက်ယံတွေမှာ၊ နတ် သိကြား ဗြဟ္မာအသီးသီး လာကန်တော့ကြတာကို မြင်စေပြီး၊

တရားဟော ချေချွတ်ပြီး မိခင်ကျေးဇူးကို နိဗ္ဗာန်ဆိုတဲ့ ( ငြိမ်းချမ်းမှု ) နဲ့ ဆပ်ခဲ့ပါတယ်။

ဒါက ကျွန်တော်မြင်လိုက်မိတဲ့ စတေးတပ်တစ်ခုကို ရှင်းလင်းတဲ့အပိုင်းပါ။

ထေရဝါဒ ဆိုတာ... ထေရ်= ထေရ ... ဝါဒ=အယူ ....

ရဟန်းအရှင်မြတ်တို့ယူတဲ့အယူပေါ့ .... အဲဒီရဟန်းသံဃာတော်တွေက ဒီဗုဒ္ဓဘုရားရှင်ရဲ့

သာသနာကို ခေတ်အဆက်ဆက် လက်ပေါ်တင်ပြီး လွယ်လွယ်ကလေး သယ်ဆောင်လာခဲ့ကြတာမှ မဟုတ်တာ။

အခုအချိန်အထိ ဝိပဿနာ ( ဝိ = အထူး ၊ ပဿနာ = ရှုမှတ်ခြင်း ) ကို တကယ်အားထုတ်ရင်

တကယ် မဂ်ဖိုလ်တရားရနေသူတွေ အများကြီး ရှိနေတာပါပဲ။

အဲဒီအကျိုးဆက်ဟာ... အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ အစရှိတဲ့ ရဟန်းသံဃာတော်တွေက ပထမသံဃာယနာတင်ပြီး

ခေတ်အဆက်ဆက် ကျက်မှတ်ပြီး.... တစ်မျိုး ...ကျောက်ထက်အက္ခရာနဲ့တစ်ဖုံ.... နောက်ဆုံး ဆဌသံဃာယနာတင်ခဲ့တဲ့၊

မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တအဆုံး.... ရင်ကွဲမတတ် စာအံခဲ့ကြရင်း၊

အခုအချိန်ထိ ဗုဒ္ဓဘာသာကို မကွယ်မပျောက် မပျက်အောင် ထိန်းသိမ်းခဲ့ကြတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်ပါလိမ့်မယ်။

သံဃာတော်အရှင်သူမြတ်တွေအနေနဲ့၊ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ဆိုတဲ့ ပိဋကတ်သုံးပုံကို ဘယ်လောက်ပဲ အာဂုံဆောင်ထားထား၊

ဘယ်အထိပဲ သယ်ဆောင်သွားသွား ရဟန်းဒါယိကာ၊ ဒါယိကာမတွေ မရှိရင်၊ သာသနာကို ကိုးကွယ် ဆည်းကပ်သူတွေ မရှိတော့ဘူးဆိုရင်

သာသနာကွယ်မှာ အမှန်ပါပဲ။

ကျွန်တော့်မိတ်ဆွေတွေထဲမှာ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာဝင်တွေ အများကြီးရှိနေပါတယ်။

ဘယ်ဘာသာဝင် တစ်ဦးတစ်ယောက်ကိုမှ ကျွန်တော် မစော်ကားခဲ့ဖူးဘူးဆိုတာ သူတို့တွေ အသိဆုံးပါပဲ။

သူတို့ယုံကြည်ကိုးကွယ်ရာကို ကျွန်တော် လေးစားသလို၊ ကျွန်တော့်ကိုးကွယ်မှုကိုလည်း ကျွန်တော် မြတ်နိုးရမှာ အမှန်ပါပဲ။

ဘာသာခြားကိုသာ ယူပါ .... ပြီးရင် မိမိယူတဲ့ ဘာသာခြားရဲ့ ဘာသာကိုသာ သဘောထားမြင့်မြတ်စွာနဲ့ ကိုးကွယ်ပါလေတော့ ...

ဆိုပြီး ဘယ်ဘာသာကများ ပြဌာန်းထားပါသလဲ ....

ဘုရားရှင်ဟာ မိမိဘာသာဝင်ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို တရားဟောရုံမျှမက၊ ဘာသာခြားတွေကိုပါ ( ၄၅ ) နှစ်လုံးလုံး တစ်ရက် အနားမယူပဲ

နေ့နေ့ညည တရားဟောလေ့ရှိတယ် ( ဝါ ) သံသရာကနေ ကယ်တင်လေ့ရှိတယ် ဆိုတာကိုတောင် ယနေ့ ဗုဒ္ဓဘာသာဝင်တွေ

အမှတ်မရကြတော့လောက်အောင် ဖြစ်ကုန်ကြတာကို ကျွန်တော် စိတ်မကောင်းပါ။

အမျိုးကိုစောင့်ရှောက်ဖို့ ဇာတ်နိပါတ်တော်တွေအပြင်၊ သာသနာကိုစောင့်ရှောက်ဖို့အတွက် ( ဝါ ) သာသနာအဓွန့်ရှည်စေဖို့အတွက်

ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ အစရှိတဲ့ အမျိုးနဲ့ သာသနာအတွက် ဘုရားဟောတရားတွေ မရေမတွက်နိုင်အောင်ရှိခဲ့ပါတယ်။

ဘုရားဟောတရားတော်တွေကို ( ၅၅၀ ) နိပါတ်တော် အပါအဝင် ဇာတ်ကြီး ၁၀ ဘွဲ့ဖြစ်တဲ့ တေ၊ ဇ။ သု၊ နေ၊ မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ လောက်တောင်

မကြေညက်သေးရင်....

ဘုရားမဟောခဲ့ပါဘူးဆိုပြီး အလွယ်လေး မရေးကြ မပြောကြဖို့ ကျွန်တော် မေတ္တာ ရပ်ခံပါတယ်။

အခု အတော်များများ ကျွန်တော်တွေ့နေရတယ်။

မျိုးစောင့်ဥပဒေဆိုတာကို လက်မခံဘူး.... ဒီအသံတွေ ကျွန်တော်ကြားနေရတယ်။

ဆရာတော်ဦးဝီရသူဘက်ကို ကျွန်တော် တစ်ချက် ကြည့်ပါမယ်။

ဆရာတော်ဟာ ဒီအမျိုးစောင့်ဥပဒေ ( ဝါ ) ဗုဒ္ဓဘာသာကို စောင့်ရှောက်တဲ့ ဥပဒေ...

ဒီဟာကို လွှတ်တော်မှာ ပြဌာန်းပေးဖို့၊ တစ်နည်းအားဖြင့် .... မိမိဘာသာဝင်တွေကို ဘာသာခြားတွေ အလွယ်တကူသိမ်းပိုက်ပြီး၊

ဘာသာပြောင်းသွားအောင် မလုပ်ဖို့ကို ဥပဒေနဲ့ပါ တားဆီးမယ်ဆိုတဲ့ .... စိတ်... စေတနာကို ကျွန်တော် ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်။

ဒါဟာ.... သူ့ရဲ့ စေတနာပါ .... ဗုဒ္ဓဘာသာကို မတိမ်ကော မကွယ်ပျောက်စေလိုတဲ့ ဆရာတော်ရဲ့ စေတနာပါ။

" တပည့်တော် ဆရာတော်ဘုရားရဲ့ ခြေအစုံကို ဦးတိုက်ပြီး အခု လျှောက်ပါတယ်ဘုရား ... "

" ဆရာတော်ရဲ့ စေတနာမှန်ပေမယ့် ....

၁။ မြန်မာပြည်မှာ မဖြစ်စဖူး....

ဘာသာရေးနဲ့ လူမျိုးရေးပဋိပက္ခတွေ အကြီးအကျယ်ဖြစ်နေခြင်း .....

၂။ ဆရာတော်ရဲ့ တရားပွဲတွေမှာ မိမိဘာသာကို သက်ဝင် ယုံကြည်အောင်ဟောတာအပြင်၊

ဘာသာခြားတွေကိုပါ ထိခိုက်စေတဲ့ အသုံးအနူံးများပါဝင်ခြင်း .....

၃။ မိမိဘာသာဝင်ကိုသာ တရားဝင်လက်ထပ်ခြင်းဖြင့် သာသနာကို အဓွန့်ရှည်အောင်

လုပ်ဆောင်ရာကျသည်မှာ အကြွင်းမဲ့မှန်သော်လည်း ဘာသာရေးပဋိပက္ခကြောင့်၊

မြန်မာတစ်ပြည်လုံးလိုလို ဘာသာရေးကိစ္စအတွက် စိုးရိမ်ကြောင့်ကျမှုများဖြစ်နေချိန်

ဆရာတော်ရဲ့ အချိန်ကိုက် ဥပဒေဆိုတာကို ပို၍လက်မခံနိုင်ကြခြင်း ....

အစရှိတဲ့ အချက်တွေကို တပည့်တော် သုံးသပ်မြင်မိပါတယ် ဆရာတော် .... ။

အခုမျိုးစောင့်ဥပဒေဆိုတာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးကောင်းတွေအနေနဲ့၊

ဘာသာခြားနဲ့လက်ထပ်မိလို့ ဘာသာကူးပြောင်းသွားရာကနေ၊

သာသနာပျောက်ကွယ်နိုင်တာကို ကာကွယ်ဖို့ဆိုတာ မှန်ပေမယ့် ....

( ပဋိပက္ခ ) ဆိုတဲ့ အချိန် ... လွဲနေတာကြောင့် ... လက်မခံသူတွေ ရှိလာတာပါ ဆရာတော် "

အခု ကျွန်တော့်အနေနဲ့ ကျွန်တော့်မှာ သမီးလေးတွေသာ မွေးထားမိရင်၊

သမီးလေးတို့ရေ ..... မင်းတို့တွေအရွယ်ရောက်လို့ အိမ်ထောင်ပြုခဲ့ရင်လေ ....

မင်းတို့နဲ့ ဘာသာတူတဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသားတွေကိုသာ ရွေးချယ်ရုံမျှမက၊

မြန်မာနိုင်ငံသားတွေကိုပဲ ရွေးချယ်ပါလို့ ၁၀၀% အပြည့် သွန်သင်ဆုံးမမှာ အမှန်ပါပဲ။

ကျွန်တော် အဲဒီလို အမျိုးနဲ့ သာသနာ ဘာသာကိုစောင့်ပါမယ်။

ဗုဒ္ဓဘာသာဝင် အမိအဖတွေအနေနဲ့လည်း မိမိတို့ရဲ့ရင်နှစ်သည်းခြာ သားငယ် သမီးငယ်တွေကို

လူမျိုးခြားအနေနဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်ကိုဖြစ်စေ၊ ဘာသာခြားအနေနဲ့ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်တွေကိုဖြစ်စေ

အဲဒီလိုသီးသန့်ရွေးချယ်ပြီး လက်ထပ်ပါလေတော့ .... လို့ ဘယ်မိဘကမှ ညွှန်ပြ ဆိုဆုံးမကြလိမ့်မယ် မဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော် ယုံကြည်ပါတယ်။

မိမိရဲ့ အပြုအပြောဟာ မိမိဘာသာကိုပါ စော်ကားသလို ဖြစ်နေတာတွေကိုတော့ သတိကြီးကြီး ( ကြီးကြီး ) ထားစေချင်ပါတယ်။

ကိုယ့်ဘာသာကို ကိုယ် ကာကွယ် စောင့်ရှောက်ခြင်းသည် ရှက်စရာမဟုတ်သလို၊

လူ့အခွင့်အရေးချိုးဖောက်ခြင်းလည်း မဟုတ်ဘူးဆိုတာကို နှလုံးသွင်းမှန်ပါစေ။

မိမိဘာသာကို မိမိကာကွယ် စောင့်ရှောက်ခြင်းသည် ဘာသာခြားတို့ကို ဖိနှိပ်ခြင်းမဟုတ်၊

အကြမ်းဖက်ဝါဒနဲ့ မီးလောင်တိုက်သွင်းခြင်း၊ စစ်ရေးအရ ကျူးကျော် တိုက်ခိုက်ခြင်း

ဥပဒေမဲ့ လူသတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း ..... အစရှိတဲ့ အကြမ်းဖက်အပြုအမူတွေကသာ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်မှုတွေကို ပြုလုပ်တဲ့ ဘယ်ဘာသာဝင်မဆို မိမိဘာသာကို မိမိကိုယ်တိုင် စော်ကားခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကြီး အေးချမ်းစေလိုတဲ့စိတ်နဲ့ ရေးသားခြင်းဖြစ်ကြောင်း .....

ကျွန်တော် ကျိန်ဆိုပြစရာမလိုအပ်တော့ပါ။

ကျွန်တော့်စာကို ဖတ်ပြီး .... သဘောတူသည်ဖြစ်စေ ... မတူသည်ဖြစ်စေ .....

ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ... အစရှိတဲ့ မြန်မာနိုင်ငံသားအားလုံးကို

ဘယ်နိုင်ငံသားထက်မဆို ကျွန်တော် ပိုပြီး ချစ်မြတ်နိုးတဲ့စိတ်နဲ့ ရေးမိရုံမျှသာ။



ညီလင်းနိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...