ရန်ကုန်ရဲ့ ဒုက္ခအိုး Traffice Jam ဘယ်လို ရှင်းကြမလဲ …
Moe Hein
ရန်ကုန်မြို့မှာ ကားတွေ ပိတ်ဆို့နေတဲ့ကိစ္စ NLD ဘယ်လိုဖြေရှင်းမှာလဲဆိုပြီး ဂျောက်ချတဲ့ အနေနဲ့ ရဲမိုးက post တင်ပြီး မေးဘူးသလို ဒေါ်ညိုညိုသင်းကလည်း DVB Debate မှာ မေးခဲ့ဘူးတယ်။

ကားလမ်းတွေ ပိတ်ဆို့မှု များလာတွေဟာ နေ့စဉ် အလုပ်သွားတဲ့သူတွေကို အချိန် ၂ ဆ
ပိုကြာစေတယ်။ အရင် ၁ နာရီ ရောက်တဲ့ခရီး ၂ နာရီကျော်သွားကြရတော့တယ်။
ဒီကြာချိန်ဟာ မြို့ထဲကို လမ်းလျှောက်တာတောင် ပိုစောရောက်မယ့်
သဘောဖြစ်နေတယ်။ ကိုယ့်နားချိန်ထဲက အချိန်တွေ အလကားပေးနေရတယ်။
နေ့စဉ် ပုံမှန်အလုပ်ဆင်းသူတွေသာ ဒုက္ခရောက်ကြရတာ မဟုတ်ဘူး။
အမှာစာတွေ ကုန်စည်ပို့ဆောင်နိုင်တဲ့ အရေအတွက် လျော့ကျလာတယ်။ အရေးကြီးတဲ့ တွေ့ဆုံပွဲ၊ အရောင်းအဝယ် စာချုပ်ချုပ်တာတွေ၊ ပွဲစားဂွင်တွေလည်း တစ်နေ့ တစ်ကြိမ် ၂ ကြိမ်ထက် ပိုလုပ်ခွင့်မရကြတော့ဘဲ နိုင်ငံ့ စီးပွားရေးပါ လျော့ကျလာတယ်။ အသိတစ်ယောက်ကပြောတယ် လမ်းမပေါ်မှာတင် အသက်တွေကြီးကုန်ရတယ်ဆိုပဲ...။ လမ်းပိတ်ဆို့မှုဟာ ရင်းနှီးမြုပ်နှံလိုသူတွေကို စိတ်ပျက်စေတဲ့ အကြောင်းအရာ တစ်ခုလဲဖြစ်တယ်။
ဒါကြောင့် လမ်းပိတ်ဆို့မှုဟာ ပေါ့ပေါ့တန်တန်ထားလို့ရတဲ့ကိစ္စမဟုတ်ဘဲ အစိုးရသစ်အတွက် အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စသာ ဖြစ်တယ်။
ဘာကြောင့် လမ်းတွေ ပိတ်လဲ…
----------------------------------
ယခင် အစိုးရရဲ့ ရှေ့ကြိုမြင်တဲ့ဥာဏ် နည်းပါးမှုကြောင့်ဖြစ်ရတယ်။
ကားတွေ သွင်းခွင့်ပေးပြီ ဆိုကတည်းက တတ်သိနားလည်တဲ့ ပညာရှင် အုပ်စုကို တစ်နှစ်အတွင်း၊ ၂ နှစ်အတွင်း၊ ငါးနှစ်အတွင်း ဘယ်လိုတွေဖြစ်လာနိုင်လဲဆိုတာ ကြိုတင် အစီရင်ခံစာ တင်သွင်းခို်င်းရမယ်။ အဲဒီ အစီရင်ခံစာပေါ်မှုတည်ပြီး လုပ်စရာရှိတာ ကြိုလုပ်ထားရမယ်။ ကားလမ်းတွေ တိုးချဲ့မယ်၊ ကုန်းကျော် တံတားတွေ ကြိုဆောက်မယ်၊ ကားပတ်ကင်တွေ ဆောက်ထားမယ်။ ဒါတွေဟာ ကားတွေ ဂျမ်းမဖြစ်ခင်ကတည်းက ကြိုစဉ်းစားပြီး လုပ်ထားရမယ့် ကိစ္စတွေဖြစ်တယ်။
ကားတွေပိတ်မှ လမ်းတွေချဲ့၊ မပြီးခင် ပိုပိတ်ဆို့တယ်။ ကုန်းကျော်တံတားတွေ နှစ်ပေါက်အောင် ဆောက်တော့ ၃ လမ်းသွားတွေဟာ တစ်လမ်းပဲ သွားလို့ရတဲ့အထိ ပိတ်ကုန်တယ်။ ကားပတ်ကင်လုပ်ဖို့လိုတော့ အဆောက်အဦးတွေမှာ ပါကင်မပါဘဲ အတော်များများ ဆောက်ပြီးကုန်ကြပြီ။ ဒါတွေ ကားဂျမ်းတွေ မဖြစ်ခင်က ကြိုတင်လုပ်ခဲ့ရင် အခြေအနေဆိုးမှာမဟုတ်။ (ဆောက်တော့လဲ ကားပတ်ကင်ဆောက်ဖို့ မလိုတဲ့ တောင်ဥက္ကလာလိုနေရာ သွားဆောက်တော့ ဘယ်သူမှ လာ ပတ်ကင်မထိုး၊ ပိုက်ဆံဖြုန်းရုံ ဇီးသီးဗန်းမှောက်ရုံသက်သက်)
Traffic Jam မရှိတဲ့ အေဆီယံနိုင်ငံ
--------------------------------------
အေဆီယံနိုင်ငံတွေမှာ မြန်မာနိုင်ငံလောက် မဆိုးတောင် Traffic Jam သူ့အထွာနဲ့ သူ ရှိကြတယ်။ Traffic Jam မရှိသလောက် ရှားတဲ့ နိုင်ငံ တစ်နိုင်ငံတော့ ရှိတယ်။ စင်ကာပူနိုင်ငံပါ။ နိုင်ငံတော်တော်များများက Traffic Jam ဖြေရှင်းတဲ့အခါ စင်ကာပူကို စံနမူနာယူကြတာများတယ်။
စင်ကာပူဟာ ရန်ကုန်နဲ့ ယှဉ်ရင် မြို့ အကျယ်အဝန်း မတိမ်းမယိမ်း၊ လူဦးရေ မတိမ်းမယိမ်းပေမယ့် ကားအရေအတွက် ကတော့ ၄ သိန်း ၃ သောင်းကျော်ရှိတဲ့ ရန်ကုန်ထက် ၂ ဆလောက် ပိုရှိပါတယ်။ ဒါတောင် ကားပိတ်ဆို့မှု မရှိဘူးဆိုတော့ ရန်ကုန်မြို့လဲ ထိန်းလို့ရနိုင်ပါသေးတယ်။
Traffic Jam ဘယ်လို ထိန်းလဲ
---------------------------------
- လမ်းတွေ ချောမွေ့လွန်းတယ်။ ကျပ်ပြားဝိုင်းလောက် အပေါက်တောင်မရှိအောင်လမ်းတွေ ကောင်းလှတယ်။
- ကား မှတ်ပုံတင်ကြေးတွေ ဈေးကြီးထားတယ်။ ကား ၂ စီး ပိုင်ချင်ရင် ငွေပိုကုန်ကျလေဖြစ်တယ်။
- မီးပွိုင့်တွေကို ကွန်ပျူတာတွေကသာ ထိန်းချုပ်ထားတယ်။
- မြို့လယ်ခေါင်သွားတဲ့ လမ်းတွေဟာ ၅ လမ်းသွား၊ ၆ လမ်း သွား လမ်းအကျယ်ကြီးတွေသာဖြစ်တယ်။
- ပိတ်ဆို့မှုများတဲ့ congested area တွေဖြတ်တာနဲ့ ပိုက်ဆံကောက်တဲ့ စနစ်သုံးထားတယ်။ ပိုက်ဆံမပေးချင်တဲ့သူ ရှောင်မောင်းပါ။
- rush hour တွေမှာ လမ်းပိတ်ဆို့နိုင်တဲ့ နေရာတွေမှာ မကွေ့ရ တားမြစ်ချက်တွေထားတယ်။ ပတ်မောင်းပေါ့။
- ကားပတ်ကင်တွေ နေရာတိုင်းမှာ လုံလုံလောက်လောက်ရှိတယ်။
နောက် အကုန်အကျများတဲ့ မြေအောက်ရထားတို့၊ ၂ ထပ်လမ်းတို့လဲရှိတာပေါ့။ ဘတ်ဂျတ်များတဲ့ ကိစ္စတွေ ခန ထားလိုက်ပါဦး။ လောလောဆယ် တတ်နိုင်တာကိုပဲ စဉ်းစားကြည့်ရအောင်။
စလုံးမှာ မြို့ထဲ အဝင်လမ်းတွေက ၅ လမ်း ၆ လမ်းသွားတွေသာ ပြုလုပ်ထားတယ်။
၆ လမ်းသွားမှာ ဘတ်စ်ကား တလမ်း အကျယ်ကြီးပေးထားတော့ မီးပွိုင့်သိပ်စောင့်စရာ မလိုဘဲ ဘတ်စ်ကားနဲ့ သွားတာ ကိုယ်ပိုင်ကားထက်တောင် မြန်တယ်။
မြို့အဝင်မှာ 3 lane လောက်သာ ရှိတဲ့ ရန်ကုန်က BRT ဘတ်စကားစဉ်းစားတယ်ဆိုတာ စိတ်ကူးယဉ်လို့ပဲ ရမယ်။
ရန်ကုန်ဟာလည်း လူဦးရေ ၅ သန်းကျော်ရှိတဲ့ မြို့ဖြစ်လို့ မြို့လယ်အဝင်လမ်းတွေ ၅ လမ်း ၆ လမ်းသွားတွေ ဖြစ်သင့်တယ်။
မြို့လယ်ကို အဝင်၊ အထွက် လမ်းတွေကို တလမ်းသွားတွေ ပြောင်းလိုက်ရင် အတော်အဆင်ပြေသွားနိုင်တယ်။ သိမ်ဖြူလမ်းကို အဝင်လမ်း တလမ်းမောင်းဆို ၆ လမ်းသွားရပြီ။ ပန်းဆိုးတန်းလမ်းကို အထွက်လမ်းလုပ်။ ဆူးလေလမ်းကို အဝင်လမ်း၊ ရွှေတိဂုံဘုရားလမ်းကို အထွက်လမ်း၊ လမ်းမတော် အဝင်၊ ဘုန်းကြီးလမ်း အထွက် လုပ်သွားရင် မြို့ဝင်မြို့ထွက်လမ်း အကျယ်ကြီးတွေ ရနိုင်ပြီ။ ဒါဆို BRT အတွက် ဘတ်စ်ကား တစ်လမ်း သီးသန့်ပေးလို့ ရပြီ။ (ပုံ - ၁ ရှု)
ကားလမ်းပိတ်ဆို့မှုတွေလဲ တော်တော်ကြီးသက်သာသွားမယ်။
မြစ် ချောင်း တစ်ဖက်ကမ်းကမြို့တွေကိုလဲ တံတား လုံလောက်အောင်ဆောက်ပြီး အဝင်တံတား သတ်သတ် အထွက်တံတားသတ်သတ် တလမ်းမောင်းလုပ်ပေးရမယ်။ (ဥပမာ မြောက်ဒဂုံ၊ လှိုင်သာယာ)
မင်္ဂလာဈေး၊ ယုဇန ပလာဇာလို ကားပိတ်လွန်းတဲ့ နေရာတွေမှာ တစ်လမ်းမောင်းသာ လုပ်ပေးရမယ်။
တစ်လမ်းမောင်းဟာ ကားပိတ်ဆို့မှု များတဲ့နေရာတွေအတွက် သင့်တော်တဲ့ဖြေရှင်းနည်းပဲ။ အားသာချက်တွေက...
၁။ ယာဉ်ကျောပိတ်ဆို့မှု လျော့ကျ သွားမယ်။
၂။ slow နဲ့ သွားတဲ့ အချိန်လျော့လို့ လေထု ညစ်ညမ်းမှု နည်းသွားတယ်။
၃။ ကားဂျမ်းအရမ်းဖြစ်စေတဲ့ ခွကျော်ကွေ့ဝင်ရတဲ့အဖြစ် ပပျောက်သွား၊ (လမ်းမကြီးပေါ်သို့ မျောဝင်သွားရုံသာ)
၎။ လမ်းမဘေး ယာဉ်ရပ်လာနိုင်တယ်။
၅။ ဘတ်စကား သွားရန် တလမ်းသတ်သတ်ပေးနိုင်တယ်။ BRT စနစ်အတွက် အဆင်ပြေတယ်။
၆။ လမ်းကူးသူတွေဟာ ဘယ်ပြန် ညာပြန် ကြည့်ရန်မလိုတော့ ကူးရပိုလွယ်လာပြီး မတော်တဆမှုများလျော့နည်းစေမယ်။ (လူကူး မျဉ်းကျားတော့ လူကူးများတဲ့နေရာတွေ လုပ်ပေးရမယ်)
အားနဲချက်တစ်ခုကတော့ ပတ်သွားရတဲ့ အတွက် ဆီပိုကုန်မယ်။
ဒီလို တစ်လမ်းမောင်းတွေ လုပ်ပေးလိုက်ပေမယ့် ကားဂျမ်းဖြစ်နေသေးရင် ကုန်းကျော်တံတား ဆောက်သင့် သလား စဉ်းစားရတော့မယ်။ စလုံးမှာ ၂ ထပ်လမ်း အရှည်ကြီး ဆောက်တုန်းကတောင် ကားဂျမ်းတွေ မဖြစ်ဘဲ ဆောက်သွားနိုင်တာတွေ့ရတယ်။ ညဘက်မှာလုပ်ကြတယ်။ တချို့နိုင်ငံတွေက စက်ရုံတွေမှာ ကြိုလုပ်ထားပြီး စနေ၊ တနင်္ဂနွေ ၂ ရက်ထဲနဲ့ အပြီးဖြတ်တာတွေ့ဖူးတယ်။
ကုန်းကျော်တံတားဆောက်ရင် နည်းပညာကောင်းတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အပြတ်ပေးရင် ကားပိတ်ဆို့မှုနည်းပြီး အချိန်တိုတွင်း ပြီးစေတယ်။ မြန်မာကုမ္ပဏီတွေ နောက်ဆုံးပေါ် နည်းပညာရပြီဆိုမှ ကိုယ်တိုင်ဝင်လုပ်စေချင်တယ်။
ကုန်းကျော်တံတားတွေ ဆောက်ပေမယ့် အဆင်မပြေသေးတဲ့ ပြည်လမ်း၊ ဟံသာဝတီအဝိုင်းကို rush hour မှာ အဝိုင်းပတ်ကားတွေကို မဖြတ်စေဘဲ ပြည်လမ်းအတိုင်း ဒဲ့သွားမယ့် ကားတွေကိုသာ ပေးဖြတ်ရင် ပိတ်ဆို့မှုရှင်းသွားမယ်။ (ပုံ - ၂ ရှု )
တကယ်လိုအပ်တဲ့ မြို့လည်ကောင် လမ်းဒေါင့်တွေမှာ ၅ ထပ်လောက်မြင့်တဲ့ ကားပတ်တွေ ဆောက်ပေးရမယ်။ ပါကင်ထိုးခ ထိုက်တန်အောင်ကောက်ရမယ်။ မိုးမျှော်တိုက်တွေ ဆောက်ရင်လည်း ကားပတ်ခ် ၄ လွှာလောက် ထည့်ဆောက်ကြရမယ်။
မီးပွိုင့် စနစ်ကို ကားအနဲအများပေါ်မူတည်ပြီး နီ၊ စိမ်းတဲ့ ကွန်ပျူတာ စနစ်တတ်ရမယ်။ စည်းကမ်းဖောက်တဲ့ကား ဗီဒီယို ကင်မရာနဲ့ ဖမ်းမယ်။ (မန္တလေးမှာ စနေပြီ) ကားလမ်းတွေကို အမြဲချောမွေ့နေအောင် အပေါက်ငယ်လေးပေါက်တာနဲ့ ပြင်တဲ့ အကျင့်လုပ်မယ်။
လူဦးရေ ဒီထက် ထပ်တိုးလာဦးမှာဖြစ်လို့ ရှေ့ရေးအတွက် ၂ ထပ်လမ်းတို့၊ မိုးပျံရထားတို့ စဉ်းစားထားရမှာ ဖြစ်တယ်။
credit – Shwe Moe Hein
ပုံ (၃ နဲ့ ၄) ERP (electronic road pricing) Grid
ပုံ (၅) စလုံးရှိ အချို့ လမ်းထောင့်များမှ car park

0 comments:
Post a Comment