အမေရိကန်၏ ရှင်သန်ခြင်းပညာ
ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် မွေးမြူပေးရာမှာ အပြောလွယ်သလောက် လက်တွေ့မှာခက်ခဲတာကို မိဘတိုင်း နားလည်ထားကြတယ်။
တကယ်တော့ ကလေးတွေ ကိုယ့်အားကိုယ်ကိုးတတ်အောင် ပထမဆုံး
သူတို့ရဲ့တွေးခေါ်မှုကို အရင် ပျိုးထောင်သင့်ပါတယ်။ ဒါကြောင့်
အမေရိကန်လူမျိုးတွေက ကလေးတွေ စဉ်းစားတွေးခေါ်တတ်အောင် ဉာဏ်စမ်း၊ ပညာပေး ..
စတဲ့ တီဗီအစီအစဉ်တွေ ထုတ်လွှင့်ခဲ့ကြတယ်။
လူမည်းဟာသပညာရှင် Bill Cosby တင်ဆက်တဲ့ “Kids Say the Darnedest Things”
ကဏ္ဍာက လူကြီးတွေကိုရယ်မောစေခဲ့သလို နက်နဲတဲ့ အတွေးတွေကိုပါပေးခဲ့တယ်။
တစ်ခါက ဘီလ်ဟာ အသက် ၇နှစ် ၈နှစ်အရွယ် ကလေးမတစ်ယောက်ကို “ သမီးကြီးလာရင် ဘာလုပ်ချင်သလဲ”လို့ မေးခဲ့တယ်။ ကလေးမက ယုံကြည်မှုအပြည့်နဲ့ “သမ္မတ” လို့ ဖြေလိုက်တယ်။ ပရိသတ်အားလုံး ဝါးခနဲရယ်မောကြသလို ဘီလ်လဲ အံ့သြတဲ့အမူအရာလုပ်ပြီး ကလေးမကို ပြန်မေးလိုက်တယ်။
“ဒီနေ့အထိ အမေရိကားမှာ ဘာဖြစ်လို့ အမျိုးသမီးသမ္မတ မရှိတာလဲ ဆိုတာကိုရော သမီးသိလား”
“အမျိုးသားတွေက သူ့ကို မဲမပေးကြလို့ပါ” ကလေးမက စဉ်းတောင်မစဉ်းစားဘဲ ချက်ချင်းဖြေလိုက်တယ်။
ပရိသတ်ဆီက ဝါးခနဲရယ်မောသံတွေ ထွက်လာပြန်တယ်။
“အမျိုးသားတွေက သူ့ကို မဲမပေးကြလို့ဆိုတာ သေချာလားသမီး”
“သေချာပါတယ်”
ဘီလ်က ရယ်သံကိုဆွဲရှည်ပြီး ပရိသတ်ဖက်ကို “ ကဲ... ဒီကောင်မလေးကို မဲပေးကြမယ့် အမျိုးသားများလက်ထောင်ပါ” လို့ အော်လိုက်တယ်။
ပွဲကြည့်ပရိသတ်ဆီက ရယ်မောသံနဲ့အတူ အမျိုးသားတချို့ လက်ထောင်ကြတယ်။
“ကြည့်စမ်း.. သမီးကို မဲပေးတဲ့လူတွေ မနည်းဘူး”
“ဒါပေမယ့် ၃ပုံ ၁ပုံတောင် မရှိပါဘူး” ကလေးမက ခပ်အေးအေး ပြန်ပြောတယ်။
ဘီလ်က မကျေနပ်၊ မယုံကြည်တဲ့ပုံစံနဲ့ “အမျိုးသားတွေအားလုံး လက်ထောင်ပါ” လို့ ပြန်အော်လိုက်တယ်။ လက်မထောင်ရင် ယောက်ျားမဟုတ်တော့ဘူးပေါ့။ ဘယ်ယောက်ျားကများ လက်မထောင်ဘဲ နေရဲမလဲ၊ ရယ်မောသံတွေကြားမှာ ယောက်ျားတွေအားလုံး လက်ထောင်ခဲ့ကြတယ်။
ဘီလ်က ဆက်ပြီး “ ကဲ... သူ့ကို မဲပေးမယ့်လူတွေ လက်ဆက်ထောင်ထားပြီး မပေးတဲ့လူတွေ လက်ချပါ” လို့ ထပ်ကြေညာလိုက်တယ်။
ဘီလ်ရဲ့လုပ်နည်းက ပညာသားပါလှတယ်။ ဘယ်ယောက်ျားကများ ယောက်ျားပီပီ ထောင်ထားပြီးတဲ့လက်ကို ပြန်ချတော့မလဲ၊ လက်ပြန်ချတဲ့လူတချို့ရှိခဲ့ပေမယ့် သူ့ကို မဲပေးတဲ့လူက ယခင်ကထက် ပိုများခဲ့ပါတယ်။
ဘီလ်က ကျေနပ်တဲ့ပုံစံနဲ့ “ဘယ်လိုလဲ သမ္မတ၊ ဒီတစ်ခါတော့ ၃ပုံ ၁ပုံထက်ပိုခဲ့ပြီနော်”
ဘီလ်ရဲ့စကားအဆုံးမှာ ပရိသတ်အားလုံး ရုတ်တရက် ငြိမ်ကျသွားခဲ့တယ်။ ကလေးမ ဘာပြန်ပြောမလဲဆိုတာကို လူတွေသိချင်နေကြတယ်။ ကလေးမလေးက ကလေးတစ်ယောက်ရဲ့ အပြစ်ကင်းတဲ့အပြုံးမျိုးမဟုတ်တဲ့ အပြုံးတစ်ခုကို မပွင့်တပွင့်ပြုံးပြီး “ သူတို့ မရိုးသားကြဘူး။ သူတို့စိတ်ထဲမှာ ကျွန်မကို မဲမပေးချင်ကြဘူး” လို့ ပြန်ဖြေခဲ့တယ်။
ကလေးမအဖြေကိုကြားပြီး လူတစ်ချို့ ကြောင်အမ်းအမ်းဖြစ်ကုန်ကြတယ်။ အဲဒီနောက် ခန်းမတစ်ခုလုံး လက်ခုပ်သံ၊ အာမေဍိတ်သံတွေ ဟိန်းခနဲ ထွက်ပေါ်လာခဲ့တယ်။
ဒါဟာ အမေရိကားနည်းလို့ ပြောလို့ရတဲ့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုတစ်ခုပဲဖြစ်တယ်။ ကိုယ်ပိုင်တွေးခေါ်မှု မရှိတဲ့ကလေးဟာ ကိုယ်အားကိုယ်ကိုးဖို့လည်း ရှိမှာမဟုတ်ပါဘူး။ ကလေးတွေကို ကိုယ်ပိုင်အတွေးရှိဖို့ သူတို့ကိုယ်တိုင်တွေးခေါ်နိုင်တဲ့ အခွင့်အရေးတွေပေးရမယ်။ ဘယ်အရာက မှားသလဲ၊ မှန်သလဲ၊ လုပ်သင့်၊ မလုပ်သင့်ဆိုတာကို သူတို့ကိုယ်တိုင် ခံစားပါစေ...
----
“ငွေကြေး” ပညာပေးသင်ကြားမှုနဲ့ပတ်သက်ပြီး ကလေးတွေရဲ့ရမှတ်နဲ့ မိဘတွေ ဆုချီးမြှင့်ပုံက မတူညီကြပြန်ဘူး။ အမေရိကန်မိသားစုမှာ အိမ်အလုပ်ကူတဲ့ကလေးကို မိဘတွေက လုပ်အားခချီးမြှင့်တတ်ကြတယ်။ အိမ်အလုပ်ကို ကလေးငယ်ရွယ်စဉ်ကတည်းက ခွဲဝေပေးထားပြီး အပေးအယူ လုပ်ခဲ့ကြတယ်။ ဘယ်လောက်လုပ်ရင် ဘယ်လောက်ပေးမယ်လို့ လုပ်အားခကို သတ်မှတ်ထားတတ်ကြသလို အိမ်အလုပ်မလုပ်သူကို လုပ်အားခနုတ်ယူတတ်ကြတယ်။
ဥပမာပြရရင် ကျွန်တော့်မိတ်ဆွေ ဒေါက်တာတစ်ဦးရဲ့သား Cody ဟာ မနှစ်ကမှ အသက်၆နှစ်ပြည့်ပါတယ်။ သူ့ရဲ့အလုပ်က အိမ်မှာရှိသမျှ အမှိုက်တွေကိုစုပြီး အိမ်နောက်ဖေးအမှိုက်ပုံးမှာ သွားပစ်ဖို့ဖြစ်တယ်။ တစ်ပတ်ရဲ့“လုပ်အားခ” က ၁ဒေါ်လာဖြစ်တယ်။ သူတို့အိမ်မှာ အခန်းကြီးကြီးငယ်ငယ် ၁ဝခန်းလောက်ရှိတယ်။ အမှိုက်ခြင်း ၁ဝခုရှိတယ်။ အခန်းတိုင်းကိုဝင်ပြီး အမှိုက်သွန်ရတယ်။ ၁ဒေါ်လာရဖို့အတွက် သိပ်မလွယ်ကူခဲ့ဘူး။
တစ်ခါက Cody ကို ကျွန်တော်က “ပိုက်ဆံ ဘယ်လောက်စုမိပြီလဲ” လို့ တိုးတိုးတိတ်တိတ်မေးကြည့်တော့ ဂုဏ်ယူဝင့်ကြွားဟန်နဲ့ “၄၃ ဒေါ်လာရှိပြီ” လို့ ကျွန်တော်ကို လေသံနဲ့ ပြန်ဖြေခဲ့တယ်။ ပိုက်ဆံဖွက်ထားတဲ့နေရာကိုလည်း ကျွန်တော့်ကိုပြောပြခဲ့တယ်။
Cody ရဲ့ဖခင် ဒေါက်တာကို “ ဘာဖြစ်လို့ ဘဏ်မှာစုမထားပေးသလဲ” လို့ ကျွန်တော်မေးတော့ “သူ့နာမည်နဲ့ ဘဏ်အကောင့် ဖွင့်ထားတယ်။ ဒါပေမယ့် များတဲ့ငွေကိုပဲ သူ့ရှေ့ရေး၊ ပညာရေးအတွက်စုပေးခဲ့တယ်။ ဒီ ငွေနည်းနည်းလေးကိုတော့ သူ့ဘာသာသူ သိမ်းထားပါစေ။ ဘဏ်ထဲထည့်ထားပေးရင် ကလေးက ကိန်းဂဏန်းအမြင်တွေမရှိတော့ဘူး။ ကိုယ်တိုင်သိမ်းထားပြီး တစ်ကျပ်၊ တစ်ကျပ်ချင်း ပေါင်းသွားပါစေ။ သူတို့လဲ မြင်နိုင်တယ်၊ ကိုင်နိုင်တယ်၊ အားရင်အားသလို ရေတွက်ကြည့်နိုင်တယ်လေ။ ဒါမှ တိုးလာတဲ့တန်ဖိုးကို ကြည့်ပြီး အလုပ်လုပ်ရာမှာ သူတို့ အားပိုရှိမှာ....”
ဒေါက်တာမှာ သားလေးယောက်ရှိတယ်။ ကလေးတိုင်းမွေးလာတာနဲ့ ကလေးတွေအတွက် ဒေါ်လာ ၁ဝဝဝစီ ဘဏ်မှာအကောင့်ဖွင့်ထားပေးတယ်။ ကလေးတွေ မသိနားမလည်သေးတဲ့အရွယ်မှာ “သူတို့ကိုယ်ပိုင်” ငွေကြေးတွေကို ကူညီထိန်းသိမ်းပေးတယ်။ မိတ်ဆွေ၊ ဆွေမျိုးတွေဆီကရတဲ့ ငွေကြေး၊ လုပ်အားခ၊ ဂုဏ်ပြုချီးမြှင့်ခ၊ မိဘတွေက လစဉ်ပေးသုံးငွေ စတဲ့ငွေကြေးတွေဖြစ်တယ်။
စုထားတဲ့ငွေကြေးတွေ စတော့ရှယ်ယာ ဝယ်ယူနိုင်လောက်အောင်စုမိပြီဆိုရင် မိဘတွေက ကလေးအတွက် စတော့ရှယ်ယာတွေ ဝယ်စုထားပေးတယ်။ ကလေးလေးယောက်လုံး မွေးဖွားလာစကနေ ဒီနေ့အထိ စတော့ကုမ္ပဏီမှာ ကိုယ်ပိုင်အကောင့်ကိုယ်စီ ပိုင်ဆိုင်နေခဲ့ကြပြီ။ ကိုယ်ပိုင် ပညာရေးရံပုံငွေစတော့တွေ ဝယ်ယူထားကြသေးတယ်။ ဒီလိုစတော့တွေက အခွန်ငွေ ပေးဆောင်စရာမလိုတဲ့ဝန်ဆောင်မှုတွေရှိတယ်။
ဒီလိုနဲ့ နေ့နေ့လလစုဆောင်းပြီး ကလေး ၁၈နှစ်ပြည့်တာနဲ့ သူတို့ရဲ့ ကြီးမြင့်တဲ့ကျောင်းလခကို ပေးဆောင်နိုင်မှာဖြစ်တယ်။ ဒေါက်တာရဲ့ အကြီးဆုံးသားနှစ်ယောက်က ၁၃နှစ်နဲ့ ၁၁ နှစ်ဖြစ်တယ်။ သူတို့ရဲ့ ကိုယ်ပိုင်ငွေစုစရင်း၊ စတော့စရင်းတွေကို ကောင်းကောင်း နားလည်တတ်ကျွမ်းနေပါပြီ။
စိတ်ပါတဲ့နေ့ဆိုရင် ကုမ္ပဏီကလစဉ်ပို့လာပေးတဲ့ စတော့စာရင်းဇယားတွေကို အစအဆုံးကြည့်ပြီး ဆွေးနွေးနေတတ်ကြတယ်။ စတော့ဈေးကွက် အတက်အကျကိုလည်း စိတ်ဝင်စားနေတတ်ကြတယ်။
သားအကြီးတစ်ယောက်က နွေရာသီကျောင်းပိတ်တုန်းမှာ ဘောလုံးဒိုင်လူကြီး လုပ်ခဲ့တဲ့အတွက် “ဝင်ငွေတချို့ရခဲ့တယ်။ ရတဲ့ငွေကြေးတစ်ဝက်ကို မိဘတွေက “အတင်း” ဘဏ်မှာစုခိုင်းစေပြီး ကျန်တစ်ဝက်ကို ကိုယ်တိုင် ထိန်းသိမ်းထားစေခဲ့တယ်။ ရတဲ့ငွေနဲ့ ပစ္စည်းတွေ သူလျှောက်ဝယ်ခဲ့တယ်။ သူငယ်ချင်းတချို့ကိုလည်း အိမ်ခေါ်လာဆော့ကစားခဲ့လို့ ဆိုဖာထိုင်ခုံတစ်လုံး မတော်တဆပျက်စီးသွားခဲ့တယ်။ ပျက်စီးသွားတဲ့ဆိုဖာကို ကိုယ်ပိုင်ပိုက်ဆံနဲ့ ပြင်ပေးခဲ့ရတယ်။ ငွေကြေးသာမရှိခဲ့ရင် နောင်နောက်တစ်ခုခု ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ၊ ပြင်ဆင်ခတွေ အတော်အတန် ကုန်ကျပြီးနောက် ငွေပိုစုသင့်ကြောင့် သူနားလည်ခဲ့တယ်။ ငွေကြေးတွေကို စီမံအုပ်ချုပ်တဲ့ပညာကလည်း ရှင်သန်ခြင်းပညာရဲ့ တစ်ပိုင်းတစ်စဖြစ်တယ်။ ဒါကြောင့် အမေရိကန်ကျောင်းတွေက “ငွေကြေး” ပညာပေးသင်ကြားမှုကို အလေးထားခဲ့ကြတယ်။ ကလေးတွေကို စာတွေ့ဘဝကနေ လက်တွေ့ဘဝကို ခေါ်ဆောင်ခဲ့ကြတယ်။
----
နိုင်းနိုင်းစနေ

0 comments:
Post a Comment