နေရာမှားနေသူများ
Tin Nyunt
ခုတစ်လော ဆိုရှယ်လစ်ခေတ် အာဏာရှင် ဦးနေဝင်းက သမ္မတအထက်မှာ ပါတီဥက္ကဋ္ဌကြီးနေရာယူထားလို့ သမ္မတ ထက်ပိုပြီး ကြီးမြတ်တယ်ဆိုတဲ့ ဖွတတစကားတွေကို မဲရှုံးပြီး ၁၀ သိန်း ဆုံးရလို့ ကြိတ်မနိုင်ခဲမရ၊ ခဲလေသမျှ သဲရေကျဖြစ်ရသူတွေရဲ့အသံ ကျယ်လောင်လောင် ဖြစ်လာတာတွေ ကြားရသဗျ။

ဆိုရှယ်လစ်ခေတ်က ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းကို သမ္မတကြီး ဦးစန်းယုက
လာကြိုရတာကို ဗာရာဏသီချဲ့ပြီး ပြောနေကြတာပါ။ အဲဒီအသံ ဦးနေဝင်းခေတ်နဲ့
ဦးနေဝင်း မွေးစားသားတွေခေတ်က အသံတစ်သံမှ မထွက်၊ မပြောရဲဘဲ ခုမှ
အဲဒါကိုကြည့် အာဏာရှင်ခေတ် ပြန်ရောက်လာတော့မယ်လို့ ခြိမ်းခြောက်နေကြတာ။
ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်မှာ ရှိနေမယ်ဆိုတဲ့စကားက ပါးပါးလေးပစ်သွင်းလိုက်တာ။ အဲဒါကို သမ္မတအထက်မှာရှိနေရင် အာဏာရှင်ပေါ့လို့ တိမ်တိမ်လေးတွေးလိုက်တာဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ခွမ်ခွမ်လက် … ခွက်ခွက်လန် ရှုံးသွားတဲ့သူတွေ။ ဘာတဲ့ သေခါနီးတစ်ယောက်က “ရွေးကောက်ခံ အာဏာရှင် စနစ်” ဆိုပြီးတော့တောင် ထကြောင်လိုက်သေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို ပြည်သူတွေက တညီတညွတ်တည်း မဲပေးပြီး ညီညွတ်မှုကို ပြခဲ့ကြ တယ်။ အဲဒါ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ အာဏာရှင်စနစ်နဲ့ အာဏာရှင် နောက်မြီးဆွဲ၊ ခေတ်စကားနဲ့ပြောရရင်တော့ (ဘောမ) တွေကို အမြစ်ဖြုတ်နိုင်ရေးပဲဗျ။
နိုင်ငံတွေမှာ အရပ်သားတွေ အာဏာရလာရင် စစ်သားလူထွက်တွေလို အာဏာရှင်ဆန်ဆန် အုပ်ချုပ်သလား ဆိုတာ သမိုင်းအစဉ်အလာ ပြန်ပြီး လေ့လာကြည့်ကြပါ။ ဒီမိုကရေစီနိုင်ငံတွေမှာ အရပ်သားအစိုးရတွေ တက်လာတာဟာ စစ်အာဏာရှင်တွေရဲ့ ခေတ်ကိုကုန်ဆုံးစေဖို့ဖြစ်လာတာပါ။
ခုဆိုရင် ကျွန်တော်တို့ ပြည်သူတွေရဲ့ မဲဆန္ဒ ၈၀ ရာခိုင်နှုန်းလောက်ရပြီး တက်လာမယ့် အစိုးရကို အာဏာလည်း မလွဲရသေးဘူး၊ အုပ်ချုပ်မှုကိုလည်း မစရသေးဘူး။
သူတို့ အဖေတွေ ဘောင်းဘီချွတ်ပြီး ချိတ်ထမီတွေဝတ်၊ တိုင်းပြည်ကိုတက်ပြီး အုပ်ချုပ်တုန်းက အာဏာရှင် တွေလို့ တစ်လုံးတောင်မဟရဲတဲ့သူတွေက ပြည်သူက သဘောတူ ကြည်ဖြူလို့တင်ထားတဲ့ ဖြစ်လာမယ့် အစိုးရကို အာဏာရှင်လို့ ပီပီပြင်ပြင်ပြောနေတာ ဖင်နဲ့ ပါးစပ် ဘယ်တုန်းကများ မှားတပ်လိုက်ကြပြီလဲလို့ သာ မေးလိုက်ချင်ပါသဗျာ။
ကျုပ်တို့တင်ထားတဲ့အစိုးရ အာဏာရှင်ဖြစ်ရင်တောင် သူခိုးအာဏာရှင်လား ပြည်သူ့ အကျိုးပြု အာဏာရှင်လား စောင့်ကြည့်ပြီးမှ ပြောကြစေချင်ပါတယ်။
၂၅.၁၁.၂၀၁၅

0 comments:
Post a Comment