မေတ္တာတွေသာ ပို့လိုက်ပါ
Tin Nyunt
ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မြို့သစ်အလယ်တန်းကျောင်းလေးက ဒီနှစ်လည်း ထုံးစံအတိုင်း ဆရာကန်တော့ပွဲဆိုပြီး လှမ်းဖိတ်တယ်။ အဲဒီ မြို့သစ်ကျောင်းလေးကို ကွင်းပြင်ကြီးကတည်းက လေးတိုင်စင် ထောင်ပြီး ကျောင်းသားတွေ လက်ခံရတဲ့အထဲမှာ ကျွန်တော်လည်း ပါခဲ့တယ်။

မိုးထဲလေထဲ ရွှံ့ထဲ ဗွက်ထဲကနေ ကျောင်းလေးတစ်ကျောင်းဖြစ်အောင်
မြို့သစ်ကြီးနဲ့အတူ ထူထောင်ရပြီး ထရံကာ တောင်ထန်းမိုးကျောင်းလေးဟာ ခုဆိုရင်
အထက်တန်းကျောင်းကြီးတောင်ဖြစ်သွားပြီးလို့ သတင်း ကြားလိုက်ရလို့
ဝမ်းမြောက်မိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈ နှစ်လောက်ကတည်းက
ဆိုးတူကောင်းဘက် လက်တွဲလုပ်ခဲ့ကြတဲ့ ဆရာ ဆရာမတွေ အဲဒီကျောင်းမှာ
ရှိနေသေးတယ်ဆိုတော့ ပိုပြီးတော့ ဝမ်းမြောက်မိ တယ်။
ကျွန်တော် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ရိုးမတောင်ခြေနားက ကျောင်းလည်း ဘယ်လို အနေအထား ဖြစ်နေမှန်း မသိဘူး။ တပည့်တွေနဲ့ အဆက်ပြတ်တာ ကြာပြီ။ ဆင်းရဲကြတော့ ဆရာကန်တော့ပွဲတွေ ဘာတွေလည်း လုပ်နိုင်ကြမယ် မထင်ပါဘူး။ ရိုးကတောင်ခြေနားကနေ ပဲခူးမြို့ကို ပြောင်းရွှေ့မိန့်ကျတော့ တာဝန်ထမ်းဆောင် ဖို့ ကျောင်းကိုလာတာ ကွင်းကြီးပဲတွေ့တယ်။ အဲဒီကွင်းက ကျောင်းဆောက်ရမယ့် ကွင်းတဲ့။ ကျောင်းသားတွေကို ယာယီလက်ခံထားလိုက်ပါဆိုလို့ စာရင်းကို မိုးထဲလေထဲမှာ ထိုင်ကောက်ရတာ မှတ်မိသေး တယ်။
ဒီကျောင်းလေး ပထမအကြိမ် ဆရာကန်တော့ပွဲတုန်းက တက်မိတယ်။ တပည့်တွေ အိမ်ထောင်ရှင်တွေဖြစ်၊ ကလေးတွေ တိုးလိုးတွဲလောင်းနဲ့။ လူကြီးကြီးတွေ ဖြစ်ကုန်ပြီ။ ကျွန်တော် ကျောင်းကိုရောက်တော့ တပည့်တွေ အားလုံး ဝိုင်းလာပြီး ပွေ့ဖက်ကြတာ။ ဒီကျောင်းမှာ အားလုံးနဲ့ စလုံးရေးစခဲ့ရသလို သူတို့နဲ့အတူ မိုးထဲလေထဲ ခါးတောင်းကျိုက်ပြီး မြက်ရှင်း၊ မြေသယ်၊ လမ်းဖို့၊ ရေမြောင်းတူးခဲ့ကြတာတွေ မျက်စိထဲ ပြန်မြင်လာတယ်။ တပည့်ဟောင်းတွေက အနားကမထတန်း စကားတွေလာပြောလေ ကျွန်တော်နေရထိုင်ရခက်လေပဲ။
ပထမအကြိမ် ဆရာကန်တော့ပွဲကို သူတို့ မရှိမဲ့ ရှိမဲ့ငွေလေးတွေ စုပြီး လုပ်ကြတာ။ ဆရာတွေကို ကန်တော့ပြီး ဆရာတွေလက်ထဲကို စာအိတ်လေးတွေ တစ်အိတ်စီလိုက်ပေးတယ်။ ကျွန်တော်က ဘာလဲဆိုပြီး ဖွင့်ကြည့် လိုက်တော့ ငါးထောင်တန်လေးရွက်။ မရှိတဲ့ကြားထဲက ဆရာတွေကို တစ်ယောက် နှစ်သောင်းလောက်စုပြီး ကန်တော့တယ်ဆိုတာ သူများတွေတော့ မသိဘူး ကျွန်တော် အရမ်းခံစားရတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော့် တပည့်တွေအနေအထားကို ကျွန်တော် အသိဆုံးဖြစ်နေလို့ပဲ။
မနှစ်ကတစ်ကြိမ် လှမ်းဖိတ်တယ်။ ကျွန်တော် မသွားဖြစ်ဘူး။ ဒီနှစ်လည်းတစ်ကြိမ် လှမ်းဖိတ်ပြန်တယ်။ ကျွန်တော် သွားနိုင်မယ်မထင်ဘူး။ သူတို့ ပထမအကြိမ်တုန်းက လှူလိုက်တဲ့ ငွေနှစ်သောင်းကို ဘုရားမှာ လှူခဲ့တဲ့ ဖြတ်ပိုင်းလေးကို ပြန်ထုတ်ကြည့်နေ မိတယ်။
တပည့်တို့ရေ …ဆရာ့ကို ခွင့်လွှတ်ကြပါကွာ… မင်းတို့ ဆရာတို့ကို ကန်တော့ဖို့ ဘယ်လောက်ပင်ပင်ပန်းပန်းနဲ့ မိသားစုတွေ စားမယ့်အထဲက ဖဲ့ပေးလိုက်ရမယ်ဆိုတာ ဆရာသိနေလို့ပါ။ တပည့်တို့ပေးတဲ့ မေတ္တာကို ခံယူချင် ပေမယ့် တပည့်တို့ပေးတဲ့ ပိုက်ဆံတွေ မခံယူချင်လို့ ဆရာ ဘယ်တော့မှ ကန်တော့ပွဲကို မတက်ရောက်နိုင် တော့မှာ ကို ခွင့်လွှတ်ကြပါကွာ။
၁၆.၁၂.၂၀၁၅

0 comments:
Post a Comment