ကျွန်မ ဧည့်လမ်းညွှန် အခန်း (၁၁)
"မစပယ်၊ဗေဒါမ"
==========
၂၀၀၂ ခုနှစ်၊ဒီဇင်ဘာလ
"ကဲ..မြန်မာပြည်မှာ ဈေးကွက်တင်လို့မရတဲ့၊ပစ္စည်းအမျိုးအစား တစ်မျိုးကို တစ်ယောက်ယောက် ပြောပြနိုင်မလား.."
………..
ရန်ကုန်စီးပွားရေးတက္ကသိုလ် ပတ္တမြားဆောင်၏၊ eMBA စာသင်ခန်းထဲမှာဖြစ်လေ၏။
မားကတ်တင်းဘာသာရပ်၏ ဈေးကွက်ဗျူဟာများကို ဆရာမကြီးဒေါ်တင်စန်းရီမှ သင်ကြားပေးနေချိန်လည်းဖြစ်လေသည်။ ကျောင်းသူကျောင်းသားများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြ၏။
ဘယ်သူ စ,ဖြေမည်လဲ?၊ ဘာကို စဖြေမည်လဲ?၊ ကျောင်းသားတဦးကမူ နားထင်ကို ဘောပင်လေးဖြင့် တဒေါက် ဒေါက် ခေါက်ကာ နေလေ၏။ သို့သော်မည်သည့်စကားမျှ ထ,မပြော။ စပယ်ကား စာသင်ခုံပေါ် လက်နှစ်ဖက်ပိုက်ကာတင်ထားရင်း ဆရာမကြီးကို ပြုံးပြုံးကြီး စိုက်ကြည့်ကာနေလေ၏။ ဆရာမကြီးက အတန်းကို ဝေ့ကြည့်လိုက်ပြီး စပယ့်ကိုလက်ညှိုးထိုးလိုက်လေကာ-
"ကဲ..စပယ်..ဖြေစမ်း..?"
စပယ်က ဖျတ်ကနဲပင်-
"ဘီ..ကီ..နီ..ပါ.ဆရာမ.."
အတန်းထဲတွင်ရုတ်ချည်းပင် အသံခပ်တိတ်တိတ်တစ်မျိုး၊ခပ်အုပ်အုပ် အာမေဋိတ်သံတမျိုး ဖြတ်စီးသွားခဲ့လေ၏။ သူငယ်ချင်း ခပ်နောက်နောက် အမျိုးသားများက "လူဆိုး"..ဟု အခန်းထောင့်မှလက်ညိုးလေး
လှမ်းထောင်ပြကြ၏။ ဆရာမကြီးက သူမအရမ်းသဘောကျလျှင် ပြုံးတတ်လေသော ပုံစံဖြင့် ပါးစုံကလေးများတက်လာလေအောင်ပြုံး လိုက်ပြီး-
……………..
"ဘာ့ကြောင့် ဘီကီနီ လို့ ညည်းကပြောတာလဲ ဒေါ်စပယ်.ရဲ့.? ဟု အနည်းငယ်ရီချင်နေသော အသံဖြင့် စပယ့်အားမေးလေ၏။
"မြန်မာတွေရဲ့ စရိုက်ကြောင့်ပေါ့ တီချယ်..။"
"နဲနဲ ပိုပြောအေ.."
"'ဒီလိုပါ..တီချယ်၊ သမီးတို့ မြန်မာနိုင်ငံမှာက ခုချိန်ထိ ကမ်းခြေလိုနေရာမျိုးတွေမှာတောင် လူကြားသူကြားထဲ ဘီကီနီဝတ်တဲ့ ယဉ်ကျေးမှုမရှိသေးဘူးပေါ့နော်။ ရှက်တတ်ကြတာရယ်၊ "မျက်လုံးဥပဒေ" နဲ့တားမြစ်ထား
သလိုဖြစ်နေတာကြောင့်ရယ်ပေါ့။"
"ပြောစမ်းပါဦးစပယ်ရေ..ညည်းရဲ့ မျက်လုံးဥပဒေ ဆိုတာ..?"
…………..
"ဒီလိုပါတီချယ် ..သမီးတို့ မြန်မာနိုင်ငံမှာက ရပ်ထဲရွာထဲ အနေအထိုင် မတတ်တဲ့ မိန်းမပျိုလေးတွေကို ရပ်ရွာက အနဲဆုံးတော့ မျက်လုံးစိမ်းစိမ်းရိုင်းရိုင်းတွေနဲ့ ၀ိုင်းကြည့်ကြပါတယ်။ အကြည့်ရဲ့အဓိပ္ပါယ်ကို မိန်းကလေးကိုယ်၌
ခံစားရတာကတော့ "နင့်ရဲ့ အပြုအမူ အနေအထိုင် ကို ငါတို့မလိုလားဘူး၊မနှစ်သက်ဘူး၊လက်မခံဘူး .."လို့ အသံတိတ် ပြောကြတာပါ။ တော်ရုံတန်ရုံ မိန်းကလေးဟာ ဒီလိုအကြည့်တချက်နဲ့တင် သူမရဲ့အပြုအမူကို သူမပြန်ထိန်းသွားတတ်ပါပြီ။ ဒါ မြန်မာ့လူ့ဘောင်မှာ ရှိတဲ့ အင်မတန်ချစ်စရာကောင်းတဲ့ ရှားပါးယဉ်ကျေးမှုတခုပေါ့တီချယ်ရယ်။ သမီးက ဒါကို မျက်လုံးဥပဒေ လို့ တင်စားချင်တာ တီချယ်ရဲ့.."
စပယ်က ဘေးဘီမှသူငယ်ချင်းများကိုလဲ ဝေ့ကြည့်လိုက်သည်။ ပြီး စကားဆက်ပြန်၏။
………….
"ခုချိန်ထိ တချို့ ရပ်၊ရွာတွေမှာ ရပ်ထဲရွာထဲ အနေအထိုင်မတတ်တဲ့ မိန်းကလေးများအိမ်ကို ညဘက်လူခြေတိတ်ချိန်ကျခါမှ ခဲနဲ့ဝိုင်းပေါက်တတ်တဲ့ဓလေ့ ရှိနေဆဲပါ၊ အဲ့ဒီလို ခဲနဲ့အပေါက်ခံရတဲ့ မိဘမောင်ဖွားတွေဟာ အရမ်းအရှက်ကဲကြပြီး ဒီမိန်းကလေးကို ၀ိုင်းဝန်းဆုံးမကြပါတယ်"
……………….
"စပယ် ဧည့်လမ်းညွှန် လုပ်ခဲ့စဉ်က စပယ်နဲ့ အတူတူ မြန်မာပြည်အနှံ့ လည်ကြတဲ့ တိုးရစ်စ်အမျိုးသားတွေ က စပယ့်ကို ပြောပြဘူးပါတယ်။ သူတို့သမီးနဲ့အတူ သွားလာ လည်ပတ်တဲ့ အခါ မျက်လုံးစိမ်းစိမ်းရိုင်းရိုင်းကြီးတွေ ကို နေရာတော်တော်များများမှာ တွေ့မြင်ကြရပါတယ်တဲ့။ အထူးသဖြင့် တောနယ်တွေ သွားရောက် လည်ပတ်တဲ့ အခါတွေမှာ တွေ့ရတတ်တာပါတဲ့။ သမီးတို့နိုင်ငံနဲ့အထူးကပ်လျက်နေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံလို နေရာမျိုးမှာတောင် ဒီလိုမျက်လုံးမျိုးကြီးတွေနဲ့ လိုက်ကြည့်တာမျိုး မမြင်ခဲ့ရပါဘူးတဲ့။ စပယ်ကတော့ ပြန်ဖြေလိုက်တယ် တီချယ်..၊ ငါတို့မြန်မာ့လူ့ဘောင်မှာ ဟိုးတုန်းကတည်းက မိန်းကလေးတွေ အရှက်အိနြေ္ဒကြီးရင်ကြီး မကြီးရင် ပတ်ဝန်းကျင်က အဲ့လို မျက်လုံးတွေနဲ့ ထိန်းတယ်…လို့လေ"
……
"ငါတို့ဧည့်လမ်းညွှန်မိန်းကလေးတွေက လုပ်ငန်းသဘာဝကြောင့် နင်တို့အမျိုးသားတိုးရစ်စ်တွေနဲ့ သွားလာလည်ပတ်နေရတယ်၊ ဒါကို အချို့ တို့မြန်မာလူမျိုးတွေ က အမြင်တမျိုးမြင်တတ်ကြတယ်၊ မနှစ်သက်ကြဘူး၊ ဒီလိုဖြစ်ရတာလဲ သူတို့မမှားဘူး၊ သူတို့ရဲ့ မြန်မာမိန်းကလေးတယောက်ကို တန်ဖိုးထားရာက ဖြစ်လာတဲ့မျက်လုံးစိမ်းတွေပေါ့လေ၊ ငါကတော့ အဲ့လို အကြည့်ခံရလို့ ပိုမို အနေအထိုင် ဆင်ခြင်ရတာကိုကျေနပ်တယ်…လို့လေ။"
"ဆိုလိုတာကလေ၊ သမီးက ဒါ့ကြောင့်မြန်မာပြည်မှာ ဈေးကွက်တင်လို့ မအောင်မြင်နိုင်တဲ့ ပစ္စည်းဆိုတာ "ဘီကီနီ" လို့ဖြေတာပါ တီချယ် … "
…..
တီချယ်နှင့် အတန်းဖော်သူငယ်ချင်းများက ထိုနေ့က စပယ့်အပြော ကို မျက်လုံးလက်လက် ကလေးများဖြင့်စိတ်ဝင်တစား နားထောင်နေခဲ့ကြလေသည်။ ထိုစဉ်က အဖြေကောင်းသူ မစပယ်အား အားပေးသည့်အနေဖြင့် ဆရာမကြီးမှ စ,ကာ လက်ခုပ်တီးအားပေးခဲ့ကြဖူးလေသည်။ စပယ်ကား ပါးစပ်မစေ့လေတော့ပီ။ ၂၀၀၂ ခုနှစ်တွင်ကား စပယ်သည် ထိုမေးခွန်းကို ထိုသို့ဖြေကြားခဲ့ဖူးလေ၏။
…………..
စပယ်သည် ယင်းညနေခင်းအမ်ဘီအေသင်တန်းအား လွန်စွာစိတ်ဝင်စား၏။ ဌာနမှူးဆရာမကြီးဒေါ်ဥဥခင်သည် စပယ်တို့ ခရီးသွားလုပ်ငန်းကဏ္ဍမှ စာသင်သားများအတွက် Tourism Management courses ကို ထပ်မံထည့်သွင်းရေးဆွဲပေးလေ၏။ ပထမဆုံး ဒီဘာသာရပ်ကို presentation လုပ်ခွင့်ရသူလေးက..မစပယ်.။
စပယ်သည် စိတ်လှုပ်ရှားလှသော်လည်း ခပ်တည်တည်ပင်။ အတန်းရှေ့ထွက်ပြီး whiteboard တခုလုံးပြည့်သွားလေအောင် ကမ္ဘာ့မြေပုံကို ရေးဆွဲလိုက်လေ၏။ ခရမ်းမြို့မှဆရာမဒေါ်မြင့်ကြည့်တပြည့်မို့ ပထ၀ီဝင်အခြေခံကောင်းသောစပယ်သည် ကမ္ဘာ့မြေပုံအား တစ်ရေးနိုးအချိန်ပင် မျက်စေ့မှိတ်ရေးဆွဲနိုင်လေသည်။ ထို့နောက်မှင်နီလေးဖြင့် မြန်မာပြည်မြေပုံသေးသေးလေးအား ထည့်သွင်းရေးခြယ်ပြ၏။
…………
စပယ်က-
မြန်မာနိုင်ငံသည် ယခုမြင်သည့်အတိုင်း ကမ္ဘာ့တိုးရစ်စ်မြေပုံတွင် အစက်အပြောက်လေးတစ်ခု
သာလျှင်ဖြစ်လေကြောင်း၊ မြန်မာနိုင်ငံအား ကမ္ဘာကသိအောင် မိတ်ဆက်ဖို့ရာဝယ် နိုင်ငံပေါင်း ရာချီနေသည့်အထဲမှ မထင်မရှား tour spot လေးတစ်ခုသာဖြစ်လေသည်ကို ပထမဆုံး အခြေခံသိထားပြီးမှသာ ယခုသင်ကြားနေသည် ခရီးသွားစီမံခန့်ခွဲမှုပညာကိုဆက်လက်လေ့လာရမည်
ဖြစ်ကြောင်း… စတင်လိုက်လေကာ နေသာသာ ကောင်းကင်ပြာပြာတွင် မိုးသီးမိုးပေါက်များ
ကြဲချလိုက်သကဲ့သို စိတ်ဝင်စားဖွယ်ရှင်းလင်းလေတော့သည်။
eMBA တစ်ခန်းလုံးကား စပယ်၏ ခရီးသွားဘာသာရပ် ရှင်းလင်းချက်တွင် စီးမျောပါလျှက်ရှိကြလေ၏။ တုတ်တုတ်ပင် မလှုပ်ချေ။
……….
စပယ်သည် လက်ထဲတွင် ပိုက်ဆံတပြားမှမရှိသော်လည်း ယခုနှစ်တွင်တစ်ကိုယ်တော်သွေးကြီးနေလေ၏။ ဒီတခါ စပယ့်ရူးနေသည်မှာ ဧည့်လမ်းညွှန်ရူး မဟုတ်တော့ပေ။ စပယ်သည် မောင်နှမ ၃ ဦးငှားနေသော စံရိပ်ငြိမ်ရှိ၊အထပ်မြင့်၊အခန်းကျဉ်းကလေးဝယ် နာရီပေါင်းများစွာ တစ်ခုခုကိုလုပ်ဆောင်နေလေသည်။ ဖယောင်းပုဆိုးခပ်ညံ့ညံ့ ခင်းထားသော သံမန်တလင်းပေါ်၌ ခေါင်းအုံးကလေးကို ဗိုက်အောက်ထဲ့ပြီးသကာလ Travel Company Business Plan ကို ဈေးပေါပေါ A4 စာရွက်အကြမ်းများဖြင့် ခပ်တည်တည်ကြီးရေးဆွဲနေလေ၏။ စပယ်သည်ကား ကုမ္ပဏီပိုင်ရှင်ရူး,ရူးနေချေလေပြီ။
…………..
ဇွဲကြီးသောစပယ်လေးသည် တဖက်က ဧည့်လမ်းညွှန်အလုပ်လုပ်နေရင်း၊ တဖန် ရုံးဝန်ထမ်းအလုပ်လုပ်နေရင်း Diploma of Management Administration ခေါ် DMA သင်တန်းအားအချိန်ပိုင်းတက်နေခဲ့၏။ စပယ့်ရခဲ့သောလခများသည် မိသားစုနှင့် ပညာရေးတွင်သာတွင်တွင်သုံးခဲ့လေ၏။ ပြင်သစ်သံရုံးတွင် ပြင်သစ်စကားပြောသင်ကြားခဲ့ဖူး၏။ ဗြိတိသျှသံရုံးတွင် အင်္ဂလိပ်စကားပြောသင်တန်းတက်၏။ ဈေးကြီးသော်လည်း ဘ၀ အတွက်ရင်းနှီးမြှုပ်နှံလေ၏။
………………
ထို့နောက် evening MBA ခေါ် eMBA အားဆက်လက်တက်ရောက်နေလေ၏။ စပယ်မှတ်မိသလောက် နှစ်ပေါင်း (၂၀) ကျော်အတွင်း စီးပွားရေးတက္ကသိုလ်မှ ဆရာ၊ဆရာမကြီးများသည် ဟောင်းနွမ်းနေသော ပတ္တမြားဆောင်၏ အေးတိအေးစက်၊တိတ်တိတ်ဆိတ်ဆိတ် အခန်းလေးများထဲမှနေ၍ မြန်မာပြည်သမိုင်းသစ်ကို ဖန်တီးမည့်အနာဂတ် ခေါင်းဆောင်ကောင်း၊ နောက်လိုက်ကောင်းများကို တသုတ်ပြီးတစ်သုတ် မွေးဖွားပေးနေခဲ့လေ၏။ စပယ်တစ်ယောက်သည် ထိုအထဲတွင် သဲလေးတမှုံ၊ သဲပွင့်လေးတပွင့် ဖြစ်ခဲ့ဘူးလေသည်။
…………………….
အလုပ်လျှောက်ရခြင်း၏ ဒုက္ခများက စပယ့်အားလခစားအလုပ် ဆက်လုပ်ရန်ဆန္ဒအား ရပ်တန့်သွားစေခဲ့လေသည်။ စပယ်သည် သတ်သတ်မှတ်မှတ် အလုပ်တစ်ခုမရှိလေသည့်အတွက် ၀င်ငွေရှာရလေသည်။ အသစ်တည်ထောင်ကာစ ခရီးသွားကုမ္ပဏီများ၏ လုပ်ငန်းအ,စ အား တတ်သလောက်၊မှတ်သလောက် ကူညီပေး၏။ အချိန်ပိုင်း ခရီးသွားလုပ်ငန်း အကြံပေးအဖြစ် ခရီးသွားကုမ္ပဏီအသစ်တစ်ခုတွင် ခရီးစဉ်များဝိုင်းဝန်းရေးဆွဲပေးနေ၏။ အလုပ်လက်မဲ့စပယ်သည် သူမနှစ်ပေါင်းများစွာ တကုပ်ကုပ် အလုပ်လုပ်ခဲ့လေသောခရီးသွားလုပ်ငန်းအား ပြင်ပမှ ပိုမိုလေ့လာဖြစ်နေခဲ့ရင်းမှ ..တဖြည်းဖြည်းနှင့် မိမိလျှောက်ရမည့်လမ်းအား မိမိဘာသာပုံဖော်လာလေသည်။
……..
အမှန်တကယ်တွင်မူ စပယ်၏ နိစ္စဒူဝ မိသားစုစားဝတ်နေရေးပြသာနာများက စပယ်အား ပုံမှန်ဝင်ငွေ မ,ရနိုင်သည့် အလုပ်တခုကို စ,လုပ်စေဖို့ အားမပေးခဲ့ချေ။ လကုန်တိုင်း ပုံမှန်လစာရနေသည့် အလုပ်တခုကသာ စပယ့်အား စိတ်လုံခြုံမှုပေးမည်။ ပါပါးမရှိသော စပယ်တို့မိသားစုတွင် ပုံမှန်ဝင်ငွေတခု အစဉ်အမြဲရရှိနေဖို့ လိုအပ်လေသည် မဟုတ်ပါလား…?
………..
တစ်ခါတစ်ရံ ကံတရားသည် မစပယ်လေးအား ချစ်ခင်နှစ်သက်ပုံ မရှိပေ။ ကာလကြာရှည်စွာ သံပုသီးတွေချည်း လှိမ့်ပိန့်ကာပေးနေခဲ့ဘူးလေသည်။စပယ်သည် သို့ကလောက်ကိုကားမမှုပေ။ သူမအဖို့ သံပုရာရည်ဖျော်သောက်ရန် သကြားချို၊ပျားရည်ချို ရှာရပေဦးမည်ဟု တေး,ကာသာထားလေ၏။ ကံတရားသံပုရာသီးသည် စပယ့်အား အလုပ်လက်မဲ့လက်ဆောင်အား တဟားဟားရယ်ကာပေးခဲ့ပုံရလေ၏။ အာဂ,စပယ်သည် ထိုသံပုရာသီးအား အသုံးချလေတော့သည်။
……
စပယ်မ သည် Travel Company Business Plan အား အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ရေးဆွဲ၏။ သူမ တတ်သော စီမံခန့်ခွဲမှု ပညာရပ်များအား အစွမ်းကုန်ထုတ်သုံးလေတော့၏။ အင်္ဂလိပ်ဘာသာပြန်သည်ကို သဘောမတွေ့လှသဖြင့် ဘာသာပြန်ဆရာကြီးတဦးထံတွင် ထပ်မံပြီး ဘာသာသွားပြန်လိုက်သေးသည်။
မိမိ၏ ပါတနာ ဖြစ်လာမည့် ရင်းနှီးမြုပ်နှံသူသည် နိုင်ငံခြားသားလဲ ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် မိမိ၏ Business Plan သည် အထူး professional ဆန်ဖို့လိုလိမ့်မည်။
………………..
မြန်မာပြည်တွင်ခရီးသွားလုပ်ငန်းတခု စတင်တည်ထောင်မည်။ ထို့အတွက်လိုအပ်ချက်များ၊ လုပ်ဆောင်ရန်များ၊ နှစ်တိုနှစ်ရှည် စီမံကိန်းများ၊ လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေးရင်းနှီးမြုပ်နှံမှုနှင့် အချိန်ကာလသတ်မှတ်ချက်
များအပြင် အရင်းကြေကာလကိုပါသေချာစွာ ထည့်သွင်းတွကချက်ပြကာ အောင်မြင်လေမည့် ခရီးသွားကုမ္ပဏီတခု၏ တည်ထောင်ပုံ အဆင့်ဆင့်အား ဝေေ၀ဆာဆာကြီး ပြုစုထားလေသည်။

ပြီးသောအခါ အရောင်စုံ လှပသပ်ရပ်စွာ print ထုတ်၏၊ စာအုပ်ပါးလေး
အခန့်ချုပ်၏။ ပလပ်စတစ် အကြည်ရောင်လေးအုပ်လိုက်သေး၏။ စုစုပေါင်း (၁၀)စုံ
ထုတ်ထားလိုက်သည်။
…………
စစ်သူကြီးတို့မည်သည် တိုက်ပွဲဝင်ရာလမ်းတလျှောက် ချီတက်ရာတွင်.တွေဝေငေးမှိုင်နေလေသည်မဟုတ်..အစဉ်တစိုက် ကြံစည်တွေးတော လုပ်ဆောင်နေစမြဲမဟုတ်ပါလော?...။
…..ဆက်ရန်….
စပယ်အောင် ရေးသားသည်။

0 comments:
Post a Comment