Saturday, December 12, 2015

"ဖောင်တိန်ကလေးတွေ သို့မဟုတ် ဘောပင်ကလေးတွေ" (ရေးသားသူ ~ ယုယ)

 ကျွန်မငယ်ငယ်က အဖေ့ဖောင်တိန်လေးတွေ၊ဘောပင်လေးတွေ ခိုးယူကစားဖူးသည်။ အဖေက သူ့ပစ္စည်းတွေကို ကိုင်လျှင်မကြိုက်သဖြင့် အဖေမသိအောင် အဖေတန်ဖိုးထားသည့် ဖောင်တိန်း ကလေးတွေကို စိတ်ဝင်တစားခိုးယူမိခြင်းပင်။
ကျွန်မစိတ်ဝင်စားအောင်လည်း အဖေ့ဖောင်တိန်လေးတွေက စွဲဆောင်ခဲ့သည်ကိုး။
Fountain pen အင်္ဂလိပ်အခေါ်ကို ဖောင်တိန်ဟု တိုက်ရိုက်မွေးစားခြင်းဖြစ်မည်။


မြန်မာအဘိဓာန်တွင် မှင်ထည့်ရ်ျရေးရသော စာရေးကိရိယာတစ်မျိုးဟုအနက်ဖွင့်ဆို
ထားသည်။၉ရာစုတွင် စတင်ပေါ်လာပြီး၁၀ရာစုတွင် ဖောင်တိန်ကို စသုံးနေပြီဟု ၀ီကီပီးရီးယားတွင် ဖော်ပြထားသည်။မည်သို့ပင်ဖြစ်စေဖောင်တိန်ဟုဆိုလျှင် လူတော်တော်
များများက စာရေးသည့်ကလောင်တံတစ်မျိုးဖြစ်ကြောင်းနားလည်ပြီးသားဖြစ်သည်။
ပန်းချီဆရာတစ်ယောက်တွင် စုတ်တံသည်အဖော်ဟုဆိုပါလျှင်၊တေးရေးဆရာ တစ်ယောက်တွင် ဂစ်တာသည် မရှိမဖြစ်ဟုဆိုပါလျှင်၊စာရေးဆရာဖြစ်သူအဖေ့ထံတွင် ဖောင်တိန်ပေါင်းများစွာရှိသည်မှာမဆန်းပေ။
အဖေ့ဖောင်တိန်ကလေးများတွင် သူ့ဇာတ်လမ်းနှင့်သူ၊သူ့ပုံပြင်နှင့်သူရှိ၏။အဖေ့ထံမှ
အကြောင်းတိုက်ဆိုင်တိုင်း ကြားရတတ်သော်လည်း အချို့ဇာတ်လမ်းများကိုကား ကျွန်မမမှတ်မိတော့ပေ။အဘိုးဝယ်ပေးသည့် ဖောင်တိန်ကလေးကိုထုတ်ပြသည့်အခါ မျက်နှာတွင် လွမ်းရိပ်ဆွေးရိပ်တွေသန်းလာတတ်၏။ထိုဖောင်တိန်ကလေးအကြောင်း
ပြောသည့်အခါတိုင်း အချို့စကားနေရာတွင်ပြောရင်းတိမ်ဝင်သွားပြီးအချို့စကားတွေ
ကျတော့လည်း တက်တက်ကြွကြွနှင့် ဖခင်ဆီက ဆုရသည့် ကလေးငယ်တစ်ယောက်ဟန် ပြန်ဖြစ်သွားတတ်သည်။
တက္ကသိုလ်ကျောင်းသားဘ၀ကတည်းကရေးသော ဖောင်တိန်လည်းအဖေ့တွင်ရှိ
သည်။ထိုဖောင်တိန်ကလေးနှင့်ရေးတိုင်း ငယ်မူငယ်သွေးပြန်နေမည်လားမပြောတတ်ချေ။
သေချာသည်ကား တက္ကသိုလ်နောက်ခံအချစ်ဇာတ်လမ်းတွေ ရေးသည့်အခါတိုင်း ထိုဖောင်တိန်ကလေးနှင့် ရေးမည်မှာ အသေချာပင်။
အဖေသည် အလွန်စည်းကမ်းရှိသူပီပီ အသိမ်းအဆည်းမှာလည်း ပထမတန်းပင်။
ထို့ကြောင့် အမေ့ဆီက ချစ်သက်လက်ဆောင်ရခဲ့ဖူးသည့် ဖောင်တိန်တစ်ချောင်းတလေ လည်း အဖေ့ အံဆွဲထဲတွင် ရှိကောင်းရှိပေလိမ့်မည်။လေးမေအကြောင်းရေးသည့်အခါတိုင်း
ထိုဖောင်တိန်လေးနှင့်ရေးမည်ထင်၏။
အဖေ့အံဆွဲထဲတွင် ဖောင်တိန်မှင်ဗူးတံဆိပ်စုံလင်စွာတွေ့ရတတ်ပြီး ဖောင်တိန်ထိပ်က နစ်တွေလည်း အများအပြားပင်။ဟိုဘက်ဖောင်တိန်ကနစ်ကို ဒီဘက်ဖောင်တိန်ထဲထည့်သုံး ၊ဒီဘက် ဖောင်တိန်ကနစ်ကို အခြားဖောင်တိန်ကိုယ်ထည်တွင် ထည့်သုံးလုပ်တတ်သေးသည်။
နောက်ဆုံးသုံးမရသည့် တိုင်အောင် မလွှင့်ပစ်ဘဲထားသည့် ဖောင်တိန်တွေလည်း တပုံကြီးပင်။
Ball-pen အင်္ဂလိပ်အခေါ်ကို ဘောပင်ဟု မွေးစားစာလုံးအဖြစ်အသုံးပြုပြီးခေါ်သည့်
ခေတ်သစ်ဖောင်တိန်တစ်မျိုးပေါ်လာသည်။ဈေးပေါသလို ၀ယ်ရလည်းလွယ်၏။မှင်ကုန်သွား
လျှင် လွှင်ပစ်လိုက်ပြီး နောက်တစ်ချောင်းအလွယ်တကူ ၀ယ်သုံးဖြစ်ကြသည်။အဖေတို့
ငယ်ငယ်ကတော့ ဖောင်တိန်ကိုသာ အားကိုးကြရသည်။ဖောင်တိန်သည် တနည်းအားဖြင့်
စဉ်းစားလျှင်တော့ အထပ်ထပ်ပြန်သုံးလို့ရသဖြင့် ရီဆိုက်ကယ်ဖြစ်၏။သို့သော် တစ်ခါသုံး
ဘောပင်တွေပေါ်လာသည့်အခါ ဖောင်တိန်ဆိုသည်မှာအိမ်ထဲတွင် ကုတ်ကုတ်ကလေး
နေရသည့် အဘိုးအဘွားတွေလို ခေတ်ဟောင်းအန်းတိတ်တွေ ဖြစ်ကုန်တော့သည်။
တစ်ခါသုံးဘောပင်တွေမည်မျှပေါ်လာစေကာမူ အဖေကတော့ စာရေးလျှင်ဖောင်တိန်လေး ကို အလှည့်ပေးရေးလေ့ရှိသည်။နောက်ဆုံး ဖောင်တိန်တွေလည်း သက်တမ်းလွန်ကားတွေလို သုံးမရတော့သည့်အခါ ဘောပင်ဘက်လှည့် သုံးရတော့သည်။သို့သော် သူ့ဖောင်တိန်
အဟောင်းလေးတွေကို အရည်ကျို မပို့ရှာပေ။ ဒီလိုနှင့်အဖေ့အံဆွဲထဲက ဖောင်တိန်နှင့် ဘောပင်စည်းကြီးသည် တစ်နေ့တခြားကြီးကြီးလာလေ၏။ဝတ္ထုတိုပေါင်းများစွာ၊လုံးချင်း
ဝတ္ထုရှည်ပေါင်းများစွာအတွက် ဖောင်တိန်တလှည့်ဘောပင်တလှည့် ကူညီအားဖြည့်ပေးခဲ့ရ
သည်ကိုး။
အဖေသည် ဘောပင်သုံးရသည့်တိုင်အောင် ဖောင်တိန်နှင့်အနီးစပ်ဆုံးတူသည့်နစ်မျိုး ကို ရှာဝယ်ပြီးသုံးတတ်သည်။ယူနီ၊ပိုင်းလော့အစရှိသည့် ဘောပင်တံဆိပ်များတွင် 0.5နစ်ထက် သေးသည့် 0.3လောက်ကို ရှာသုံးတတ်သည်။နောက်ဆုံးထိုနစ်မျိုးရှာမရတော့လျှင်0.3နစ်
အဟောင်းကိုတပ်ကာသုံးတတ်သည်။အဖေသည် ဖောင်တိန်နစ်ကို ရည်းစားဦးလို စွဲလမ်း
ခဲ့ပုံပေါ်၏။
ကျွန်မ၏ပထမဆုံးစာမူခပိုက်ဆံရတော့ ငွေသုံးထောင်လောက်ကို ရွှေပဲပြေးဝယ်ရမလို စိန်ပဲပြေးစုရမလို ကြံရာမရဖြစ်ခဲ့သေးသည်။ထိုငွေသုံးထောင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း
စူပါမားကတ်တစ်ခုသို့ရောက်သွားခဲ့၏။ထို့နောက်ဘာဝယ်ရမလဲ တွေးရင်း စူပါမားကတ်
တစ်ခုလုံး နေရာစုံသွားပြီးနောက် စာရေးကိရိယာတန်းတွင်ခြေလှမ်းများရပ်တန့်သွား၏။
ထို့နောက်တက်ကြွသောခြေလှမ်းများဖြင့်အိမ်ပြန်ခဲ့သည်။
ကျွန်မအိမ်ရောက်တော့ အဖေ့ကို ဗူးနီနီလေးတစ်ဗူးလက်ဆောင်ပေးခဲ့သည်။အဖေက ထိုဗူးကလေးကို ဖွင်မကြည့်ဘဲနှင့်ဘာပါသည်ကို သိသော်လည်းဘေးတွင်ခပ်ပြုံးပြုံး
ရပ်နေသည့်သမီးနှင့်ထပ်တူပြုံးရင်း ဗူးကလေးကို ထုတ်ကြည့်၏။ဗူးထဲတွင် အဖေသဘောကျ သည့် 0.3နစ် ဘောပင်ကလေးပင်။
သို့သော် နှမြောရ်ျလားမသိပေ။နောက်ဆုံးအချိန်ထိ ထိုဘောပင်ကလေးကို မသုံးဘဲ အမြတ်တနိုး သိမ်းဆည်းထားခဲ့သည်။
မေလ၁၈ရက်နေ့ အဖေ့မွေးနေ့ ဘာပေးရမလဲ ကျွန်မတို့ညီအစ်မနှစ်ယောက် စဉ်းစားရကြပ်ခဲ့ဖူးသည်။ပကာသနပစ္စည်း၊အ၀တ်အစား ဘာကိုမှမမက်မောတတ်သော အဖေ့အတွက် မည်သည့်လက်ဆောင်ပေးလျှင်သဘောကျမည်နည်းဟုတွေးမရအောင် ဖြစ်ခဲ့သည်။နောက်ဆုံး ညီအစ်မနှစ်ယောက် ခေါင်းချင်းဆိုင်ကာ အဖေ့အတွက် အသင့်တော်ဆုံး လက်ဆောင်တစ်ခုဝယ်သွားဖြစ်ခဲ့၏။ထိုအရာကား စာအုပ်တစ်ဒါဇင်နှင့် ဘောပင်တစ်ဒါဇင်ဖြစ်သည်။
အဖေသည် မည်မျှပင်ဘောပင်ပေါင်းများစွာ လက်ဆောင်ရစေကာမူဘောပင် ဆန်းဆန်းကလေးများကို တွေ့သည့်နေရာတွေ ၀ယ်သည်ချည်းပင်။ကျွန်မတို့အတွက် သာမက သူ့တူတွေ တူမတွေအတွက်လည်း ၀ယ်လာတတ်သည်။မီးလင်းသည့်ဘောပင်၊
ထိပ်မှာ အရုပ်တွေပါသည့်ဘောပင်၊၆လက်မလောက်ရှည်သည့်ဘောပင်၊လက်သန်း
လောက်သာရှိသည့်ဘောပင် စသည်ဖြင့် တွေ့တိုင်းဝယ်၏။ကျွန်မသည်ကား စည်းကမ်း တစ်စက်ကလေးမျှမရှိသူပီပီ အကုန်ဖျောက်ပစ်တတ်သော်လည်း ကျွန်မအစ်မတွင်ကား အဖေ၀ယ်ပေးသည့် ထိုဘောပင်ဆန်းဆန်းကလေးများ ယခုအချိန်ထိ ရှိကောင်းရှိပေ
လိမ့်အုံးမည်။
အဖေသွားလေရာသယ်သည့် ဘောပင် ပုစိလေးလည်းရှိသေးသည်။အဖေ့ပိုက်ဆံအိတ် ထဲတွင် ထိုဘောပင်ပုစိလေး အမြဲတမ်းပါ၏။ထိုဘောပင်ကလေးမှာပိုင်ရှင်ဖြစ်သူအဖေက
လွဲရ်ျမည်သူတစ်ဦးတစ်ယောက်၏ရေးခြင်းကိုမှ ခံရဖူးပုံ မပေါ်ပေ။အဖေ့အိတ်ထဲတွင် အကြွေရှာတတ်သည့်ကျွန်မကလွဲပြီး ဘောပင်လေးရှိသည်ကို အမေတောင်သိပုံမရပေ။
ထိုဘောပင်ကလေးမှာလည်း နစ်သေးသေးလေးပင်ဖြစ်သည်။
ကျွန်မစာမူခရတိုင်း အဖေ့ကိုဘောပင်တစ်ချောင်း ၀ယ်ပေးလေ့ရှိသည်။တကယ်တော့ ထိုအချိန်က ဖောင်တိန်ကောင်းကောင်းလေးတစ်ချောင်းကို မရမက၀ယ်ပေးခဲ့သင့်သည်။
အလွန်ကောင်းသည့် ထိုစိတ်ကူးကို အဖေဆုံးပြီးကာမှစိတ်ကူးမိသဖြင့်နောင်တရလို့မဆုံးပေ။
ကျွန်မပေးသည့် တစ်ခါသုံးဘောပင်ကလေးတွေကိုတောင် လွှင့်မပစ်ဘဲ သိမ်းထားတတ်သည့်
အဖေ့ကို ဖောင်တိန်ကောင်းကောင်း လေးတစ်ချောင်း ကျွန်မ၀ယ်ပေးခဲ့မိလျှင် မည်မျှကောင်း လိုက်မည်နည်း။
သမီးနှစ်ယောက်စာမေးပွဲနီးပြီးဆိုလျှင် ဘောပင်တစ်ဒါဇင်၊ခဲတံ၊ခဲဖျက် ၊ပေတံစသည် ဖြင့် စာမေးပွဲဖြေရန်အစုံလိုက်ဝယ်ပေးတတ်သည်။ထိုဘောပင်များကို အသစ်အတိုင်းဝယ်ပြီး ရော့အင့် ပေးတာမဟုတ်။ ဘောပင်အသစ်များကို မှင်မထစ်စေရန် ဘောပင်ထိပ်ကလေးကို မီးကလေးနှင့်တို့ရ်ျဖြစ်စေ ၊စာရွက်လွတ်ပေါ်မှာ ရေးခြစ်ရ်ျ ဖြစ်စေကြိုတင်အစမ်းလေ့ကျင့်
ပြီးမှသာ သမီးတွေလက်ထဲထည့်သည်။စည်းကမ်းမရှိသော ကျွန်မကား စာမေးပွဲဖြေပြီး
သည်နှင့် ထိုပစ္စည်းအစုံလိုက်ကို ဖျောက်ပစ်လိုက်တော့သည်။
သို့သော် အဖေသည် ကျွန်မတို့စာမေးပွဲဖြေကာနီးတိုင်း မပျက်မကွက်ပင်ဘောပင်
ကလးတွေ ၀ယ်ပေးတတ်တုန်းပင်။ကျွန်မ၏နောက်ဆုံးစာမေးပွဲသို့မဟုတ်မဟာတန်း
ဒုတိယနှစ်နောက်ဆုံးစာမေးပွဲကိုလည်း အဖေ၀ယ်ပေးသည့် ဘောပင်များနှင့်သာ ဖြေဆိုအောင်မြင်ခဲ့ခြင်းဖြစ်သည်။
။ ။ ။
ကျွန်မဘ၀အတွက် အရေးကြီးဆုံးသော စာမေးပွဲတစ်ခု ဖြေဆိုရန် အိမ်မှ ကမန်းကတန်းထွက်လာခဲ့မိသည်။အဖေဖြေစေချင်သောစာမေးပွဲဖြစ်ပြီး ကျွန်မဘ၀အတွက် အရေးအကြီးဆုံး အဆုံးအဖြတ်စာမေးပွဲလည်းဖြစ်ပြန်သည်။
ကဲလက်မှတ်ထိုး ဟုတရားသူကြီးက ကျွန်မတို့နှစ်ယောက်ကို ပြောသည်။
ထိုအခါမှ မျက်ပြူးဆန်ပြာနှင့်ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ကျွန်မတို့နှစ်ယောက်စလုံး
တွင် လက်မှတ်ထိုးရန် ဘောပင်မပါပေ။တရားသူကြီးစားပွဲပေါ်မှ ဘောပင်ကလေးနှစ်ချောင်းကို ယူပြီး အလျင်စလို လက်မှတ်ထိုးရသည်။အဖေသာရှိလျှင် ကျွန်မတို့နှစ်ယောက်အတွက် ဘောပင်ကလေးကြိုဝယ်ပေးမှာအသေချာပင်။သို့သော်ဒီတိုင်းဘောပင်ကိုလက်ထဲထည့်ပေးမှာတော့မဟုတ် မှင်မထစ်အောင်၊လက်မှတ်သေသပ်အောင် အဖေ့ရှေ့မှာတင် အစမ်းလေ့ကျင့်
ခိုင်းလိမ့်မည်။လက်ထပ်လက်မှတ်ထိုးနေတုန်း ကျွန်မပြုံးမိသည်။ဒီလောက်အရေးကြီးတဲ့ ကိစ္စအတွက်သွားတာတောင် ဘောပင်မပါရကောင်းလားဟု အဖေဆူနေပုံ၊ထို့အပြင် အလုပ်ကိုင်နေရာတွင်စာရေးဆရာဟုထည့်ပြီးဘောပင်မပါဘူးဆိုတာ ရှက်စရာကောင်း
တယ်ဟု ပြောနေပုံ၊အဲဒါတွေကြိုသိလို့ ဒီမှာဘောပင်နှစ်ချောင်းပြင်ဆင်ထားတယ်ဟုဆိုပြီး ပတ်ကားဘောပင်လေးနှစ်ချောင်းလက်ထဲလာထည့်ပုံတွေကို ရုပ်ရှင်ပြကွက်တစ်ခုလို မြင်ယောင်လာသောကြောင့်ပင်။ကျွန်မပြုံးပြီးရင်း ပြုံးမိသည်။ကျွန်မအပြုံးမှာ မျက်ရည်စတွေ
ပါနေတာတော့ မည်သူမျှမြင်လိမ့်မည်မဟုတ်ပေ။
တကယ့်လက်တွေ့မှာတော့ ဘောပင်နှစ်ချောင်းကို အမှတ်တရသိမ်းချင်သဖြင့် တရားသူကြီး မမြင်အောင် ခိုးယူလာခဲ့ရသည်။တရားခံပေါင်းများစွာ၏မျက်လုံးကို အကဲဖမ်းပြီး အမိန့်ချလာခဲ့သော တရားသူကြီးသည် သူ့စားပွဲပေါ်က ဘောပင်နှစ်ချောင်းခိုးယူသွားသည်ကို
သိကောင်းသိပေ လိမ့်မည်။ကျွန်မစိတ်ကူးထဲက အဖေ၀ယ်မပေးဖြစ်လိုက်သည့် ပတ်ကား ဘောပင်လေးနှစ်ချောင်းအကြောင်းသိသွားလျှင်တော့ ကျွန်မတို့နှစ်ယောက်ကို တရားမစွဲလောက်ဘူးဟု ထင်ပါသည်။
ယုယ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...