ဘကြီးဘုန်းကြီးအစစ် (ခေါင်းစဉ်ပြောင်းသည်)
တရုတ်နာရီနှိုးစက်ကြောင့် ဘကြီးဘုန်းကြီး အိပ်ရာက နိုးလာသည်။
ဘကြီးဘုန်းကြီးက မဟုတ်တရုတ်လုပ်ချင်
လုပ်တတ်သော်လည်း ကုလားသေကုလားမောတော့ မအိပ်တတ်ချေ။

ယိုးဒယားကြွေခွက်တွင် မျက်နှာသစ်လိုက်၏။
ကုလားပြည်ကလာသော တမာသွားတိုက်ဆေးဗူးကို ညှစ်ကာ တရုတ်သွားတိုက်တံဖြင့် သွားတိုက်၏။
မုတ်ဆိတ်အနည်းငယ် ရှည်နေသောကြောင့် ဗီယက်နမ်လုပ်သင်တုန်းဓါးဖြင့် တဗျိဗျိဆွဲသည်။ ဂျပန်က ပြန်လာသော ဒကာမလေးတစ်ယောက် လှူထားသည့် ဆပ်ပြားလေးက မွှေးလွန်းသည့်အတွက် သိပ်မကြိုက်။ အိန္ဒိယမွှေးပွတဘက်ဖြင့် မျက်နှာသုတ်လိုက်၏။
ကပ္ပိယကြီးက အီကြားကွေးလား ပလာတာလား လာမေးနေသည်။ အမေရိကန်စတားဘတ်ခ်စ်ကော်ဖီ
တစ်ခွက်သာ ပေးပါ လုပ်ရသည်။
ကုလားထိုင်တွင် ကျကျနနထိုင်ကာ တရုတ်ကပ်မှန်ပြတင်းမှ ဝင်လာသော နေခြည်နွေးကို ခံယူသည်။
ဂျပန်စက္ကူသားဖြင့် ရိုက်နှိပ်ထားပြီး သြစတြေးလျလူမျိုးအယ်ဒီတာချုပ်
တည်းဖြတ်သော အင်္ဂလိပ်သတင်းစာကို ကောက်ကိုင်လိုက်သည်။ မျက်စိက မှုန်နေပြီမို့ အီတာလျံကိုင်းမျက်မှန်ကို ကောက်စွပ်ရသေးသည်။
ထိုအချိန်တွင် ကိုရီယားလုပ်မိုဘိုင်းက အသံပေး၏။
ဟလို
ဟလို
ဘိလပ်စကားဖြင့် ပြိုင်တူနှုတ်ဆက်ကြ၏။
ဘကြီးဘုန်းကြီးလား
ဘကြီးဘုန်းကြီးပါ
ဘကြီးဘုန်းကြီးအစစ်နော်
ဘကြီးဘုန်းကြီးအစစ်ပါကွယ်
နောက်ဆုံးတော့ ဘကြီးဘုန်းကြီးသည်သာလျင် ရွှေပြည်ကြီးထုတ်ကုန်အစစ်ဖြစ်ကြောင်း သေချာသွားတော့၏။
ပုံ
အိပ်မက်အရ
ဘကြီးဘုန်းကြီး
၂၀၁၄ မေလ ၂၉ ရက်
-------------------------
အပျင်းပြေဆိုတာထက် ပိုပါကြောင်း

0 comments:
Post a Comment