ဒရိုင်ဘာရွေးပွဲ
Tin Nyunt
မှတ်တိုင်မှာ ကားတစ်စီး ရပ်ထားသဗျ။ ကားအသစ် အကောင်းစား။ လူတွေလည်း အစုံအညီရောက်နေပြီ။ ကားထွက်ချိန်လည်း ဖြစ်နေပြီ။ ဘယ်မှာလဲ ဒရိုင်ဘာ ..
“ဒရိုင်ဘာ … ဒရိုင်ဘာ … ဘယ်မှာလဲ … ဒရိုင်ဘာ”

လူတွေ ဆူပွက်နေတယ်။ အချိန်လင့် .. နေမြင့်နေပြီကော။
“ဟာ … နောက်ကျနေပြီ။ အချိန်မီ မရောက်ရင် ဒုက္ခပဲ”
လူတွေက တွတ်ထိုးပြီးညည်းနေကြတယ်။ ဒရိုင်ဘာပျောက်နေချိန်မှာ အော်သူအော် … ဆဲသူဆဲ … ဒုက္ခပဲလို့ ဒိုင်ခံပြော နေသူတွေလည်းရှိကြတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတစ်ယောက်က ရှေ့ထွက်လာပြီး
“ကျွန်မ .. ကားမောင်းတတ်တယ် .. ကျွန်မ မောင်းသွားမယ်။ ရှင်တို့အထဲမှာ မောင်းတတ်သူရှိသလား။ ရှိရင် ထွက်လာပါ။ ကျွန်မတို့ ကားကို မောင်းသွားကြမယ်။ ဒရိုင်ဘာမရှိလို့ ကားကို ဒီအတိုင်းရပ်ထားရမယ်ဆိုတာ ကတော့ မဖြစ်သင့်ဘူး”
ဒီအချိန်မှာ စစ်သားတစ်ယောက်က ရှေ့ထွက်လာတယ်။ အမျိုးသမီးကြီးက
“ရှင် .. မောင်းတတ်သလား .. မောင်းတတ်ရင် တက်မောင်းပါ။ လူတွေ နောက်ကျနေပြီ” လို့ပြောလိုက်တော့
“ကျုပ်မမောင်းတတ်ပါဘူး။ ဒရိုင်ဘာမဟုတ်ဘဲ ခင်ဗျား တတ်မောင်းမှာကို ကျွန်တော် သဘောမတူဘူး။ ဒရိုင်ဘာပဲ မောင်းပါစေ။ ဒရိုင်ဘာမဟုတ်ရင် မမောင်းပါနဲ့ ..”
ဒီအချိန်မှာ လူတွေ ဆူပွက်ကုန်တယ်။ အဲဒီအချိန်မှာ လူတွေထဲက တစ်ယောက်က
“ကဲ … အများဆန္ဒအရ မဲခွဲ ဆုံးဖြတ်မယ်။ ဒီအမျိုးသမီးကြီးက ကားကိုမောင်းမယ်။ လိုက်ရဲတဲ့သူတွေ ကားပေါ်တက်ထိုင်လိုက်။ မလိုက်ချင်တဲ့သူတွေ နေခဲ့လိုက်”
အဲဒီအချိန်မှာ ခုနက စစ်သားတစ်ယောက်နဲ့ အမျိုးသမီးကြီးကလွဲရင် ကားပေါ်ကို အားလုံး တက်လိုက်ကြတယ်။ အမျိုးသမီးကြီးက ဒရိုင်ဘာဘက်က တံခါးကိုဖွင့်ရင်းက
“ကျွန်မ ဒီကားကို မောင်းမယ်။ အားလုံးရဲ့ အသက်တွေကို ကျွန်မတာဝန်ယူတယ်။ ကားထွက်တော့မယ်။ ရှင် ကျွန်မကို ယုံကြည်ရင် လိုက်ခဲ့။ မယုံကြည်ရင်နေခဲ့ပေါ့” လို့ ပြောလိုက်တယ်။
ကားစက်နှိုးလိုက်ပြီး ဘီးစလှိမ့်တော့မှ ခုနက စစ်သားက
“ဟိုးထား .. ကျွန်တော်လိုက်မယ် … ခင်ဗျားကို ကျွန်တော်ယုံကြည်လိုက်ပါ့မယ်” လို့ ပြောလိုက်တယ်။
ကားတစ်စီးလုံးပေါ်ကလူတွေအားလုံး “ဟေး ..” လို့အော်ပြီး လက်ခုပ်တီးလိုက်ချိန်မှာ ကားက ရှေ့ခရီးအတွက် ဆက်ပြီးထွက်ခွာသွားတော့တယ်။
၂၆.၁၁.၂၀၁၅

0 comments:
Post a Comment