Saturday, December 12, 2015

ကမ္ဘာကျော်တံတားကြီးကို ကာကွယ်ခဲ့ဖူးသော ကိုယ်လက်အင်္ဂါစွန့် အညတရစစ်သည်များ …

Aung Ko Ko 

၁၉၇၅ ခု နိုဝင်ဘာလ နှင်းမှုံများတစ်ဖွဲဖွဲကျ စိုစွတ်လျှက်ရှိသော နံနက်ခင်းမှာ ဒုတပ်ကြပ်လှမိုးနှင့်ရဲဘော်ငါးယောက် ဂုတ်ထိပ်တံတားကြီးကို ကာကွယ်ထားသော မိုင်းဟောင်းများကို ရှင်းလင်းရင်း မိုင်းအသစ်များကိုလည်း ဆက်တိုက် ထောင်လျှက်ရှိသည် ။ မိုင်းဟောင်းများမှာ ဆယ်နှစ်ကျော် ကြာခဲ့ပြီးဖြစ်သည့်အလျောက် သစ်ပင်များထူထပ်စွာပေါက်ရောက်လျှက်ရှိပြီး တင့်လွှတ်မိုင်းဟု ဆိုသော်လည်း မြေပုံ၌ တိုက်မိုင်းဟုသာဖော်ပြထားသည် ။
ရန်သူဗကဗတို့သည် ရက်ပိုင်းအတွင်း မဟာဗျူဟာကျသော ဂုတ်ထိပ်တံတားကြီးကို ဝင်ရောက်စီးနင်း ဖောက်ခွဲမည်ဆိုသည့် သတင်းအရ မိုင်းဟောင်းများကိုဖော်ရင်း မိုင်းသစ်များကို ထောင်နေကြခြင်းဖြစ်သည် ။ ဂုတ်ထိပ်ကို ဗကဗတို့စီးမိသွားပါက မြောက်ပိုင်းရှမ်းပြည်နှင့် ပြည်မကြီး အဆက်သွယ် ပြတ်သွားနိုင်သလို ပြည်မကြီးဖက်အထိဆင်းကာ ဒုက္ခပေးနိုင်သည့် အနေထားတွင်ရှိလေသည် ။ မိုင်းဟောင်းများကိုဖော်ရာ၌ သာမန်ထက် အရေးကြီးသည့်အချိန်မို့ တစ်ရက် အလုံးငါးဆယ်ရရ တစ်ရာရရ အားခြင်းဖော်ရ၍ အန္တရာယ် အရမ်းကြီးမားပါသည် ။
နံနက် ၈ နာရီ နှင်းမကွဲခင်မတော့ ဂျိမ်း ဂျိမ်း ဆိုသော ပေါက်ကွဲသံ ကြီးနှစ်ခု ဂုတ်ထိပ်တောင်ကြားတွင် မြည်ဟည်းသွားလေတော့သည် ။ ဆရာလှမိုးနှင့် ရဲဘော်ငါးယောက် မိုင်းထိကြလေပြီ ၊ ရဲဘော်နှစ်ဦးမှာ အခင်းဖြစ်နေရာတွင်ပွဲခြင်းပြီးသေဆုံးသွားပြီး ကျန်နှစ်ဦးမှာ လားရှိုးဆေးရုံတွင်သေဆုံးကာ ကျန်တစ်ဦးမှာ ခြေတစ်ဖက်ပြတ်ကာ ဆရာလှမိုးမှာတော့ ညာမျက်လုံးကန်း ညာဖက်လက်မောင်းရင်းမှပြတ် ဘယ်ဖက်လက်ဖျံမှပြတ်ကာ ညာခြေပေါင်ရင်းမှပြတ်ကာ သတိရမရတော့ …
သေကံမရောက် သက်မပျောက် …
အခင်းဖြစ်ချိန်မှာ နံနက် ၈ နာရီကျော် ၉ နာရီခန့် မန္တလေးမှလားရှိုးသို့ ထွက်ခွာသည့်ရထားမှ နံနက် ၁၁နာရီမှ ထွက်မည် ။ ထိုစဉ် မိထ္တီလာ (၃၀၂ ) အမြောက်တပ်မှ စစ်ကြောင်းမှူးဦးစီးသော စစ်ဆင်ရေးအထူးရထားတက်လာလေရာ စစ်ကြောင်းမှူးမှ မိုင်းထိသော စစ်သည်များအား ရထားဖြင့် ဆက်လက်တင်ဆောင်ခဲ့လေတော့သည် ။
ကျောက်မဲဆေးရုံသို့ရောက်သောအခါ သွေး ၁၂ လုံးလိုအပ်ရာ ဆယ်လုံးဆက်တိုက်သွင်းထားရလေသည် ။ ဆေးမှူးမှ ကျောက်မဲခလရ (၂၂) သို့ သွေးအလှူခံသော်လည်း ခလရ(၂၂ )မှာ စစ်ဆင်ရေးထွက်ရန် ပြင်ဆင်ပြီးချိန်ဖြစ်၍ အဆင်မပြေဖြစ်နေခိုက် သူနာပြုဆရာမလေးများ ထဲမှ တစ်ဦးက အခုမိုင်းထိထားတာ ကိုလှမိုးလား သူလိုတဲ့သွေး ကျမတို့လှူပါရစေ ဆိုကာအဆင်ပြေသွားပြန်လေသည် ။ ကံကြမ္မာကား ဆန်းကြယ်ပေစွ သွေးလှူလိုက်သော သူနာပြုဆရာမလေးမှာ ဆရာလှမိုး မိုးမိတ်ဖက် စစ်ဆင်ရေးသွားစဉ် စာသင်ကျောင်းတစ်ခု ပျက်စီးနေ၍ တောထဲမှ တိုင်များခုတ်ကာ ပြုပြင်ပေးခဲ့သော ကျောင်းဆရာ၏သမီးပေတည်း ။
နောက်တစ်နေ့နံနက်စောစောတွင် ဆရာလှမိုးအား စစ်ဆင်ရေးထွက်သောရထားနှင့် လားရှိုးဆေးရုံသို့ပို့ဆောင်လိုက်လေသည် ။ လားရှိုးဆေးရုံ၌ ကုသနေစဉ် သတိမေ့မျောနေသော်လည်း စကားပြောနေ၍ သူ့ဗိုလ်ကြီးမှ မင်္ဂလာဒုံစစ်ဆေးရုံသို့ ဆက်လက်ကုသလိုကြောင်း လားရှိုးဆေးရုံအုပ်သို့ ပြောကြားရာမှ မင်္ဂလာဒုံစစ်ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကုသခွင့်ရလေသည် ။
လားရှိုးလေယာဉ်ကွင်း၌ လေယာဉ်ပိုင်းလော့မှ ဒါဘယ်တင်မှာလဲ ရန်ကုန်တင်မှာဆိုတော့ လူနာတစ်ယောက်ဆိုလျှင် ထိုင်ခုံနှစ်နေရာစာပေးရ၍ မတင်နိုင်ကြောင်းငြင်းဆန်လေရာ ဆရာလှမိုး၏ ဗိုလ်ကြီးခင်မောင်ဝင်းမှ ဒေါပွသွားပြီး ခြောက်လုံးပြူးသေနတ်ဆွဲထုတ်ကာ ဟေ့ကောင် မင်းကလေယာဉ်မှူး ငါကပြန်တန်းဝင်အရာရှိ စစ်သားတစ်ယောက်ကို ပိုက်ဆံနဲ့တွက်လို့မရဘူး ပိုက်ဆံနဲ့တွက်ရင်မင်းကို ပစ်သတ်မယ် ဟုပြောသော် ပစ်သတ်ရအောင်ခင်ဗျားက ဘာကောင်လဲဟု ပြန်မေးလေသည် မင်းကိုပစ်သတ်လို့ ငါထောင်ကျတာအရေးမကြီးဘူး ငါ့ရဲဘော်မသေဖို့အရေးကြီးတယ် ဟုဆိုကာတကယ်ပစ်မယ်လုပ်ရော လေယာဉ်မှူးမှ ခင်ဗျားကိုယ်ပိုင်နံပါတ်ပေး ဟုဆိုကာ အထက်ကိုတိုင်ရန်တောင်းသွားပြီး ဆရာလှမိုးအား တင်ဆောင်ခဲ့လေတော့သည် ။
မန္တလေးချမ်းမြသာစည်လေဆိပ်နားသော် သူ့တပ်မှူး ဗိုလ်မှူးမောင်မောင်သုန်နှင့် ရဲဘော်များက လာရောက်အားပေးသော်လည်း ဆရာလှမိုးကား သတိမေ့လျှက်ပင် ။
မင်္ဂလာဒုံလေဆိပ်၌ ဆရာလှမိုးအပါအဝင် လူနာ ၈ ဦး လားရှိုးမှပါလာရာ ဆေးတပ်မှ လူနာတင်လာသောဆေးအဖွဲ့မှ လူနာ ၇ ဦးသာတင်သွားပြီး လေယာဉ်တံခါးကြား၌ ကွယ်နေသော ဆရာလှမိုးအား မမြင်ပဲ ကျန်လူနာများသာ ဆေးရုံသို့တင်သွားလေသည် ။ ညနေပိုင်း လေယာဉ်ဂိုထောင်ပိတ်သည့်သူမှ ရဲဘော်လူနာတစ်ယောက်ကျန်သေးကြောင်းတွေ့၍ ဖုန်းဆက်သတင်းပို့ရာမှ ဆေးရုံမှ တစ်ခါပြန်လာခေါ်ရလေသည်။
ဆရာလှမိုးကား အခင်းဖြစ်ရာ ဂုတ်တွင်းမှ မင်္ဂလာဒုံစစ်ဆေးရုံရောက်သည့်အထိ ကုသရက်ပေါင်း ၃၁ ကြာမှ သတိရလေသည် ။
ဆရာလှမိုးနှင့်အတူ မိုင်းထိခဲ့သော ရဲဘော်မှာ ခြေတစ်ဖက်ပြတ်နှင့် မင်္ဂလာဒုံစစ်ဆေးရုံအထိရောက်ခဲ့သော်လည်း မိမိပတ်တီးဖြင့် ကုတင်မှ ဇွဲကြိုးချကာ သတ်သေခဲ့လေသည် ။ ခြေတစ်ဖက်မရှိ လက်နှစ်ဖက်မရှိ မျက်လုံးတစ်ဖက်ကန်းခဲ့သော်လည်း ဆရာလှမိုးကား စိတ်ဓါတ်မကျပေ ။
တပ်မတော်မှ အငြိမ်းစားယူသော် ပင်စင်ငွေ ၃၅၀ ကျပ် ခံစားခွင့်တစ်ချို့ဖြင့် ကလေးငါးဦးဖြင့် ဆက်လက်ရင်ဆိုင်ရပေဦးမည် ။
ချို့တဲ့သောဘဝဖြင့် သမဆိုင်မှဆန်ကောက် ဆီကောက်ရောင်းခြင်း သားများကိုလည်း ကျောင်းတစ်ဖက်ဖြင့် ငါးရှာ ဖားရှာ ဟင်းစားရှာတတ်အောင်သင်ရင်းရပ်တည်ခဲ့လေသည် ။
ဆင်းရဲချို့တဲ့စွာရပ်တည်နေရင်း ၁၉၉၀ ကျော်၌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်မှ လေယာဉ်ကွင်းမှအထွက် ခြေလက်မရှိ စစ်အကျီဖြင့် စက်ဘီးနောက်ခုံပေါ်၌ထိုင်လျှက် လိုက်ပါနေသော ဆရာလှမိုးအားမြင်လျှင် ဟေ့ ဟိုစက်ဘီးနောက်ကထိုင်လိုက်တာ တို့ရဲဘော်လား မေးစမ်းပါဟုဆိုသဖြင့် စုံစမ်းသော် ဆရာလှမိုးအား လပခ၌ခေါ်တွေ့ပြီး စစ်မှုထမ်းဟောင်းအတွက် မြေတစ်ကွက်ချပေးလေသည် ။
အဆင်မပြေဖြစ်သည့်အဆုံး ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်ချပေးသော မြေကွက်အားရောင်းကာ အကြွေးဆပ်တန်တာဆပ်ကာ စားသောက်လေသည်။ (ဗိုလ်ချုပ်ကိုပြောလိုက်ပါ ကျေးဇူးမမေ့ပါဘူးလို့)
ဆရာလှမိုးသည် ယခုအခါ အသက် ၇၄ နှစ်ရှိပြီဖြစ်ကာ သမီးဖြစ်သူနှင့်အတူမန္တလေးမြို့၌နေထိုင်ကာ မိုးကုတ်ဝိပဿနာတရား အားထုတ်လျှက်ရှိပါတယ် …
ဆရာလှမိုး သားသမီးများမှာ လက်ရှိတပ်မတော်တွင် ဒုအရာခံဗိုလ် နှစ်ယောက် မဲသဝေါတိုက်ပွဲတွင်သားတစ်ယောက်ကျသွားပြီး သမီးတစ်ယောက်မှာ ရဲမေဖြစ်ကာ အငယ်ဆုံးစစ်သားမှာလည်း ရောဂါဖြင့် ကွယ်လွန်ခဲ့လေသည် ။
ဆရာလှမိုးသည် ၂၈ . ၅ . ၁၉၆၂ တွင်တပ်မတော်သို့ ကိုယ်ပိုင်နံပါတ် ၂၁၄၄၁၁ ဖြင့်စတင်ဝင်ရောက်တာဝန်ထမ်းဆောင်သည် ။ စတင်တာဝန်ထမ်းဆောင်သည့် မိခင်တပ်ရင်းမှာ ၉၀၁ စစ်မြေပြင် အင်ဂျင်နီယာတပ် ဖြစ်သည် ။ ဖျာပုံခရိုင် ဘိုကလေးမြို့နယ် မင်းလှကုန်းရွာ ဇာတိဖြစ်သည် ။
၁၉၇၅ ခုနှစ် နိုဝင်ဘာလ မမှတ်မိသော နေ့တစ်နေ့တွင် မိုင်းရှင်းရင်း မိုင်းထိခဲ့သည် ။ ဆေးရုံ၌ ၃၁ ရက်ကြာ မေ့မျောနေခဲ့ပြီး ယနေ့အထိ အသက်ရှင်နေထိုင်လျှက်ရှိပါတယ် ။
တရားအားထုတ်လျှက်ရှိပြီး ဘုရားသွားဖို့ ဝှီးချဲလေးကတော့ အဆင်မပြေဖြစ်နေကြာင်းပါ…
‪#‎BanyarNwet‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...