Saturday, December 5, 2015

အမြန် ဖြေရှင်းရတော့မည့် စီးပွားရေး အခက်အခဲများ

 ကာချုပ်နဲ့ သမ္မတတို့နဲ့ ပြီးခဲ့တဲ့တွေ့ဆုံပွဲမှာ အာဏာကို ရက် ၉၀ အတွင်း လွှဲပေးမယ်လို့ဆိုကြောင်း ဦးတင်ဦးက RFA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားသွားပြီး တာဝန်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး လွှဲပေးရင် အကောင်းဆုံးလို့ ဆိုပါတယ်။ အခုလက်ရှိ လွှတ်တော်နဲ့ အစိုးရမှာ ဘာမှ ထိထိရောက်ရောက် ဥပဒေတွေလည်း ပြဋ္ဌာန်းနိုင်ခြင်း မရှိသော်လည်း တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြသနာက အလိုက်ကမ်းဆိုးမသိဘဲ ရွာတော့မယ့်မိုးလို တိမ်ဆိုင်တိမ်ရိပ်များပမာ တရိပ်ရိပ် တက်လာနေပါပြီ။

မြန်မာပြည်ရဲ့ စီးပွားရေးဟာ သွင်းကုန်ကို အဓိက အမှီသဟဲ ပြုနေရတာကြောင့် ကျပ်ငွေဈေးနှုန်း ဒလဟော ကျဆင်းလာနေတဲ့ ဒဏ်ကြောင့် အတော်ကို ထိခိုက်လာနေရပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ့် အရေး ကြုံနေရပါတယ်။
အင်္ဂါနေ့အထိ ကျပ်ငွေဈေးနှုန်းဟာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁၃၀၀ ထိ ဖြစ်သွားတဲ့ အတွက် ၂၅% ခန့်အထိ ကျဆင်းသွားသဖြင့် ငွေကြေး ထိမ်းချုပ်ဖို့ ဥပဒေ စည်းမျဉ်းတွေ လိုအပ်လာနေပါတယ်။
အစိုးရရဲ့ လိုငွေပြမှုတွေ ကြီးထွားလာခြင်းကြောင့်တစ်ကြောင်း၊ အမေရိကန်ငွေကြေး ဆက်လက်မြင့်တက်နေမှုကြောင့်တစ်ကြောင်း၊ ကျပ်ငွေဟာ ကျဆင်းလာဖို့ပဲ ရှိနေပါတယ်။
ဒေါ်လာဈေး မြင့်တက်လာနေတာကြောင့် သွင်းကုန်သမားတွေ ကုန်ပစ္စည်းတွေ အရင်ကလို တင်သွင်းနိုင်ခြင်း မရှိတော့တဲ့အတွက် ပြည်တွင်းမှာ ပစ္စည်း ပြတ်လတ်ပြီး ဈေးတွေ ခေါင်ခိုက်လာရဖို့ ရှိနေပါတယ်။
စီးပွားရေးသဘောအရဆိုရင်တော့ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကြောင့် ပြည်ပကုန် တင်ပို့တဲ့သူတွေ အထူးသဖြင့် လယ်ယာကဏ္ဍအတွက် အကျိုးရှိပေမယ့် လယ်သမားတွေက စက်ပစ္စည်းများနဲ့ ဓါတ်မြေသြဇာကို တင်သွင်းကြရတာ များပါတယ်။ အဲဒီအတွက် လယ်သမားဖို့ ၎င်းတို့အတွက် မရှိမဖြစ် ပစ္စည်းတွေကို ၀ယ်ယူဖို့ မတတ်နိုင်တော့တာကြောင့် ထုတ်လုပ်မှုတွေ ကျဆင်းလာရပြီး ပို့ကုန်တွေ ဖြစ်တဲ့ ဆန်စပါး၊ ပဲ၊ ပြောင်း အပါအ၀င် အတော်များများ ထိခိုက်လာနိုင်ပါတယ်။ ဒီအတွက် လယ်ယာကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရမှဖြစ်တာကြောင့် အစိုးရမှ အားပေးဖို့ လိုအပ်ပါတယ်။
မြွေပူရာ ကင်းမှောင့်ဆိုသလို မကြာမီက နိုင်ငံတစ်ဝှမ်း ရေကြီးခဲ့ရမှုကြောင့် လယ်ယာထွက်ကုန်တွေ တင်ပို့နိုင်မှု အားပျော့သွားရပြန်ပါတယ်။
ပြည်တွင်းမှာ ထုတ်လုပ်နိုင်စွမ်းက အနည်းငယ်သာရှိပြီး ဆောက်လုပ်ရေး ပစ္စည်းများကအစ ရေနံ၊ စာသုံးဆီ၊ မော်တော်ကားနဲ့ စက်သုံးပစ္စည်းတွေအဆုံး အကုန် တင်သွင်းကြရတဲ့အတွက် စီးပွားရေးမှာ ထိခိုက်စ ပြုလာပါပြီ။
ဒါတောင်မှ ရေနံဈေးက တစ်စည်ကို ဒေါ်လာ ၄၄.၈၂ လောက် ပေါက်နေတာမို့ အနည်းငယ် ခံသာရပေမဲ့ တက်လာရင် ပိုဆိုးလာမယ့် အနေအထားမှာ ရှိနေပါတယ်။ စီးပွားရေးသမားတွေက ရေနံကို သိုလှောင်ထားကြပြီး သိုလှောင်တာတွေ ကုန်သွားရင်ဖြစ်ဖြစ်၊ ဈေးနှုန်းတက်လာရင် ဖြစ်ဖြစ် ပိုဆိုးလာမှာ ဖြစ်တဲ့အတွက် ဓာတ်ဆီဈေးကို ကန့်သတ်ဖို့ လိုတယ်လို့ ပြောဆိုသံတွေ ထွက်လာနေပါတယ်။
အထည်အလိပ် လုပ်ငန်းမှာလည်း လိုအပ်တာတွေအားလုံး တရုတ်ပြည်က တင်သွင်းနေရပါတယ်။ ပြည်တွင်းမှ ထုတ်လုပ်နိုင်တာက ၀ါဂွမ်းနဲ့ ပြည်ပက တင်သွင်းတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ပလပ်စတစ်အမာစား အိတ်တွေပဲ ရှိပါတယ်။ အပ်ချည်ကြိုးတောင် မြန်မာပြည်မှာ မထုတ်နိုင်သေးပါဘူး။ ဒီအတွက် ပြည်ပက ပစ္စည်းတွေပဲ အားကိုးနေရလို့ အထည်အလိပ်လုပ်ငန်းတွေလည်း အန္တရာယ် အလွန်များနေပါတယ်။
ပြည်တွင်းက အီလက်ထရောနစ်ဆိုင်တွေလည်း ခံနိုင်မှာ မဟုတ်ပါဘူး။ သူတို့မှာ ရှိပြီးသား ပစ္စည်းတွေ ကုန်သွားရင် ပြည်ပက ထပ်မံ တင်သွင်းရတော့မှာဖြစ်လို့ လက်ကိုင်ဖုန်းတွေကအစ ဈေးတွေ မြှင့်ရောင်းလာရတော့မှာ ဖြစ်ပါတယ်။ အချို့အဆိုအရ ဒီလအတွင်းမှာကို ဈေးတွေတက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဈေးတွေတက်လာရင် အခြေခံစားကုန်တွေ မဟုတ်လို့ လူတွေလည်း သိပ်ဝယ်ကြတော့မှာ မဟုတ်တဲ့အတွက် အရောင်းအ၀ယ်တွေ ထိခိုက်လာဖို့ ရှိနေပါတယ်။
စီးပွားရေးသမားတွေလည်း ကျဆင်းနေတဲ့ ပြည်တွင်းငွေတန်ဘိုးကြောင့်ရယ်၊ တည်းခိုခန်းခတွေ ဈေးကြီးနေတာကြောင့်ရယ်၊ အရင်ကလို တရုတ်ပြည်ကို တိုက်ရိုက် သွားမ၀ယ်နိုင်တော့ပါဘူး။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ဗဟိုဘဏ်က လိုအပ်နေတဲ့ စက်သုံးဆီနဲ့ စာအုန်းဆီတွေ အလုံအလောက် တင်သွင်းနိုင်ဖို့ ဖြန့်ဖြူးနေကျထက် ပိုပြီး ဒေါ်လာတွေကို ဈေးကွက်ထဲ ထဲ့ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပါတ်ကတော့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစက်အောင်က ငွေကြေးမူဝါဒတွေ ထိမ်းချုပ်ပြီး ငွေလဲနှုန်းကို တည်ငြိမ်အောင် လုပ်သွားမယ်လို့ ဆိုပါတယ်။
ဒီအတွက် ပြည်တွင်းဘဏ်တွေမှာ အမြဲတမ်း အရံထားရမယ့် နိုင်ငံခြားငွေ ပမာဏကို ဗဟိုဘဏ်ကနေ ဇန်န၀ါရီမှာ မြှင့်တင်သွားမယ့်အပြင် နှစ်ပါတ်တစ်ခါ လုပ်နေကျ ဒေါ်လာငွေ လေလံပွဲကို တိုးမြှင့်ပြုလုပ်သွားရန်ရှိတဲ့အပြင် အတိုးနှုန်းကိုလည်း မြှင့်တင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဒီအတွက် ဗဟိုဘဏ်က IMF, ADB, JICA နဲ့ ကမ္ဘာ့ဘဏ် အစရှိတဲ့ ပြည်ပအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းလုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာရှိတဲ့ ငွေလဲဆိုင်တွေကတော့ ဒေါ်လာကို ဝယ်တဲ့သူတွေပဲရှိပြီး ရောင်းတဲ့သူ နည်းတာကြောင့် ၀ယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့ ပြသာနာ ကြုံနေရတယ်လို့ ဆိုပါတယ်။
ကိုးကား။ ။ Bangkok Post
HSW

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...